• Today is: Friday, March 29, 2024

ကရင်နီဒေသက စက်တင်ဘာ ပထမအပတ် နှစ်ဖက်တိုက်ပွဲများမှာ စစ်ကောင်စီတပ်သား ၁၈ ဦးသေဆုံးတယ်လို့ KNDF ထုတ်ပြန်

ဓာတ်ပုံ  – KNDF

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၈

ကရင်နီ(ကယား)ပြည်နယ် ဒေသက စက်တင်ဘာ ပထမအပတ် နှစ်ဖက်တိုက်ပွဲများမှာတော့ စစ်ကောင်စီတပ်သား ၁၈ ဦးသေဆုံးတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ပထမအပတ်အတွင်း စစ်ကောင်စီတပ်များက ဒီးမော့ဆိုနှင့်ဖရူဆိုမြို့ဖက်ကို တပ်အင်အား ဖြည့်တင်းကာ စစ်ကြောင်းထိုးလျက်ရှိသလို ယာဥ်တန်းများဖြင့် ရိက္ခာပို့နိုင်ဖို့ ကြိုးစားနေတယ်လို့ KNDF က ဆိုပါတယ်။

စက်တင်ဘာ ပထမအပတ်အတွင်း ဖြစ်ပွားတဲ့ ဒီးမော့ဆိုဖက်က ဖရူဆိုထဲကို ရိက္ခာတင် လာတဲ့ စစ်ကောင်စီ ယာဥ်တန်း ငါးစီးကို  စက်တင်ဘာ ၃ ရက် နံနက် ၄ နာရီ ခွဲခန့်က ဖရူဆိုမြို့နယ် ကဒါးလာကျေးရွာအနီးမှာ KNDF- B15 တပ်ဖွဲ့က အလှစ်အငိုက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ် ရိက္ခာတင်ကားတစ်စီး ပျက်စီးခဲ့ပြီး တပ်သား (၃)ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ စက်တင်ဘာ ၃ ရက် ညနေပိုင်း ဖရူဆိုမြို့နယ်၊ ထီးသော်ကူး ကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့များကို KNDF- B15 တပ်ဖွဲ့က နောက်ထပ် ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား (၂)ဦး သေဆုံးခဲ့ပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၃ ရက်မှာဘဲ ဖယ်ခုံမြို့နယ် ကုန်းဆုံကျေးရွာအုပ်စု ထိုင်တော်မူဘုရားတောင်ပေါ်၌ စခန်းချထားတဲ့ စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA)၊ KNDF/B03၊ BO9၊ B11 တို့ ပူးပေါင်း သွားရောက် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးခဲ့ပါတယ်။

စက်တင်ဘာ ၄ ရက်မှာတော့ ဖရူဆိုမြို့နယ် ထီးပေါ်ဆို နှင့် ဒေါညေးခူကျေးရွာအတွင်း ခြေကုပ်ယူ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော်(KA)၊ KNDF/B04၊ B05 B15 ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့တာပါ။

ဒါ့အပြင် ဖရူဆိုမြို့ နယ် ကဒါးလားကျေးရွာအနီးရှိ လက်ဝါးကပ်တိုင်တောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်များကို KNDF/B15 တပ်ဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ပါတယ်။

အလားတူ စက်တင်ဘာ ၄ ရက်က ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာသစ် ကျေးအရွာအနီးမှာလည်း စစ်ကြောင်းထိုးတပ်စွဲထားတဲ့ စစ်ကောင်စီတပ်များကို နံနက် ၆နာရီခွဲခန့်တွင် ကရင်နီတပ်မတော် (KA) နှင့် KNDF/B10 တို့ ပူးပေါင်း ပြီး သွားရောက် တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ၄နာရီ ခန့်ကြာ ပြင်းထန်ခဲ့ကာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များခဲ့တယ်လို့ဆိုပါတယ်။  အဲဒီတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ငယ် (၁)လက်နက်နဲ့ ခဲယမ်းအချို့ကို KNDF တပ်ဖွဲ့က သိမ်းဆည်းရမိခဲ့တာပါ။

စက်တင်ဘာ ၇ ရက်က ဘောလခဲနှင့် ရွာသစ်အကြား လမ်းမပေါ်ရှိ စစ်ကောင်စီတပ်၏ (၁၂) မိုင်ကုန်း စခန်းအနီးမှာ ဝါးခုတ်ရန် ထွက်လာသော စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA)၊ KNDF/B21 တို့က အလှစ်အငိုက် တိုက်ခိုက်နိုင်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ ၃ ဦးသေဆုံးခဲ့ပြီး  နှစ်ဦးပြင်းထန် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာလည်း KNDF မှ စစ်ကောင်စီ တပ်ဖွဲ့၏ လက်နက်ငယ် (၁)လက်နှင့် ခဲယမ်းအချို့အား သိမ်းဆည်းရမိခဲ့တာပါ။