• Today is: Wednesday, September 28, 2022

လက်ရှိအချိန်ဟာ စည်းလုံးညီညွတ်မှု၊ အမှန်တရားနှင့် တရားမျှတမှုတို့အပေါ် ရပ်တည်မှု ခုခံတော်လှန်ရေး စိတ်ဓါတ်တို့ကို စမ်းသပ်နေတဲ့ ကာလ ဖြစ်တယ်လို့ KNPP ပြော

ဓါတ်ပုံ – Knlc

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၈

မျက်မှောက်နိုင်ငံရေး ဖြစ်ပျက်ပြောင်းလဲမှုများက မြန်ဆန်ပြီး စည်းလုံးညီညွတ်မှု၊ အမှန်တရားနှင့် တရားမျှတမှုတို့အပေါ် ရပ်တည်မှု ခုခံတော်လှန်ရေး စိတ်ဓါတ်တို့ကို စမ်းသပ်နေတဲ့ အချိန်ကာလ ဖြစ်တယ်လို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)က ဒီကနေ့ ကျရောက်တဲ့ ၇၄ ကြိမ်မြောက် ကရင်နီအမျိုးသား အာဇာနည်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ခုခံတော်လှန်ရေးအတွက် အင်သစ်အားသစ်များကို ပေးဆောင်နေတဲ့ အချိန်ကာလလည်း ဖြစ်သလို ကရင်နီအမျိုးသားခုခံတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ မိဘပြည်သူများနှင့် ရဲဘော်ရဲဖက်အားလုံးအနေဖြင့် ရပ်တည်ချက်ခိုင်မာပြီး မတရားမှုကို အန်တုလိုသော စိတ်ဓါတ်၊ လွတ်လပ်မှုကို ကာကွယ်ရဲတဲ့ သတ္တိနှင့် တန်းတူရေးကို မြတ်နိုးပြီး အလျှော့မပေးသော ဇွဲဖြင့် ဆက်လက် တိုက်ပွဲဝင်သွားမယ်ဆိုရင် အောင်ပွဲ မကြမှီအချိန်အတွင်း မုချဖြစ်လာမှာဖြစ်ပြီး အာဇာနည်တို့၏ ပေးဆပ်မှုကလည်း အကျိုးရှိစေမှာဖြစ်ကြောင်း တစ်ထစ်ချ ယုံကြည်တယ်လို့ ပြောကြားလိုက်တာပါ။

ဒီကနေ့ ကျရောက်တဲ့ ကရင်နီအမျိုးသားအာဇာနည်နေ့ကိုတော့ ကရင်နီအမျိုးသား‌ တော်လှန်ရေး ဖခင် ဦးဘီတူရီ ကျဆုံးသည့်နေ့ကို အစွဲပြု၍ ကရင်နီလူထု တစ်ရပ်လုံးမှ နှစ်စဉ်နှစ်တိုင်း အာဇာနည်နေ့ အဖြစ် သတ်မှတ် ကျင်းပခဲ့တာဖြစ်ပြီး ဒီကနေ့ဆိုရင် ၇၄ နှစ်‌တိုင် ရောက်ရှိပြီဖြစ်ပါတယ်။