• Today is: Tuesday, April 16, 2024

အကွဲအပြဲနွံထဲ နစ်လာကြတဲ့ တောင်တန်းသခင်တွေ

အကွဲအပြဲနွံထဲ နစ်လာကြတဲ့ တောင်တန်းသခင်တွေ

●───── ๑۩۩๑ ─────●
– ဆလိုင်းထွန်းလှကျော် (သူ့အတွေး သူ့အမြင်)
 
“တောင်တန်းတွေနဲ့ စုစည်းထားတဲ့မြေ၊ မိုးတိမ်တွေနဲ့ နီးစပ်တဲ့ မြေ၊ မြူခိုးတွေ လွှမ်းခြုံထားတဲ့ တိုင်း ပြည်ငယ်။ လူဦးရေ နည်းပြီး မျိုးနွယ်စုတွေများတဲ့ မြေ၊ လက်နက် ကိုင်တပ်တွေ အလျှံပယ် ပေါလာတဲ့ မြေ၊ အကွဲအပြဲဆီပဲ တိုက်ရိုက် ဦးတည်လာတဲ့ တိုင်းပြည်ငယ်။ ဒီတိုင်းပြည်ငယ်ဟာ ချင်းတွေစုပေါင်း ပိုင်ဆိုင်တဲ့ ဘိုးဘွားပိုင်မြေ။”
 
■ တောင်တန်းသခင်တွေရဲ့ အာဏာရှင်စနစ် ဆန့်ကျင်ရေး ■
 
အာဏာသိမ်း စစ်တပ်ရဲ့ စစ်အုပ်ချုပ်ရေးကာလဟာ ၁ နှစ်နဲ့ ၈ လ အကုန်ပိုင်းကို ရောက်လာခဲ့ပါပြီ။ ဒီအတော အတွင်း မြန်မာတစ်နိုင်ငံလုံးမှ ပြည်သူတစ်ရပ်လုံးကနေ အာဏာရှင်စနစ် အမြစ်ဖြတ်ရေးကို ကြိုးပမ်းလာခဲ့ကြ တာဟာ အခုဆိုရင်‌ လက်နက်ကိုင် တော်လှန်ရေးအထိပါ အပြန့်ကျယ်သွားခဲ့ရပါပြီ။
 
အဏာရှင်ရဲ့ ယန္တရားတွေ ဟာလည်း စက်သွားတွေ မစုံတော့ဘဲ လည်ပတ်နေရတဲ့ ဂီယာအုံတွေလို –
 
• လည်ပတ်မှုတွေ မမှန်တော့တာ (ဗရမ်းဗတာ ဖြစ်တာ)
• လည်ပတ်လို့ မရတော့တာ (ရပ်တန့် နေရတာ)တွေ ဖြစ်လာခဲ့ပါတယ်။
 
အာဏာသိမ်း နောက်ပိုင်းကနေ ဒီနေ့အချိန်ထိ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဖြစ်တဲ့ အကြမ်းမဖက်တဲ့ အာဏာဖီမှုတွေနဲ့ ဆန္ဒပြမှုတွေမှာ မိုးတိမ်တွေ၊ မြူခိုးတွေနဲ့အတူ တောင်တန်းတွေပေါ်မှာ မွေ့လျော် စံနေကြတဲ့ ချင်းလူမျိုတွေလည်း “အာဏာရှင်စနစ် ကျဆုံးရေး၊ ဒီမိုကရေစီ ပြန်လည်ရရှိရေးနဲ့ ဖက်ဒရယ်တည်ဆောက်ရေး ကြွေးကြော်သံတွေကို တောင်တန်းတွေ တခွင်လုံးမှာ ဟိန်းနေအောင် ကြွေးကြော်ခဲ့ကြကာ ရှေ့တန်းကနေပါဝင် ခဲ့ကြပါတယ်။ ချင်းလူမျိုးတွေရဲ့ “အာဏာရှင် ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ကြွေးကြော်သံတွေ”ဟာ တောင်တန်းတွေသာမက မြေပြန့်တွေမှာပါ ဖုံးလွှမ်းခဲ့ပြီး ဖြစ်ပါတယ်။
 
