• Today is: Tuesday, March 19, 2024

ဇဝေဇဝါတိုင်းပြည်

●───── ဇဝေဇဝါတိုင်းပြည် ─────●

– မင်းသေ့

သောက်မှန်းကန်းမှန်းမသိဘူး…. အမှတ်သည်းခြေမရှိဘူး… ဆိုတာ တို့နိုင်ငံမှ အစစ်။ တကယ့် အစစ်။ လွမ်းစရာ ရှိရင် နာစရာနဲ့ ဖြေ…တဲ့။ ငါတို့ ငယ်ငယ်တုန်းက အမေတို့ အဖေတို့ ပြောဖူးတာ ခဏ ခဏ ကြားဖူးတယ်။ တို့ လူမျိုးက မာနကြီးတယ်ဆိုပေမယ့် အသိဉာဏ်လည်း သိပ်ပြီး တိမ်တယ်။ ဒီတော့ ဟိုလှည့်ဒီလှည့်နဲ့ ရောချလိုက် ရင် မျောသွားရော။ ကဲ…. ကောင်းကြသေးရဲ့လား… လို့ မေးရမလို ဖြစ်နေပြီ။

 

■ စိတ်တွေ ပုံသွင်းမှိုင်းတိုက်ခံနေရ

 

စစ်တပ်ထဲမှာ စိတ်ဓာတ်စစ်ဆင်ရေးဆိုတာ ရှိတယ်။ အဓိကကတော့ psychological warfare ကိုလုပ်တာ။ စီးပွားရေးနယ်မှာလည်း customer behavior ဆိုတာ ရှိတယ်။ အဓိကကတော့ စားသုံးသူရဲ့ စိတ်နေစရိုက်ကို လေ့လာပြီး စီးပွားရေးသမားတွေက သူတို့ ထုတ်ကုန်တွေကို များများဝယ်အောင် လုပ်တာ၊ စားသုံးသူတွေရဲ့ စိတ်ထဲမှာ အမှတ်ပေးချင်အောင်၊ ကြည်ဖြူအောင် လုပ်တာ။ ဒါမှ အမြတ်အစွန်းများများ ရမယ်လေ။ ဒီတော့ စီးပွားရေးသမားတွေက သူတို့ထုတ်ကုန်အမှတ်တံဆိပ်တွေနဲ့ပတ်သက်ပြီး စားသုံးသူတွေ အမြင်လှအောင် အမြဲတမ်းလိုလို ဖန်တီးနေတယ်။ ဒီနေရာမှာ တကယ်ကောင်းတာ မကောင်းတာ အပထားနော်။ စျေးကွက် မဟာဗျူဟာအားကောင်းရင် – စားသုံးသူတွေရဲ့ အငြိုအငြင် မခံရဘူးပေါ့။ ဒါဆိုရင် customer ကို ထိန်းထားနိုင် တယ်။

 

အဖွဲ့အစည်းတွေထဲမှာလည်း organizational behavior ဆိုတာ ရှိတယ်။ အဖွဲ့အစည်းတွေရဲ့ အမူအကျင့်နဲ့ စရိုက် သကန်တွေကို လေ့လာတာ။ အင်စတီကျူးရှင်းတစ်ခုထဲမှာ အဖွဲ့အစည်းစိတ်ကို ဘယ်လိုနည်းနဲ့ ထိန်းကျောင်းမောင်းနှင်မလဲဆိုတာတွေကို လေ့လာတာ။ ဒီလိုနဲ့နည်း အစုအဖွဲ့တွေ အားကောင်းအောင် လုပ်လေ့ ရှိတယ်။ ပညာရေးမှာလည်း educational psychology ဆိုတာ ရှိသလို၊ child psychology ဆိုတာလည်း ရှိတာပဲ။ လူမှုသိပ္ပံနယ်မှာလည်း လူမှုစိတ်ပညာ (social psychology) ဆိုတာ ရှိတယ်။ ဒီနေ့ခေတ်မှာ လူတွေဟာ အဆွယ်ကောင်းရင် ပါသွားတတ်ကြတာပဲ။

 

■ ပျံ့လွင့်ပြီး ဆောက်တည်ရာမရ ဖြစ်နေကြတယ်

 

လူ့ရဲ့ စိတ်က ပျံ့လွင့်တတ်တဲ့သဘောရှိတယ်။ လွင့်ပါးတတ်တဲ့သဘောရှိတယ်။ လူ့စိတ်ဟာ ဆောက်တည်ရာ သိပ်ရနေတာမျိုး တွေ့ရခဲ့တယ်။ လေလွင့်နေတာများတယ်။ ပြီးတော့ အတ္တအပေါ်မှာ အခြေခံပြီး ပြောတယ်၊ ပြုမူတယ်၊ တွေးတယ်။ ဒါဟာ လူ့စိတ်ရဲ့ သဘောပဲ။ လူ့စိတ်က တွေးခေါ်စဉ်းစားနိုင်စွမ်းမြင့်တယ်သာ ပြောတာ၊ သာမန်လူတွေကတော့ သိပ် မတွေးကြဘူး၊ သိပ် မစဉ်းစားကြပါဘူး။ ပြီးစီးခဲ့တဲ့ ခပ်ဝေးဝေးကိုလည်း သိပ် စဉ်းစားနိုင်စွမ်း မရှိသလို၊ ကိုယ်နဲ့ သိပ်အလှမ်းဝေးတာမျိုးကိုလည်း မတွေးဆနိုင်ကြဘူး။ မဆင်ခြင်နိုင်ကြဘူး။ ကိုယ့်နံဘေးမှာ ဖြစ်ပျက်နေတဲ့ ကွက်ကွက်ကလေးကိုပဲ ကြည့်မြင် တုံ့ပြန်လေ့ရှိတယ်။ ဒါက လူ့သဘော။

