• Today is: Wednesday, September 28, 2022

တိုင်းရေးပြည်သစ်

●──── တိုင်းရေးပြည်သစ် ─────●

– မင်းသေ့

〓 တိုင်းရေးပြည်သစ်ဖြစ်ဖို့အတွက် ဘယ်လို အရာတွေကို အခြေခံထား စဉ်းစားရမလဲ။

ဒီနေရာမှာ နှစ်မျိုးခွဲပြီး စဉ်းစားသင့်တယ် ထင်တယ်။ နံပါတ် တစ် — ခွဲထွက်ပြီး နိုင်ငံတော်သစ် တည်မှာလား။ သို့တည်းမဟုတ် နိုင်ငံဟောင်းကို သစ်မှာလား။ ဒါက အရေးကြီးလိမ့်မယ် ထင်တယ်။ ခွဲထွက်ပြီး အသစ်တည်မယ်ဆိုရင်တော့ အစကနေ စဉ်းစားရမယ်။ နိုင်ငံဟောင်းကို သစ်မယ်ဆိုရင်တော့ — engineering နည်းနဲ့ လုပ်ရမှာတွေ ရှိတယ်။ တူတာတွေ ရှိသလို မျိုးကွဲတွေလည်း ရှိလိမ့်မယ် ထင်တယ်။

〓 ပြည်နယ်တွေက နိုင်ငံတကာအသိုင်းအဝန်းရဲ့ အဖွဲ့ဝင်ဖြစ်လာဖို့ မျှော်လင့်တာတွေ ရှိတယ်။ ဒါကို ဘယ်လို ထင်သလဲ။

ဒါက သွယ်ဝိုက်ပြီး ပြောနေတာပါ။ ဒဲ့ပြောရင် ရှင်းတယ်။ ခွဲထွက်ပြီး နိုင်ငံသစ်ထောင်ချင်တယ်။ ဒါပဲ။ နိုင်ငံတကာ အသိုင်းအဝန်းနဲ့ အဖွဲ့ဝင်ဖြစ်လာဖို့ ဆိုတာ — နိုင်ငံတကာအသိအမှတ်ပြု နိုင်ငံတစ်နိုင်ငံဖြစ်ချင်တယ်ဆိုတဲ့ သဘောပဲ။ ဒီတော့ ကမ္ဘာပေါ်မှာ နိုင်ငံတစ်ခု မွေးဖွားဖို့အတွက် အခြေခံလိုအပ်ချက်တွေ ရှိတယ်။ နိုင်ငံရေးသိပ္ပံမှာတော့ အခြေခံ (၄) ချက် လို့ ပြောတယ်။ (၁) လူဦးရေ၊ (၂) တိတိကျကျ သတ်မှတ်ထားတဲ့ နယ်နိမိတ်၊ (၃) အစိုးရ နဲ့ (၄) အချုပ်အခြာအာဏာ။ နိုင်ငံတကာဆက်ဆံရေးနယ်မှာ အချက် တစ်ချက် ထပ်တိုးတယ်။ ဒါကို နံပါတ် (၅) လို့ သတ်မှတ်မယ်။ အဲဒါက ပြည်ပအချုပ်အခြာအာဏာ (တနည်းအားဖြင့်) နိုင်ငံတကာအသိအမှတ်ပြုမှု။ ဒီတော့ ပြည်နယ်တွေဟာ နိုင်ငံတကာအသိုင်းအဝန်းရဲ့ အဖွဲ့ဝင်ဖြစ်ချင်ရင် အချုပ်အခြာအာဏာကို တရားဝင်မှုဆိုတဲ့ legitimacy နဲ့ တွဲမှ ရမယ်။ ဒါဆိုရင်တော့ နိုင်ငံတကာအသိအမှတ်ပြုမှုဟာ အလိုလို ပါလာမှာပါပဲ။