■ အာဏာသိမ်းစစ်တပ်ရဲ့ ဘီလူးဆိုင်းကြောင့် တူမီးနဲ့ဝင်ကလာကြတဲ့ တောင်တန်းသခင်တွေ ■
အာဏာသိမ်းစစ်တပ်က အကြမ်းမဖက်ဘဲ အာဏာဖီဆန်ကြတဲ့ ပြည်သူတွေအပေါ် ဘီလူးဆိုင်းတီးပြီး အာဏာ ဆုပ်ကိုင်ဖို့ ဆက်ကြိုးစားတဲ့ နောက်ပိုင်းမှာတော့ တောင်တန်းတွေရဲ့ သခင်နဲ့ တူမီးတွေရဲ့ ဖခင်တွေဖြစ်တဲ့ ချင်းလူမျိုးတွေဟာ အပြစ်မဲ့ပြည်သူတွေကို ကာကွယ်နိုင်ဖို့ ရရာတူမီး လက်နက်တွေနဲ့ စစ်အာဏာရှင် လက်ပါးစေ တွေကို ကနဦး ခုခံတွန်းလှန်ခဲ့ကြသူတွေ ဖြစ်ပါတယ်။
 
၂၀၂၁ ခုနှစ်၊ ဧပြီလ (၄)ရက်နေ့မှာ Chinland Defense Force ကို စတင်ဖွဲ့စည်းခဲ့ကြပြီးတော့ ရည်မှန်းချက်တွေ က “စစ်‌‌ကောင်စီရဲ့ရန်ကနေ အရပ်သားတွေကို ကာကွယ်ရေး၊ စစ်အာဏာရှင်စနစ် ကျရှုံးရေး၊ ၂၀၀၈ အခြေခံဥ ပဒေ ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး” တို့ပဲ ဖြစ်ပါတယ်။ ဧပြီလ (၂၄) ရက်နေ့မှာ စတင်ခဲ့တဲ့ မင်းတပ်မြို့ရဲ့ တူမီးခုခံတွန်းလှန်ရေးကနေအစပြုပြီး ချင်းပြည်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ထိုး စစ်ဆင်မှုတွေနဲ့ တူမီးဖခင်တွေရဲ့ ခုခံတော်လှန်မှုတွေဟာ ဆက်တိုက်ဆိုသလို ရှိလာ‌ခဲ့ပါတော့တယ်။
 
အာဏာသိမ်းစစ်တပ်ရဲ့ လက်ပါးစေတွေဟာ ပထဝီအနေအထားအရ မြင့်မား၊ မက်စောက်တဲ့ တောင်တန်းတွေ၊ ချိုင့်ဝှမ်းတွေအပြင် ပြည်မနဲ့မတူတဲ့ ရာသီဥတုအခြေအနေတွေကြောင့် တူမီးကိုင်ပြီး ခုခံနေကြတဲ့ တောင်တန်း တွေရဲ့ သခင်ဖြစ်တဲ့ ချင်းလူမျိုးတွေကို မချေမှုန်းနိုင်ခဲ့တဲ့အပြင် အကျအဆုံးများစွာနဲ့ အတုံးအရုန်း အထိနာပြို လဲ ခဲ့ရတာတွေချည်း ဖြစ်ပါတယ်။
 
ဒီလို တောင်တန်းသခင်‌၊ တူမီးဖခင်တွေရဲ့ ခုခံတွန်းလှန် အောင်မြင်နိုင်မှုတွေ ဟာ ပြည်မနဲ့ တစ်နိုင်ငံလုံးက ဒီမိုကရေစီလိုလား‌သူတွေကို “လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ဖို့ အချိန်တန်ပြီ ဖြစ်ကြောင်း” တပ်လှန့် လှုပ်နှိုးလိုက်သလိုလည်း ဖြစ်ခဲ့ပါတယ်။
 
အာဏာသိမ်းနောက်ပိုင်း ချင်းပြည်အတွင်း ချင်းလက်နက်ကိုင်တပ်ဖွဲ့ ၂၆ ဖွဲ့အထိတိုးလာခဲ့ပြီး ဒေသနဲ့မျိုးနွယ်စု တွေကို အခြေပြုကာ သီးခြားစီ ရပ်တည်နေကြတာဖြစ်ပါတယ်။ အဲဒီလို ချင်းလက်နက်ကိုင်တပ်တွေ တိုးလာ ကြတဲ့အထဲမှာ CDF တပ်တွေက အရေအတွက် ၁၄ ခုဖြစ် ပြီးတော့ အခြား ZDF-Tonzang, Zomi Defense Force, Zogam Army, PDF – Zoland, PDF Cimnuai, PDA – Tedim, CNO/CNDF နဲ့ MATC/MDF တို့လည်း ရှိကြပါတယ်။ အလားတူ ၁၉၈၈ နဲ့ ၁၉၉၇ ခုနှစ် တို့ကနေ အသီးသီး ပေါ်ထွက်ခဲ့ကြတဲ့ CNF/CNA နဲ့ ZRA တို့ဟာလည်း ချင်း ပြည်အတွင်း လက်နက် ကိုင်တပ်တွေဖြစ် နဂိုကတည်းကပင် ယနေ့အချိန်ထိ ရှိနေကြတာပါ။
 
