• Today is: Wednesday, December 7, 2022

ဗမာမှုပြုသည့်နိုင်ငံရေးမှ ဖောက်ထွက်သင့်ပြီ တနင်္သာရီ

ဗမာမှုပြုသည့်နိုင်ငံရေး မှ ဖောက်ထွက်သင့်ပြီ တနင်္သာရီ

ဝေယံ (သူ့အတွေး သူ့အမြင်)

စစ်အာဏာရှင်ဟောင်းနေဝင်းမှ တိုင်းအနေဖြင့်သတ်မှတ်ခဲ့သော တနင်္သာရီတိုင်းသည် မြန်မာနိုင်ငံတောင်ဘက် စွန်းဆုံးကမ်းရိုးတန်း ဒေသတစ်ခုလည်း ဖြစ်သည်။ ကျွန်းပေါင်း (၈၀၀) ကျော်ကို ပိုင်ဆိုင်ထားပြီး ကိုယ်ပိုင် ယဉ်ကျေးမှုများဖြင့် မတူကွဲပြားသော တိုင်းရင်းသား လူမျိုးစုများနှင့်အတူ ရင်းနှီးချစ်ကြည်စွာအတူ ယှဉ်တွဲ နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ အဓိက ပြောချင်တာကတော့ တနင်္သာရီတိုင်း နိုင်ငံရေး အကြောင်းပင်တည်း။

နိုင်ငံရေးကို သုံးသပ်ရာတွင် သမိုင်းဆိုင်ရာ နောက်ခံ၊ နိုင်ငံရေးအရ ဖြစ်တည်မှုများ အရေးကြီးသည်ကို လက်ခံပါသည်။ သို့သော် စာရေးသူ မွေးဖွေးချိန်မှစ၍ ယနေ့ အသက်ရှင်နေစဉ်အထိ နိုင်ငံရေးဆိုင်ရာ ဖြစ်ပေါ်ပြောင်းလဲနေမှု ရှုထောင့်မှ တင်ပြချင်ပါသည်။ ပကတိနိုင်ငံရေး (Real Politics) ဆိုတာ ပြည်သူလူထုလိုလား တောင်းဆိုချက်၊ နိုင်ငံတစ်ခု(ဝါ) ဖက်ဒရယ်ယူနစ် တစ်ခုနှင့် ကိုက်ညီသော နိုင်ငံရေးစနစ်ကို ပုံဖော်ထုဆစ်ခြင်းပင် ဖြစ်သည်ဟု မှတ်ယူပါသည်။

စစ်အာဏာမသိမ်းခင် တနင်္သာရီနိုင်ငံရေး

ခေတ်အဆက်ဆက် တနင်္သာရီတိုင်း နိုင်ငံရေးတွင် တနင်္သာရီတိုင်းသည် ဖက်ဒရယ်ယူနစ်တစ်ခုဖြစ်သည်ဟူသော စဉ်းစားချက်မှာ ကျယ်ကျယ်လောင်လောင် မကြားခဲ့ရပါ။ ဘာကြောင့်လဲဟု မေးခွန်းထုတ်စရာရှိပါသည်။ ခေတ်အဆက်ဆက် နိုင်ငံရေးသမားဟု ခံယူထားသူများသည် ပြည်သူလူအကျိုးစီးပွားထက် ပြည်ထောင်စု အစိုးရ အလိုကျ ကခုန်ခဲ့ကြသည်။ သဘာ၀သယံဇာတ ပေါကြွယ်၀သော တနင်္သာရီတိုင်းသည် အဘယ်ကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေရသလဲ အရင်းအမြစ်ကို ပြန်ရှာကြည့်မည် ဆိုလျှင် စစ်အာဏာရှင်စနစ်နှင့် ဗဟိုမျှော်ဝါဒ (ဝါ) ဗမာခေါင်းဆောင်များအပေါ် မှီခိုလွန်းသည့်ဝါဒကြောင့် ဖြစ်သည်။

အနီးစပ်ဆုံး ၂၀၁၀ မှ ၂၀၂၀ အာဏာမသိမ်းခင် ကာလကို ကျွန်တော်တို့ လှမ်းကြည့်ကြမည်ဆိုလျှင် အစိုးရနှစ်ရပ်စလုံးသည် ဒီမိုကရေစီ အပြောင်းအလဲ၊ ဖက်ဒရယ် အပြောင်းအလဲကို ကြွေးကြော်ခဲ့သော်လည်း၊ စနစ်အပြောင်းအလဲဆိုတာထက် (Infrastructure) အပြောင်းအလဲလုပ်ရင်း အချိန်ကုန်ခဲ့ကြသည်။ နိုင်ငံရေးသမားဆိုသူများကလည်း ပါတီရွေးကောက်ပွဲ ကြေငြာစာတမ်းမှအပ ကိုယ်ပိုင် ရွေးကောက်ပွဲ ကြေငြာစာတမ်း၊ ကတိကဝတ်များပေးအပ်သူများ၊ မရှိသလောက်ပင် ဖြစ်ခဲ့သည်။ ပြည်ထောင်စု အစိုးရများသည်လည်း တနင်္သာရီတိုင်းကို ဒုတိယလူတန်းစားအဖြစ် ဆက်ခံခဲ့သည်။

