• Today is: Wednesday, September 28, 2022

ရီယယ်လစ်ဇင် / သရုပ်မှန်ဝါဒ ဆိုတာ ဘာလဲ

■ ရီယယ်လစ်ဇင် / သရုပ်မှန်ဝါဒ ဆိုတာ ဘာလဲ

●─────── ๑۩۩๑ ───────●

-မင်းသေ့

နိုင်ငံတကာဆက်ဆံရေးဘာသာရပ်မှာ – အခြေခံသီအိုရီ (၃) ခု ရှိပါတယ်။

◉ (၁) ရီယယ်လစ်ဇင်

◉ (၂) လစ်ဘရယ်လစ်ဇင်နဲ့

◉ (၃) အိုင်ဒီယယ်လစ်ဇင် တို့ ဖြစ်ပါတယ်။

အခြေခံအားဖြင့် ဒီသီအိုရီ (၃) ခုကို တည်ပြီး ကြည့်လေ့ရှိတယ်။ အဲသည့်ထဲမှာ — လက်တွေ့ သဘာဝကျတဲ့ ပယ်ရှားဖို့ ခဲယဉ်းလှတဲ့ ရီယယ်လစ်ဇင်အကြောင်း အနည်းငယ် ပြောချင်တယ်။ မျက်မှောက်ခေတ်ရဲ့ အထင်ရှား ဆုံး ရီယယ်လစ် တစ်ယောက်ဖြစ်တဲ့ ဟင်နရီကစ်ဆင်းဂျားရဲ့ စကား တစ်ခုကို သတိရတယ်။ “လက်ရှိ အချိန် အထိ ကမ္ဘာကြီးဟာ ရီယယ်လစ်ဘောင်ထဲကနေ မထွက်နိုင်သေးဘူး” တဲ့။

ရီယယ်လစ်ဇင်ကို “သရုပ်မှန်ဝါဒ” လို့ ဘာသာပြန်လေ့ရှိတယ်။ ဒါပေမယ့် ကျနော်ကတော့ ရီယယ်လစ်ဇင်ကို သရုပ်မှန်ဝါဒလို့ ဘာသာပြန်တာကို ခံတွင်းမလိုက်ပါ။ ဒါ့ကြောင့် ရီယယ်လစ်ဇင်လို့ပဲ တိုက်ရိုက် အသံဖလှယ်ပြီး သုံးပါ့မယ်။

ရီယယ်လစ်ဇင်မှာ — အဓိက အခြေပြု စဉ်းစားချက် တချို့ ရှိတယ်။ အဲဒါတွေက —

◉ နံပါတ် (၁) – အကျိုးစီးပွား။

◉ နံပါတ် (၂) – အာဏာပါဝါ။

◉ နံပါတ် (၃) – ရှင်သန်ရပ်တည်ရေး။

◉ နံပါတ် (၄) – ကိုယ့်လက်ကိုယ့်ချီလုပ်ကိုင်နိုင်ရေး။

အကျိုးစီးပွားကို – interest ။ အာဏာကို power။ ရှင်သန်ရပ်တည်ရေးကို survival။ ကိုယ့်လက်ကိုယ့်ချီ လုပ်ကိုင်နိုင်ရေးကို self-help… စသည်ဖြင့် နားလည်နိုင်ပါတယ်။ ရီယယ်လစ်ဇင်မှာ တခြားသော အနှစ်အသား တွေ ရှိနေသေးပေမယ့်၊ ဒီဆောင်းပါးမှာတော့ လိုရင်းတချို့ကိုပဲ ကောက်နုတ်ပြောတာဖြစ်ပါတယ်။

