• Today is: Tuesday, March 19, 2024

ပြည်သူကို မျက်နှာမငယ်စေနဲ့

ပြည်သူကို မျက်နှာမငယ်စေနဲ့

●──── ๑۩۩๑ ─────●

– ချစ်ဝင်းမောင်

ပြည်သူက မျက်နှာငယ်ခဲ့ကြရပါသလား….

အဖြေကတော့ ပြည်သူဟာ အမြဲလိုလို မျက်နှာငယ်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုရင် “မြန်မာ့ နိုင်ငံရေးသမိုင်း တလျှောက်လုံးနီးပါးမှာ ပြည်သူဆိုတဲ့ နာမ်စားကို သည်းခြေကြိုက် ဝေါဟာရ တစ်ခုအဖြစ်ပဲ အစဉ်အဆက် အသုံးပြုခဲ့ကြပြီး ပြည်သူကို အမှန်တကယ် ဦးထိပ်မထားခဲ့ကြလို့ပဲ” ဖြစ်ပါတယ်။

〓 “ပြည်သူ”ဆိုတဲ့ ဝေါဟာရကို အလွန် အသုံးပြုကြ

“ပြည်သူ”ဆိုတဲ့ ဝေါဟာရ၊ “လူထု”ဆိုတဲ့ စကားလုံးကို အစိုးရ အစဉ်အဆက်တိုင်း၊ အစုအဖွဲ့တိုင်းက တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြပါတယ်။ ဗိုလ်သန်းရွှေ ဦးဆောင်တဲ့ နအဖ လက်ထက်မှာလည်း “ပြည်သူ့ သဘောထား”ဆိုပြီး ပယ်ပယ်နယ်နယ် ဝါဒဖြန့်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့တဲ့ အစိုးရသက်တမ်း ကာလမှာ “ပြည်သူသာလျှင် အဓိက”လို့ ကြိမ်ဖန်များစွာ ပြောဆို ထုတ်ပြန် လုပ်ဆောင်ခဲ့တာတွေ ရှိပါတယ်။ နိုင်ငံရေးဝါဒတွေမှာဆိုရင်လည်း “ပြည်သူ”၊ “လူထု”ဆိုတဲ့ စကားတွေကို ကွန်မြူနစ်/ဆိုရှယ်လစ်လည်း သုံးခဲ့ကြ၊ သုံးနေကြသလို ဒီမိုကရေစီမှာလည်း သုံးကြပါတယ်။ ဖက်ဆစ်စနစ် ကြီးစိုးခဲ့တဲ့ တိုင်းပြည်တွေရဲ့ သမိုင်းကို ကြည့်ရင်လည်း သူ့တိုင်းပြည်ထဲမှာ သူ့လူမျိုးကို ပြည်သူလူထုလို့ သုံးနှုန်းခဲ့ကြတာကို တွေ့ရပါတယ်။ တစ်ခါ နိုင်ငံရေးပါတီတွေ အားလုံးကလည်း “ပြည်သူ့ အတွက်”၊ “ပြည်သူ့ အကျိုးစီးပွား” စတဲ့ “ပြည်သူ”ပါတဲ့ စကားစုတွေကို အတော့်ကို သုံးကြတာပါပဲ။ နောက်ပိုင်းမှာ “ပြည်သူ”ဆိုတဲ့ ဝေါဟာရပါတဲ့ ပါတီတွေ မှိုလိုကို ပေါ်ပေါက်လာခဲ့ပါသေးတယ်။

