• Today is: Wednesday, December 7, 2022

မြန်မာ့တော်လှန်ရေးဖြစ်စဉ်ကို နိုင်ငံတကာက ဘယ်လောက် သိနေပြီလဲ

မြန်မာ့တော်လှန်ရေးဖြစ်စဉ်ကို နိုင်ငံတကာက ဘယ်လောက် သိနေပြီလဲ

“The international community must get real about Myanmar”

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၇

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မှာ အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ဖြစ်တဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က ရွေးကောက်ပွဲရလဒ်မသမာမှုလို့ အကြောင်းပြပြီး အာဏာကို သိမ်းယူခဲ့ပါတယ်။ အာဏာသိမ်းဖြစ်ရပ်ကြီးဟာ နိုင်ငံတကာ သတင်းခေါင်းကြီးပိုင်းတွေမှာ နေရာယူခဲ့ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ နိုင်ငံတကာစိတ်ဝင်စားမှု လျော့နည်းသွားပါတယ်။ မြန်မာနိုင်ငံအတွင်း အခြေအနေကတော့ တရက်တခြား ပို၍သာ ဆိုးရွားလာ နေပါတယ်။ တရုတ်နှင့် ရုရှား ကို အားကိုးပြီး စစ်အုပ်စုက လူထောင်နဲ့ချီ သတ်ဖြတ်ဖမ်းဆီးပြီး ပြည်သူလူထုကြီးတစ်ခုလုံးကို ကပ်ဘေးဆိုက်အောင် တွန်းပို့နေပါတယ်။

ထိုအတောအတွင်း၊ အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် မြန်မာ့ဒီမိုကရေစီတော်လှန်ရေးကို ထောက်ခံကြတဲ့နိုင်ငံတွေကတော့ စိုးရိမ်ကြောင်းကြေညာချက်တွေကိုသာ ထုတ်ပြန်ပြီးတော့သာ ဆောင်ရွက်ပေးခဲ့ပါတယ်။ နိုင်ငံအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များကတော့ အစိုးရတွေရဲ့ ပျက်ကွက်မှုများအပေါ် အလွန်အမင်း အားမလိုအားမဖြစ်ပြီး စိတ်ပျက်နေကြပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံကြီး ချောက်ထဲ မကျခင် လုပ်နိုင်တဲ့အပိုင်းတွေကို လုပ်ဆောင်ပေးဖို့ လိုကြောင်း အလေးအနက်ထား ပြောကြားထားပါတယ်။

စစ်တပ်အား အကြီးအကျယ် မျက်နှာသာပေးခဲ့ပေမဲ့၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုက စစ်ဘက်နှင့် အရပ်ဘက်ခေါင်းဆောင်များအကြားက ဆယ်စုနှစ်ကြာပြုလုပ်ခဲ့တဲ့ အာဏာခွဲဝေမှုသဘောတူညီချက်ကို အဆုံးသတ်သွားစေခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ တောင်ပြိုကမ်းပြိုရွေးကောက်ပွဲအနိုင်ရမှုဟာ၊ တပ်မတော်ခေါ်မြန်မာစစ်တပ်အား အကြီးအကျယ် ခြိမ်းခြောက်လာတာကြောင့် ချက်ချင်းပင် အာဏာသိမ်းရန် ဆုံးဖြတ်လိုက်ရတာ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်ရဲ့ ကိုင်တွယ်မှုဟာ ပရမ်းပတာ ဖြစ်သလို တဖြည်းဖြည်း ပိုပြီး ကြမ်းကြုတ်လာပါတယ်။

စစ်အုပ်စုဟာ လူပေါင်း ၂,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး၊ အများစုမှာ ငြိမ်းချမ်းစွာ ဆန္ဒပြကြသူများ ဖြစ်သည်။ လူပေါင်း ၁၅,၀၀၀ ကျော် ထောင်သွင်းအကျဉ်းချခံထားရပါတယ်။ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထင်ရှားသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူ အများအပြား လည်း အမှုပေါင်းများစွာကို မတရားရင်ဆိုင်နေရပါတယ်။ မြန်မာနိုင်ငံဟာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး၊ အစိုးရဝန်ဆောင်မှုယန္တရားနှင့် စီးပွားရေးတို့ ပြိုလဲသွားခဲ့ရပါတယ်။ နိုင်ငံတဝှမ်း စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့် ဖြိုခွင်းမှုများကြောင့် ပြည်သူ ၁.၂ သန်းကျော်မှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။

