• Today is: Saturday, April 20, 2024

ဆွမ်ပရာဘွမ်မြို့နယ်ထဲက ကျေးရွာအများစု ကြွက်ဘေးအန္တရာယ်ကြောင့် ရိတ်စရာစပါးမရှိတဲ့ အခြေအနေထိ ဖြစ်လာနေ

ဓါတ်ပုံ – ဒေသခံ ပေးပို့ 

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၅

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်ထဲက ကျေးရွာအများစုရဲ့ တောင်ယာတွေထဲ ကြွက်တွေ ဝင်ရောက် ဖျက်ဆီးတာကြောင့် ပျက်စီးမှုတွေဖြစ်နေပြီး ရိတ်စရာစပါးမကျန်တဲ့အထိဖြစ်လာနေတယ်လို့ တောင်ယာစိုက်တဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတွေက ကိုယ်ပိုင်စုထားခြမ်းထားတဲ့ ငွေကြေးတွေအကုန်ကျခံပြီး ကြွက်ဆေး၊ ကြွက်ညှက်တွေ ဝယ်ပြီး ရတဲ့နည်းလမ်းများနဲ့ နှိမ်နှင်းတာလုပ်ကြပေမယ့် ကြွက်တွေကတော့ တောင်ယာတွေထဲက လျော့သွားတာမရှိဘဲ စပါးတွေ ဆက်လက်ဖျက်ဆီးခံနေရတာ နှစ်လကျော်ရှိနေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒေသခံတွေက ကိုယ်ပိုင်စုထားခြမ်းထားတဲ့ ငွေကြေးတွေအကုန်ကျခံပြီး ကြွက်ဆေး၊ ကြွက်ညှက်တွေ ဝယ်ပြီး ရတဲ့ နည်းလမ်းနဲ့ နှိမ်နှင်းတာလေ ဘယ်လိုမှ နှိမ်နှင်းလို့ မရဘူး။ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းက စပြီး စပါးနှံထွက်တာနဲ့ ကြွက်တွေက စားတော့ဒါ ယာကွက်တွေကို တစ်ပေပြီးတစ်ပေ စပြီးစားလာကြတာ တောင်ယာတစ်ခုလုံး ပြောင်သွားကြပြီ။ တောင်ယာစပါးနဲ့အတူ စိုက်တဲ့ တောင်ယာ သီးနှံတွေဖြစ်တဲ့ ဖရုံ၊ ပဲ၊ ခရမ်း၊ ပင်စိမ်းတွေနဲ့ ငှက်ရုပ်တွေကအစ အားလုံးကို စားပြီး ဖျက်ဆီး ပစ်လိုက်ကြတာလေ။ အခုကြွက်သောင်းကျန်းတာ နှစ်လကျော်ကြာနေပြီပေ့ါ” ဟု ဆွမ်ပရာဘွမ် ဒေသခံ တစ်ဦးကပြောပါတယ်။

တောင်ယာစိုက်ပျိုးတဲ့ ရာသီဟာလည်း ဇွန်လကနေစပြီး ဒီဇင်ဘာလထိ လုပ်ကိုင်စားသောက်ကြတာ ဖြစ်ပါတယ်။ အခုတော့ ရာသီဝှက် ကုန်ထိ ကြွက်တွေ သောင်းကျန်းနေတာကြောင့် နောက်ထပ် စိုက်ပျိုးနိုင်ဖို့ အခက်အခဲ ရှိနိုင်တယ်လို့ ပြောပါတယ်။

“တောင်ယာလုပ်စားတဲ့ သူအများစုက တစ်နိုင်တစ်ပိုင်မိသားစု ဝမ်းစာဖူလုံရေး အတွက် လုပ်ကြတာများတယ်၊ မရှိဆင်းရဲသားနဲ့ တခြားဝင်ငွေမရှိတဲ့ လူတွေလုပ်ကြတာ အခုဆို စိုက်ထား တဲ့တောင်ယာ တနိုင်တပိုင်လေး ရောင်းစားဖို့တောင်မကျန်တော့ဘူး” လို့ သူက ဆက်ပြောပါတယ်။

အခုလို ကြွက်ဘေးကြုံနေရတဲ့ ကျေးရွာတွေဟာ ဆွမ်ပရာဘွမ် ကနေ တယန်ဇွပ် ကားလမ်းမမှာ တည်ထားတဲ့ ကျေးရွာတွေက ကြုံနေရသလို ခယန်ဇွပ်ကနေ မလိအင်မိုင် ၀လောင်လို့ခေါ်တဲ့ ခရန်ခ၊ ဂျာထင်ခရန် ကျေးရွာတွေမှာလည်း အလားတူကြုံနေရပါတယ်၊ ဒါအပြင် အင်ဂျန်ယန် ကျေးရွာတွေမှာလည်း အခုကြွက်တွေဝင်ရောက် သောင်းကျန်းနေကြတာပါ။

ကြွက်တွေပေါ်များလာတာဟာ တော်ထဲက နှစ်ရှည်ဝါးပင်တွေရဲ့ ကြွေကျတဲ့ဝါးသီးများစားပြီး ဟိုမုန်းများ လာတာကြောင့် မျိုးပွားမှု ပိုများလာတယ်လို့ သုံးသပ်ကြသလို အခုလို ကြွက်ဘေးကျရောက် လာတာနှင့်အတူ နှစ်ပေါင်း ရာချီမှ အသီးတစ်ကြိမ်သီးတဲ့ တော်ထဲက နှစ်ရှည်ဝါးပင် တွေကလည်း အသီးသီးပြီး ခြောက်ကပ် သေဆုံးသွားကြတာကြောင့် ကပ်ဆိုက်လာမယ့် လက္ခဏာလို့ ဒေသခံတွေက ယုံကြည်နေကြပါတယ်။

ဆွမ်ပရာဘွမ်မြို့နယ်ထဲက ကျေးရွာတွေမှာရှိတဲ့ တောင်ယာတွေမှာ ၁၉၇၇ ခုနစ်လောက်ကလည်း အခုလို ကြွက်ဘေးကျရောက်တာ တစ်ကြိမ်ဖြစ်ဖူးသလို အခုတစ်ကြိမ်မှာလည်းထပ်ပြီး ဆိုးရွားတဲ့ အခြေအနေ ထပ်ဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ဒါ့အပြင် လက်ရှိကြုံတွေ့နေရတဲ့ ကြွက်ဘေးအန္တရယ်ကို ဖြေရှင်းနိုင်ဖို့ အရပ်ဘက် လူမှုအဖွဲ့အစည်းများ ကလည်း ဝိုင်းဝန်းကူပေးကြဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။