• Today is: Friday, March 29, 2024

ဖက်ဒရယ်ယူနစ်နှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများ စကားဝိုင်းအနှစ်ချုပ်

ဖက်ဒရယ်ယူနစ်နှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများ စကားဝိုင်းအနှစ်ချုပ်

၁။         ဖက်ဒရယ်စနစ်ကျင့်သုံးရာတွင် ယူနစ်ဖွဲ့စည်းပုံအခြေခံဥပဒေများသည် ဘယ်လောက်ထိအရေးပါသလဲ။

ယိင်းလောဝ်

(Salween Institute Public Policy ညွှန်ကြားရေးမှူး)

နိုင်ငံတိုင်းနီးပါးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဟာ ဒီနိုင်ငံကို ဘယ်လို ဖွဲ့စည်းထားသလဲ၊ ဘယ်လိုတည်ဆောက်ထားသလဲဆိုတာကို ရေးဆွဲထားတာ ဖြစ်ပါတယ်။ နိုင်ငံဟာ တပြည်ထောင်နိုင်ငံ ဖြစ်သလား။ ပြည်ထောင်စုလားဆိုတာကို ဖော်ပြထားပါတယ်။ တချိန်တည်းမှာ ရေးဆွဲထားတဲ့အချက်အလက်တွေနဲ့ အာဏာကျင့်သုံးမှုပုံစံတွေနဲ့ကိုက်ညီတဲ့ ပြည်နယ်အခြေခံဖွဲ့စည်းပုံတွေ ရှိတတ်ကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အာမခံပေးနိုင်မဲ့ ပြည်နယ်ဖွဲ့စည်းပုံတွေ ရှိဖို့လိုပါတယ်။

၂။         ပြည်ထောင်စုအခြေခံဥပဒေတွင် မည်သည့်အကြောင်းအရာများပါဝင်၍ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မည့်သည့်အကြောင်း အရာများပါဝင်ရပါမည်နည်း။ တနည်းအားဖြင့် ပြည်ထောင်စု အခြေခံဥပဒေနှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ကွာခြားပုံ။

ဖေါ်မြားလရိန်

(အထက်တန်းရှေ့နေ)

            ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေမှာ တပြည်ထောင်လုံးကိစ္စတွေ၊ နိုင်ငံသားအားလုံးရဲ့ ရေးရာတွေကို ဖော်ပြထားပြီးတော့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်နယ်တစ်ခုချင်းဆီရဲ့ လူမျိုးစုတွေရဲ့ တန်းတူညီတူရှိစေရန်၊ လူနည်းစုတွေရဲ့ တန်းတူညီမျှတွေကို အာမခံပေးနိုင်ဖို့ အလွန်တရာအရေးကြီးပါတယ်။

၃။         ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲသည့်နေရာမှာ မည်သူများ ပါဝင်သင့်သနည်း။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို နောက်ဆုံးအတည်ပြုခြင်းနဲ့ ပက်သက်၍ ပြည်ထောင်စု၏ အခန်းကဏ္ဍ ဘယ်လိုရှိပါမည်နည်း။

KKM

(ဖက်ဒရယ်ရေးရာ ကျွမ်းကျင်သူ)

၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ဟာ ပင်လုံသဘောတူညီချက်အချက်တချို့ပါတယ်ဆိုပေမဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေလို့ပြောလို့ မရပါဘူး။ ပြည်နယ်ဖွဲ့စည်းပုံ မရှိခဲ့ဘူး။ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ ကတော့ စစ်အာဏာသိမ်းပြီးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတော့ ဘာမှ ပြောစရာမလိုပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကတော့ အချို့တွေက ဖက်ဒရယ်နဲ့ ဒီမိုကရေစီမူတွေပါတယ်လို့ ပြောကြပေမဲ့ ကျွန်တော့်အနေနဲ့ကတော့ ဖက်ဒရယ်ဝိသေသလက္ခဏာတွေပါတယ်လို့တောင် ပြောလို့မရပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ရေးဆွဲတဲ့အချိန်မှာ ပြည်ထောင်စုအဆင့်ဆိုရင် ပြည်ထောင်စုအဆင့် အားလုံးပါဝင်ဖို့ လိုသလို ပြည်နယ်တစ်ခုချင်းဆီ ရေးဆွဲမယ်ဆိုရင် လူထုအားလုံးကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်း၊ ခေါင်းဆောင်တွေပါဝင်ဖို့ လိုပါတယ်။ ကိုယ်စားပြုသူတွေအနေနဲ့ နယ်ဆင်းပြီး ပြည်သူတွေရဲ့ သဘောဆန္ဒကို နားထောင်ဖို့ လိုပါတယ်။ နောက်ဆုံးအဆင့်အနေနဲ့ ဆန္ဒခံယူဖို့ လိုပါတယ်။

၄။         လက်ရှိ Federal Democracy Charter အရ ကာလ ၃ ပိုင်းရှိသည်။ ပြည်နယ်ဖွဲ့စည်းပုံကို  ဘယ်ကာလတွင် ရေးဆွဲပြဌာန်းရမည်နည်း။ (ဖက်ဒရယ် ခြေ/ဥ ရေးဆွဲပြီးနောက်ပိုင်း မှာမှ ရေးဆွဲရမှာလား)

