• Today is: Saturday, April 20, 2024

လေ့လာမိသမျှ ချင်းမျိုးနွယ်စုကြားက ပဋိပက္ခ နှင့် အကျိုးဆက်များ

လေ့လာမိသမျှ ချင်းမျိုးနွယ်စုကြားက ပဋိပက္ခ နှင့် အကျိုးဆက်များ

Horizontal conflicts: Diagnosing symptoms of intra/inter-tribal disputes among Chins

By: Rual Lian Thang (သူ့အတွေး သူ့အမြင်) 

သူငယ်ချင်းတစ်ယောက်ပြောဖူးတယ် “ရွေးကောက်ပွဲမှာ ချင်းဆိုတဲ့အမျိုးသား ဘုံနာမည်သုံးပြီး ဈေးဘန်းခင်းရတာ သိပ်အရောင်းမကောင်းဘူး” တဲ့။ ဟုတ်တယ် ချင်းလူမျိုးဆိုတာ အခြားတိုင်းရင်းသား တွေလို ဘုရင်တစ်ပါး၊ စော်ဘွားတစ်ယောက်အောက်မှာ တသွေးတသံတမိန့် နဲ့ နေခဲ့ဖူးတဲ့ သမိုင်းအစဥ်လာမရှိခဲ့ တော့ အားလုံးက စော်ဘွားမျိုးနွယ် ဖြစ်ကုန်ကြတာ အားလုံးအသိပါ။ တစ်ရွာတည်ရင် စော်ဘွားတစ်ယောက် မဟုတ် နှစ်ယောက်တော့ ရှိရတယ်။ စော်ဘွားဆိုရင် မိန်းမ နှစ်ယောက် သုံးယောက်ယူခွင့် ရှိခဲ့တော့ တစ်ရွာလုံးစော်ဘွားမျိုးနွယ်ဖြစ်ရတာ အထူးဆန်းတော့ မဟုတ်ခဲ့ဘူး။ ယခုခတ် “ငါကစော်ဘွားမျိုးနွယ်ကွ” ဆိုတဲ့ ဟိုမရောက်ဒီမရောက် ချင်းယောင်္ကျားတွေ ပြောလေ့ရှိတဲ့ ကြွားလုံး ကြားဖူးသူ ရှိပါလိမ့်မယ်။

ဘယ်ကရောက်လာမှန်းမသိတဲ့ “ချင်း” ဆိုတဲ့နာမည်က အင်္ဂလိပ်ကိုလိုနီခတ်ကာလမှာ စပေါ်လာတော့ ကိုယ့်မျိုးနွယ်စုနာမည်နဲ့ ဒေသနာမည်တွေ ဘေးချိတ်ကာ ချင်း အဖြစ်ခံယူဖို့ တွန့်တွန့်ဆုတ်ဆုတ် ဖြစ်ခဲ့ကြတယ်။ ယနေ့ ချင်းအများစု “ချင်း”အဖြစ်ခံယူကြပါပြီ ခံယူလာကြတယ်ဆိုတာက လွယ်ကူစွာနဲ့ နေ့ချင်းညချင်း ဖြစ်လာတာတော့ မဟုတ်ဘူး။ ဆယ်စုနှစ်ပေါင်းများစွာ ချင်းလူမျိုးတို့ရဲ့ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုဖွံ့ဖြိုးရေး တို့ကို ခြေခံပြီး စည်းရုံးရေး လုပ်လာခဲ့ကြတဲ့ ခေါင်းဆောင်တစ်ချို့ရဲ့ ကြိုးစားမှု အသီးအပွင့်ပါ။

