• Today is: Saturday, April 20, 2024

ဆတုံးမှာ စက်သုံးဆီ စျေးအဆမတန်တက်လို့ ဒေသခံတွေ အခက်တွေ့

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၉

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က တရုတ်-မြန်မာ ချစ်ကြည်ရေး ကားလမ်းမကြီးပေါ်မှာ တည်ထားတဲ့ ဆတုံးမြို့နယ်ခွဲမှာ စက်သုံးဆီ စျေးအဆမတန်တက်လို့ ဒေသခံတွေ အခက်တွေ့ နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“စက်သုံးဆီတွေက ဒီဘက်မှာ တလီတာကို ၄၅၀၀ ကျပ် ပေးနေရတယ်၊ ဒါတောင် ရနိုင်ဖို့မလွယ်ဘူး၊ စက်သုံးဆီတွေ စျေးအဆမတန်တက်တာကြောင့် စက်ယန္တယားကို သုံးပြီး အလုပ်လုပ်ရတဲ့ မိသားစုတွေက စက်ကိုတောင် မသုံးနိုင်ကြတော့ဘူး၊ အခုလည်း အတက်ပဲရှိတယ်” ဟု ဒေသခံ တဦးက ပြောပါတယ်။

ဒါ့အပြင် အခြေခံ စားသုံးဆီ၊ ဆန်၊ ကြက်သွန် တို့ကအစ ကုန်စျေးနှုန်းစျေးတွေက စျေးအဆမတန် ပေးဝယ်ရတာကြောင့် ဒေသခံတွေ ပိုပြီး အခက်တွေ့စေတယ်လို့ သူက ဆိုပါတယ်။

“အခုဆိုရင် စားသုံးဆီစျေးဆိုရင်လည်း တပိသာကို ၂ သောင်းဝန်းကျင် ပေးဝယ်ရတယ်၊ ဒီမှာပုံမှန် ဝယ်စားနေတဲ့ ဆန် ဆိုရင်လည်း တသင်းကို ၁ သိန်းဝန်းကျင်ထိ စျေးပေါက်လာလို့ အခက်တွေ့တာပေ့ါ၊ ဒီဒေသမှာတော့ အေးတဲ့ရာသီဥတု ဖြစ်တာကြောင့် စပါးအထွက်ကလည်း အရမ်းနည်းတယ် မိသားစုတွေ တနိုင်တပိုင် လုပ်ကြပေမယ် မလောက်ငှဘူး၊ အခုက ကြက်သွန် တို့ကအစ ကုန်စျေးနှုန်းတွေကလည်း အစမတန် စျေးမြင့် လာတော့ ပိုဒုက္ခရောက်တာပေါ့” ဟု ပြောပါတယ်။

အာဏာသိမ်းမှုနောက်ဆက်တွဲ စီးပွားရေးပျက်စီးမှု၏ နောက်ဆက်တွဲ ငွေကြေးဖောင်းပွမှု၊ ငွေကြေးတန်ဖိုးကျဆင်း ဂယက်များဟာ ဖွံ့ဖြိုးမှုနောက်ကျနေသေးတဲ့ ကျေးရွာဒေသများကို ပို၍ အခက်တွေ့စေတာပါ။

အခုတော့ အဲဒီဆတုံး ဒေသခံတွေဟာ အခုလို ကုန်စျေးနှုန်းမြင့်မားမှုတို့၏ ဂယက်တို့ကြောင့် လာမယ့်နှစ်အတွက် မိသားစု စားဝတ်နေရေး၊ ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေး စသည့် ဘက်ပေါင်းစုံက ကဏ္ဍတွေအတွက် စီမံဖြေရှင်းနိုင်ရေးက ပို၍အခက်တွေ့လာမှာကို စိုးရိမ်မှု မြင့်တက်နေတယ်လို့ သိရပါတယ်။

ဆတုံးမြို့နယ်ခွဲဟာ ဝိုင်းမော် တရုတ်မြန်မာ ချစ်ကြည်ရေး ကားလမ်းမကြီးပေါ်မှာ တည်ထားတဲ့ ကျေးရွာဖြစ်ပြီး တရုတ်ပြည်နယ်စပ် ကန်ပိုင်တီမြို့ငယ်နဲ့ ပို၍နီးစပ်မှုရှိတာဖြစ်ပေမယ့်၊  အခုတော့ တရုတ်-မြန်မာ နယ်စပ်ဝင်ပေါက်က တရားဝင် ကုန်များ အဝင်အထွက် စီးဆင်းမှု မရှိနိုင်သေးကာ ဒေသထွက်ကုန်များကိုလည်း တနိုင်တပိုင်တင်ပို့ခွင့် ဆုံးရှုံးနေရဦးမည်ဖြစ်တာကြောင့် ဒေသခံတွေ ပို၍ အခက်တွေ့လာနိုင်တယ်လို့ နားလည်ရပါတယ်။