ဖေါ်မြားလရိန်

(အထက်တန်းရှေ့နေ)

ပြည်နယ်ဖွဲ့စည်းပုံကို လက်ရှိကာလမှာ မကျင့်သုံးသေးဘဲ တော်လှန်ရေးအင်အားစုက နိုင်သွားတဲ့အချိန် သို့မဟုတ် စကစက အားသာတဲ့အချိန် (Post conflict) ကာလမှာ သုံးသင့်ပါတယ်။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုဖို့အတွက် ဆန္ဒခံယူပွဲတွေ ကျင်းပဖို့လိုတဲ့အတွက် ငြိမ်းချမ်းတဲ့ကာလမှာ စတင်သုံးစွဲသင့်ပါတယ်။ တိုင်းပြည်ကို ငြိမ်းချမ်းအောင် ဖက်ဒရယ်စနစ်ကို ပိုမိုခိုင်မာအောင် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဌာန်းသင့်ပါတယ်။

ယိင်းလောဝ်

(Salween Institute Public Policy ညွှန်ကြားရေးမှူး)

Charter ဆိုတာ နိုင်ငံရေးကတိကဝတ်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ မဖြစ်မနေလိုက်နာရမဲ့  စည်းမျဉ်းတွေ ဖြစ်ပါတယ်။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို မရေးဆွဲရသေးတဲ့အချိန်မှာလည်း ဖက်ဒရယ်မူ၊ ဖက်ဒရယ်တန်ဖိုးတွေကို စတင်လိုက်နာဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

၇။        ယခုအချိန်တွင် ပြည်နယ်ခြေ/ဥ ရေးဆွဲသည့် အစုအဖွဲ့များ တချို့ရှိပါသည်။ အထူးသဖြင့် ရှမ်းပြည်နယ်ထဲတွင် နေထိုင်သည့် တိုင်းရင်းသား ညီအစ်ကိုများတချို့က စတင်ရေးဆွဲနေသည့်အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

KKM

(ဖက်ဒရယ်ရေးရာ ကျွမ်းကျင်သူ)

လက်ရှိရေးဆွဲနေကြတဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်အချိန်မှာ အတည်ပြုပြဌာန်းရမလဲဆိုတာ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ အပေါ်မှာလည်း မူတည်ပါတယ်။ ဖက်ဒရယ်စိတ်ဓာတ်ကိုအခြေခံပြီး ရေးဆွဲထားဖို့ လိုပါတယ်။ ပြည်ထောင်စုအနေနဲ့ ဖက်ဒရယ်ယူနစ် ဘယ်နှခုထားမလဲဆိုတာကိုလည်း အရင်ဆုံး ဆုံးဖြတ်ချက်ချဖို့ လိုပါတယ်။ လူမျိုးအပေါ်အခြေခံပြီး ပြည်နယ်တည်ဆောက်မဲ့ ရခိုင်တို့ ရှမ်းတို့ အတွက် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ရေးဆွဲထားလို့ ရပေမဲ့ ဗမာယူနစ်တွေအနေနဲ့ ပြည်နယ် ဘယ်နှခုထားမလဲ၊ ဘယ်လို ဖွဲ့စည်းမလဲဆိုတာ အရင်ဆုံး ဆုံးဖြတ်ဖို့ လိုပါတယ်။

၈။        တဆက်တည်းမှာဘဲ ပြည်နယ်အသစ် တောင်းဆိုမှုများအပေါ်မှာ ယူနစ်အသစ်ဖော်ဆောင်ရေး ပက်သက်၍ မည်သည့်ခြေ/ဥတွင် ပြဌာန်းသင့်ပါသနည်း။ သက်ဆိုင်ရာ ပြည်နယ်များ၏ အခန်းကဏ္ဍကော ဘယ်လိုရှိရပါမည်နည်း။

ယိင်းလောဝ်

(Salween Institute Public Policy ညွှန်ကြားရေးမှူး)

၂၀၁၇ ခုနှစ် မိုင်ဂျာယန်မှာ တိုင်းရင်းသားမျက်နှာစုံညီအစည်းအဝေးတစ်ရပ် ကျင်းပခဲ့တယ်။ ထိုအစည်းအဝေးမှာ ပင်လုံစာချုပ်ကို ဘယ်လိုပုံစံနဲ့ လက်မှတ်ထိုးကြလဲဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။ ပင်လုံစာချုပ်ဟာ ရှမ်း၊ ချင်း၊ ကချင်၊ ဗမာ နဲ့ ကရင်နီတို့ဟာ နိုင်ငံရေးယူနစ်အနေနဲ့ ကိုယ်စားပြုပြီး လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဗမာပြည်နယ်အနေနဲ့ ပြည်နယ်တစ်ခုအနေနဲ့ နိုင်ငံရေးယူနစ်တစ်ခု ထွက်ဖို့လိုပါတယ်။ တိုင်းတွေအနေနဲ့ မိမိတို့ နိုင်ငံရေးရပ်တည်ချက်၊ နိုင်ငံရေးအရ ဖြစ်တည်မှုကို သိရှိဖို့လိုပါတယ်။ နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုမလုပ်ဖို့ အရေးကြီးတဲ့အတွက် ရှမ်း၊ ကချင်၊ စတဲ့ တိုင်းရင်းသားတွေက ဗမာပြည်အရေးနဲ့ ပတ်သက်ပြီး ဝင်ရောက် မစွက်ဖက်မိဖို့ အရေးကြီးသလို ဗမာအနေနဲ့ ဖက်ဒရယ်တိုင်းပြည်မှာ ဘယ်လိုပုံစံနဲ့ပါဝင်မလဲ၊ ဘယ်လိုအခြေခံနဲ့ပါမလဲဆိုတာကို ရွေးချယ်ဆုံးဖြတ်ဖို့ လိုပါတယ်။