တိုင်းအတွင်းရှိ သဘာ၀ သယံဇာတများမှာ တိုင်းအတွင်းရှိပြည်ရှိပြည်သူများ ခံစားခွင့်ဆုံးရှုံးခဲ့ရပါသည်။ တနင်္သာရီ တိုင်းသား/သူများသည် နိုင်ငံရေးတွင် မည်သည့်အခါတွင်မျှ နောက်ကျန်ခဲ့ခြင်းမရှိခဲ့ပေ။ မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု မှစ၍ ယနေ့အထိ တော်လှန်ရေးလှုပ်ရှားမှူ၊ နိုင်ငံတော်အဆင့်တွင် ထင်ရှားသော နိုင်ငံရေးခေါင်းဆောင်များပေါ်ထွက်ခဲ့ကြပါသည်။ထိုခေါင်းဆောင်များသည် ပြည်ထောင်စုတစ်ခုလုံး အတွက်သာ လျှင် တိုက်ပွဲဝင်ခဲ့ကြသည်ကိုလေ့လာတွေ့ရှိရပါသည်။တိုင်းနိုင်ငံရေးထက် ပြည်ထောင်စု အဆင့် နိုင်ငံရေးက ပိုအရေးကြီးသည်ဟု ထင်ခဲ့သလား ဟုစဉ်းစားစရာဖြစ်ပါသည်။သူတို့ နိုင်ငံရေး ဆောင်ရွက် ချက်များကို စော်ကားလိုခြင်း အလျဉ်းမရှိပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတနင်္သာရီ

အာဏာသိမ်းပြီးနောက် တိုင်းပြည်ဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီသို့ ချီတက်မှရတော့မည် ဖြစ်ပါတယ်။ တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးအင်အားစုများစွာပေါ်ပေါက်လာခဲ့ပါသည်။ နိုင်ငံရေးအရ ဘယ်သူတွေကို ဘယ်လိုနေရာမှာ ပါဝင်ခွင့်ပေးပြီ၊ ကိုယ်စားပြုမှုအားလုံးပါဝင်တဲ့ နိုင်ငံရေး ပလက်ဖောင်း ဆိုသော အသိုက်အဝန်းကြီးဆီ ချီတက်ကြဖို့လိုအပ်ပါတယ်။ ချီတက်ရာတွင် လူမျိုုးအခြေပြုချည်းကပ်မှုထက် ပထဝီအရ ဖြစ်စေ၊ လူသားဖြစ်မှုရှုထောင့်မှဖြစ်‌စေချဉ်းကပ်မှသာလျှင် ရေရှည်သင့်မြတ်သော လူ့အဖွဲ့အစည်း တစ်ခုကို ရရှိပါလိမ့်မည်။

အင်အားစုများလာသည်နည်းတူ ခေါင်းဆောင်မှုပြသနာ ဦးဆောင်မှု ပြသနာများ ရှိလာကြ ပါသည်။ နိုင်ငံရေးသမားများ သည်ဗမာမှုကို ဦးတည်စဉ်းစားသောနိုင်ငံရေးစနစ်ကို စွန့်ခွာပြီး တနင်္သာရီ ပြည်သူလူထု အတွက် တနင်္သာရီ နိုင်ငံရေးကို ချီတက်မှရတော့မည်။ တနင်္သာရီဟာ ဖက်ဒရယ် ယူနစ်တစ်ခု ဖြစ်သည်ကို ကိုင်စွဲပြီး အားလုံးပါ၀င်လက်ခံနိုင်သော နိုင်ငံရေးစုဖွဲ့မှုနှင့် တစ်တိုင်းလုံးကိုလွှမ်းခြုံနိုင်သော တပ်တော် တစ်ခုလည်းရှိရန်လည်း လိုအပ်ပါသည်။ ထို့နောက် လူထုလိုလားသောနိုင်ငံရေး road map နှင့် ညီညွတ်စွာ ချီတက်သွားကြဖို့ လိုအပ်ပါသည်။