တစ်ချို့နှုတ်ပြောသမိုင်း (oral history) အရ ချင်းအမျိုးသား ဘုံနာမည် မပေါ်ခင်က ချင်း မျိုးနွယ်စုတစ်ခုနဲ့ တစ်ခုအကြား ရန်ငြိုး ရန်ပွဲတော်တော် ကြားမားခဲ့တယ်လို့ သိရပါတယ်။ တစ်ချို့နေရာမှာ ဒီဘက်ခေတ်ထိ အဲဒီမကြေလည်မှုတွေဟာ ပါလာတာတွေ့ရတယ်လို့ ပြောလို့ရမယ်ထင်ပါတယ်။ ဒါပေမယ့် အရင်ကလောက် ဆိုးဆိုးဝါးဝါး အဖြစ်မျိုး မတွေ့ရတော့ပါဘူး။ လမ်းပန်းဆက်သွယ်ရေး ပိုကောင်းလာတာကြောင့်ရယ်၊ ချင်းဆိုတဲ့ဘုံ identity နာမည်အောက်မှာ စည်းလုံးရေး ပိုအားကောင်းလာတာကြောင့်ရယ်၊ ပညာရေးမြင့်မားလာတာကြောင့်ရယ် နှင့် အခြားအကြောင်း အမျိုးမျိုးကြောင့်ရယ်လို့ တိုင်းတာလို့ရနိုင်ပါတယ်။ အခုတော့ အဲဒီ မျိုးနွယ်စုဆိုတဲ့ ကန့်သတ်ဘောင် တော်တော်များများကို ကျော်လွှားလာနိုင်ကြတာ ဆယ်စုနှစ်ကျော်လာခဲ့ပြီလို့ ပြောလို့ရမယ် ထင်တယ်။

သို့သော် ချင်းလူမျိုး စည်းလုံးရေးကို ပျက်ပြားစေတဲ့ မျိုးနွယ်စုတစ်ခု၊ ဘာသာရေးတစ်ခု နဲ့ ဘာသာစကား တစ်ခု ကြီးစိုးရေးဝါဒ (religious hegemony, racial supremacy, language imperialism) နဲ့ အာဂျင်ဒါ (Agenda) တွေက ချင်းဘုံအမျိုးသား နာမည်အောက်မှာ ကပ်ကပ်ပါလာတာ တွေ့ရပါတယ်။

ဥပမာ-

၁။ ငါတို့က ချင်းအားလုံးကို ကိုယ်စားပြုတယ် ဒါကြောင့်ငါတို့ ခေါင်းဆောင်မှုအောက်မှာ လာစည်းလုံးပါ ဆိုတာမျိုး၊

၂။ ငါတို့ခေါင်းဆောင်မှုအောက်မှာ မနေရင် မင်းက ချင်းသစ္စာဖောက် ဆိုတာမျိုး၊

၃။ ငါတို့နဲ့ပေါင်းချင်ပေါင်း မပေါင်းချင်နေ၊ ချင်းပြည်သူ အားပေးထောက်ခံမှုအများဆုံးရတဲ့ ငါတို့သာ တာရားဝင်အဖွဲ့ ဆိုတဲ့ legitimacy လုယူတဲ့ နိုင်ငံရေးအရ စဉ်းစားပုံမျိုး၊

၄။ Baptist သို့မဟုတ် ငါတို့အသင်းသား (church member) မဟုတ်ရင် ဘယ်ချင်းအဖွဲ့စည်းမှာမှ ခေါင်းဆောင်နေရာအတွက် မထိုက်တန်ဘူး၊ အရည်ချင်းမမှီ ဆိုတဲ့အတွေးခေါ်မျိုး၊

၅။ ငါတို့မျိုးနွယ်စု ဘာသာစကားကသာ ပြည့်စုံမှု ရှိဆုံး သို့မဟုတ် အများဆုံးပြောတဲ့စကားမို့ ချင်းဘုံ စကားဖြစ်ရမယ် ဆိုတဲ့ ချင်းနာမည်အောက်က အဆုံးမသပ်နိုင်သေးတဲ့ ဘုံစကားလုပွဲ (ဒီနေရာမှာ ဖလမ်း နဲ့ ဟားခါးက အမြဲတမ်း ဗိုလ်လုပွဲတက်၊ တီးတိန်ကတော့အမြဲတမ်း တတိယဗိုလ်)

