• Today is: Tuesday, March 19, 2024

SSPP၊ UWSP၊ NDAA ရှမ်းမြောက် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ စစ်ကောင်စီနှင့် တွေ့ဆုံ ဆွေးနွေးရန် နေပြည်တော်သို့ ရောက်ရှိ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၂၆

ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်ရှိ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) ၊ “ဝ”ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP) နှင့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့ တို့ဟာ စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် စက်တင်ဘာ ၂၆ ရက်ကတည်းက နေပြည်တော်မှာ ရောက်နေကြတာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုတိယဥက္ကဋ္ဌ (၂) စဝ်ခွန်ဆိုင် ဦးဆောင်တဲ့အဖွဲ့၊ “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်တဲ့အဖွဲ့နဲ့ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်တဲ့အဖွဲ့တွေ က စစ်ကောင်စီနဲ့ ဒုတိယအကျော့ ပြန်လည်တွေ့ဆုံဆွေးနွေးနိုင်ဖို့ နေပြည်တော်သို့ ရောက်ရှိနေကြတာပါ။

အဆိုပါ ရှမ်းမြောက် လက်နက်ကိုင် ၃ ဖွဲ့ဟာ စစ်ကောင်စီနဲ့ ဒုတိယအကျော့ မတွေ့ဆုံခင် ပဏာမ ဦးဆုံး ၀ ဒေသမှာ တွေ့ဆုံမှု ရှိခဲ့တယ်လို့ ဒေသသတင်းတွေအရ သိရှိထားရပါတယ်။

ဒါ့အပြင် အခု ဒုတိယအကြိမ်တွေ့ဆုံပွဲမှာတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေး လိုလားချက်နဲ့ အနာဂတ်လုပ်ငန်းစဉ်တွေကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းဖို့ လမ်းဖွင့် ထားကြောင်း စစ်ကောင်စီက ပြောဆိုထားပါတယ်။

စစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို သွားရောက်တဲ့ အဖွဲ့အများစုဟာ ဆယ်စုနှစ် တွေနဲ့ချီပြီး စစ်ကောင်စီတပ်နဲ့ အချိန်ကြာ ပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်ပွားတာမရှိခဲ့ပါဘူး။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဖိတ်ကြားမှုကို ငြင်းဆိုထားတဲ့ KNU၊ KIA ၊ KNPP ၊ CNF ၊ AA နဲ့ TNLA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကတော့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွား နေတာပါ။