• Today is: Wednesday, September 28, 2022

အာမခံချက်ရှိတဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမှာ လူမျိုးစုတစ်ခုအတွက် ပြည်နယ်ပေါ်ပေါက်ရေးက အရေးကြီးတယ်လို့ TPCC ပြော

ဓါတ်ပုံ – TPCC
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၂၀
တိုင်းရင်းသားလူမျိုးစုတစ်ခုအတွက် ပြည်နယ်ပေါ်ပေါက်ရေးကအရေးကြီးသလို ဒါဟာအနာဂတ် ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံမှာ တိုင်းရင်းသားလူမျိုးတွေရဲ့အမျိူးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံမှုရှိ အောင် ဖော်ဆောင်ပေးတာလည်းဖြစ်တယ်လို့ တအာင်းနိုင်ငံရေး အတိုင်ပင်ခံ ကော်မတီ (TPCC) က တာဝန်ရှိ သူတဦးက ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။
TPCC ဦးဆောင်ပြီး ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြံပြုချက်၊ ပြင်ဆင်ဖြည့်စွက်ချက်များ ရယူဖို့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို မူဆယ်နဲ့ နမ်းခမ်းမြို့နယ်ထဲက တအာင်း လူထုများကြား ပြုလုပ် ခဲ့ပါတယ်။
“မူဆယ်နဲ့ နမ်းခမ်းမြို့တွေအပြင် အခြားကျန်ရှိတဲ့ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ ကျောက်မဲ၊ နမ့်မတူ အစရှိတဲ့ မြို့နယ်တွေမှာလည်း ဆက်လက် လုပ်ဆောင်သွားဖို့ ရှိသလို တချို့နေရာတွေမှာလည်း လုပ်နေပါတယ်။ ပြည်သူ လူထုကလည်း နားလည်သလောက် ပူးပေါင်းပါဝင်ဆွေးနွေးပေးကြသလို ဖွဲ့စည်းပုံပေါ်မှာ အကြံပြုချက်တွေလည်း ပေးကြပါတယ်”လို့ သူက ဆက်ပြောပါတယ်။
လက်ရှိ TPCC က ဦးဆောင်ဆွေးနွေးနေတဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (မူကြမ်း) ရေးဆွဲရေးနှင့် ညှိနှိုင်းရေးကော်မတီ(FCDCC) က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဒုတိယမူကြမ်းကို အခြေခံရေးထားတာဖြစ်တယ်လို့ ဆိုပါတယ်။
“လက်ရှိရေးဆွဲထားတဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ FCDCC ဖွဲ့စည်းပုံမူကြမ်းကို အခြေခံပြီး ရေးဆွဲထားတာဖြစ်တယ်။ တချို့ မိမိတို့ဒေသ တိုင်းရင်းသားလူမျိုးများနှင့် ကိုက်ညီမည့် အချက် အလက်များ ကို ဖြည့်စွက်ထားတာလည်း ရှိသလို ထပ်မံပြီးတော့ ဆွေးနွေးညှိနှိုင်းရမယ့် အချက် အလက်များနှင့် ပြင်ဆင်ဖြည့်စွက်ရမယ့် ပုဒ်မတွေလည်းရှိနေပါသေးတယ်။ ပြည့်စုံလုံလောက်မှုတော့ မရှိသေးပါဘူး” ဟု ပြောပါတယ်။
တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC) ဦးဆောင်ကျင်းပနေတဲ့ အလုပ်ရုံဆွေးနွေးပွဲက ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တတိယမူကြမ်း ပြင်ဆင်ရေးဆွဲထားတာဖြစ်ပြီး FCDCC ရဲ့ ဖက်ဒရယ် ဖွဲ့စည်းပုံ ဆိုင်ရာ စတင်ရေးဆွဲတဲ့ကာလ ၂၀၀၆-၀၇ ကတည်းက စတင်ရေး ဆွဲခဲ့တာ ဖြစ်တယ်လို့ သိရ ပါတယ်။
ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (မူကြမ်း) ရေးဆွဲရေးနှင့် ညှိနှိုင်းရေးကော်မတီ(FCDCC) မှာ ဥက္ကဌ အနေဖြင့် တာဝန်ယူခဲ့တဲ့ ခွန်းမတ်ရ်ကိုဘန်ကတော့ ပြည်နယ်သစ်ပေါ်ပေါက်ရေးဟာ ပြည်နယ်တခုရဲ့ အင်္ဂါရပ်နဲ့ညီပြီး ပင်လုံစာချုပ်အခြေခံမူပါ ပြည်နယ်သစ်တိုးချဲ့ဖွဲ့စည်းနိုင်ရန် လမ်းညွန်ချက် (၇)ချက်နဲ့ ကိုက်ညီတယ်ဆိုရင် ပြည်သစ်ပေါ်ပေါက်ခွင့်ရှိတယ်လို့ ပြောပါတယ်။
အလားတူ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာမှာ တိုင်းရင်းသားလူမျိုးစု အမျိုးသား တန်းတူရေးလို့ ပြောရင် မြန်မာအမျိုးသားပြည်နယ်တစ်ခု အမြန်ဆုံး ပေါ်ပေါက်လာအောင် ရေးဆွဲ တည်ဆောက်ရမှာ ဖြစ်တယ်လို့ ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောကြားထားပါတယ်။