• Today is: Wednesday, September 28, 2022

မြန်မာစစ်တပ်တော့ လုံးဝ မနိုင်,နိုင်တော့ဘူး

■ မြန်မာစစ်တပ်တော့ လုံးဝ မနိုင်,နိုင်တော့ဘူး ■

●─────── ๑۩۩๑ ───────●

-မင်းသေ့

■ ၁။ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကာလကို တဖြည်းဖြည်းချည်းကပ်လာလေလေ၊ မြန်မာစစ်တပ်ဟာ လုံးဝ မနိုင်နိုင်တော့ဘူး ဆိုတာ ပိုသေချာလာလေလေ ဖြစ်လာတယ်။ အထူးသဖြင့် အောက်ခြေ စစ်သားတွေ အတော်များများကို ကြည့်ရင်၊ ရှေ့တန်းမှာ စစ်ပန်းလာကြပြီဆိုတာကို ထင်ထင်ရှားရှား တွေ့ရတယ်။ ဒါဟာ ထင်မြင်ချက် မဟုတ်ဘူး။ တွေ့ရှိချက်ကို ပြောနေတာပါ။ စစ်ပန်းတယ်ဆိုတာမှာ — ခန္ဓာကိုယ်အရလည်း ပင်ပန်းလာတယ်။ စိတ်ဓာတ်အရလည်း အလွန်အမင်း ကျဆင်းလာတယ်။ စစ်တပ်ရဲ့ အလယ်ပိုင်းနဲ့ အထက်ပိုင်း စစ်ဗိုလ်ချုပ်တွေက ဘယ်လိုနည်းနဲ့ ဖြောင်းဖြစည်းရုံးသည်ဖြစ်စေ၊ ဘယ်လိုနည်းနဲ့ ဝါဒဖြန့်ချိသည် ဖြစ်စေ၊ ဘယ်လိုနည်းနဲ့ မက်လုံးပေးသည်ဖြစ်စေ၊ ဘယ်လိုနည်းနဲ့ အသိုင်းအဝိုင်းဖိအားပေးသည်ဖြစ်စေ — မြန်မာစစ်တပ်ထဲက အောက်ခြေစစ်သားတွေမှာ သဘာဝအရ အကန့်အသတ်တွေ ကြုံနေရတာ ကြာပြီ။ လက်နက်ခဲယမ်းမီးကျောက် ထောက်ပို့တယ်ဆိုပေမယ့်၊ သယ်ယူရေးလမ်းကြောင်းတွေဟာ ချောချောမွေ့မွေ့ မဟုတ်ဘူး။ ယခင်တုန်းက ရှေ့တန်းက စစ်သားတွေပဲ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရတယ်လို့ ပြောနိုင်ပေမယ့်၊ အခုအခါက ထောက်ပို့စစ်သားတွေတောင်မှ မလုံခြုံတဲ့အနေအထား။ မလုံခြုံဘူးလို့ ပြောတာ နည်းနည်း သေးနုပ်နေမယ်။ စိတ်လုံလုံနဲ့ သွားလာ လှုပ်ရှားနိုင်တာမျိုးကို မဟုတ်တော့ဘူး။ နေရာတိုင်းမှာ ရန်သူတွေ ရှိနေသလို ဖြစ်နေတယ်။ စစ်တပ်ထဲက အောက်ခြေစစ်သားတွေဟာ ဘယ်နေရာကို ရောက်ရောက်၊ ဘယ်နေရာကို သွားသွား— စိတ်မလုံခြုံမှုတွေနဲ့ စိုးရိမ်ထိတ်လန့်နေရတဲ့ အနေအထား ရှိတယ်ဆိုတာ တွေ့ရတယ်။