〓 ပြည်နယ်တစ်ခုဟာ ခွဲထွက်ပြီး နိုင်ငံသစ်တည်မယ်ဆိုရင် အရေးတကြီး ပြင်ရမှာက ဘာတွေလဲ။

အရေးတကြီး ပြင်စရာတွေတော့ ခပ်များများ ရှိနေမှာပဲ။ ဒါပေမယ့် အဓိကက (၂) ချက်ပဲ ရှိတယ်။ အဲဒါကတော့ အချုပ်အခြာအာဏာကိစ္စနဲ့ နိုင်ငံတကာအသိအမှတ်ပြုမှုပဲ။ ပြည်နယ်တွေဟာ ကွန်ဖက်ဒရေးရှင်းအဆင့်ထိ သွားဖို့ မျှော်လင့်တယ်ဆိုရင် ဒါဟာ ဗဟိုခွာအားကို ယူနိုင်သမျှ ယူနေပြီလို့ ပြောနိုင်တယ်။ ဗဟိုနဲ့ လုံးဝ ကင်းရှင်းလို့ မရသေးပေမယ့် ဗဟိုရဲ့ ထိန်းချုပ်မှုလက်တံတွေ ၈၀ % ၉၀ % လောက် မသက်ရောက်နိုင်တော့တဲ့ အနေအထားကို စမှန်းနေပြီ။ ဒါက ပထမအဆင့် ဖြစ်လိမ့်မယ်။ ပြီးတော့ ခွဲထွက်ရေးလှုပ်ရှားမှုဖြစ်လာပြီး ပြည်နယ်အချုပ်အခြာအာဏာကို တဖြည်းဖြည်း ခိုင်မာအောင် တည်ဆောက်လာလိမ့်မယ်။ နောက်ဆုံးမှာ နိုင်ငံတကာအဖွဲ့ဝင်ဖြစ်ဖို့ နိုင်ငံတကာအသိအမှတ်ပြုမှုကို အားထုတ်တဲ့ ဖြစ်စဉ်ကြီး လာမှာပေါ့။ ဒီအဆင့်တွေကို ကျော်ဖြတ်ပြီးရင်တော့ နိုင်ငံသစ်ရယ်လို့ မြေပုံသစ်နဲ့ ကမ္ဘာ့နိုင်ငံတကာစာရင်းဝင် ဖြစ်ပြီပေါ့။ ဒါပေမယ့် ဒါက နိဒါန်းရဲ့ နိဂုံးပဲ ရှိသေးတယ်။ အဲသည့်နောက်ပိုင်း လုပ်စရာတွေ အများကြီး ရှိသေးတယ်။ အထူးသဖြင့် တိုင်းပြည်တည်ဆောက်ရေးကိစ္စနဲ့ နိုင်ငံတည်ဆောက်ရေးကိစ္စ။

〓 အချုပ်အခြာအာဏာကိစ္စကို ထပ်ရှင်းပါအုံး။ အဲဒါကို ဘယ်လိုတဖြည်းဖြည်း တည်ဆောက်မလဲ။

စစ်ရေးအားသန်တဲ့သူတွေကတော့ ပါဝါအမာကို အားသန်လိမ့်မယ်။ လက်ရုံးပေါ့။ စစ်အင်အားကို အားကိုးတဲ့ military might ပေါ့။ ဒါပေမယ့် ဒါက ဒီလောက်တော့ မလွယ်ဘူး။ တိုင်းရေးပြည်သစ်ဖြစ်ဖို့ဆိုတာ အနုပညာသဘောလည်းဖြစ်တယ်။ ဒါ့ကြောင့် detail work တွေ အများကြီး လုပ်ဖို့ လိုတယ်။ အဲသည့်မှာ ထပ်ပေါင်းအာရုံစိုက်ဖို့ကတော့ ပါဝါအပျော့ရဲ့ အခန်းကဏ္ဍကို ထည့်တွက်ဖို့ လိုတယ်။ စစ်အင်အားကြီးရုံနဲ့ နယ်မြေကို ချုပ်ကိုင်ထားနိုင်ပြီး နိုင်ငံသစ်ထူနိုင်မယ်လို့ ယူဆရင် ဒါဟာ သိပ်အမြော်အမြင်နည်းရာကျမပေါ့။

နိုင်ငံရေးသိပ္ပံမှာ နိုင်ငံရေးကို အနက် ဖွင့်တာတွေ ရှိတယ်။ အဲသည့်ထဲက တစ်ခုက politics is the art of government တဲ့။ ဒါကို အစိုးရအတတ်လို့ ဘာသာပြန်မလား၊ သို့တည်းမဟုတ် အုပ်ချုပ်ခြင်းအနုပညာလို့ ဘာသာပြန်မလား။ ကြိုက်တာပြော။ ရတယ်။ တကယ်တော့ အချုပ်အခြာအာဏာဆိုတာ ဆုပ်ပြကိုင်ပြလို့ ရတာမှ မဟုတ်ဘဲကိုးဗျ။ သူက intangible လေ။ မမြင်ရဘူး။ ဆုပ်ပြကိုင်ပြလို့ မရဘူး။ ဒီလို ဆုပ်ကိုင်ပြလို့ မရတဲ့ အခွင့်အာဏာဆိုတာတွေထဲမှာ sovereignty ဆိုတာ အမြင့်မားဆုံးသော အာဏာပဲ။ ဒါကို စစ်ရေးအင်အားတစ်ခုတည်းကို အခြေခံပြီးတည်ဆောက်ရင် မှားလိမ့်မပေါ့။