၆။ တစ်ချို့က ချင်းလူမျိုးရဲ့ ယဉ်ကျေးမှုအလှအပကို selfie  ဆွဲမယ်ဆိုတော့ ကိုယ့်မျိုးနွယ်စု ပုံများသာ ထွက်ထွက်လာ၊ ဒါနဲ့ဘဲ ချင်းယဉ်ကျေးမှုဟာ ငါတို့မျိုးနွယ်စု ယဥ်ကျေးမှုဘဲ ဖြစ်ရမယ်ဆိုတဲ့ ယဉ်ကျေးမှု ကြီးစိုးရေး ပရိုမိုးရှင်းဆင်းကြတာမျိုး၊

၇။ ချင်းအရေးကိစ္စ အားလုံးကို Portrait နဲ့ရိုက်တော့လည်း ကိုယ့်မျိုးနွယ်စုမြင်ချင်တာ၊ ကြားချင်တာဘဲ မြင်ရကြားရပြီး ကျန်တဲ့ဟာ အားလုံးကို မှားမှားမှန်မှန် လှလှမလှလှ အကုန် blur လုပ် ဝါးပစ်တာမျိုး၊

၈။ ချင်းတမျိုးသားလုံးနဲ့ဆိုင်တဲ့ issues အားလုံးက panoramic view နဲ့ကြည့်မှသာ သေးသေးကွဲကွဲ မြင်နိုင်မည်ဆိုတာ အများနားမလည်ကြ၊ နားလည်သူအချို့ကြတော့လဲ ကောက်ကျစ်၊

၉။ အရုပ်ဆိုးဆုံးတစ်ချက်က ချင်းနာမည်နဲ့ ဖွဲ့တဲ့ အဖွဲ့စည်းတိုင်း အမျိုးသမီးများပါဝင်တဲ့ အဖွဲ့ဆို ခပ်ရှားရှား။ မှတ်မိသေးတယ် ၂၀၁၄ ခုနှစ် Chin National Conference (CNC) ကျင်းပရေးကော်မတီဖွဲတော့ NGO ဖောင်ဒါတွေ၊ ဂျင်ဒါ (Gender)ဆရာတွေ၊ ပါတီခေါင်းဆောင်နဲ့ တော်လှန်ရေးခေါင်းဆောင်တွေပါတယ်၊ ဒါပေမယ့် အမျိုးသမီးတစ်ယောက်မှမပါတာ သတိထားမိတော့ ထောက်ပြခဲ့ဖူးတယ်၊ ထောက်ပြမှ သိသမျှ အမျိုးသမီးနာမည်အားလုံး စရင်းထဲ ကောက်ထည့်ခဲ့ကြတာ မှတ်မိသေးတယ်။

၁၀။ အခုလည်းကြည့်ပါ တော်လှန်ရေးနာမည်နဲ့ ဖွဲ့ထားတဲ့ ချင်းအဖွဲ့မှန်သမျှ (USA, Australia, Europe, India, Malaysia) အားလုံး Men Club တွေကြီးဘဲ။ အလှူရံပုံငွေကောက်ရင်တော့ ကျား၊မ တန်းတူ ဂျင်ဒါ (Gender)တွေကို ကြည့်နေတာ မဟုတ်ပြန်ဘူး။ သို့သော် ဒီ Men Club တွေကို နည်းနည်းလဲ ထိမိရင် မအလနဲ့ ချက်ချင်း နှိုင်းယှဉ်တာကို ခံရတယ်။ ဒါကြောင့် ဒီတော်လှန်ရေး အနိုင်ရရင်တောင် အမျိုးသား သီးသန့် အတွက်ဘဲဖြစ်မှာ၊ အမျိုးသမီးများအတွက် တော်လှန်ရေး ခရီးရှည်အုံးမယ်ဆိုတာ သေချာပြောလို့ရတယ်။