 

■ စေစားခံနေရတဲ့ ဘဝတွေ

 

စိတ်ပညာရဲ့ သဘောဟာ နေရာတိုင်း နယ်ပယ်တိုင်း အလွှာတိုင်းမှာ ရှိနေတယ်။ ဒါကို ကောင်းကောင်း အသုံးချနိုင်တဲ့သူတွေက ကိုယ့်အကျိုးစီးပွားကို ချဲ့ထွင်နိုင်တာပဲ။ ဒီဘက်ခေတ်မှာ ဒစ်ဂျစ်တယ်စျေးကွက်စီးပွား ရေးပလက်ဖောင်းတွေ အများအပြား ပေါ်လာတယ်။ သတင်းနည်းပညာနဲ့ ဒစ်ဂျစ်တယ်နည်းပညာကို သုံးပြီး လူအများကို သွေးဆောင်နိုင်တယ်၊ ဖြားယောင်းနိုင်တယ်၊ လှည့်စားနိုင်တယ်၊ မေ့မေ့ပျောက်ပျောက်ဖြစ်အောင် လုပ်နိုင်တယ်၊ လမ်းလွှဲကို အလွယ်တကူပို့ဆောင်နိုင်တယ်။ သူတို့ မြင်စေချင်တာကို မြင်ခိုင်းပြီး သူတို့ တွေးစေ ချင်တာကို တွေးခိုင်းလို့ ရတယ်။ ဒီနေ့ခေတ်မှာ အင်စတီကျူးရှင်းရှိရင်၊ ငွေရှိရင်၊ ပညာရှိရင်၊ နည်းပညာရှိရင်၊ လူရှိရင်၊ လုပ်ပိုင်ခွင့်ရှိရင် …. ဒီလိုမျိုး လုပ်ဖို့ သိပ်လွယ်တာပဲ။ မခက်ပါဘူး။

 

တကယ့်အရင်းရှင်နိုင်ငံကြီးတွေမှာ တကယ်အုပ်ချုပ်နေတာဟာ – စီးပွားရေးသမားကြီးတွေပါ။ နိုင်ငံရေးသမား တွေ၊ အရာရှိတွေနဲ့ တက္ကသိုလ်ပညာတတ်တွေက လူ့အဖွဲ့အစည်းကို ခေါင်းဆောင်နေတယ်လို့ ပြောပြော၊ စီးပွားရေးသမားတွေက သူတို့ကို အိပ်ကပ်ထဲ ထည့်ထားနိုင်တာပဲ။ ဒါဟာ အားလုံးတော့ မဟုတ်ပေမယ့်၊ အကန့် အသတ်တော့ ရှိမပေါ့။ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်လာတယ်လို့ ပြောတဲ့ ကမ္ဘာကြီး ကိုယ်၌ကလည်း ၊ စီးပွားရေး ကော်ပိုရေးရှင်းကြီးတွေရဲ့ အစေစားခံ ဖြစ်လာတယ် မဟုတ်လား။

 

■ အလှည့်စားခံ သတ္တဝါတွေ

 

မြန်မာနိုင်ငံလို သေးသေးလေးအတွက်တော့ ထူးပြီး လုပ်နေစရာ မလိုပါဘူး။ မြန်မာပြည်မှ ခေတ်အဆက်ဆက် တိုင်းပြည်ကို ဂုတ်သွေးစုပ်လာသူတွေဟာ — မြန်မာလူမျိုးရဲ့ အထာကို သိပ်သိတယ်။ မြန်မာတွေရဲ့ စိတ်ကို သိပ် နားလည်တယ်။ ဘယ်လိုအရာတွေမှာ ပျော်မြူးတတ်တယ်၊ ဘယ်လိုအရာတွေမှာ ဒေါသဖြစ်တတ်သလဲ၊ ဘယ်လိုအခြေအနေမှာ မေ့မေ့ပျောက်ပျောက်ဖြစ်တတ်တယ်၊ ဘယ်လိုအနေအထားမှာ အာရုံပြောင်းတတ်သလဲ ဆိုတာ ကောင်းကောင်း သိနေကြပါတယ်။ လူထုဟာ အလှည့်စားခံပါပဲ။

 