■ ကိုယ်ကျိုးစီးပွား

ရီယယ်လစ်ဇင်ဟာ အမြဲတမ်းလိုလို အကျိုးစီးပွားအထိုင်ပေါ်က စဉ်းစားတယ်။ တစ်ဦးချင်း တစ်ဖွဲ့ချင်းနဲ့ ပတ် သက်ရင်တော့ self interest လို့ ပြောမယ်။ နိုင်ငံအဆင့် စဉ်းစားရင်တော့ national interest လို့ ပြောမယ်။ national interest ကို အမျိုးသားအကျိုးစီးပွားလို့ အနက်ပြန်တယ်။ ရီယယ်လစ်တွေအတွက် အမြဲတမ်း မဖောက်မပြန်သော အထိုင်ကတော့ – အကျိုးစီးပွားပဲဖြစ်ပါတယ်။ ရီယယ်လစ်တွေဟာ အကျိုးစီးပွားအထိုင် ပေါ်ကနေ အမြဲတမ်း စဉ်းစားလေ့ရှိတယ်။ ဘယ်လို နည်းနာတွေ ကွဲပြားသွားပါစေ၊ ရီယယ်လစ်‌တွေ မျက်ခြေ ပြတ်မသွားတာကတော့ အကျိုးစီးပွားသာလျှင်ဖြစ်ပါတယ်။ ဒါ့ကြောင့် ရီယယ်လစ်သမားတွေကို ဆန်းစစ်လိုရင်၊ သူတို့မှာ ဘာအကျိုးစီးပွားတွေ ရှိနေတယ်၊ ဘယ်လို အကျိုးစီးပွားတွေ ရှိနေတယ်၊ ဘယ်ကဏ္ဍ ဘယ်နေရာမှာ ဘယ်လောက် အကျိုးစီးပွားပမာဏ ရှိနေတယ်ဆိုတာကို မြေပုံစာရင်းလုပ် (mapping လုပ်) ပြီးတော့ သိနိုင် မြင်နိုင်လိမ့်မယ်။ ဒါက အဓိက အချက်။

■ အာဏာပါဝါ

အာဏာ/ပါဝါ/ လုပ်ပိုင်ခွင့်/ ဆုံးဖြတ်ခွင့်… အမျိုးမျိုး ပြောနိုင်တယ်။ သဘောအနက်တွေကတော့ ဆင်တူကြောင်း ကွဲ ရှိနေပေမယ့် မူလသဘောကတော့ အတူတူပဲ။ ပါဝါရဲ့ အနက်မျိုးကွဲတွေ အများကြီးပဲ။ အဲသည့်ထဲက ဒီတစ် ချက်ကို အကြိုက်ဆုံးပဲ။ ပါဝါဆိုတာ “ability to get things done” ပဲ…တဲ့။ လိုချင်တာကို ရအောင် လုပ်နိုင်စွမ်း ရှိရင် အဲဒါ ပါဝါရှိတာပဲ။ လိုချင်တာကို ရအောင် မလုပ်နိုင်ရင် အဲဒါ ပါဝါ မရှိဘူး။ လိုချင်တာကို နည်းနည်းပဲ ရအောင် လုပ်နိုင်ရင် အဲဒါ ပါဝါ နည်းနည်းပဲ ရှိလို့။ လိုချင်တာကို များများရအောင် လုပ်နိုင်ရင် အဲဒါ ပါဝါ များများ ရှိလို့။ ဒါဟာ သိပ်ရိုးရှင်းပါတယ်။

ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ လိုချင်တာကို ရအောင် လုပ်တဲ့နေရာမှာ — အခြေခံ နည်း (၃) နည်းရှိတယ်။ ဒါကို အနုနည်း၊ အကြမ်းနည်းနဲ့ စမတ်နည်း လို့ ပြောတယ်။ အနုနည်း သုံးရင် soft-power ပေါ့။ အကြမ်းနည်း သုံးရင် hard-power ပေါ့။ အနုရော အကြမ်းရော လိုသလို လှည့်သုံးရင် အဲဒါကို smart-power လို့ခေါ်တယ်။ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်မှာ ဒီပါဝါ (၃) မျိုးကိုလည်း အထူးပြုလေ့လာတာပဲ။ ဒါဟာ အခြေခံလေ့လာ ချက်တွေထဲမှာ ပါတယ်။