လက်တွေ့နိုင်ငံရေးမှာ စစ်ရေးစိုးမိုးဧရိယာရှိရင် အုပ်ချုပ်လို့ ရပြီလို့ အကြမ်းဖျင်းပြောလို့ ရပေမယ့် နိုင်ငံဆိုတာ story လေ။ နိုင်ငံဆိုတာ narrative လေ။ နိုင်ငံဆိုတာကို ကမ္ဘာနဲ့ ဒေသတွင်းနိုင်ငံ‌တွေ အပါအဝင် ကိုယ့်လူမျိုးကိုယ့်ဒေသက လူတွေက သိမှတ်လက်ခံဖို့အတွက် story တွေ အများကြီး ယုံမှတ်ခိုင်းရအုံးမယ်။ ဒီလိုဖြစ်ဖို့အတွက် ကိုယ်တည်ဆောက်မယ့် နိုင်ငံသစ်အတွက် narrative တွေ အများကြီး ဖန်တီးရအုံးမယ်။ ဒါကို စစ်ရေးအင်အားနဲ့ ဘယ်လုပ်လို့ ရမလဲ။ နိုင်ငံသစ်တည်ချင်တဲ့ခေါင်းဆောင်တွေက အခုကတည်းက narrative တွေ ကြိုပြင် ကြိုခင်း ထားဖို့ လိုနေပါပြီ။ ဒါကို တင်ကူးအခြေအနေတွေ ရှိအောင် ကြိုတင်စီမံထားခြင်းလို့ နားလည်နိုင်တယ်နော်။

〓 တိုင်းရေးပြည်သစ်ဖြစ်လာဖို့အတွက် စဉ်းစားချက်တချို့ကို ပြောပါအုံး။

နိုင်ငံတကာဆက်ဆံရေးဘာသာရပ်မှာ — နိုင်ငံခြားရေးမူဝါဒတွေကို လေ့လာတာတွေ ရှိတယ်။ အဲသည့်မှာ စကားလေးတစ်ခွန်း ရှိတယ်။ “မင်းဘယ်လိုရပ်တည်တယ်ဆိုတာ မင်းဘယ်ထိုင်ခုံပေါ်မှာ ထိုင်နေသလဲ ဆိုတာပေါ်မူတည်တယ်” လို့ ပြောတယ်။ ပြည်တွင်းမှာ ရှိတဲ့ ခေါင်းဆောင်အသီးသီးဟာ ဘယ်ထိုင်ခုံပေါ်မှာ ထိုင်နေသလဲဆိုတာဟာ အရေးကြီးတယ်။ တချို့ ခေါင်းဆောင်တွေက ထိုင်ခုံပြောင်းထိုင်ချင်တယ်။

ဥပမာ — စစ်ခေါင်းဆောင်အဖြစ်ကနေ လူထုခေါင်းဆောင်။ လူထုခေါင်းဆောင်အဖြစ်ကနေ နိုင်ငံ့ခေါင်းဆောင်။ နိုင်ငံ့ခေါင်းဆောင်ရယ်လို့ ဖြစ်လာပြီဆိုရင်လည်း ပြုပြင်ပြောင်းလဲရေးကို လုပ်မှာလား၊ နိုင်ငံပြုသုခမိန် လောက်ထိ သူ့အခန်းကဏ္ဍကို တိုးချဲ့မှာလား။ နိုင်ငံတည်ဆောက်ရေးသမားအဖြစ် အောင်မြင်ခဲ့တဲ့ ခေါင်းဆောင်တွေ ရှိခဲ့ပါတယ်။ သူတို့တွေရဲ့ နောက်ကွယ်က အကြောင်းတရား (background context) ကို မူတည်ပြီး သူတို့ရဲ့ ခေါင်းဆောင်မှု စတိုင်လ်တွေ မတူဘူး။ ကိုယ့်ရဲ့ ခေါင်းဆောင်မှု စတိုင်လ်က ဘာလဲ၊ ဘယ်လိုလဲဆိုတာ အမြဲတမ်း ဆန်းစစ်ကြည့်မြင်နေရမယ် ထင်တယ်။