 ဖေါ်မြားလရိန်

(အထက်တန်းရှေ့နေ)

ပြည်နယ်သစ်တွေ ဖော်ဆောင်ချင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ အကယ်လို့ ပြည်နယ်ဖွဲ့စည်းပုံတွေ ရှိနေပြီးသားဆိုရင် ပိုပြီး ဖြေရှင်းလုပ်ဆောင်ပေးဖို့ လွယ်ကူပေမဲ့၊ လက်ရှိအချိန်မှာ ပြည်နယ်သစ်တွေ ထွက်ပေါ်လာမယ်ဆိုရင် ပြည်နယ်တွင်း ပဋိပက္ခတွေ ဖြစ်လာနိုင်ပြီးတော့ နောက်ပြန်ဆွဲတဲ့ အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။

KKM

(ဖက်ဒရယ်ရေးရာ ကျွမ်းကျင်သူ)

ပြည်နယ်သစ် ဖော်ဆောင်ရေးနဲ့ပတ်သက်ပြီး အရေးကြီးဆုံးက ကာယကံရှင်ပြည်နယ်က အရေးကြီးဆုံးပါ။ ကာယကံရှင်ပြည်နယ်နဲ့ ပြည်နယ်သစ်လိုလားတဲ့လူမျိုးကြား ဆွေးနွေးညှိနှိုင်းဖို့ လိုပါတယ်။ ထိုမှာတဆင့် အဆင့်ဆင့် တင်ပြ ပြဌာန်းဖို့ လိုပါတယ်။ လက်ရှိ ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲနေချိန်မှာလည်း လူထုကို မချပြနိုင်သေးခင်မှာ နိုင်ငံရေးအဖွဲ့အစည်းတွေအကြား သဘောတူညီချက် ရရှိထားဖို့ လိုပါတယ်။ တချိန်တည်းမှာ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြန်ချိတ်နိုင်ဖို့ ကြိုတင်စဉ်းစားထားဖို့လိုပါတယ်။

၉။        အရင်တုန်းက SCSC ဆိုပြီး ပြည်နယ် ခြေ/ဥ ရေးဆွဲတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါသည်။ မူကြမ်းများလည်း ထွက်ရှိခဲ့ပါသည်။ တချို့ပညာရှင်များက “ဖက်ဒရယ် အနှစ်သာရထက် ဒီမိုကရေစီ အနှစ်သာရဘဲ ပိုများတယ်” လို့ ပြောကြပါတယ်။ ဒီပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ယိင်းလောဝ်

(Salween Institute Public Policy ညွှန်ကြားရေးမှူး)

ပြည်ထောင်စုတစ်ခုတည်းမှာ တူတူနေချင်တယ်ဆိုရင် တူတူနေလို့ရမဲ့ အရာတွေကို လုပ်ဆောင်ဖို့ လိုပါတယ်။ လက်ရှိဦးဆောင်သူတွေအနေနဲ့ ဖက်ဒရယ်ကို လိုချင်တယ်ဆိုရင်ရင် အခြေခံကျတဲ့ တူညီမှုတွေကို လုပ်ဆောင်ဖို့ လိုပါတယ်။ ပြည်ထောင်စုဟာ တစ်ဦးတစ်ယောက်တည်းပိုင်တဲ့တိုင်းပြည်မဟုတ်ဘဲ အားလုံးပိုင်တဲ့တိုင်းပြည်ဖြစ်ကြောင်း လက်ခံကျင့်သုံးဖို့ လိုပါတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ ဆိုရင် လူတိုင်းမှာ ရှိတဲ့ အခြေခံလူ့အခွင့်အရေးတွေကို လေးစားဖို့လည်း လိုပါတယ်။ မတူကွဲပြားမှုကို အလေးထားဖို့ လိုပါတယ်။

ဖေါ်မြားလရိန်

(အထက်တန်းရှေ့နေ)

ငြိမ်းချမ်းတဲ့ ပြည်ထောင်စုဖြစ်ဖို့အတွက် Coming Together ဖြစ်တဲ့နိုင်ငံဖြစ်တဲ့ အတွက် အားလုံးအတွက် ကိုက်ညီမဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ လိုပါတယ်။