ရီယယ်လစ်တွေဟာ – အာဏာကို ဘယ်လို သုံးရမလဲဆိုတာ အမြဲတမ်း စဉ်းစားတယ်။ အထူးသဖြင့် သူတို့ လိုချင်တာ၊ သူတို့အကျိုးစီးပွားအတွက် ဘယ်လို အာဏာမျိုးကို ဘယ်လို သုံးမလဲ၊ သုံးရမယ့် အာဏာကို ဘယ်လို တည်ဆောက်မလဲဆိုတာကို အမြဲတမ်းစဉ်းစားနေတတ်တယ်။ အာဏာကို သုံးတဲ့နေရာမှာလည်း – နည်း အမျိုးမျိုး သုံးကောင်း သုံးလိမ့်မယ်။ ဒါပေမယ့် သူတို့မှာ နည်းနာသာ ပြောင်းသွားမယ်၊ သူတို့ရဲ့ အကျိုးစီးပွားအထိုင်ကတော့ ဘယ်တော့မှ ပြောင်းသွားမှာ မဟုတ်ဘူး။ သူတို့ဟာ အကျိုးစီးပွားအတွက် အနုနည်း နဲ့ ရရင်ရ၊ မရရင် အကြမ်းနည်း သုံးဖို့လည်း ဝန်လေးသူတွေ မဟုတ်ဘူး။ ပါဝါဆိုကတည်းက — လိုချင်တာကို ရအောင် လုပ်နိုင်စွမ်းလို့ အနက်ဖော်တယ် မဟုတ်လား။ လိုချင်တာကို ရဖို့၊ အကျိုးစီးပွား မပျက်စီး ဖို့အတွက်ဆိုရင် ရီယယ်လစ်တွေက ကျင့်ဝတ်သီလဆိုတာတွေကို သိပ်စဉ်းစားတွေးခေါ်လေ့မရှိဘူး။ ရီယယ်လစ် တွေဟာ ကျင့်ဝတ်သီလကို ပယ်ရှားသူတွေလို့ မပြောချင်ပေမယ့်၊ သူတို့ဟာ ကျင့်ဝတ်သီလကို အကျိုးစီးပွားနဲ့ ယှဉ်ရင် အမြဲတမ်း ဒုတိယနေရာမှာပဲ ထည့်ပြီး စဉ်းစားလေ့ရှိတယ်ဆိုတာ သတိရပါ။

■ ရှင်သန်ရပ်တည်ရေး

ရီယယ်လစ်တွေရဲ့ အမြင်မှာ၊ ကမ္ဘာကြီးဟာ မင်းမဲ့ဝါဒီ ထွန်းကားတယ်၊ ဒါ့ကြောင့် ရှင်သန်ရပ်တည်ရေးအတွက် ရုန်းကန်ကြရတယ်။ ရှင်သန်ရပ်တည်ဖို့အတွက် ခွန်အားရှိရမယ်၊ ခွန်အားရှိမှ အင်အားရှိမှ ရပ်တည်ရှင်သန်နိုင် မယ်။ အားနည်းနေရင် မရှင်သန်နိုင်ဘူး။ ဗိုလ်ကျလွှမ်းမိုးခံရမယ်၊ စိုးမိုးခြယ်လှယ်ခံရမယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ် ကို အင်အားရှိအောင် တည်ဆောက်ထားရမယ်။ ဒါမှ မင်းမဲ့လောကကြီးထဲမှာ ကိုယ့်အားကိုယ်ကိုး ရှင်သန်နိုင် မယ်ဆိုတဲ့ အယူအဆကို ရီယယ်လစ်တွေက စွဲကိုင်တယ်။

တကယ်တော့ ရီယယ်လစ်တွေ မြင်တဲ့အမြင်ကလည်း မမှားပါဘူး။ သဘာဝကျပါတယ်။ သဘာဝလောကကြီး ကို လက်တွေ့ကျကျ ရှုမြင်ပြီး သူတို့ဟာ ရှင်သန်ရပ်တည်ဖို့ ကြိုးစားကြတာပါပဲ။ တကယ့်လောကကြီးကလည်း သူတို့ မြင်သလို သိပ်လက်တွေ့ကျပါတယ်။ အားကြီးသူ နိုင်စတမ်း ဖြစ်နေတဲ့ လောကလေ။ နိုင်ရာစား၊ ကြီးသူက ငယ်သူကို စားတဲ့ လောကကြီးပေါ့။ ဒါ့ကြောင့် လက်တွေ့ကျကျ ရှုမြင်တဲ့ ရီယယ်လစ်တွေဟာ – လောကကြီးထဲ မှာ သူတို့အပေါ် ဗိုလ်ကျလွှမ်းမိုး ချုပ်ကိုင်တာတွေ မလုပ်နိုင်အောင် ကိုယ့်အင်အားကို ကိုယ်တည်ဆောက်ထား ခြင်းကို လုပ်ဆောင်နေတတ်တယ်။ ငါ အင်အားရှိမှ၊ ငါ ခွန်အားရှိမှ ရှင်သန်မယ်ဆိုတဲ့ အမြင်ဟာ ရီယယ်လစ်တွေ မှာ လွှမ်းမိုးနေပါတယ်။