■ ၂။ သူတို့နံဘေးမှာ မျက်လုံးပေါင်း ရာနဲ့ချီ၊ ထောင်နဲ့ချီ ဝိုင်းကြည့်နေတယ်ဆိုတာ သူတို့ သတိမရတာ စိုးတယ်။ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ — ထောက်လှမ်းရေးယန္တရားကို ကမန်းကတန်း ပြန်တည်ဆောက်ဖို့ ကြိုးစားနေတာ ကြာပြီ။ သို့သော်လည်း အခုအချိန်အထိ စနစ်တကျ မဖြစ်သေးတာတွေ့ရတယ်။ လက်ရှိ အရေးတော်ပုံတပ်သားတွေမှာလည်း စနစ်ကျတဲ့ ထောက်လှမ်းရေးယန္တရားတော့ မတည်ဆောက်နိုင်သေးပါဘူး။ သို့သော်လည်း ပြည်သူလူထုထောက်ခံမှုရထားတော့ — အလိုအလျောက် သတင်းအချက်အလက်ကို အလွယ်တကူနဲ့ ရနေတယ်။ ဒါဟာ အားသာချက်ပဲ။ လူထုထောက်ခံမှုဟာ တော်လှန်ရေးတပ်သားတွေအတွက် အထူးအရေးပါတယ်ဆိုတာ ပြောချင်တယ်။ စစ်အတွင်းမှာ သတင်းအချက်အလက် ပိုရတဲ့သူက မျက်စိပိုမြင်တဲ့သူပဲ။ ပိုမြင်တဲ့သူက ပိုချေမှုန်းတိုက်ခိုက်နိုင်တယ်။

■ ၃။ ဒီ့နောက်ပိုင်း အဖြစ်အပျက်တွေကို စောင့်ကြည့်လေ့လာနေရင်း တွေ့ရှိချက်တွေ ရှိလာလို့ မနေနိုင်လို့ ရေးမိတာပါ။ မြန်မာစစ်တပ်ဟာ လုံးဝ မနိုင်နိုင်တော့ဘူးဆိုတာ သေချာနေတယ်။ အတော့်ကို သေချာနေတယ်။ မြို့ပေါ်တွေမှာ ရှိနေတဲ့ စစ်ဗိုလ်စစ်သားတွေကတော့ နေသာပေမယ့် တကယ့်ရှေ့တန်းကို ရောက်တဲ့ စစ်ဗိုလ်စစ်သားတွေကတော့ မချောင်ဘူး။ အထူးသဖြင့် လက်နက်ကိုင်အင်အားကြီးနယ်တွေကို ရောက်သွားတဲ့ စစ်ဗိုလ်စစ်သားဟာ လုံးဝ မချောင်လည်တော့ဘူး။ အရင်တုန်းက အနေအစားချောင်မယ်ထင်လို့ တပ်ထဲဝင်လာခဲ့တာ၊ အခုတော့ မှားပြီ ဆိုတာမျိုးတွေ ဖြစ်လာတာတွေ့ရတယ်။ ထိုနည်းလည်းကောင်း — အရင်တုန်းက လူကပ်နဲ့ အနေအစားချောင်တဲ့ နေရာဌာနကို ပြောင်းရွှေ့လို့ ရပေမယ့် အခုဟာက အထက်ပိုင်းက စစ်ဗိုလ်ချုပ်တွေလည်း မတတ်သာလို့ လုပ်နေရတာတွေ ပိုတွေ့လာရတယ်။ စစ်ဗိုလ်တွေမှာ ငြင်းဆန်ခွင့် အလွန် နည်းပါးလာသလို၊ အောက်ခြေစစ်သားကတော့ ထားရာနေ ၊ စေရာသွား ဖြစ်နေပါတယ်။ အရင်တုန်းကတည်းက စစ်သားတွေဟာ စစ်ဗိုလ်ချုပ်တွေရဲ့ ခိုင်းဖက် ဖြစ်နေခဲ့တာပါ။ သူတို့ကို ငှက်ပျောအူစားပြီး ခြင်းကြားလွယ်ပြီး စစ်တိုက်နိုင်စွမ်းရှိတဲ့တကယ့်သူရဲကောင်း‌တွေလို့ ဂျင်းထည့်ခဲ့တာ အခုတော့ သိပ်မရတော့ဘူး။