〓 “ပြည်သူ”ဟာ အမြဲ ခံဖက်က

အထက်မှာ ဆိုခဲ့သလို မြန်မာ့ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်ရင် ပဒေသရာဇ်ခေတ်တွေမှာလည်း ပြည်သူလူထုဟာ တက်လာတဲ့ ရှင်ဘုရင်/ အုပ်ချုပ်သူ အစဉ်ဆက်ကို ပုဆစ်တုပ် ဝပ်တွား ခစားခဲ့ကြရသလို မင်းဆိုးမင်းညစ်တွေရဲ့ နှိပ်စက်ကလူ ပြုတာတွေကို ခံစားခဲ့ကြရပါတယ်။ သူ့ကျွန်ဘဝကျရောက်ခဲ့တဲ့ အချိန်တွေမှာလည်း နယ်ချဲ့တွေရဲ့ ဖိနှိပ်မှုဒဏ် အားလုံးကို ပြည်သူအားလုံးဟာ ရင်စည်းခံခဲ့ကြရပါတယ်။ ဟော…လွတ်လပ်ရေး ရပြီးပြန်တော့လည်း ပြည်သူကို တကယ် ဦးထိပ်ထားခံခဲ့ရတဲ့ အချိန်ဟာ အတော့်ကို မရှိသလောက် ရှားခဲ့ပါတယ်။ ဒီနောက်တော့ တစ်ပါတီ အာဏာရှင် စနစ်၊ စစ်အာဏာရှင်စနစ် စတဲ့ အာဏာရှင်စနစ်တွေနဲ့ ဖြတ်သန်းခဲ့ရပြီး ပြည်သူတွေရဲ့ ဘဝတွေ၊ အသက်တွေကစလို့ ပြည်သူ့တွေမှာ အများကြီး ဆုံးရှုံးခဲ့ရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အုပ်ချုပ်ခဲ့တဲ့ ဖားတစ်ပိုင်းငါးတစ်ပိုင်း ဒီမိုကရေစီကာလမှာလည်း နိုင်ငံသားအခွင့်အရေးတွေကို ပြည်သူတွေဟာ အပြည့်အဝ မရခဲ့ပါဘူး။ ဒဲ့ပြောရင် ဟိုလူ့ကြောက်ရ ဒီလူ့ကြောက်ရ အခြေအနေမှာပဲ ရပ်တည်ရှင်သန်ခဲ့ကြရတာ ဖြစ်ပါတယ်။ ပြည်သူက အစိုးရအဖြစ် ဆက်လက် အုပ်ချုပ်စေလိုတဲ့ ဒါမှမဟုတ် ယုံကြည်အားကိုးတဲ့ သူတွေကို ကိုဗစ်ရောဂါ ကပ်ဘေးကြားကနေ ခက်ခက်ခဲခဲ မဲပေးရွေးချယ်ခဲ့ပြန်တော့လည်း စစ်အုပ်စုက လက်နက်အားကိုးပြီး အာဏာကို လုယူခဲ့တာကို ခံခဲ့ရပါတယ်။ ဒီလို ပြည်သူ့ရဲ့ ဆန္ဒ၊ ပြည်သူ့ရဲ့ မဲပေးမှုရလဒ်ကို အစော်ကား ခံခဲ့ရတာလည်း အခုမှ မဟုတ်ပါဘူး။ ကဲ…ပြည်သူက အမြဲ ခံဖက်ကချည်း မဟုတ်ပေဘူးလား။

〓 ပြည်သူ့တော်လှန်ရေး

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်မှာ ဗိုလ်မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်အုပ်စုက အာဏာသိမ်းလိုက်ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုကြီးတွေ နိုင်ငံအနှံ့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီလှုပ်ရှားမှုကြီးတွေဟာ ဘယ်အဖွဲ့က၊ ဘယ်ပုဂ္ဂိုလ်က၊ ဘယ်ပါတီကမှ ဆော်ဩမှုကြောင့် ပေါ်ပေါက်လာခဲ့ရတာ မဟုတ်ဘဲ ပြည်သူတွေ ကိုယ်တိုင် ဦးဆောင်၊ ပြည်သူတွေ ကိုယ်တိုင် ပါဝင် တော်လှန်မှုကြောင့် ပေါ်ပေါက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ အဲ့ဒီနောက်တော့ ပြည်သူတွေ ကိုယ်တိုင်ကပဲ တော်လှန်ရေးရဲ့ အရှိန်ကို မြှင့်တင်ပြီး ခုခံတော်လှန်စစ်ကို စတင်ခဲ့တာဖြစ်လို့ ပြည်သူ့ကြားကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းပြီး တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲ့ဒီနောက် တော်လှန်ရေးရဲ့ ကဏ္ဍတိုင်းကနေ ပြည်သူလူထုကြီးက ပါဝင်တော်လှန် ထောက်ပံ့ပေးနေခဲ့တာ ယနေ့အချိန်ထိပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ယနေ့အချိန်အထိ စစ်အုပ်စုက နိုင်ငံကို အပြည့်အဝ အုပ်ချုပ်ခွင့်မရတာ၊ တော်လှန်ရေးရဲ့ အရှိန်မြင့်တက်လာတာတွေက ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုကြောင့်လို့ တော်လှန်ရေးရဲ့ ကဏ္ဍအသီးသီးက ဦးဆောင်သူတွေက ဂုဏ်ပြု ပြောဆိုကြတာ ဖြစ်ပါတယ်။ “ပြည်သူက ဦးဆောင်တဲ့ တော်လှန်ရေး”လို့လည်း ပြောကြတာ ဖြစ်ပါတယ်။ ဒီလို ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်ပေးနေတာကလည်း သက်တောင့်သက်သာ လုံးဝ မဖြစ်လှပါဘူး။ အိုးအိမ်စည်းစိမ်တွေ ပျက်စီး၊ ဘဝတွေပျက်၊ အသက်တွေ ဆုံးရှုံးနေတဲ့ကြားက ပါဝင် တော်လှန်နေကြရတာ ဖြစ်တယ်ဆိုတာ အားလုံးက အမြဲ သတိချပ် အလေးအမြတ်ပြုရမှာ ဖြစ်ပါတယ်။