အာဏာသိမ်း စကစကို တော်လှန်ရေးကာလ ရောက်လာတော့ မျိုးနွယ်စု အားပြိုင်ပွဲမှုကြီးက တစ်ခေတ် ပြန် လည် ခေတ်စားလာတာ တွေ့ရတယ်။ ကောင်းတဲ့ အချက်အများကြီးရှိတယ်။ ဒါပေမယ့် တစ်နေ့ထက် တစ်နေ့ မျိုးနွယ်စု ခြံစည်းရိုး ထူလာမြင့်လာတာ မြင်ရတော့ စိတ်မကောင်းစရာ ဖြစ်ရပြန်တယ်။  တစ်ချို့နေရာမှာ သွေးထွက် သံယိုမှုအထိ ဖြစ်စေနိုင်တဲ့ မျိုးနွယ်စုကြား ပဋိပက္ခ (intra/inter-tribal tension) တွေက တဖြည်းဖြည်း ရုပ်လုံးပေါ်လာတာ တွေ့ရတယ်။ အမှန်တကယ်ပြောရင် “အာဏာရှင်မအလကို အမြစ်ပြုတ်တိုက်မယ်” ဆိုတဲ့စကားလုံးအောက်မှာ မျိုးနွယ်စု ခြံစည်းရိုးကာတဲ့သူနဲ့ အာဏာဩဇာ တည်ဆောက်ချင်သူက ထက်ဝက်ကျော် ရှိနိုင်တယ်လို့ ပြောရင် မှားမယ်မထင်ပါ။ ဒီဟာတွေကြောင့်ဘဲ ချင်း ဆိုတဲ့ ဘုံနာမည်နဲ့ စျေးဘန်းခင်းလို့ မကောင်းခဲ့တာပေါ့။ အာဏာရှင် မင်းအောင်လှိုင်နဲ့ တော်လှန်ရမယ့် အထဲမှာ ဒီအတွေးခေါ်တွေက ထိပ်ဆုံးပြင်ဆင်ဖို့ လိုအပ်နေပါတယ်။

မျှော်လင့်ချက် မေ့နေတာမျိုးတော့ မဟုတ်ဘူး၊ အသံတိတ်နေတဲ့ လူငယ်တွေ အများကြီးရှိတယ်။ သူတို့တွေ အသံထွက်လာအောင် အားပေးအားမြှောက် (Empowerment) လုပ်ရမယ်။ ကိုဆလိုင်း အောင်မြင့် ပြောသလို ချင်းမျိုးနွယ်စု တခုအတွင်းသော် လည်းကောင်း၊ မျိုးနွယ်စု အချင်းချင်းကြား သော်လည်း‌ကောင်း (Intra နဲ့ Inter Tribalogue) များများ လုပ်ဖို့လိုတယ်။ နိုင်ငံရေးမှာ အမျိုးသမီးများ ပါဝင်နိုင်ရေးအတွက် တံခါးကျယ်ကျယ် ဖွင့်ရပါလိမ့်မယ်။ အရေးကြီးဆုံးက လူမျိုးရေး ခြံစည်းရိုး၊ ဘာသာရေးခြံစည်းရိုး၊ ကျားမ ခြံစည်းရိုး စသည့်ငါတို့အားလုံး အမြင်ကွယ်စေတဲ့ ခြံစည်းရိုးအားလုံးကို ဘေးချထားပြီး ခြံစည်းရိုး အပြင်ထွက်လိုက်ပါ လူသား အားလုံး အတူတူပါဆိုတဲ့ ကွင်းပြင်မှာ အတူတူထိုင် ကော်ဖီသောက်ရင်း တစ်ယောက်နဲ့တစ်ယောက် ရင်ဖွင့်စကား ပြောခြင်းဖြင့် စရင် အဖြေထွက်လာနိုင်မယ်ထင်ပါတယ်။