• Today is: Saturday, April 20, 2024

ကရင်နီဒေသက လက်နက်ကိုင်တပ်များရဲ့ အင်အားတရပ် PKPF ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စတ်တင်ဘာ ၁၀

တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု (PKPF) ဘက်က ကရင်နီဒေသမှာ ရှိတဲ့ လက်နက်ကိုင်တပ် များရဲ့ အင်အားတရပ်ကို ဒီကနေ့ စက်တင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

PKPF ရဲ့ လေ့လာ ပြုစုထားတဲ့ မှတ်တမ်းတွေအရ ကရင်နီဒေသမှာ နွေဦးတော်လှန်ရေးနှင့်အတူ ပေါက်ဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရဲ့ စုပေါင်း ခန့်မှန်း အင်အားဟာ (၁၅၈၅၀) ထိ မြင့်တက် လာခဲ့ပြီ ဖြစ်တယ်လို့ နားလည်ရပါတယ်။

အဲဒီထဲက ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ဟာ ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ (KSCC) ရဲ့ ဦးဆောင် ညွန်ကြားမှုအောက် တည်ရှိတာဖြစ်ပြီး ကရင်နီတပ်(KA)ကတော့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပါတယ်။

အခြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတော့ NUG ရဲ့ အလယ်တိုင်းပိုင်း စစ်ဌာနချုပ်ရဲ့ ညွန်ကြားမှု အောက်မှာ တည်ရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်တယ်လို့ နားလည်ရပါတယ်။

ဒါ့အပြင် ကရင်နီဒေသမှာ တည်ရှိနေတဲ့ စစ်ကောင်စီတပ်ရဲ့ ခန့်မှန်းအင်အားဟာ (၇၅၀၀) ဝန်းကျင်ခန့် ရှိနေသေးတယ်လို့ ဆိုပါတယ်။ ကရင်နီဒေသမှာ တည်ရှိနေတဲ့ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း၊ အမြောက်တပ်ရင်း အပါအဝင် ထောက်ပို့တပ်ရင်းများ အားလုံးပေါင်း ၂၁ ရင်းခန့် ရှိနေပြီး အခြား စစ်ကြောင်းထိုးထားတဲ့ အင်အားတချို့လည်း ရှိနေသေးတယ်လို့ နားလည်ရပါတယ်။

အခုလို ကရင်နီဒေသမှာ တည်ရှိနေတဲ့ လက်နက်ကိုင်တပ် အင်အားများကို ထုတ်ပြန်ဖော်ပြရတဲ့ ရည်ရွယ်ချက်ဟာ မြေပြင်မှာ ပြန့်ကျဲနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်များရဲ့ ဆက်လက် ရပ်တည် လုပ်ဆောင် နေတဲ့ အခြေအနေများနဲ့ အင်အား ဘယ်လောက်ထိ ရှိလာနေပြီဆိုတာကို အများပြည်သူက သိရှိ လေ့လာခွင့် ရအောင် ဖော်ပြလိုက်တာဖြစ်သလို စစ်ကောင်စီရဲ့ အင်အားကလည်း ဘယ်လောက်ထိ ရှိနေနိုင်သေး တယ်ဆိုတာကို သိရှိနိုင်အောင် ရည်ရွယ်တာ လို့ PKPF အဖွဲ့ဝင်တဦးက ပြောပါတယ်။

တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု (PKPF) ဟာ ကရင်နီဒေသစုံက လူငယ်အင်အားစုများနဲ့ ဖွဲ့စည်းထားပြီး ကရင်နီဒေသက ကြုံတွေ့နေရတဲ့ မြေပြင်အခြေအနေများကို လေ့လာပြုစု မှတ်တမ်း တင်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။