〓 ပြည်သူက ထိန်းကျောင်းဖို့လို

ပြန်ကြည့်မယ်ဆိုရင် “ပြည်သူကို ကာကွယ်စောင့်ရှောက်ပါ့မယ်”လို့ သစ္စာဆိုထားတဲ့ စစ်တပ်က နှစ်ပေါင်းများစွာ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအပေါ် အနိုင်ကျင့် ဗိုလ်ကျ မုဒိန်းကျင့် သတ်ဖြတ်ခဲ့လို့ ပြည်သူတွေဟာ သေကြေ ပျက်ဆီးခဲ့ကြရတာ ဆယ်စုနှစ်များစွာ နာခဲ့ရပါပြီ။ တစ်ခါ “ပြည်သူ့ အတွက်”၊ “ပြည်သူ့ အကျိုးစီးပွား” စတဲ့ စကားလုံးတွေကို လှိုင်လှိုင်ကြီး ပြောပြီး စစ်အာဏာရှင် စနစ်ကို သွေးအားဖြည့်ပေးနေတဲ့ အဖွဲ့အစည်းတွေ၊ အင်အားစုတွေကြောင့် ပြည်သူက အကြိမ်ကြိမ် နာကျင်ခဲ့ရပြီးပါပြီ။

နွေဦးတော်လှန်ရေးကြီးအတွင်းမှာလည်း “ပြည်သူ”၊ “လူထု” စတဲ့ ဝေါဟာရတွေကို ဖောဖောသီသီကြီး သုံးပြီး ပုဂ္ဂိုလ်ရေးနဲ့ ကိုယ့်အဖွဲ့အစည်းအတွက် တစ်ကိုယ်ကောင်းဆန်ဆန် တည်ဆောက် ဖန်တီးနေတာတွေ၊ “ပြည်သူ”ကို ခေါင်းစဉ်တပ်ပြီး ကိုယ်ကျိုးရှာနေတာတွေလည်း ကြားသိနေရပါတယ်။ တော်လှန်ရေးတိုင်းမှာ အတ္တဝါဒီတွေဟာ အရေခြုံပါဝင်တတ်တယ် ဆိုပေမယ့် မလုပ်သင့် မလုပ်အပ်တာတွေဖြစ်လို့ ပြည်သူက နိုင်ရာကဏ္ဍတွေကနေ ပါဝင်တော်လှန်နေတဲ့ နည်းတူ တော်လှန်ရေးမှာ ဦးဆောင်ပါဝင်နေတဲ့ အဆင့်တိုင်း၊ အစုအဖွဲ့/ပုဂ္ဂိုလ်တိုင်းကို ဝိုင်းဝန်းပြီး ဝေဖန် ထိန်းကျောင်းရဦးမှာပါပဲ။

〓 ပြည်သူကို ဦးထိပ်ထားကြ

တော်လှန်ရေးမှာ ဦးဆောင်နေတဲ့ NUG ၊ NUCC ၊ ERO တွေက စလို့ ကဏ္ဍအသီးသီးက အင်အားစုတွေ၊ အရေးတော်ပုံ တပ်သားတွေဟာလည်း “ပြည်သူ”ဆိုတဲ့ စကားရပ်ကို လျှာဖျားလေးကနေပဲ ပြောဆို အသုံးပြုနေတာမျိုး မဟုတ်ဘဲ အမှန်တကယ် ပြည်သူကို ဦးထိပ်ထားကြရမှာပဲ ဖြစ်ပါတယ်။ ဒါမှလည်း စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်အားလုံး အမြစ်ပြတ်ပြီး ခေါင်းမထောင်လာနိုင်မှာ ဖြစ်သလို အနာဂတ် နိုင်ငံတော်အသစ် အတွက်လည်း မှန်ကန် ကောင်းမွန်တဲ့ အုတ်မြစ်တွေ ချနိုင်၊ ထူထောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် တော်လှန်ရေး အင်အားစု အားလုံးဟာ အောက်ဖော်ပြပါ နည်းနာတွေနဲ့ ပြည်သူကို အမှန်တကယ် ဦးထိပ်ထားကြောင်း သက်သေပြ ဖော်ဆောင်ကြစေလိုပါတယ်။