■ ၄။ စစ်သားတွေလည်း လူပဲ။ သွေးနဲ့ ကိုယ် ၊ သားနဲ့ ကိုယ်ပဲ။ သူတို့မှာလည်း အကန့်အသတ်ရှိတယ်။ သူတို့လည်း ကောင်းကောင်းနေချင်တယ်၊ ကောင်းကောင်း စားချင်တယ်။ မိသားစုနဲ့ အတူနေချင်တယ်၊ သက်သက်သာသာ နေချင်တယ်။ တာဝန်တွေ ဖိစီးတာမျိုးထက် — သာမန် ဝန်ကျေတန်းကျေလောက်ပဲ ထမ်းရတာမျိုး ပိုလိုလားမှာပေါ့။ ဘယ်လောက်ပဲ ဝါဒနဲ့ မှိုင်းတိုက်ထားစေကာမူ၊ လက်တွေ့မှာ ကိုယ်တကယ် ပင်ပန်းလာတဲ့အခါ ဘာကိုမှ သိပ် မတွေးနိုင်တော့ဘူး။ လောလောဆယ် သူတို့ နားချင်တယ်၊ မိသားစုနဲ့ တွေ့ချင်တယ်၊ အေးအေးလူလူ နေချင်တဲ့စိတ်တွေ — အောက်ခြေစစ်သားတွေမှာ ဖြစ်လာနေတာ ပိုများလာတယ်။

■ ၅။ ယခင်တုန်းကတော့ ဘယ်နှလလောက်တာဝန်ထမ်းဆောင်ရင် နောက်တန်းပြန်ရမယ်ဆိုတာကို ခန့်မှန်းလို့ ရပေမယ့် အခုတော့ ဘယ်တော့သေမလဲဆိုတာလည်း ခန့်မှန်းလို့ မရသလို၊ ဘယ်တော့နောက်တန်းပြန်ရမလဲ ဆိုတာလည်း ခန့်မှန်းလို့ မရဘူး ဖြစ်နေတယ်။ တစ်ပတ်တန်သည် နှစ်ပတ်တန်သည် မိခင်တပ်ရင်းကို ပြန်ပြီး မိသားစုနဲ့ နေထိုင်ခွင့်ရဖို့တောင် လုံးဝ ခွင့်မပေးနိုင်တော့တဲ့အခြေအနေကို ရောက်နေတယ်။ သူတို့လည်း ကြာလာတော့ ပြိုင်းလာတယ်၊ စိတ်ဓာတ်ကျလာတယ်။ စစ်ဆင်ရေးတွေ လုပ်တဲ့အခါ အထက်ကပေးတဲ့ အမိန့်အတိုင်းဆိုတာထက် စိတ်ရှိရာ ထင်သလို ထင်တိုင်းကြဲ ပစ်ချင်ရာ ပစ်၊ ဖမ်းချင်ရာ ဖမ်းလုပ်တာတွေဟာ တပ်တွင်းမှာ အမိန့်ပေးကွပ်ကဲမှု လျော့ရွဲလာတယ်ဆိုတာ ထင်ရှားတယ်။ အောက်ခြေစစ်သားတွေက စိတ်မရှည်တော့ဘူး။ ဒီဇာတ်လမ်းကြီး မြန်မြန် ပြတ်ပြီး သူတို့ မိသားစုနဲ့ နောက်တန်းမှာ အေးအေးဆေးဆေး ပြန်နေရဖို့ပဲ စိတ်ရှိနေတော့တယ်။