ကမ္ဘာကြီးမှာ၊ လောကကြီးမှာ အမြဲတမ်းလိုလို ယှဉ်ပြိုင်နေရတယ်။ ရှင်သန်ရပ်တည်ရေးအတွက် အပြိုင် လုနေ ကြရတယ်။ ကိုယ်က အားမရှိရင် ပြိုင်ပွဲမှာ ရှုံးမယ်။ ရှုံးရင် မရှင်သန်နိုင်ဘူး၊ မရပ်တည်နိုင်ဘူး။ ဒါ့ကြောင့် ရှင်သန် ရပ်တည်ဖို့အတွက် ယှဉ်ပြိုင်နေရတဲ့လောကကြီးမှာ ကိုယ့်ခွန်အား၊ ကိုယ့်အင်အားကို ကိုယ်ဘာသာ အားကောင်း အောင် တည်ဆောက်မှ ရှင်သန်ရပ်တည်နိုင်မယ်လို့ ရီယယ်လစ်တွေက မြင်တယ်။

■ ကိုယ့်လက်ကိုယ့်ချီ လုပ်ကိုင်နိုင်ရေး

ကိုယ့်အားကိုယ်ကိုးရမယ်ဆိုတဲ့ အယူအဆနဲ့ အတူတူပါပဲ။ ဒါပေမယ့် ကိုယ့်လက်ကိုယ့်ချီ ဆိုတဲ့ စကားလုံးကို ပို သုံးချင်လို့ ဒီလို သုံးနှုန်းလိုက်တာဖြစ်ပါတယ်။ ရီယယ်လစ်တွေဟာ – အများနဲ့ ပူးပေါင်းလုပ်တာမျိုးကို လုပ် တတ်ကြပေမယ့် သိပ် ခုံမင်တဲ့သဘောတော့ မဟုတ်ဘူး။ ပူးပေါင်းဆောင်ရွက်တယ်ဆိုရင်လည်း၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်တာမျိုးပဲ လုပ်တယ်။ အကျိုးတူပူးပေါင်းတာမျိုးပဲ လုပ်တယ်။ အကျိုးစီးပွားအထိုင်တူရင်၊ ဘယ်သူ့ကိုမဆို ပေါင်းသင်းဖို့ ဝန်မလေးဘူး။ ယုတ်စွအဆုံး ရန်သူနဲ့တောင် ညှိနှိုင်းပြီးတော့ ပူးပေါင်းလုပ်ဆောင်ဖို့ ဝန်မလေးဘူး။ သူတို့က သိပ်လက်တွေ့ကျတယ်။

ရီယယ်လစ်တွေဟာ မူနဲ့ နှုန်းစံတွေကြားထဲ ခြေချုပ်မိနေသူတွေတော့ မဟုတ်ဘူး။ သူတို့ဟာ သူတို့ရဲ့ အကျိုးစီးပွားက ဘာလဲဆိုတာကို အထူးပြု စဉ်းစားတယ်။ မူတွေစံတွေ တန်ဖိုးတွေကို အလွန်အကျွံ တန်ဖိုးထား တဲ့အထဲမှာ ရီယယ်လစ်တွေ မပါဘူး။ ရီယယ်လစ်တွေဟာ ပူးပေါင်းဆောင်ရွက်တာမျိုးကို အားမသန်ကြတာ များတယ်။ ကိုယ့်လက်ကိုယ့်ချီ ၊ ကိုယ့်အားကိုယ်ကိုး လုပ်လိုတယ်။ ကိုယ့်လက်ကိုယ်ချီ လုပ်လိုဇောအားကြီးလို့ တခါတရံ ငါတကောကောတာမျိုး၊ တစ်ကိုယ်တော်ကျိတ်ဝါဒီမျိုးတောင် ဖြစ်သွားတတ်သေးတယ်။

