• Today is: Wednesday, December 7, 2022

“ကုလသမဂ္ဂအေဂျင်စီများ ခင်ဗျား…စစ်ကောင်စီနဲ့ လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်တွေကို အများပြည်သူသိအောင် ထုတ်ပြန်ပါ”

“ကုလသမဂ္ဂအေဂျင်စီများ ခင်ဗျား…စစ်ကောင်စီနဲ့ လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်တွေကို အများပြည်သူသိအောင် ထုတ်ပြန်ပါ”

  • အီဂေါဗလာဇီဗစ်

၂၀၂၂ ဩဂုတ်လနဲ့ စက်တင်ဘာလတွေမှာ ကုလသမဂ္ဂလူသားချင်းစာနာမှုညှိုနှိုင်းကူညီရေးအဖွဲ့ (OCHA)၊ ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ ( UNICEF)၊ ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့ ( FAO)၊ ကုလသမဂ္ဂရွေ့ပြောင်း လုပ်သားများအဖွဲ့ ( IOM) တွေဟာ အကြမ်းဖက် စစ်ကောင်စီ နဲ့ သဘောတူညီချက် အသစ်တွေ လက်မှတ် ထိုးပြီး ခန့်အပ်လွှာတွေပေးအပ်ခဲ့ကြပါတယ်။

အာဏာသိမ်းမှု အလွန်အခြေအနေမှာ ကုလသမဂ္ဂပြည်တွင်းရုံးအဖွဲ့များ ( UNCT) အနေနဲ့ လိုက်နာရမဲ့ စည်းကမ်းတွေကို ခုလိုထုတ်ပြန်ထားပါတယ်။ “ယာယီအာဏာပိုင်များက ခန့်အပ်သည့် အကြီးတန်းအရာရှိ များနှင့် တရားဝင်စည်းဝေးခြင်းများ၊ အခမ်းအနားကျင်းပခြင်းများကို ရှောင်ရှားသင့် ပါတယ်။ အကယ်၍ ထိုသို့သော အစည်းဝေးများသို့ ကုလသမဂ္ဂကို ဖတ်ကြားလာခဲ့ပါကလည်း ဌာနေတာဝန်ခံနှင့် တိုင်ပင်ရန်လို ပါတယ်။ ကုလသမဂ္ဂရုံးချုပ်နှင့် ထပ်မံတိုင်ပင်ရန် လိုအပ် မလိုအပ်ကို ဌာနေ တာဝန်ခံမှ ဆုံးဖြတ်ရမည်”

ဒီအချက်ကို အခြေခံပြီးတွေးရင် အထက်မှာဖေါ်ပြထားတဲ့ကုလသမဂ္ဂအေဂျင်စီတွေဟာ သူတို့ဘာသာ လုပ်ခဲ့တာမဟုတ်ဘူး။ ကုလသမဂ္ဂဌာနေတာဝန်ခံ Mr Ramanathan Rama Balakrishnan နဲ့တိုင်ပင်ပြီးလုပ်ခဲ့တာလို့ ကောက်ချက်ချနိုင်ပါတယ်။ စစ်အာဏာရှင်တွေနဲ့ နားလည်မှု စာချွန်လွှာတွေ( MoUs)၊ သဘောတူညီချက် (LoA) တွေလက်မှတ်ထိုးတာဟာ သေချာတွက်ချက်လုပ်တဲ့ ကိစ္စလို့ မှတ်ယူနိုင်ပါတယ်။

တချိန်ထဲမှာ ကုလသမဂ္ဂဌာနေတာဝန်ခံနဲ့ ကုလအေဂျင်စီအကြီးအကဲတွေဟာ  အမျိုးသားညီညွတ်ရေးအစိုးရ ( NUG)နဲ့ သဘောတူလက်မှတ်ထိုးတာ၊ လူသိရှင်ကြား ညှိုနှိုင်းတာမျိုးမရှိပါဘူး။ ဒါ့ကြောင့် ကုလသမဂ္ဂဟာ စစ်အာဏာရှင်နဲ့ ဘာတွေတွဲလုပ်နေလဲဆိုတဲ့ မေးခွန်းနဲ့ ကြောင့်ကြမှုတွေ မြန်မာပြည်သူတွေထဲက ထွက်ပေါ်လာတာ နားလည်နိုင်ပါတယ်။