လူထုကို ကြည့်ရင်၊ လူထုဟာ ထုံနေပြီ။ အူနေပြီ။ သူတို့ဟာ ပဋိပက္ခနဲ့ အကျပ်အတည်းကြားမှာ အသားကျနေ ကြပါပြီ။ သတ်တာဖြတ်တာ သေတာကြေတာဟာ — မြန်မာလူထုအတွက် သိပ်အဆန်းတကြယ် မဟုတ်တော့ ပါဘူး။ ဒါက အသားကျနေပြီလေ။

 

စစ်ပွဲတွေဖြစ်တာ၊ ဗုံးပေါက်တာ၊ ပစ်တာခတ်တာ၊ လုတာယက်တာတွေက မြန်မာလူထုနဲ့ အသားကျနေပါပြီ။ နေ့စဉ် သတင်းမီဒီယာတွေက ဘယ်လိုပဲ ထိခိုက်နစ်နာတာတွေ၊ သေကြေပျက်စီးတာတွေ၊ ဝမ်းနည်းကြေကွဲ ပလက်ဖြစ်တာတွေကို ဘယ်လောက်ပဲ ဖော်ပြနေ ဖော်ပြနေ၊ မြန်မာလူထုကတော့ ပါးစပ်ဖျားမှာ နှုတ်ကနေ စုတ်သပ်ရုံလောက်သာ ဖြစ်နေကြပါပြီ။ ဟင်… ဟင်…. ဟာ… ဆိုတာထက် သိပ်မပိုတော့ပါဘူး။ ဒါကလည်း လူထုအပြစ်လားဆိုတော့ မဟုတ်ပါဘူး။ လူထုကိုယ်၌က ဒီလို စိတ်သဘာဝရှိတာပါ။

 

မြေပြင်မှာ ရွာတွေ ဘယ်လောက် မီးတိုက်ခံရ မီးတိုက်ခံရ …. မြန်မာလူထုဟာ အသားကျသွားပါပြီ။ လူတွေ သေကြေတာ၊ ကလေးတွေ သေဆုံးတာ၊ အမျိုးသမီးတွေ မုဒိန်းကျင့်ခံရတာ။ ဘယ်လိုသတင်းတွေပဲ ဖြစ်ဖြစ် လူထုဟာ ထုံနေပါပြီ။ လူထုမှာ အူနေပြီ။ ဒါ့ကြောင့် တခါတရံ တရေးနိုးထပြီး ကယောင်ကတမ်း ထယောင်တဲ့သူ တစ်ယောက်လို၊ ဟိုပြော ဒီပြော လျှောက်ပြောတာတွေကိုလည်း တွေ့နေမြင်နေရပါတယ်။

 

■ စိတ်ရူးပေါက်တဲ့ တိုင်းပြည်

 

မြန်မာလူထုဟာ စိတ် ပုံမှန် မဟုတ်တော့ဘူး။ လူထုဟာ စိတ်တွေ ကယောက်ကယက်နဲ့ ပျံ့လွင့်နေကြတာများပြီ။ သူတို့ ဘာလုပ်တယ်၊ သူတို့ ဘာပြောတယ်၊ သူတို့ ဘာခံစားရတယ်၊ သူတို့ ဘာကို ပြုမူနေတယ်ဆိုတာ သတိမထားနိုင်လောက်အောင် ရှေ့နောက် မညီတာတွေကို လူတိုင်းလိုလိုမှာ နေ့တိုင်းလိုလို တွေ့နေရတယ်။ ဒါကို စိတ်ပျက်စရာလို့ ငြီးတွားချင်ပေမယ့်…. လူဆိုတာ ဒီသဘောဖြစ်နေတတ်ပါ့လားလို့၊ သိနားလည်လိုက်ရုံမှ အပ တခြား နှလုံးမသွင်းနိုင်ခဲ့ပါ။

 

လူတွေရဲ့ အပြုအမူ အပြောအဆိုတွေကို ကြည့်ရင် ရှေ့နောက် မညီနဲ့ ကယောင်ကတမ်း ရောက်တတ်ရာရာတွေ ကစဉ့်ကလျားဖြစ်နေတာကို အထင်းသားတွေ့မြင်နေရတယ်။ ကိုယ့်ရဲ့ အပြုအမူနဲ့ ကိုယ့်ရဲ့ အပြောအဆိုတွေကို တောင် သတိနဲ့ သိအောင် မကြည့်နိုင်ဘဲ ကယောင်ကတမ်း ကစဉ်ကလျားနဲ့ ကယောက်ကယက်ဖြစ်နေတဲ့လူတွေ ဟာ — ဘယ်လိုအရေးတော်ပုံကြီးကို ဘယ်လောက် ပီပြင်အောင် ပံ့ပိုးပေးနိုင်တော့မှာလဲ။

 

လူထုရဲ့စိတ်ဟာ ထုံနေပြီ၊ အူနေပြီ။ အားလုံးလိုလိုဟာ ကယောင်ကတမ်းနဲ့ ရောက်တတ်ရာရာတွေနဲ့ စိတ်ကစဉ်ကလျားဖြစ်နေတာ သိပ် သိသာလွန်းနေပြီ။ သူတို့တတွေမှာ ဆောက်တည်ရာ မရဘူး ဖြစ်နေတယ်။