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့မှာတော့ CNF/CNA, CNO/CNDF, ZFU/PDF-Zoland တို့ အပါအဝင် CDF ချင်းလက်နက်ကိုင် တပ်ဖွဲ့ ၁၄ ဖွဲ့ တို့ဟာ Chinland Joint Defense Committee (CJDC) အနေနဲ့ တပ်ပေါင်းစု အသွင်မျိုး စုစည်းလာခဲ့ကြပါတယ်။ ချင်းတောင်တန်းကို ကျူးကျော်ဝင်ရောက်လာကြတဲ့ အာဏာသိမ်းစစ်တပ် ကို ဒီတပ်ပေါင်းစုကနေ စစ်ရေးဗျူဟာ သာလွန်မှုနဲ့အတူ အချက်ကျကျ တိုက်ထုတ်နေကြတာပါ။
 
■ တောင်တန်းသခင်တွေရဲ့ အကွဲအပြဲ ရေခံမြေခံ ■
 
ချင်းပြည်မှာ ချင်းတပ်တွေ တိုးများလာတာဟာ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ကို ခုခံတွန်းလှန်၊ တိုက်ထုတ် ရေးကဏ္ဍမှာ အများကြီးထိရောက်ခဲ့ပါတယ်။ သို့ပေမယ့် တစ်ဖက်မှာလည်း နဂိုကတည်းကနေ မျိုးနွယ်စုအကွဲနဲ့ ဘာသာရေးအကွဲတို့လို ရေခံမြေခံရှိနေတဲ့၊ နယ်မြေအရ သေးငယ်တဲ့ချင်းပြည်မှာ ချင်းလက်နက်ကိုင်အုပ်စုတွေ အလျှိုလျှိုပေါ်ပေါက်ပြီး သီးခြားစီရပ်တည် လာကြတာဟာ တော်လှန်ရေးနှင့်အတူ ချင်းအမျိုးသား စည်းလုံးညီ ညွတ်ရေးနဲ့ အနာဂတ် ချင်းပြည်ထောင် တည်ဆောက်ရေး ကြိုးပမ်းမှုရဲ့ လမ်းကြောင်းပေါ်မှာ အခန့်မသင့်ရင် အတားအဆီး ဖြစ်လာနိုင်ပြီး အဲ့ဒီအတားအဆီးအတွက်လည်းပဲ လက်နက်ကိုင်တပ်တွေ ဖောင်းပွလာခြင်းဟာ ရေခံမြေခံတစ်ခုလို ဖြစ်နေပါတယ်။
 
တစ်ဖက်မှာလည်း ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေ အများစု စုစည်းထားတဲ့ CJDC ရှိတယ်လို့ ဆိုကြပေမယ့် CJDC မှာ CNF/CNA ရဲ့ လွှမ်းမိုးမှု အတိုင်းအတာ တစ်စုံတစ်ရာအထိ ရှိတယ်လို့ ပြောဆိုမှုတွေ ရှိလာတာ၊ တစ်ဖက်မှာ CJDC ဟာ တပ်ပေါင်းစု ဖြစ်တာကြောင့် စစ်ရေးအရ အဖွဲ့ဝင် လက်နက်ကိုင် တပ်တွေ အပေါ် အမိန့်ပေးပိုင်ခွင့်၊ ထိန်းချုပ်ပိုင်ခွင့်နဲ့ ဝင်ရောက် စွပ်ဖက်ပိုင်ခွင့်မရှိတာ စတဲ့ အားနည်းချက်တွေ ရှိပါတယ်။
 
ဒီလိုနဲ့ တောင်တန်း သခင်တွေအချင်းချင်း မျိုးနွယ်စုနဲ့ နိုင်ငံရေး အကျိုးစီးပွား၊ တပ်နေရာ ချထားရေးနဲ့ စစ်ရေးလှုပ်ရှားမှုနယ်မြေ၊ ကိုယ်စားပြုနိုင်မှု အခန်းကဏ္ဍ စတာတွေကို အခြေခံပြီး အကျိုးစီးပွားချင်း ထိပ်တိုက်တိုးရာကနေ ပဋိပက္ခမီး တွေတောက်လောင်ပြီး အာဏာရှင် အကြိုက် တွေ့စေမယ့် အကွဲအပြဲ ဇာတ်တွေကို လက်နက်တွေ ကိုယ်စီနဲ့ ကပြ နေကြမှာလည်း အနာဂတ် ချင်းပြည်ထောင်အတွက် စိုးရွံ့စရာတစ်ခုဖြစ်လာပါတယ်။
 