စစ်အာဏာရှင်ဟာ တရားမဝင် အာဏာလုသူသာ ဖြစ်ပါတယ်။ တရားဝင်အစိုးရလည်းမဟုတ်၊ ယာယီအစိုးရလည်း မဟုတ်ပါဘူး။ စစ်အာဏာရှင်ဟာ အရပ်သားပြည်သူတွေအပေါ် စစ်ဆင်နွဲနေသူသာ ဖြစ်ပါတယ်။ စစ်အာဏာရှင်ရဲ့ ဒီလုပ်ရပ်ဟာ မြန်မာပြည်တွင်းမှာ ပြင်းထန်တဲ့ လူသားဘေးဒုက္ခ အကျပ်အတည်းပေါ်ပေါက်ရခြင်းရဲ့ တခုတည်းသော အကြောင်းရင်းလည်းဖြစ်ပါတယ်။

 အာဏာရှင်ရဲ့ စစ်တပ်က တိုက်လေယဉ်တွေ၊ ရဟတ်ယဉ်တွေ၊ စစ်သားတွေဟာ ၂၀၂၁ ဖေဖေါ်ဝါရီက စလို့ ပြည်သူ့ အိုးအိမ် ၂၈၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ပြည်သူ ၁ သန်းကျော်နေရာရွေ့ပြောင်းခဲ့ရပါတယ်။ ဒီလို ရွာတွေ အိမ်တွေဖျက်ဆီးခံရတာဟာ ( ကုလသမဂ္ဂ ရဲ့ OCHA ကဖေါ်ပြသလို) “ပဠိပက္ခ”  တချို့ကြောင့် မဟုတ်ပါဘူး။ စစ်တပ်ရဲ့ ရည်ရွယ်ချက်ရှိရှိ ပြည်သူကို စနစ်တကျ ပစ်မှတ်ထားတဲ့ “ နယ်မြေရှင်းလင်းရေး” ကြောင့်ပါ။ “နယ်မြေရှင်းလင်းရေး”ဆိုတဲ့ စကားလုံးကို အသုံးပြပြီး  စစ်တပ်ကိုယ်တိုင်က ရည်ညွန်းပြောဆိုနေတဲ့ လုပ်ရပ်တွေဟာ ဂျနီဗာကွန်ဗန်းရှင်း၊ ကုသသမဂ္ဂလူ့အခွင့်အရေး စာတမ်းတွေ အရတော့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေပါ။ စစ်တပ်ဟာ ဒါတွေကို ရည်ရွယ်ချက်ရှိရှိ ပမာဏကြီးကြီးကျူးလွန်နေတာဖြစ်ပါတယ်။

မကြာခင်က ရရှိတဲ့ မှတ်တမ်းတွေ အရဆိုရင် စစ်တပ်နဲ့ သူ့ရဲ့မိတ်ဖက် သွေးဆာနေတဲ့အဖွဲ့တွေ( သူတို့ကိုယ်သူတို့ အဲဒီလိုပဲ ဂုဏ်ယူစွာခေါ်နေကြပါတယ်)ဟာ ရည်ရွယ်ချက်ရှိရှိစားနပ်ရိက္ခတွေ ဖျက်ဆီးတာ၊ အိမ်မွေးသတ္တဝါတွေကိုသတ်တာ၊ နေရပ်စွန့်ခွါထွက်ပြေးရသူတွေဆီကို အကူအညီတွေမရောက်အောင် လုပ်နေကြတာတွေ့ရပါတယ်။

ကုလသမဂ္ဂဌာကိုယ်စားလှယ်တွေ အပါအဝင် မြန်မာပြည်က လူတိုင်းဟာ စစ်တပ်ရဲ့ “ ဖြတ်လေးဖြတ်” ကိုသိကြပါတယ်။ ခုခံတော်လှန်မှုကို ထောက်ခံတယ်လို့ ယူဆတဲ့ဒေသတွေကို အစားအစာ၊ ဆေးဝါး၊ လောင်စာဆီ၊ သတင်းအချက်အလက်၊ အထောက်အပံ့မရောက်အောင် ပိတ်ဆို့တားဆီးတဲ့ “ဖြတ်လေးဖြတ်” ဟာ စစ်တပ်ရဲ့ ပင်တိုင်စစ်ရေးဗျူဟာပါ။ ဒီနေ့ကာလမှာတော့ ခုခံတော်လှန်ရေးကို အားပေးထောက်ခံတဲ့ ဒေသက နိုင်ငံ့ဧရိယာရဲ့ ၈၀% ကျော်ပါလိမ့်မယ်။

