• Today is: Thursday, April 25, 2024

ကော်သူးလေနယ်မြေမှာ ဩဂုတ်လအတွင်း တိုက်ပွဲပေါင်း နှစ်ရာကျော်​ ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား  သုံးရာကျော် သေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်

ဓါတ်ပုံ – KNU

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၈

ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ ဩဂုတ်တစ်လတာအတွင်း  KNLA KNDO တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပေါင်းနှစ်ရာကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား သုံးရာကျော် သေဆုံးခဲ့တယ်လို့ KNU ဘက်က သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ်လ တစ်လတာအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်(BGF)တပ်တွေအကြား နေ့စဉ် တိုက်ပွဲကြီး၊ တိုက်ပွဲငယ်၊ ပျောက်ကြားတိုက်ပွဲ စုစုပေါင်း (၂၆၂)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က (၃၃၃)ဦး သေဆုံးကာ (၂၆၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) တပ်ဖွဲ့တွေဘက်ကတော့ အဲဒီနှစ်ဖက်တိုက်ပွဲတွေမှာ (၄) ဦး ကျဆုံးခဲ့ရပြီး (၁၈)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ် လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်တွေဟာ အရပ်သားပြည်သူနေထိုင်တဲ့ ကျေးရွာတွေ၊ လုပ်ကိုင်စားသောက်တဲ့လုပ်ငန်းခွင်ထဲကို လက်နက်ကြီး(၃၇၃)လုံးပစ်ခတ်ခဲ့ပြီး ကျေးရွာ တွေလုပ်ငန်းခွင်တွေ အပေါ် တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှု (၁၂)ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီတပ်ဘက်က အရပ်သားပြည်သူနေထိုင်တဲ့ ကျေးရွာတွေအတွင်းကို ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာ၊ လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ တာကြောင့် အရပ်သားပြည်သူ(၉)ဦးသေဆုံးပြီး (၁၆)ဦးထိ ခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ပြည်သူလူထု(၉၇) ဦးကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ပြီး ခြိမ်းခြောက် စစ်ဆေးတာတွေ၊ ပေါ်တာအဖြစ်အသုံးပြုတာတွေနဲ့ လူသားဒိုင်းကာအဖြစ် အသုံးပြုခဲ့တယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။