■ အကွဲအပြဲ နွံအိုင်ထဲ စဆင်းကာ၊ ကူးခတ်လာကြပြီ ■
 
ချင်းပြည်အတွင်း ချင်းလက်နက်ကိုင်အချင်းချင်း ထိတွေ့တိုက်ခိုက်မှုဟာ ၂၀၂၁ ခုနှစ်၊ မေလ (၂၂) ရက်နေ့က တည်းက စရှိလာခဲ့တယ်လို့ ဆိုရမှာပါ။ တီးတိန်မြို့မှာ People Defense Army (Teddim)
ကို ဖွဲ့စည်းဖို့ စုစည်းနေ ကြတဲ့ လူငယ်တွေကို ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) က ရုတ်တရက် လာရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါ တယ်။ ဇွန်လ(၁၆)ရက်နေ့မှာလည်း ZRA ဟာ ZFU (Zoland) တပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်း ရှိ စားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေနဲ့ အသုံး
အဆောင် ပစ္စည်းတွေအပြင် တူမီးသေနတ် ၅ လက်ကိုပါ ဖျက်ဆီးခဲ့ ကြပါတယ်။
 
ZFU တပ်စခန်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နောက်တစ်နေ့ ဇွန်လ (၁၇) ရက်နေ့မှာတော့ ZRA (အရှေ့ပိုင်းတိုင်း) ဟာ “မိမိတို့ လှုပ်ရှားနယ်မြေအတွင်း သီးခြား လက်နက်ကိုင်တပ် ထူထောင်ခြင်းကို လုံးဝ လက်ခံမည်မဟုတ် ကြောင်း” ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီနောက် စက်တင်ဘာလ အတွင်းမှာလည်း CDF (Hualnog) တပ်စခန်းကို ZRA ကနေ ဆက်ပြီး တိုက်ခိုက်ခဲ့ပါတယ်။
 
ဒီဇင်ဘာ ၁၁ ရက်နေ့မှာတော့ “ZRA က PDF-Zoland ‌ရဲ့ ခေါင်းဆောင်တစ် ဦးဖြစ်တဲ့ Pu Cin Sum ကို ဒီဇင်ဘာ ၅ ရက်နေ့မှာ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း” CJDC ကနေ ထုတ်ပြန် လာခဲ့ပါ တယ်။ အလားတူ ထို‌ကဲ့‌သော ဖြစ်ရပ်တွေကို CJDC ကနေ ပြင်းပြင်းထန်ထန် ရှုံ့ချခဲ့ပြီး သတိပေးမှုတွေလည်း ဆက်တိုက်ဆိုသလို လုပ်လာခဲ့ပါတယ်။
 
ဒီဇင်ဘာလ (၁၇) ရက်နေ့မှာတော့ CNA အပါအဝင် CJDC ပူးပေါင်းတပ်တွေကနေ ZRA ကို တန်ပြန် တိုက်ခဲ့ကြ ပါတယ်။ ထိတွေ့တိုက်ခိုက်မှုတွေဟာ ၂၀၂၂ ခုနှစ်အထိ ဆက်ရှိလာခဲ့ပြီး ဧပြီလ ၁၂ ရက်နေ့မှာ တော့ CJDC ကနေ ZRA ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ် ကြေညာခဲ့ကာ ဧပြီလကုန်ပိုင်းအထိ နှစ်ဖက် တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။ ထိုနောက်ပိုင်းတွေမှာတော့ ZRA နဲ့ CJDC ပူးပေါင်းတပ် တွေအကြား စစ်ရေး တင်းမာမှုတွေ လျော့ သွားခဲ့တာကို ပြန်တွေ့ရပါတယ်။
 