စစ်တပ်ဟာ “ဖြတ်လေးဖြတ်” ကို မြန်မာပြည်ရဲ့ သက်တန်းအရင့်ဆုံး လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့ ကေအန်ယူကို တိုက်ခိုက်တဲ့ ၁၉၆၀ ကျော်နှစ်တွေမှာ စသုံးပါတယ်။ ၂၀၁၁ ကချင်ပြည်မှာ “ဖြတ်လေးဖြတ်” ကိုသုံးပြီး လူ ၁ သိန်းလောက် နေရပ်စွန့်ခွါခဲ့ကြရပါတယ်။ ရခိုင်ပြည်နယ်မှာတော့ ၂၀၁၈ နဲ့ ၂၀၂၀ မှာ လူ နှစ်သိန်းသုံးသောင်းလောက် နေရာရွေ့ပြောင်းခဲ့ရပါတယ်။ ၂၀၁၆ အောက်တိုဘာကနေ ၂၀၁၇ ဇန်နဝါရီထိတစ်ကြိမ်၊ ၂၀၁၇ ဩဂုတ်လမှာ တစ်ကြိမ် ဖြစ်ခဲ့တဲ့ ရိုဟင်ဂျာဂျီနိုဆိုက်မှာတော့ ရိုဟင်ဂျာ ၁ သန်းကျော် တခြားနိုင်ငံတွေကို ထွက်ပြေးခဲ့ကြရပါတယ်။

ကရင်လူ့အခွင့်အရေးအဖွဲ့က နော်ထူးထူးက “ဖြတ်လေးဖြတ်” အကြောင်း အယ်ဂျဇီးယားရုပ်သံကိုခုလို ရှင်းပြခဲ့ပါတယ်။ “ကရင်ရွာတွေကို ထင်ရာမြင်ရာ ပစ်တယ်။ ကေအန်ယူကိုထောက်ပံ့ဖို့လို့ထင်တဲ့ အစားအစာတွေ ပစ္စည်းတွေကို ဖျက်ဆီးပစ်တယ်။ ပဠိပက္ခဖြစ်တဲ့ဒေသမှာ ဆေးဝါးအကူအညီတွေကို တင်းကြပ်ပစ်တယ်။ စားနပ်ရိက္ခ အကူအညီပေးနေတယ်လို့ သူတို့ သံသယရှိသူတွေကို ဖမ်းတယ်။ မိသားစုကိုပါဖမ်းတယ်။ လိင်မှုဆိုင်ရာ အကြမ်းဖက်တယ်။ ရပ်ရွာတွေကို အတင်းအကြပ်နေရာရွေ့တယ်”။

စစ်တပ်ရဲ့ “နယ်မြေရှင်းလင်းရေး” နဲ့ “ဖြတ်လေးဖြတ်” မှာဘာတွေလုပ်တယ်ဆိုတာကို နာကျင်စွာ၊ ကံအကြောင်းမလှစွာ သိထားတဲ့ မြန်မာပြည်သူတွေဟာ ကုလအေဂျင်စီတွေနဲ့ စစ်အာဏာရှင်တွေကြား သဘောတူလက်မှတ်ထိုးကြတဲ့ ကိစ္စအပေါ်မှာ အတော့်ကို အလန့်တကြားဖြစ်ကြပါတယ်။ စစ်အာဏာရှင် တွေရဲ့ အကြပ်ကိုင် ပြန်ပေးဆွဲမှုအောက်မှာ ကုလသမဂ္ဂအေဂျင်စီတွေက ဘာလုပ်ဖို့ ဘာမလုပ်ဖို့ သဘောတူခဲ့ ကြသလဲဆိုတဲ့ မေးခွန်းပေါ်ထွက်လာပါတယ်။

