• Today is: Friday, April 19, 2024

စစ်ဘေးရှောင်များအတွက် လှူဒါန်းထောက်ပံ့လိုတဲ့ နေရာများကို N-Wallet နှင့် N-Social Network မှတဆင့် လုံခြုံစွာလှူဒါန်းနိုင်ပြီ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်ဘာလ ၁၄

စစ်ဘေးရှောင်ပြည်သူများအတွက် လှူဒါန်းထောက်ပံ့လိုတဲ့ နေရာများကို N-Wallet နှင့် N-Social Network အသုံးပြုပြီး လုံခြုံစိတ်ချစွာလှူဒါန်းနိုင်ပြီလို့ N-Wallet တာဝန်ရှိသူ ကို Nစိုင်းအောင် ကပြောပါတယ်။

“N-Wallet အပ်ပလီကေးရှင်းကို စတင်တီထွင်စဉ်ကပင် မိမိ၏ ပိုင်ဆိုင်မှု ငွေများကို ထိန်းချုပ် ခံရခြင်း၊ ဆုံးရှုံး ခြင်း၊ မိမိငွေလွှဲပြောင်းမှုနှင့် လှူဒါန်းခြင်းကြောင့် စစ်ဆေးမေးမြန်းခံရခြင်းနှင့် အမှုအခင်း ဖြစ်ခြင်းများ ဖြစ်ပေါ်မှုမှ လွတ်ကင်းစေရန်အတွက် တီထွင်ဖန်တီးခဲ့တာလို့” ပြောပါတယ်။

ဒါ့အပြင် N-Wallet အပ်ပလီကေးရှင်းက ယခုဆိုရင် သုံးစွဲသူ တစ်သောင်းနီးပါးရှိနေပြီး နေ့စဉ် သုံးစွဲ သူပေါင်း (Daily User) ရာကျော်လဲ ရှိလာကာ MMK နှင့် USDT Exchange လုပ်ဆောင်ပေးနိုင်သူ များ (Agent)တို့လည်း ရှိလာပြီဟု သိရပါတယ်။

N-Wallet အသုံးပြုပြီး လှူဒါန်းခြင်း၊ အလှူခံခြင်းများကို ပြည်တွင်းမှာ စတင် စမ်းသပ် လုပ်ဆောင်လျက်ရှိနေပြီဟုလည်း သိရပါတယ်။

“မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့် ပူးပေါင်းကာ ကချင်ဒေသရှိ စစ်ဘေးရှောင်များအတွက် N-Wallet အသုံးပြုပြီး လှူဒါန်းခြင်း၊ အလှူခံခြင်းများ လုပ်ဆောင်နိုင်ရန် ဦးစွာ စမ်းသပ် လုပ် ဆောင်ထားတယ်”လို့ ကို Nစိုင်းအောင် ကပြောပါတယ်။

“အလားတူ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျုံဒိုးရှိ အရေးပေါ်ဆေးခန်းနှင့် ဆေးဝါးပစ္စည်းများ ဖြည့်တင်း နိုင်ရန်လဲ လုပ်ဆောင်ပေးနိုင်ခဲ့သလို စစ်ကိုင်းဘက်ရှိ စစ်ဘေးရှောင် နေရာများမှလည်း N-Wallet ဖြင့် စတင်အလှူခံခြင်းများ ဆောင်ရွက်နေကြပြီ ဖြစ်တယ်”လို့ သူက ဆက်ပြောပါတယ်။

N-Wallet အသုံးပြုပြီး အလှူခံလိုတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းဟာ N-Wallet တွင် Gmail ဖြင့် အကောင့်ဖွင့်ပြီး၊ မိမိ၏ အလှူခံမည့် မိမိ N-Wallet အကောင့်လိပ်စာကို မိမိအဆင်ပြေသည့် Social Media တွင် တင်ထားပြီး အလှူငွေများကို လက်ခံနိုင်တယ်လို့ N-Wallet ဘက်က ကြေညာထားပါတယ်။  

ဒါ့အပြင် N-Wallet ကို အသုံးပြုပြီး လှူဒါန်းမည်ဆိုပါက မိမိ၏ MMK ငွေသားကို USDT သို့ ပြောင်းလဲပြီး N-Wallet တွင် ထည့်ထားကာ လှူဒါန်းနိုင်သလို N-Wallet က ထုတ်လုပ်ထားသော N-Games များကို ဆော့ရင်း N-Token ရရှိအောင် လုပ်ဆောင်ကာ အဲဒီရရှိလာသည့် N-Token ကို USDT သို့ ပြောင်းလဲပြီး ၎င်း USDT ကို လှူဒါန်းနိုင်တာလည်း ဖြစ်ပါတယ်။

N-Wallet ကို အသုံးပြုပြီး ဒေါ်လာအခြေပြု USDT ငွေကြေးဖြင့် တစ်ဦးနှင့် တစ်ဦး လှူဒါန်းနိုင်ခြင်း၊ ငွေပေးချေခြင်း နှင့် ရောင်းဝယ်ဖောက်ကားခြင်းများကို လုပ်ဆောင်နိုင်သည့်အပြင် N-Wallet သုံးစွဲသူများအတွက် ကိုယ်ပိုင် N-Social Network ကိုလည်း ထပ်တိုးလုပ်ဆောင်ရန် အစီအစဉ် ရှိတယ်လို့ ထပ်လောင်း သိရပါတယ်။

N-Wallet ဖန်တီးသူများဟာ မြန်မာနိုင်ငံသား တိုင်းရင်းသားများဖြစ်ကြပြီး လွတ်လပ်တဲ့ အဖွဲ့အစည်း တယ်လို့ နားလည်ရပါတယ်။

အသေးစိတ် ထပ်မံသိရှိလိုပါက The N Project ၏ Facebook စာမျက်နှာမှာလည်း စုံစမ်း မေးမြန်း နိုင်ပါ တယ်။