သို့ပေမဲ့ မြန်မာလူထုကတော့ စစ်အာဏာရှင်စနစ်ကို ဆက်ပြီး ဆန့်ကျင်တိုက်ပွဲဝင်နေဆဲပင်။ လူမှုအဖွဲ့အစည်းများ၊ ဆရာဝန်များ၊ ကျောင်းဆရာများ၊ ကျောင်းသားများနှင့် အခြားသော အလွှာပေါင်းစုံမှ နိုင်ငံသားများ ပါဝင်သည့် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုကို နိုင်ငံတဝှမ်းမှာ မြင်တွေ့နေရဆဲပင်ဖြစ်သည်။ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနှင့် နိုင်ငံရေးဘက်မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီး နိုင်ငံရေးအရ ရုန်းကန်လှုပ်ရှားမှုကို ပြည်ပမှ ဦးဆောင်နေဆဲပင် ဖြစ်သည်။ တချိန်တည်းမှာပင် နယ်စပ်ဒေသတလျှောက်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO) က စစ်အုပ်စုကို ဆက်လက် ဆန့်ကျင်ခုခံလျက် ရှိနေကြပါတယ်။ ၎င်းတို့ဟာ တိုင်းပြည်အတွင်း ပြည်နယ်များအဖြစ် လက်တွေ့ကျကျ လည်ပတ်လုပ်ဆောင်လျက် ရှိနေကြပြီး၊ မိမိတို့ထိန်းချုပ်ရာဒေသအတွင်း ဝန်ဆောင်မှုနှင့် အုပ်ချုပ်ရေးတို့ကို ပံ့ပိုးပေးသည့်အပြင် ပြည်မမှ တိမ်းရှောင်လာသည့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေကို ခိုလှုံခွင့်ပေးခဲ့ပါတယ်။

မြန်မာပြည်သူလူထုကြီးတစ်ခုလုံး ရဲရင့်စွာ တိုက်ပွဲဝင်နေပေမဲ့၊ နိုင်ငံတကာ၏ တုံ့ပြန်မှုတွေက ပြည်သူလူထုကို အလွန်တရာ စိတ်ပျက်စရာ ဖြစ်စေပါတယ်။

တရုတ်နှင့် ရုရှားနှစ်နိုင်ငံစလုံးက စစ်အုပ်စုအား ငွေကြေးအရ ရင်းနှီးမြုပ်နှံမှု၊ လက်နက်ရောင်းချမှုနှင့် တရားဝင် လာရောက်လည်ပတ်မှုများ အပါအဝင် ပွင့်လင်းမြင်သာစွာ ထောက်ခံအားပေးလျက် ရှိနေပါတယ်။ ထို့ပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံ စိစစ်ခံရခြင်းမခံရအောင် တရုတ်နိုင်ငံက အကာအကွယ်ပေးလျက် ရှိနေသည်။

အခြားတစ်ဘက်တွင် အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် အခြားဒီမိုကရေစီနိုင်ငံများက မြန်မာ့ခုခံတော်လှန်ရေးအား နှုတ်ဖြင့်စောင်မ နေခဲ့ကြသော်လည်း ထိုထက်ပို၍ များများစားစား လုပ်ဆောင်ပေးခြင်းမျိုး မရှိချေ။ ချမှတ်ထားသည့် ဒဏ်ခတ်အရေးယူမှုများက စစ်အုပ်စုအပေါ် သက်ရောက်မှု အနည်းငယ်မျှသာရှိပြီး၊ စိုးရိမ်မှုရှိကြောင်း ပုံမှန်ထုတ်ပြန်ချက်များက အမှန်တကယ် လက်တွေ့လုပ်ဆောင်မှုကို အစားထိုးနိုင်ခြင်း မရှိချေ။ အနောက်နိုင်ငံ အများအပြားက၊ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) အား ကိုယ်ပိုင်နည်းလမ်းဖြင့် ဖြေရှင်းနိုင်စေဖို့ အကြောင်းပြချက်ဖြင့် မြန်မာနိုင်ငံ အကျပ်အတည်းကို ပစ်ထားခဲ့ကြသည်။ သို့သော်လည်း လွန်ခဲ့သည့် တစ်နှစ်ကျော်က စစ်အုပ်စုနှင့်အတူ စတင်ကိုင်တွယ်ခဲ့သည့် အာဆီယံရဲ့ “အချက်ငါးချက်ပါ ဘုံသဘောတူညီမှု” ဖြင့် ချဉ်းကပ်ကိုင်တွယ်နိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ ယခုအခါ စုံလုံးမြုပ် ပြီးဆုံးသွားခဲ့ပြီး၊ လက်တွေ့မှာ ရလဒ်ကို တိတိပပ မမြင်ခဲ့ရပေ။

နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် လမ်းကြောင်းပြောင်းပြီး အလုပ်ဖြစ်နိုင်မဲ့လမ်းစဉ်ကို အလျင်အမြန် လုပ်ဆောင်သင့်ပါတယ်။ အကျပ်အတည်းကို တုံ့ပြန်ရန် ပျက်ကွက်ခဲ့သည့်အပေါ် သုံးသပ်ဆန်းစစ်ရန် ယခုနှစ် ဂျွန်လက အာဖရိက၊ အာရှနှင့် ဥရောပရှိ နိုင်ငံခုနစ်နိုင်ငံမှ မိမိတို့ ဥပဒေပြုလွှတ်တော် ကိုယ်စားလှယ်များ စုစည်းကာ နိုင်ငံတကာလွှတ်တော်ဆိုင်ရာ စုံစမ်းရေးအဖွဲ့ (အိုင်ပီအိုင်) ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ မြန်မာနိုင်ငံမှ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ခေါင်းဆောင်များနှင့်လက်တွဲပြီး မိမိတို့အနေနဲ့ ချက်ချင်း လုပ်ဆောင်သင့်ကြောင်း အချက်များပါဝင်သည့် အကြံပြုချက်များကို ဖော်ထုတ်ပြုစုခဲ့ကြသည်။

ပထမဆုံး အဆင့်တွင်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ချက်ချင်းဖြေရှင်းရန် ဖြစ်သည်။ နိုင်ငံတကာ အလှူရှင်များအနေဖြင့်၊ အကူအညီနှင့် လိုအပ်သည့် အရင်းအမြစ်များကို၊ ဖြစ်နိုင်သမျှ နယ်စပ်ဒေသများတွင် အဆိုပါဝန်ဆောင်မှုများကို ပေးဆောင်နေကြသည့် မြန်မာအရပ်ဘက် အဖွဲ့အစည်းများနှင့် အီးအေအိုများမှတဆင့် ပေးပို့ရမည်။ တစ်ချိန်တည်းမှာပင်၊ ဒုက္ခသည်များနှင့် အကူအညီများ ဝင်ရောက်စီးဆင်းလာနိုင်စေရန်နှင့် စစ်အုပ်စု၏ တပ်ဖွဲ့များမှ ထွက်ပြေးလာသူများကို ပြန်လည်တွန်းပို့ရန် မကြိုးစားဘဲ ၎င်းတို့၏ နယ်ခြားမျဥ်းများကို ဖွင့်ပေးရန် အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ – အိန္ဒိယနှင့် ထိုင်းနိုင်ငံ – တို့အား ကုလသမဂ္ဂကစည်းရုံးနားချပြီး ကြိုးပမ်းမှုများကို အရှိန်မြှင့် လုပ်ဆောင်ရမည်။

မြန်မာပြည်သူလူထုတစ်ရပ်လုံးအား ထိခိုက်စေခြင်းမရှိဘဲ၊ စစ်အုပ်စုခေါင်းဆောင်များကို ပစ်မှတ်ထားသည့် အကန့်အသတ်ဖြင့် ဒဏ်ခတ်အရေးယူမှုများကိုလည်း အကောင်အထည် ဖော်သင့်သည်။ ထိုသို့လုပ်ဆောင်ရာတွင် စစ်တပ်၏ အရေးပါဆုံး ရန်ပုံငွေရင်းမြစ်များ ရှိနေသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (အမ်အိုဂျီအီး) ကဲ့သို့သော စစ်အုပ်စုပိုင် ကုမ္ပဏီများကို ဒဏ်ခတ်အရေးယူမှုများ ချမှတ်ခြင်းလည်း ပါဝင်ပါတယ်။ ဤအချက်နှင့်ပတ်သက်ပြီး ဥရောပသမဂ္ဂက အမ်အိုဂျီအီးကို ဖေဖော်ဝါရီလက ဒဏ်ခတ်အရေးယူခဲ့ပြီးဖြစ်ပြီးဖြစ်သလို အမေရိကန်အနေဖြင့် ထိုစံနမူနာကို ယူသင့်ပါတယ်။