ဒီလိုပြည်သူတွေရဲ့ အလေးအနက် ပူပန်မှုကို အလွယ်ကူဆုံးနဲ့ အကောင်းဆုံး ဖြေရှင်းနိုင်မဲ့နည်း၊ အများပြည်သူကြားမှာ စာချုပ်တွေနဲ့ ပက်သက်ပြီး သံသယနဲ့ မယုံကြည်မှု ပျောက်ကွယ်အောင်လုပ်နိုင်တဲ့ နည်းကတော့ သဘောတူညီလက်မှတ်ထိုးထားတာတွေကို အများပြည်သူသိအောင်ထုတ်ပြဖို့ ဖြစ်ပါတယ်။ ကုလသမဂ္ဂအေဂျင်စီတွေဟာ ဘက်မလိုက်တဲ့ လူသားချင်း စာနာထောက်ကူညီရေးသက်သက်ကိုသာ အာရုံစိုက်တဲ့ အဖွဲ့တွေဆိုရင် ဒါဟာ မြန်မာပြည်သူတွေရဲ့ မခက်ခဲတဲ့ တောင်းဆိုချက်သာဖြစ်ပါတယ်။

ကုလသမဂ္ဂအေဂျင်စီတွေဟာ ပြည်သူတွေအပေါ် စစ်ပွဲကြီးဆင်နွဲနေတဲ့ တရားမဝင် ဂျီနိုဆိုက်အင်အားစုတွေနဲ့ သဘောတူလက်မှတ်ထိုးထားကြသူတွေပါ။ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွါးလုပ်ဖို့၊ တိုင်းပြည်ထဲက အလိုအပ်ဆုံးသူတွေကို လူသားချင်း စာနာထောက်ထားကူညီဖို့ရယ်လို့ ကြွေးကြော်နေသော်လည်း တဘက်မှာတော့ အဲဒီလို စာချုပ်တွေလက်မှတ်ထိုးနေကြတာပါ။ ပြည်သူလူထုကို ကူညီဖို့ အလှူရှင်နိုင်ငံ တွေက ပေးတဲ့ ငွေကြေးအကူအညီတွေကို ယူရင်းတဘက်မှာတော့ အဲဒီလို လက်မှတ်တွေထိုးနေကြတာပါ။

မြန်မာပြည်သူတွေမှာ ကုလသမဂ္ဂအေဂျင်စီတွေ စစ်အာဏာရှင်နဲ့ ဘာသဘောတူညီချက်တွေယူထားလဲ၊ ဘယ်လိုအပေးအယူနဲ့ ဘာလုပ်ဖို့ သဘောတူခဲ့ကြသလဲဆိုတာကို သံသယဖြစ်ရတဲ့ ခိုင်လုံတဲ့ အကြောင်းပြ ချက်တွေ ရှိပါတယ်။ ဘယ်လိုကန့်သတ်ချက်တွေကို လိုက်နာဖို့ ကုလသမဂ္ဂအေဂျင်စီတွေ သဘောတူခဲ့သလဲ ဆိုတာကလည်း အရေးကြီးတဲ့ မေးခွန်းပါ။ ဘယ်လိုအလုပ်မျိုးတွေကို ဘယ်သူတွေနဲ့ တွဲလုပ်ဖို့ သဘောတူ ထားသလဲဆိုတာကလည်း နောက်ထပ်အရေးကြီးတဲ့ မေးခွန်းပါ။

မြန်မာပြည်သူတွေအနေနဲ့ ကုလသမဂ္ဂအေဂျင်စီတွေဆီကနေ ပွင့်လင်းမြင်သာမှု တောင်းဆိုပိုင်ခွင့်ရှိပါတယ်။ အထူးသဖြင့် အခုလို အဆိုးဝါးဆုံးသော အကျပ်အတည်းကြုံနေရချိန်၊ ရက်စက်ကြမ်းကြုပ်မှုကို စစ်ရေး လုပ်ထုံးလုပ်နည်းအဖြစ် ခံယူထားတဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုကို နေ့စဉ်နဲ့အမျှ ခံနေရတဲ့ ပြည်သူတွေမှာ တောင်းဆိုပိုင်ခွင့်ရှိပါတယ်။

ကုလသမဂ္ဂအေဂျင်စီတွေ လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်တွေကို ထုတ်ပြန်ပေးဖို့ တောင်းဆိုပိုင်ခွင့် ရှိပါတယ်။ မြန်မာပြည်အရေးမှာ ကုလသမဂ္ဂက ဘယ်နေရာကနေပါဝင်တယ်၊ စစ်အာဏာရှင်ကို ပံ့ပိုးနေတာ မဟုတ်ဘူးဆိုတာတွေကို သက်သေပြရမဲ့ တာဝန်နဲ့ ဝတ္တရားက ကုလသမဂ္ဂအေဂျင်စီတွေဘက်မှာပဲရှိပါတယ်။