ရီယယ်လစ်တွေရဲ့ အမြင်မှာ — လောကကြီးဟာ အပြန်အလှန် အမှီသဟဲပြုပြီးတော့ မှီတင်းနေထိုင်ကြတယ်ဆို တဲ့ အယူအဆမျိုးကို သိပ်မခံတွင်းမတွေ့လှဘူး။ ရီယယ်လစ်တွေမှာ “ကိုယ့်ရှိမှ ကိုယ့်ဟာ” လို့ သတ်မှတ်ကြတာ များတယ်။ ဒါ့ကြောင့်လည်း တပါးသူကို မှီခိုပြီးတော့ ရှင်သန်ရတာမျိုးကို မလိုလားဘူး။ ကမ္ဘာကြီးဟာ ကျွန်းကိုင်း မှီ၊ ကိုင်း ကျွန်းမှီ ရပ်တည်နေရတာ။ ဒီတော့ ချင့်ချင့်ချိန်ချိန်နဲ့ ရှဉ့်လည်း လျှောက်သာ ပျားလည်း စွဲသာ … ချင့်ချိန် လုပ်ကြ။ ငါတကော မကောနဲ့ လို့ ဘယ်လောက်ပဲ ပြောပြော၊ ရီယယ်လစ်တွေကတော့ ကိုယ့်ရှိမှ ကိုယ်… ဆိုတဲ့ အယူအဆကို လက်ကိုင်ထားနေကြအုံးမှာပဲဖြစ်ပါတယ်။ ကိုယ့်မှာ မပိုလျှံရင် အများကို မျှဝေ မသုံးနိုင်သေးဘူး၊ ကိုယ့်အိုးကို ပြည့်အောင် အရင်ဖြည့်မယ်ဆိုတဲ့ စိတ်ထားမျိုးလည်း ရှိနေတတ်ကြတယ်။

■ ရီယယ်လစ်ကမ္ဘာ

ရီယယ်လစ်တွေရဲ့ ဒီလိုအမြင် အယူအဆတွေကြောင့် သူတို့ကို အတ္တဆန်တယ်၊ အတ္တကြီးတယ်လို့ ပြောကြမယ်။ ဒါကလည်း အမှန်ပါပဲ။ ရီယယ်လစ်တွေဟာ အတ္တ (egoism) ကို ဗဟိုပြုပြီး စဉ်းစားကြတာပါပဲ။ ဟင်နရီ ကစ်ဆင်းဂျားရဲ့ အကောက်အယူ (၃) ချက်ကို တင်ပြပြီး နိဂုံးချုပ်လိုပါတယ်။

(၁) ကမ္ဘာမှာ – ဘယ်နိုင်ငံမှ အမျိုးသားအကျိုးစီးပွားကို ပြစ်ပယ်ပြီး မစဉ်းစား။

(၂) ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတွေရှိသော်လည်း၊ လက်တွေ့မှာ လုပ်ပိုင်ခွင့်အာဏာ မရှိ။ ပြောရေးဆိုခွင့်လောက်သာ ရှိတယ်။ ဒါ့ကြောင့် အားမကိုးထိုက်။

(၃) နိုင်ငံတကာဇာတ်ခုံမှာ နှုန်းစံ တန်ဖိုးတွေကို အပြိုင် ပြောနေကြပေမယ့်၊ လက်တွေ့မှာ ကိုယ့်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ ယှဉ်လာရင်၊ အပြိုင်ဖြစ်လာရင်တော့ နိုင်ငံတိုင်းဟာ အကျိုးစီးပွားဘက်ကိုပဲ ရပ်ခံကြတယ်၊ နှုန်းစံတန်ဖိုးတွေဆိုတာ လေထဲ ပျောက်သွားကြတယ်၊

ဒါ့ကြောင့် ကမ္ဘာကြီးဟာ ယနေ့အချိန်အထိ ရီယယ်လစ်ဘောင်ထဲကနေ မထွက်နိုင်သေးဘူး။

ဒါဟာ နိဂုံးကောက်ချက်ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် နိုင်ငံရေးမှာ၊ နိုင်ငံတကာဆက်ဆံရေးနယ်မှာ ရီယယ်လစ်ဇင်နဲ့ ရီယယ်လစ်ရဲ့သဘော အနက် တချို့ကို နားလည်နိုင်မယ်လို့ ယုံကြည်ပါတယ်။