• Today is: Friday, March 29, 2024

ကရင်နီဒေသမှာ စက်တင်ဘာလ ဒုတိယအပတ်ထိ နှစ်ဖက်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ဦးကျော် သေဆုံး၊ တင့်ကားအပါအဝင် အင်အားအလုံးအရင်းဖြင့် စစ်ကောင်စီ ပြန်လည် စစ်ကြောင်း ထိုးလာ

ဓါတ်ပုံ- KNDF
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၁၅
 
ကရင်နီဒေသမှာ စက်တင်ဘာလ ဒုတိယအပတ်ထိ နှစ်ဖက်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ဦးကျော် သေဆုံး၊ တင့်ကားအပါအဝင် အင်အားအလုံးအရင်းဖြင့် စစ်ကောင်စီ ပြန်လည် စစ်ကြောင်း ထိုးလာတယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။
 
စစ်ကောင်စီ စစ်ကြောင်းများဟာ နမ့်မယ်ခုံဘက်မှာတော့ တင့်ကား ၂ စီးအပါအဝင်၊ မိုးဗြဲမြို့ပေါ်ကလည်း စစ်အင်အား အလုံးအရင်းဖြစ် ထိုးစစ်ဆင်လာတာပါ။
 
လက်ရှိမှာတော့ စစ်ကောင်စီ စစ်ကြောင်းဟာ ဝှါရီဆူးပလိုင်ရွာနှင့် မိုးဗြဲမြို့ကြား ရထားလမ်းတွင် ရောက်ရှိနေပြီး မိုးဗြဲမြို့ထဲသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
 
နှစ်ဖက်တိုက်ပွဲ ပြန်လည်ပြင်းထန်လာနိုင်တာကြောင့် ဒေသခံပြည်သူများအနေဖြင့် လုံခြုံစိတ်ချရတဲ့ နေရာမှာ တိမ်းရှောင်ကြရန်နိုးဆောင်နေသလို ခရီးသွားမိဘပြည်သူများကလည်း မိုးဗြဲလမ်းကို အသုံးမပြုသေးရန် ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားပါတယ်။
 
စက်တင်ဘာ ပထမပတ် ၈ ရက်နေ့မှစ၍ ၁၁ ရက်နေ့အထိ ၄ ရက်ဆက်တိုက် ဒီးမော့ဆိုမြို့နယ်နှင့် ဖယ်ခုံမြို့နယ် နယ်စပ်ရှိ ဝါရီဆူဖလှိုင်မှ မိုးဗြဲမြို့သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA)၊ KNDF/B03၊ B11၊ Moebye PDF၊ Phekhon PDF၊ KRU နှင့် URF တို့ နှစ်ဖက် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများ အဆမတန် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် လေကြောင်းဖြင့်လည်း စက်တင်ဘာလ (၉) ရက်နေ့မှ ၁၁ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ၁၅ ကြိမ် ထက်မနည်း လာရောက်တိုက်ခိုက်ခဲ့တာပါ။
 
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်မှုနှင့် လေကြောင်း တိုက်ခိုက်မှုတို့ကြောင့် မိုးဗြဲမြို့ပေါ်ရှိ အရပ်သားပြည်သူနေအိမ်အလုံး ၁၀၀ နီးပါး ထိခိုက်ပျက်ဆီးခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။
 
မိုးဗြဲမြို့တိုက်ပွဲများအတွင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိများအပါအဝင် တပ်သား ၆၀ ဦးခန့် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များဘက်မှ စစ်ကောင်စီ၏ လက်နက်ငယ် ၁၃ လက်၊ လက်နက်ကြီး၊ လက်နက်ငယ်၊ ခဲယမ်းများ၊ ဆက်သွယ်ရေးစက်နှင့် စစ်အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မိုးဗြဲမြို့ကို စစ်ကူသွားခဲ့တဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဝီသဲကူးကျေရွာအနီးမှာ KNDF/B07 က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဘက်မှ အရာရှိတစ်ဦးအပါအဝင် တပ်သား ၁၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပါသေးတယ်။
 
တဖန် စက်တင်ဘာ ၁၁ ရက်နေ့က ဒီးမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာအနီး တပ်စွဲထားတဲ့ စစ် ကောင်စီတပ်၏ ကင်းပုန်းစခန်းကို KNDF/B05 နှင့် KRU တို့က လက်နက်ကြီးဖြင့် သွားရောက် တိုက်ခိုက်ခဲ့လို့ ကင်းဝပ်နေတဲ့ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် စက်တင်ဘာ ၁၂ ရက်နေ့ ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာအနီး တောင်ပေါ်မှာ စခန်းချနေသော စစ်ကောင်စီတပ်စခန်းကို KNDF/B15 မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး ထိခိုက် သေဆုံးခဲ့ပါတယ်။
 
အလားတူ လွိုင်ကော်မြို့နယ်ဖက်မှာလည်း စက်တင်ဘာလ ၁၂ ရက်နေ့ မနက် ၉ အချိန်က စစ်ကောင်စီ၏ ကယန်းသာယာ စစ်ဆေးရေးဂိတ်ကို KNDF/B02၊ B14 နှင့် Loikaw PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဗိုလ် တစ်ဦး အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူများ များပြားခဲ့ပါသေးတယ်။
 
စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၃ နာရီအချိန်မှာတော့ နန်းမယ်ခုံမြို့ အနီးရှိ ဆင်မတောင်ပေါ်မှာ တပ်စွဲ ထားတဲ့ စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA) နှင့် KNDF/B07 တို့ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါသေးတယ်။
 
စက်တင်ဘာ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဒီးမော့ဆိုမြို့နယ် ဒေါခမီးကျေးရွာနှင့် ဆောင်ဒူရွာသစ် အနီးတွင် စစ်ကြောင်း ၃ ကြောင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို KNDF/B06 မှ ခုခံတိုက်ခိုက်ခဲ့သည်။
 
ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာအတွင်းမှာလည်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်များကို စက်တင်ဘာ ၁၁ ရက်နေ့ နေ့လည်မွန်းတည့်အချိန်က ကရင်နီတပ်မတော်(KA)နှင့် KNDF/B04၊ B15 တို့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။