▪️ ပြည်သူ့အသံကို နားထောင်ပြီး ထည့်သွင်း စဉ်းစားပါ

နွေဦးတော်လှန်ရေးကြီးဟာ ပြည်သူ ကိုယ်တိုင် စတင်ခဲ့ပြီး အရှိန်မြှင့် တိုင်ပွဲဝင် တော်လှန်နေကြတဲ့ တော်လှန်ရေးကြီး ဖြစ်ပါတယ်။ တော်လှန်ရေး အင်အားစု အသီးသီး အပေါ် ပြည်သူလူထုရဲ့ အကြံပြုချက်တွေ၊ တောင်းဆိုချက်တွေ စတဲ့ အသံတွေ ရှိနေမှာ ဖြစ်ပြီး အဲ့ဒီ ပြည်သူ့အသံတွေကို နားကြီးကြီး စွင့်ပြီး နားထောင်ဖို့ လိုပါတယ်။ ပြီးတော့ တော်လှန်ရေး အင်အားစုတွေ အနေနဲ့လည်း တော်လှန်ရေး နည်းနာတွေ၊ လုပ်ငန်းစဉ်တွေ၊ ဗျူဟာတွေ ရေးဆွဲ၊ ချမှတ်၊ ဖော်ဆောင်ရာမှာ ပြည်သူအသံတွေကို ထည့်သွင်းစဉ်းစား ပြင်ဆင် ချီတက်ဖို့ လိုအပ်ပါတယ်။

▪️ ပြည်သူ့ရဲ့ သိခွင့်ရှိမှုကို မမေ့ပါနဲ့

ပြည်သူဟာ ပြည်သူ့ အခွင့်အရေးအရ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ သတင်းအချက်အလက်တွေကို သိရှိခွင့် ရှိပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ စစ်ရေး၊ လုံခြုံရေး ကိစ္စတွေမှ အပ ကျန်တဲ့ သတင်း အချက်အလက်တွေကို သိရှိစေနိုင်ဖို့ ဆောင်ရွက်ဖို့ လိုပါတယ်။ ဒါ့အပြင် တော်လှန်ရေး အင်အားစု အားလုံးဟာ ကိုယ့်ရဲ့ ဆောင်ရွက်မှုတိုင်းအတွက် တာဝန်ခံစိတ် အပြည့်အဝ ရှိရပါမယ်။

▪️ ပြည်သူက ဝေဖန်ခွင့်ရှိကြောင်း လက်ခံပါ

ပြည်သူဟာ ပညာရေး၊ လူမှုရေး၊ စီးပွားရေး စတဲ့ နောက်ခံ အကြောင်းအရာတွေ ဘာမှ မလိုအပ်ဘဲ ပြည်သူ ဖြစ်နေတဲ့ အတွက်ကို တော်လှန်ရေး တစ်စုံလုံးအပေါ်ရော တော်လှန်ရေး အင်အားစု တစ်စုချင်းစီကိုပါ ဝေဖန်ပိုင်ခွင့် ရှိပါတယ်။ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ ပြည်သူရဲ့ ဝေဖန်မှုတွေကို လက်ခံ ဆန်းစစ်ပြီး ပိုမို ကောင်းမွန်အောင် အားစိုက် ဖော်ဆောင်ရပါမယ်။

▪️ ပြည်သူကို စည်းရုံး၊ အမိန့်မပေးနဲ့

ပြည်သူဟာ အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်တွေသာ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးကြီးက ပြည်သူအပေါ် အနိုင်ကျင့် မောက်မာ အမိန့်ပေးတတ်တဲ့ စစ်အာဏာရှင်တွေနဲ့ စစ်အာဏာရှင်စနစ်ကို ဖယ်ရှား တော်လှန်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဖက်ဆစ် စစ်အုပ်စုရဲ့ စရိုက်အတိုင်း ပြည်သူအပေါ် မောက်မာ အမိန့်ပေးမှုတွေကို မလုပ်အပ်ပါဘူး။ စည်းရုံး တိုက်တွန်းရင်း ချီတက်ရမှာသာ ဖြစ်ပါတယ်။

“ပြည်သူ့တော်လှန်ရေး မုချ အောင်ရမည်”လို့ ကြွေးကြော် ပြောဆိုပြီး ပြည်သူကို ဦးထိပ်မထားကြရင်ဖြင့် ပြည်သူ့ဘဝဟာ မိအေး နှစ်ခါမက နာရပါလိမ့်မယ်။ နွေဦးတော်လှန်ရေးကြီးဟာ ပြည်သူကို ဦးထိပ်ထားတဲ့ တော်လှန်ရေးကြီး ဖြစ်ဖို့လိုပါတယ်။ ပြည်သူတွေ နောက်ထပ် မျက်နှာမငယ်ရတော့တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ရေး အတွက်လည်း နွေဦးတော်လှန်ရေးကြီးက မုချ အောင်မြင်ဖို့ လိုအပ်ပါတော့တယ်။

(မြစ်ကွေ့- လူထုတော်လှန်ရေးစာစဉ်၏ အတွဲ(၁)၊ အမှတ်စဉ်(၃၇)တွင် ဖော်ပြထားသည့်‌ ဆောင်းပါးကဏ္ဍမှ ဆောင်းပါးတစ်ပုဒ် ဖြစ်ပါသည်။