• Today is: Friday, March 29, 2024

မိုးဗြဲ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား  ၂၀ ဦး သေဆုံး၊ ကရင်နီပူးပေါင်းတပ်က လက်နက်ခဲယမ်းများ သိမ်းဆည်းရ

ဓါတ်ပုံ – CJ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၉

မိုးဗြဲမြို့ထဲ ဝါရီဆူးဖလိုင်ကျေးရွာဘက်က ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြား ယမန်နေ့ စက်တင်ဘာ ၈ ရက် မနက် ၉:၀၀ ခန့်က စတင်ပြီး ညအချိန်ထိ နှစ်ဖက် တိုက်ပွဲပြင်းထန်တယ်လို့ သိရပါတယ်။

မိုးဗြဲမြို့ပေါ်ရှိ ဘုရားကျောင်းအနီး စစ်ကောင်စီတပ် အင်အား ၄၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

အဲဒီနှစ်ဖက်တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်သား ၂၀ ဦး သေဆုံးပြီး ငါးကြင်းမြီး ၁ လက်၊ စက်ကလေး ၃ လက်၊ RPG ၁ လက် အပါအဝင် စုစုပေါင်း လက်နက် ၁၀ လက်ခန့် သိမ်းဆည်းရမိတယ်လို့ ရှေ့တန်းကရဲဘော်တဦးက Karenni’s Voice ကို ပြောဆိုအချက်အရ သိရပါတယ်။

ယမန်နေ့ တိုက်ပွဲမှာတော့ ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဖြစ်တဲ့ မိုးဗြဲ PDF၊ KA၊ KNDF၊ KRU နဲ့ URF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်အနီးကပ် ပစ်ခတ်မှုများ ဖြစ်ခဲ့တာကြောင့် ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရရှိတာ ရှိခဲ့ပေမယ့် မစိုးရိမ်ရဘဲ ဆေးဝါးကုသမှု ပေးထားတယ်လို့ သိရပါတယ်။

“မနက် ၉ နာရီ လောက်က တိုက်ပွဲစဖြစ်တာပဲ။ သူတို့ဘက်က အနည်းဆုံး အယောက် ၂၀ သေတယ်။ ကျတော်နဲ့ ရှေ့တည့်တည့် သုံးမီတာလောက်အကွာမှာတွေ့တာ။ ကျတော် တယောက်တည်း ၉ ကောင် ရခဲ့တယ်။ ဒီမှာ ဘောင်းဘီမှာ သူတို့သွေးတွေလေ” လို့ ရှေ့တန်းကရဲဘော်တဦးက Karenni’s Voice ကို သူ့ရဲ့ အတွေ့အကြုံ ပြောဆိုအချက်အရ သိရပါတယ်။

လက်ရှိဒီကနေ့ စက်တင်ဘာ ၉ ရက်နေ့ မနက်ပိုင်းထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသလို စစ်ကောင်စီ စစ်ကြောင်း တပ်ဟာ မိုးဗြဲမြို့၊ ပွဲကုန်း(၃)ရပ်ကွက်ထဲ ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က ဝိုင်းဝန်း ပိတ်ဆို့ထားတာကြောင့် ထွက်မရဖြစ်နေပြီး လွယ်ကော်လက်နက်ကြီးတပ်ရင်းဘက်ကတော့ မိုးဗြဲ ဘက်သို့ လက်နက်ကြီး အဆက်မပြတ် ပစ်ကူနေတယ်လို့ မိုးဗြဲ PDF နဲ့ နီးစပ်သူပြောပြချက်အရ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲ ပြင်းထန်မှု ဖြစ်ပေါ်ခဲ့သလို မိုးဗြဲဘုရားကျောင်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်များဟာ မိုးဗြဲမြို့အတွင်း ပစ်မှတ်ထား လက်နက်ကြီးများ ပစ်ခတ်လာတာကြောင့် မြို့ပေါ်လူထုများဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတာပါ။