• Today is: Wednesday, December 7, 2022

စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင်ခွင် ခိုလှုံ၊ ကန်ပက်လက် CDF က ဂုဏ်ပြု ဆုငွေချီးမြှင့်

ဓါတ်ပုံ – CDF-Kanpetlet

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၂၆

ချင်းပြည်နယ်၊ ကန်ပက်လက်နယ်တွင် လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီ တပ်သားတစ်ဦးနှင့် ရဲတပ်သား တစ်ဦးတို့ကို လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့ပြီး နွေးထွေးစွာ ကြိုဆိုခဲ့ကာ ဂုဏ်ပြု ဆုကြေးငွေများလည်း ချီးမြှင့်ခဲ့တယ်လို့ ကန်ပက်လက် CDF က ယနေ့ သတင်းထုတ်ပြန်ပါတယ် ။

စစ်ကောင်စီ တပ်သား နေသူအောင်နှင့် ရဲတပ်သား ဗန်ဒိန်း တို့ဟာ ပြည်သူ့ရင်ခွင်ခိုလှုံ(အလင်းဝင်) လိုကြောင်း ဆက်သွယ်လာခဲ့တာကြောင့် CDF-Kanpetlet က လုံခြုံစွာ သွားရောက် ခေါ်ဆောင် ပေးခဲ့ တာပါ။

၄င်းတို့နှစ်ဦး ယူဆောင်လာနိုင်တဲ့ လက်နက်ခဲယမ်းများကတော့ G3 (၁)လက်၊ MA2 (၁) လက်၊ G3 ကျည်ဘောက် (၂)ခု ၊ M A2 ကျည်ဘောက် (၄)ခု၊ G3 ကျည် (၂၈) တောင့်၊ MA ကျည် (၃၄၆)တောင့် နှင့် ကျည်ကာ (၁) စသည့် လက်နက်၊ ခဲယမ်းပစ္စည်းများ ဖြစ်ကြပါတယ်။

အခုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကို ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ပြီး ၄င်း၏ သဘောဆန္ဒအရ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ပြီလို့ သိရပါတယ်။

CDF-Kanpetlet ဘက်က ပြည်သူနှင့်ပူးပေါင်းလိုသော မည်သည့် ရဲနှင့် စစ်ကောင်စီတပ်သားကို မဆို နွေးထွေးစွာ ဖိတ်ခေါ် ကြိုဆိုလျက်ရှိတယ်လို့ ထပ်မံအသိပေး ထုတ်ပြန်ထားပါတယ်။