■ ၆။ လက်ရှိ ရင်ဆိုင်နေရတာကလည်း – ယူနီဖောင်းဝတ်ထားတဲ့ ရန်သူဆိုတာထက် ဘယ်သူက ရန်သူမှ မသိရဘဲ လူတိုင်းကို သံသယနဲ့ ကြည့်ပြီး တိုက်နေရတဲ့ စစ်ပွဲ။ သူတို့မှာ စိတ်မလုံခြုံမှုဟာ ပိုလို့ ကြီးလာတယ်။ ပြည်သူတွေ ကိုယ်တိုင်က စိတ်မလုံခြုံမှု ဖြစ်တာ မဟုတ်ဘူး။ အောက်ခြေစစ်ဗိုလ်စစ်သားတွေမှာလည်း စိတ်မလုံခြုံမှု အကြီးအကျယ် ဖြစ်နေတာတွေ့ရတယ်။ သူတို့ဟာ သာမန် ကွမ်းယာကလေး ထွက်ဝယ်တာမျိုးတောင် ထိတ်လန့်နေရတဲ့ အနေအထား ဖြစ်နေတယ်။ စစ်သားတွေမှာ လူသားဖြစ်တည်မှုတွေ ပျောက်ဆုံးသွားပြီ။ သာမန်ပြည်သူလူထုက မနက်ခင်း နိုးရင် လက်ဖက်ရည်နဲ့ အီကြာကွေးလေး ထိုင်စားလို့ ရသေးတယ်။ လောလောဆယ် စစ်ဗိုလ်စစ်သားက သာမန်အရပ်ဝတ်နဲ့ သွားရင်တောင် သူတို့ဟာ စိတ်မလုံတော့ဘူး။ ဘယ်သူလက်ထဲမှာ အတိုတစ်လက် ရှိမှန်း သူတို့ ခန့်မှန်းလို့ မရတော့ဘူးလေ။ တပ်ရင်းထဲမှာ နေရင်တော့ သူတို့ အနည်းငယ် စိတ်လုံသေးတယ်။ ဒါတောင်မှ ဘယ်တော့များမှ မိုးပေါ်က မိုင်းတစ်လုံးကျလာ မလဲဆိုတာ မပြောတတ်။

■ ၇။ ရှေ့တန်းနဲ့ ရှေ့တန်းထောက်ပို့ရေးလမ်းကြောင်းမှာ တာဝန်ကျနေတဲ့ စစ်ဗိုလ်စစ်သားတွေဆိုရင် စိတ်မလုံခြုံမှုဟာ အမြဲတမ်းလိုလိုဖြစ်နေတာတွေ့နေရတယ်။ အထူးသဖြင့် လက်နက်ကိုင်အဖွဲ့ကြီးတွေ ကြီးစိုးတဲ့ နယ်မြေတွေမှာ — စနိုက်ပါတွေလည်း အတော်များလာတယ်။ ကိုယ့်ကို ချောင်းမြောင်းပြီး ပစ်ခတ်မှာကို အတော်စိုးရိမ်နေရတဲ့ အနေအထား။ အောက်ခြေစစ်ဗိုလ်စစ်သားတွေမှာ — ကိုယ်၏ဒုက္ခကလည်း အလွန်အမင်း ပြင်းထန်ခါးသီးလာလို့ သူတို့ ကိုယ်တိုင်တောင် သည်းမခံနိုင်တော့ဘူး။ ဒါပေမယ့် ဘယ်လို ရုန်းထွက်ရမလဲဆိုတဲ့ ထွက်ပေါက်လည်း သူတို့ဆီမှာ မရှိဘူး။ စိတ်၏သောကကလည်း အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရ ဖြစ်လာတယ်။ ရှေ့တန်းက စစ်သားတစ်ယောက် မပြောနဲ့ တပ်ရင်းမှူးအဆင့်၊ ဗိုလ်ကြီး၊ ဗိုလ်မှူးအဆင့်တောင် သုံးလေးရက်ခြားတစ်ခါ ကိုယ့်အိမ်ကို အဆက်အသွယ်မလုပ်နိုင်ဘူး။ တစ်ပတ်မှ တစ်ခါလောက်၊ နှစ်ပတ်မှ တစ်ခါလောက်၊ တချို့လည်း တစ်လမှ တစ်ခါလောက်သာ ဖုန်းဆက်နိုင်တော့တဲ့အနေအထားမှာ ရှိနေတယ်။