အဓိက ကတော့ လွှတ်တော် အမတ်များအနေဖြင့် ဗမာမှုပြုသည့် နိုင်ငံရေးမှ စွန့်ခွာပြီး တိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများနှင့် ဉီးဆောင်လက်တွဲ ဆောင်ရွက်မှုကို ပြုလုပ် သင့်ပါသည်။ ဒါမှသာလျှင် ရေရှည် ဒီမိုကရေစီအပြောင်းအလဲ၊ ဖက်ဒရယ်အနှစ်သာရကို ပြည်သူအားလုံး ခံစားရမည်ဖြစ်သည်။ မိမိအဖွဲ့အစည်းနေရာ ရရှိရေးထက် ပြည်သူလူထု အကျိုးကိုရှေ့တန်းတင် စဉ်းစားကြဖို့ လိုအပ်တယ်။ တိုင်းအတွင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ပွင့်လင်းစွာစကားပြောတက်သော နိုင်ငံရေး ယဉ်ကျေးမှုထွန်းကားရန် လိုအပ်ပါသည်။ တနင်္သာရီရဲ့ နိုင်ငံရေးဦးဆောင်မှုကို ဘယ်သူ၊ ဘယ်အဖွဲ့ကမှ ဦးဆောင်ဆွေးနွေးခွင့်မပြုဘဲနှင့် အားလုံးပါ၀င်သော ဦးဆောင်ဆွေးနွေးမှုကို ဖော်ဆောင်ရပါမည်။

ခေတ်အဆက်ဆက်မှာ တနင်္သာရီတိုင်းဟာ ဒုတိယလူတန်းစား တစ်ရပ်အနေနဲ့ တန်းတူအခွင့်အရေးတွေ ဆုံးရှုံးပြီး နေထိုင်လာခဲ့ရတယ်။ ကျွန်တော်တို့ အားလုံး တနင်္သာရီအမျိုးသားများပြည်နယ်ကို တည်ထောင်ကြမှရလိမ့်မည်။ ကျွန်တော်တို့ စစ်အာဏာရှင် ဆန့်ကျင်ရေး အပါအဝင် တိုင်းပြည်တည်ဆောက်ရေးမှာ တန်းတူညီမျှမှုနဲ့အတူ ပထမလူတန်းစား တစ်ရပ် အနေဖြင့် ရပ်တည်သွားမှသာလျှင်ရေရှည်မှာလည်းငြိမ်းချမ်းသော ပြည်နယ်တစ်ခုကို ခံစားရရှိမည် ဖြစ်ပါတယ်။

တနင်္သာရီတိုင်းရဲ့ အနာဂတ်ကို မည်သည့် အစိုးရအဖွဲ့အစည်းမှ ပုံဖော်လို့မရနိုင်ဘူး ဆိုတာကို ပြည်သူ အားလုံး နားလည်ထားဖို့ လိုအပ်ပါတယ်။ အာဏာဟာတနင်္သရီ ပြည်သူလက်ထဲမှာဘဲ ရှိပါတယ်။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးဆိုတဲ့ စစ်အာဏာရှင်တွေရဲ့ နိုင်ငံရေးသီအိုရီတွေကို ချန်ထားခဲ့ပြီး တိုင်းရင်းသား တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးတွေသာ အခြေခံကျဆုံးအဖြေတွေဖြစ်တယ်။

နောက်ဆုံးအနေဖြင့် တန်းတူညီမျှမှုတွေ၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေနဲ့အတူ ဗဟိုချူပ်ကိုင်မှု ကင်းသော တနင်္သာရီ အမျိုးသားများ ပြည်နယ်ကို တည်ထောင်ကြရမည်ကို မိဘပြည်သူများအနေဖြင့် နိုင်ငံရေးအသိများ ရှိထား ကြပါရန် အလေးအနက် အကြုံပြုလိုက်ပါသည်။

ကျွန်တော်တို့ အားလုံးဟာ ပကတိနိုင်ငံရေးကို လက်ခံပြီး ဗမာမှုပြုသည့် နိုင်ငံရေးမှ ထွက်ခွာကာ တနင်္သာရီ ပြည်သူလို‌နေအပ်သော နိုင်ငံရေးပလက်ဖောင်းကို လျှောက်လှမ်းဖို့ အချိန်တန်ပါပြီ။

               “မြေအုတ်တို့ပြိုသော် ကျောက်အုတ်တို့ဖြင့် အစားထိုးအံ့”

                ” ဖြစ်စဉ်တစ်ခုကိုပြောင်းလဲရုံ တကယ်အပြောင်းအလဲကို မရနိုင်

              အတွေးအခေါ်တွေပြောင်းလဲ နိုင်မှ တကယ့် အပြောင်းအလဲကို ရရှိမည်”

(စာရေးသူသည် တနင်္သာရီတိုင်း၊ ထားဝယ်လူမျိုး လူငယ်တစ်ဦးဖြစ်သည်။)