ကိုယ် ဦးဆောင်မယ့်လူ့အဖွဲ့အစည်းမှာ ဖြည်ထုတ်လို့ မရတဲ့ နောက်ကွယ်က ဇာစ်မြစ်‌တွေ ရှိတယ်။ ဒါတွေကို လူမှုဓလေ့နဲ့ နိုင်ငံရေးဓလေ့လို့ ပြောချင်တယ်။ ကိုယ့်လူမျိုးနဲ့ ကိုယ့်လူထုက ဘယ်လို လူမှုဓလေ့မျိုးမှာ စွဲမြဲ ထက်သန်သလဲ။ ဘယ်လိုနိုင်ငံရေးဓလေ့မျိုး ရှိသလဲ။ တိုင်းပြုပြည်ပြုခေါင်းဆောင်ကတော့ နောင် နှစ်ပေါင်း ၅၀ / ၁၀၀ လောက်ထိ ကျော်ကြည့်ပြီး ကိုယ့်တိုင်းပြည်ကို ဆွဲတင်ခဲ့ရမယ် ထင်တယ်။ လူတိုင်းမှာ အကန့်အသတ်ရှိတယ် ဆိုတာလည်း မမေ့သင့်ဘူး။ အထူးသဖြင့် ကိုယ့်ရဲ့ အသက်။ ဒီနေ့ခေတ် ဒီနေ့အခါမှာ လူလတ်ပိုင်းအရွယ်နဲ့ လူထုခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်ပိုင်းနေရာလောက်ကို ရောက်နေရင် အားသာချက်တွေ အများကြီး ရှိနေတယ်။ ဒါကို အချိန်မဆိုင်းဘဲ လုပ်သင့်တယ်။ အခုလုပ်မှ ကိုယ့်အသက် ၆၀ / ၇၀ လောက်မှာ မြင်သာမှာ။ သို့မဟုတ်ရင် မမှီဘူး။

〓 တိုင်းရေးပြည်သစ်အတွက် ခေါင်းဆောင်မှုတချို့ကို ပြောပါအုံး။

တိုင်းရေးပြည်သစ်မှာ ခေါင်းဆောင်မယ့်ပုဂ္ဂိုလ်ဟာ အိပ်မက် ရှိရလိမ့်မပေါ့။ ဒါဟာ ကိုယ့်တစ်ကိုယ်တော် အိပ်မက်ကနေ စတင်တယ်ပြောပေမယ့် ဒီမှာတင် ရပ်နေလို့ မရဘူး။ personal dream ကို national dream ဖြစ်အောင် လုပ်တတ်ရမယ်။ ဒီလိုပြောရတော့ ဒါက အတ္တဆန်တယ်လို့ ပြောကောင်းပြောမယ်။ မဟုတ်ပါဘူး။ ဒါက အတ္တဆန်တာ မဟုတ်ပါဘူး။ ခေါင်းဆောင်မှုဘာသာရပ်တွေကို လေ့လာရင် ခေါင်းဆောင်တွေရဲ့ ဘဝဖြတ်သန်းမှု၊ အတွေးအခေါ်နဲ့ သူတို့ရဲ့ ပညာရေးနောက်ခံ၊ သူတို့ စိတ်နေသဘောထားတွေ… စသည်ဖြင့် အားလုံးက လွှမ်းမိုးတာပါပဲ။

အမျိုးသားရေးခေါင်းဆောင်တစ်ယောက်ဟာ ကိုယ့်စိတ်ထဲက စိတ်ကူးအိပ်မက်ကို ကိုယ့်ပြည်သူလူထုနားလည်အောင် ရှင်းလင်းတင်ပြဟောပြောစည်းရုံးနိုင်ဖို့ လိုတယ်။ ကိုယ့်စိတ်ကူးထဲမှာ မြင်နေတဲ့ အရာကို ကိုယ့်လူထုကလည်း ကိုယ့်လို မြင်လာအောင် ခံစားလာရအောင် လုပ်ဖို့ လိုတယ်။ ကိုယ်တစ်ကိုယ်တည်း တိုင်းရေးပြည်သစ်အိပ်မက် မက်နေလို့မှ မရဘဲ။ တိုင်းရေးပြည်သစ်ကို အကောင်အထည်ဖော်တယ်ဆိုတာ အစုအဖွဲ့နဲ့ team နဲ့ institution နဲ့ လုပ်ရတဲ့ကိစ္စ။ ပြီးတော့တစ်မျိုးသားလုံး နားလည်လက်ခံပြီး အတူချီတက်ရတဲ့ကိစ္စပဲ။ တစ်ကိုယ်တော်ကိစ္စမှ မဟုတ်တာ။ ဒီတော့ တစ်ကိုယ်တော်ကျိတ် လုပ်လို့မရဘူး။ ကိုယ်မြင်ထားတဲ့ တိုင်းပြည်သစ် နိုင်ငံသစ်ဟာ ဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုတာကို မရောက်ခင် ကတည်းက ကိုယ့်လူထုကို ခေါင်းထဲမှာ စွဲစွဲမြဲမြဲ မြင်လာအောင် စည်းရုံးဖို့ကလည်း အရေးကြီးသေးတယ်။

လူထုက တိုင်းပြည်သစ်ကို မြင်လာမှ သူတို့ဟာ ကိုယ်ပုံဖော်မယ့် တိုင်းပြည်သစ်ကို အတူ လိုက်ပါချင်မှာပေါ့။ အိပ်မက်တွေကို ဝေမျှဖို့က အမျိုးသားခေါင်းဆောင်ဖြစ်လာမယ့် နိုင်ငံသစ်ရဲ့ ဖခင်တွေမှာ အရေးတကြီး လိုအပ်နေပါတယ်။