■ ၈။ ဒီစစ်ပွဲဟာ ဘယ်အချိန်ပြီးမလဲဆိုတာလည်း သူတို့ မခန့်မှန်းနိုင်ဘူး။ သူတို့ကို ဘယ်နေရာတွေကို ထပ်မံ ပြောင်းရွှေ့မိန့်ကျလာမယ်ဆိုတာလည်း သူတို့ မသိနိုင်ဘူး။ နောက်ထပ် ဘယ်လို တာဝန်မျိုးတွေ ထပ်ဖိစီးလာမယ်ဆိုတာလည်း သူတို့ မသိနိုင်တော့ဘူး။ ပြီးတော့ သူတို့ ငြင်းဆန်ခွင့်လည်း မရှိဘူး။ ဒေါသထွက်ခွင့်ဆိုတာလည်း အမိန့်မနာခံမှုနဲ့ စီရင်ခံရမှာ ကြောက်ရသေး။ ခေါက်ဆွဲခြောက်တစ်ထုပ်ကို နှစ်ယောက် သုံးယောက် ဝိုင်းစားနေရတာ နေ့စဉ်ရက်ဆက်လို ဖြစ်လာတယ်။ လက်နက်ရှိပေမယ့် စားစရာနဲ့ ရိက္ခာက မရှိဘူး။ သူတို့လည်းလူပဲ၊ ကွမ်းလေး ဝါးချင်တယ်၊ ဆေးလိပ်လေး ဖွာချင်တယ်၊ လက်ဖက်ရည်လေး သောက်ချင်တယ်၊ ဘီယာလေး သောက်ချင်တယ်၊ ဖေ့ဘုတ်ခ်လေး ပွတ်ချင်တယ်၊ အပြာကားလေးကြည့်ချင်တယ်၊ အိမ်နဲ့ ဖုန်းပြောချင်တယ်၊ မိသားစုထမင်းဝိုင်းလေးကို လွမ်းမယ်၊ မိန်းမနဲ့ အတူနေချင်မယ်၊ …. ဒါတွေက ရှိတာပဲလေ။ ဒါပေမယ့် သူတို့မှာက ရွေးချယ်ခွင့် မရှိတဲ့ ခိုင်းဖက်ဘဝနဲ့ အမိန့်နာခံရေးဆိုတာနဲ့ပဲ ခြေချုပ်မိနေကြတယ်။ စစ်သားတွေသာ အောက်ခြေမှာ အတော်ပန်းနေပြီ။ သူတို့ ဘယ်တော့ နောက်တန်းပြန်ရမယ်ဆိုတာ မျှော်လင့်ချက် ကင်းမဲ့ကုန်ပြီ။ ဒီလိုနဲ့ တဖြည်းဖြည်း တိုက်ရည်ခိုက်ရည်တွေ လျော့ပါးလာတာလည်း မဆန်းဘူး။ လာတိုက်ရင်တော့ ပစ်မယ်။ မတတ်သာရင်လည်း အလွယ်တကူ ခုခံအညံ့ခံလိုက်မယ်ဆိုတဲ့စိတ်ဖြစ်လာတာ သိပ်သိသာတယ်။

■ ၉။ ဒီ့နောက်ပိုင်း စစ်ကောင်စီတပ်သားတွေကို အဖမ်းခံရတယ်ဆိုတဲ့ သတင်းတွေကို ကြည့်လိုက်ရင် လက်နက်ခဲယမ်းမီးကျောက် အတော်များများနဲ့ ဖမ်းဆီးရမိတာတွေ တွေ့ရတယ်။ ဒီလောက် လက်နက်ခဲယမ်းမီးကျောက်တွေ တစ်ပုံတစ်ပင်ကြီးနဲ့ ဘာလို့ အဖမ်းခံရသလဲဆိုတာကို လေ့လာကြည့်တော့၊ သူတို့မှာ ဖိဖိစီးစီး တိုက်လိုခိုက်လိုစိတ် အင်မတန် လျော့နည်းလာတယ်ဆိုတာ ထင်ရှားစွာ တွေ့ရတယ်။ လက်နက်ခဲယမ်းမလုံလောက်လို့ စစ်သားတွေ အထိနာတာ မဟုတ်ဘူး။ တိုက်လိုခိုက်လိုစိတ်ပါ ကျဆင်းကုန်တာ။ ဒါဟာ အထင်အရှား မြင်တွေ့နေရတဲ့ အချက်ပဲ။ ဒါကို မငြင်းနိုင်ဘူး။

