• Today is: Saturday, April 20, 2024

ကယန်းသာယာလမ်းခွဲရှိ စစ်ကောင်စီ ဂိတ်စခန်းတစ်ခုအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၁

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် ကယန်းသာယာလမ်းခွဲမှာ အခြေချထားတဲ့ စစ်ကောင်စီ၏ ဂိတ်ကင်း စခန်းတစ်ခုကို ၂၉-၉-၂၀၂၂ (ကြာသပတေးနေ့) ည ၀၈:၁၀ နာရီတွင် USSFU(ညီညွတ်သော ရှမ်းတောင် ဖက်ဒရယ်တပ်ပေါင်းစု)၊ KNDF B02၊ ဖယ်ခုံတပ်ရင်း ၂ ပူးပေါင်းအဖွဲ့တို့က လက်နက်ကြီးများဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ USSFU က သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ ပစ်ခတ်မှုမှာတော့ USSFU(ညီညွတ်သော ရှမ်းတောင် ဖက်ဒရယ်တပ်ပေါင်းစု)က ၁၀၀၅ မမ (PS 2) နှင့် မဟာမိတ်များ၏ ၆၀ မမ တို့ဖြင့် စုစုပေါင်း ၆ လုံး ပစ်မှတ်များကို ပစ်ခတ်ခဲ့တာပါ။ အဲဒီ ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်သေးဘူးဆိုပါတယ်။

ပစ်ခတ်တိုက်ခိုက် ခံရပြီးနောက် စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် နံနက်လင်းသည်အထိ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ၂၇ (အင်္ဂါနေ့) နံနက် ၁၀:၁၅ နာရီခန့်မှာလည်း လွိုင်ကော်၊ ကယန်းသာယာလမ်းခွဲရှိ စစ်ကောင်စီစခန်းတစ်ခုကို USSFU ပူးပေါင်းအဖွဲ့က စနိုက်ပါမစ်ရှင် ပူးပေါင်းစစ်ဆင်ရေးဆင်နွဲခဲ့ပြီး စစ်ကောင်စီဘက်မှ ၆ ဦး သေဆုံးခဲ့တာပါ။