အန်ယူဂျီနှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်တို့ဟာ မြန်မာနိုင်ငံ ပြည်သူလူထု၏ စစ်မှန်သည့် ကိုယ်စားလှယ်များဖြစ်ကြောင်း နိုင်ငံတကာ အသိုက်အဝန်းက ပြတ်ပြတ်သားသားနှင့် ရှင်းလင်းစွာ ပြောကြားရမှာဖြစ်ပါတယ်။ ၎င်းတို့ အလွန်အမင်း လိုလားတောင့်တနေသည့် တရားဝင်မှုကို စစ်အုပ်စုအနေဖြင့် မည်သည့်အခါမျှ ရရှိနိုင်ခြင်း မရှိစေရပါ။ အစိုးရများက အန်ယူဂျီအား တရားဝင်အသိအမှတ်ပြုမှု ပေးအပ်သင့်ကြပြီး၊ ဤလုပ်ငန်းစဥ်ကို အဆင်ပြေချောမွေ့စေရန် ဖြစ်နိုင်သမျှ အဆင့်များကို ရှေ့တိုးလုပ်ဆောင်ကာ၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံအတွက် လမ်းကြောင်းဇယား ရေးဆွဲနိုင်ရန် အန်ယူဂျီနှင့် အီးအေအိုများ နှစ်ခုစလုံးနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်းနဲ့ ထိုကဲ့သို့သော ဆွေးနွေးမှုမျိုးကသာလျှင် နိုင်ငံအတွင်း တိုင်းရင်းသားများအကြား ကာလရှည်ကြာ ပဋိပက္ခဖြစ်ပွားနေသည့် ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

အလွယ်တကူ ဖြေရှင်းလို့မရနိုင်တဲ့ စစ်တပ်နှင့် ပြည်သူလူထုအများစုအကြားက ရှုပ်ထွေးတဲ့ပဋိပက္ခကို မြန်မာနိုင်ငံက ကာလရှည်ကြာ ရင်ဆိုင်နေရပါတယ်။ ယခုအချိန်မှာတော့ နိုင်ငံတဝှမ်းက လူထုကြီးတစ်ရပ်လုံး အမှောင်ထုကြားကနေ သတ္တိရှိစွာ စစ်အုပ်ချုပ်မှုကြီးကို  ဆန့်ကျင်တွန်းလှန်လျက် ရှိနေကြပြီး မျှော်လင့်ချက် အရိပ်အယောင်များက ပိုပြီးတောက်ပလာပါတယ်။ မိမိတို့ နိုင်ငံတကာ အသိုက်အဝန်းက ၎င်းတို့အပေါ် ပျက်ကွက်လျက် ရှိနေကြပေမဲ့၊ ပိုမိုကောင်းမွန်ထိရောက်အောင် ဆောင်ရွက်ပေးဖို့ အချိန်မနှောင်းသေးပေ။ မြန်မာနိုင်ငံရဲ့ တိုင်းပြည်အနာဂတ်ဟာ နိုင်ငံတကာရဲ့ ထိရောက်တဲ့အကူအညီပံ့ပိုးပေးနိုင်မှု၊ နိုင်ငံရေးအရ ထောက်ခံပေးမှုတွေအပေါ်မှာ များစွာ မှီတည်နေလျက်ရှိနေဆဲပင် ဖြစ်ပါတယ်။

ဟေဒီ ဟောက်တလာသည် ဥရောပလွှတ်တော်၏ ဒုတိယဥက္ကဋ္ဌနှင့်၊ မြန်မာနိုင်ငံ အကျပ်အတည်းအား ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှု ပျက်ကွက်ခြင်းအပေါ် သုံးသပ်ဆန်းစစ်သည့် နိုင်ငံတကာလွှတ်တော်ဆိုင်ရာ စုံစမ်းရေးအဖွဲ့ (အိုင်ပီအိုင်) ၏ ဥက္ကဋ္ဌဖြစ်သည်။ အီလ်ဟန်အိုမာသည် အမေရိကန်လွှတ်တော်တွင် မင်နီဆိုတာပြည်နယ် အမှတ်၅ ခရိုင်ကို ကိုယ်စားပြုပြီး အိုင်ပီအိုင်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ ချားလ်စ်စန်တီယာဂိုသည် မလေးရှားနိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ်နှင့် အိုင်ပီအိုင်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။

ဟေဒီဟောက်တလာ၊ အီလ်ဟန်အိုမာ နှင့် ချားလ်စ်စန်တီယာဂို (သည် ဟီးလ် – အောက်တိုဘာလ ၅ ရက်၊ ၂၀၂၂ ခုနစ်) ပါဝင်ရေးသားသူများက ဖော်ပြကြသည့်အမြင်များသည် ၎င်းတို့၏ ကိုယ်ပိုင်ဖြစ်ပြီး သည်ဟီးလ်၏ အယူအဆများ မဟုတ်ပါ။

ဘာသာပြန် – ကံ့ကော်ဖြူ (ဖက်ဒရယ်ဂျာနယ် မြန်မာ)

(ဆောင်းပါးရှင် Heidi Hautala, Rep. Ilhan Omar (D-Minn.) and Charles Santiago တို့ The Hill Website မှာ ရေးသားထားတဲ့ “The international community must get real about Myanmar” ကို ဆီလျော်အောင် ရေးသားထားပါတယ်။)