• Today is: Friday, March 29, 2024

 UWSA နဲ့တွေ့ဆုံမှု ရလဒ်ကောင်းခဲ့တယ်လို့ (AA) ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ပြော

ဓာတ်ပုံ – CJ (AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်တွေ့ရစဉ်)

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၁၉

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ ရက္ခိုင့်တပ်တော် (AA) ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်တို့  အခုလအတွင်း တွေ့ဆုံမှုကနေ ရလဒ်ကောင်းတွေရရှိခဲ့တယ်လို့ အေအေ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ဒီကနေ့ စက်တင်ဘာ ၁၉ ရက် သတင်းစာရှင်လင်းပွဲမှာ သူကိုယ်တိုင် တက်ရောက်ရှင်းလင်းပြောကြားခဲ့ပါတယ်။  

UWSA နဲ့ တွေ့ဆုံတဲ့အကြောင်းအရင်းနဲ့ပတ်သက်ပြီး အဓိကဘယ်လို အကြောင်းအရာတွေကို ဆွေးနွေးခဲ့ ကြတယ်ဆိုတာကိုတော့ အေအေ ဒုစစ်ဦးစီးချုပ်က တိတိကျကျ ထုတ်ဖော် မပြောခဲ့ပါဘူး။

အခုလိုတွေ့ဆုံမှုဟာ ယခင်နှစ်တွေက ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် အသွားအလာတွေ ကန့်သတ်ထား တာကြောင့် အဖွဲ့ဝင်အဖွဲ့အစည်းတွေ တွေ့ဆုံနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ အခု သွားလာလို့ရလာတဲ့အချိန်မှာ ပုံမှန် လုပ်ငန်းစဉ်တွေကို တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်သလို FPNCC အဖွဲ့ဝင်တပ်ဖွဲ့တွေတွေ့ဆုံကြရာမှာတော့ မျိုးဆက်သစ် လူငယ်ခေါင်းဆောင်တွေနဲ့ ရှေ့ဆက် အလုပ်လုပ် ကိုင်နိုင်ရေးတွေကို အဓိကထားပြီး ဆွေးနွေးခဲ့တာလည်းရှိတယ်လို့ ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့က ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင် အဖွဲ့အစည်း တွေဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA)၊ မိုင်းလား အထူးဒေသ(၄) NDAA၊  မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP / SSAA၊ ရက္ခိုင့်တပ်တော် AA၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့က ခေါင်းဆောင်တွေ ‘ဝ’ ဒေသမှာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ကြတာပါ။

ဆွေးနွေးပွဲနဲ့ပတ်သက်လို့ သတင်းတွေမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့တက်ရောက်ခဲ့ခြင်း မရှိဘူးလို့ ရေးသားနေကြတာကြောင့် KIA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေသာ မတက်ရောက်နိုင်ခဲ့တာဖြစ်ပြီး KIA အဖွဲ့ဝင်တချို့ကတော့ တက်ရောက်ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ ဒေါက်တာညိုထွန်းအောင်က ဆိုပါတယ်။

ဒါ့အပြင် သတင်းစာရှင်းလင်းပွဲမှာ အေအေ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ဟာ သတင်း မီဒီယာများနဲ့ စပ်လျဉ်းပြီး စစ်ကောင်စီ၏ သတင်းမှားများ ဖြန့်ဝေမှု၊ သွေးထိုးလှုပ်ဆော်မှုများကို ရခိုင်ဒေသမှာ သော်လည်းကောင်း၊ တခြားဒေသတွေမှာသော်လည်းကောင်း ပိုမိုကျယ်ပြန့်စွာ ပြုလုပ်လာ နိုင်တယ်လို့ သုံးသပ်သတိပေး ပြောဆိုသွားပါတယ်။

လက်ရှိမှာတော့ ရက္ခိုင့်တပ်တော်အေအေဟာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်တွေမှာ စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ စစ်ရေးပြင်းထန်မှုတွေရှိလာနေပြီး နယ်စပ်ဒေသတွေမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ပိတ်ဆို့ထားတာတွေ၊ စခန်းသိမ်းယူမှုတွေအထိ ဆက်လက်ဖြစ်ပွားနေပါတယ်။