■ ၁၀။ ဒီလို အောက်ခြေစစ်သားတွေ တိုက်လိုခိုက်လိုစိတ် အလွန်အမင်းကျဆင်းတာကို သူတို့အထက်က ဗိုလ်ကြီး၊ ဗိုလ်မှူးနဲ့ တပ်ရင်းမှူးတွေလည်း ဘယ်လို လုပ်ရမယ်ဆိုတာ အကြံကုန်နေပြီ။ ပမ်းနေတဲ့ စစ်သားကို နောက်ထပ် မနားတမ်း ရှေ့တန်းတွေ ဆက်ခါ ဆက်ခါ လွှတ်တော့ — အစီအစဉ်တွေကလည်း မကျမနဖြစ်ကုန်တယ်။ ဘယ်လို ချွေးသိပ်နှစ်သိမ့်မှုမျိုးနဲ့မှလည်း စည်းရုံးသိမ်းသွင်းဖို့ မလွယ်တော့၊ တပ်ထဲက စစ်ဗိုလ်တွေမှာလည်း အတော်အခက်ကြုံနေတယ်။ အောက်ခြေစစ်သားတွေတင်လားဆိုတော့ မဟုတ်ဘူး။ သူတို့ကိုယ်၌ကလည်း မိသားစုရေးမှာ စိတ်မအေးရတာတွေ ရှိတယ်။ သူတို့ကိုယ်တိုင် အရပ်ဝတ်နဲ့ အပြင်ကို သွားလာတာမျိုးတွေ မလုပ်ဝံ့ဘူး။ နံဘေးမှာ မျက်လုံးတွေ ရှိနေတယ်လေ။ ဘယ်လိုမျက်လုံးတွေက သူတို့ အသက်ဇီဝကို ခြွေစေမယ် ဆိုတာ သူတို့ ဘယ်ခန့်မှန်းနိုင်မလဲ။

■ ၁၁။ ပြည်သူလူထုတင် စိတ်မလုံခြုံမှုတွေ ဖြစ်နေတာ မဟုတ်ဘူး။ မြန်မာစစ်တပ်ထဲက စစ်သားတွေလည်း ထိတ်လန့် စိုးရိမ်မှုတွေ ပြင်းပြင်းထန်ထန် ရှိလာပြီ ဆိုတာတွေ့ရတယ်။ လက်ရှိ စစ်ခေါင်းဆောင်ဟာ သူတို့ကို မျှော်လင့်ချက်တွေ မပေးနိုင်တော့ဘူးဆိုတာ ထင်ရှားလာပြီ။ မြန်မာစစ်ခေါင်းဆောင်တွေဟာ မြို့ပေါ်နဲ့ မြို့နဲ့ မလှမ်းမကမ်းနေရာတွေမှာသာ သူ့ကို တပ်တွင်းအသိုင်းအဝိုင်းက ထောက်ခံကြည်ဖြူနေအောင် ဝါဒဖြန့်ချိလို့ ရပေမယ့်၊ ရှေ့တန်းက စစ်ဗိုလ်စစ်သားတွေကို ဝါဒဖြန့်ချိရေးလုပ်တဲ့နေရာမှာ လက်တံမမှီဘူး ဖြစ်နေတယ်။ ဒါ့ကြောင့်လည်း ဘယ်လိုနည်းနဲ့ပဲ စစ်ရေးဦးဆောင်မှု‌ ပေးပေး — အောက်ခြေစစ်သားတွေရဲ့ သဲသဲမည်းမည်း တိုက်လိုခိုက်လိုစိတ်ကို ဘယ်လိုမှ ဆွဲမတင်နိုင်တာ တွေ့နေရတယ်။ ဒါဟာ ထင်ထင်ရှားရှားကြီးကို တွေ့နေရတယ်။

မြန်မာစစ်တပ်တော့ လုံးဝ မနိုင်နိုင်တော့ဘူး။