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စပြီး Chinland Defense Force – Mara ကို Maraland Defense Force (MDF) အဖြစ် အမည်ပြောင်းလဲခဲ့ပြီးနောက် မတ်လ ၂၅ ရက်နေ့မှာ MDF နဲ့ CDF-Mara တို့ စစ်ရေးအရ နယ်မြေ လှုပ်ရှားမှုတွေမှာ တင်းမာမှုတွေ စရှိလာခဲ့ပါတယ်။ အလားတူ မတ်လအတွင်း CDF-Mara နှင့် CDF-Lautu တို့ လည်း နယ်မြေအရ တင်းမာမှုတွရှိခဲ့ပြီး နောက်ပိုင်း ညှိနှိုင်းမှုတွေကြောင့် သဘောတူညီမှု ပြန်ရရှိသွားခဲ့ကြပါ တယ်။ CDF-Mara ဟာ CDF-Lautu နဲ့ တင်းမာမှု လျော့ကျ သွားခဲ့ ပေမယ့် MDF နဲ့တော့ တင်းမာမှုတွေ ဆက်ရှိခဲ့ ပါတယ်။
 
ထိုသို့ MDF နဲ့ CDF-Mara တို့ နယ်မြေစိုးမိုးမှုအရ စစ်တင်းမာမှုများ ရှိနေချိန် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှာ “CJDC ကနေ MATC/MDF ကိုယ်စားလှယ်တွေကို ပုံမှန်အစည်းအဝေးသို့ တက်ရောက်ခွင့် ပိတ်ပင်ခဲ့ကြောင်း ” MATC ကနေ ထုတ်ပြန်လာခဲ့ပါတယ်။ MDF နဲ့ CDF-Mara တို့ဟာ စစ်ရေးတင်းမာ မှုတွေ ဆက်ရှိနေခဲ့ပြီး ၂၀၂၂ ခု နှစ် အောက်တို့ဘာလ ၃ ရက်နေ့မှာတော့ ပစ်ခတ်မှုတွေ စရှိခဲ့ပါတယ်။
 
အိုပါနေ့မှာပဲ CDF-Mara ပါဝင်တဲ့ ZZMLS ညီနောင်မဟာမိတ်လို့ ဖွဲ့လာတဲ့ အဖွဲ့ကနေ MDF ကို သတိပေးထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ကြပါတယ်။ အဲ့ဒီနောက် အောက်တိုဘာလ ၈ ရက်နေ့ မှာ ငဖိုင်ပီးကျေးရွာအတွင်းမှာ နှစ်ဖက်ထိတွေ့‌တိုက်ခိုက်မှုတွေ ဆက်ရှိခဲ့ပါတယ်။
 
ထိုနောက်ပိုင်းမှာတော့ မရာလူမျိုးစုကြား ပဋိပက္ခဖြေရှင်းဖို့ CJDC က မရာဒေသ အခြေအနေကို လေ့လာပြီး ကြားခံဆောင်ရွက်ပေးမယ်ဆိုရင် လက်ခံတယ်လို့ MDF ကနေ ပြောလာခဲ့တာကို တွေ့ရပါတယ်။ CNF/CNA ပြောခွင့်ရ ပုဂ္ဂိုလ် ဆလိုင်းထက်နီကတော့ “CDF-Mara နဲ့ MDF အကြား တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပစ်ခတ်ကြတဲ့ ပြဿနာ မျိုးတော့ ဒီတစ်ခါ ပထမဆုံးပေါ့။ ကာကွယ်ရေးအဖွဲ့တွေကြား အငြင်းပွားမှု ပြဿနာတွေ ကြုံလာရင် CJDC ကနေ သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း ညှိနှိုင်းပေးတာတွေ ရှိပါတယ်။ အခုပြဿနာကို လည်း အတတ်နိုင်ဆုံး ဆောင်ရွက်သွားမှာပါ”လို့ ပြောသွားခဲ့ပါတယ်။ နောက်ပိုင်းတွေမှာ စစ်ရေးတင်းမာမှုတွေ မတွေ့ရတော့ပါဘူး။
 
■ နိဂုံး ■
 
ချင်းပြည်အတွင်း ချင်းလက်နက်ကိုင်တပ်တွေ တိုးပွားလာပြီးနောက်ပိုင်း အဲ့ဒီလက်နက်ကိုင်တွေကို တစ်‌ပေါင်း တစည်းတည်း ဖြစ်နိုင်ဖို့၊ စစ်ရေးလှုပ်ရှားမှု နယ်မြေဆိုင်ရာ ပြဿနာတွေ မဖြစ်ပွားစေဖို့နဲ့ စစ်ရေးဆိုင်ရာ ကိစ္စ ရပ်တွေကို ပူးဆောင်ရွက်နိုင်စေဖို့တို့အတွက် CJDC ကို ဖွဲ့စည်းခဲ့ကြပါတယ်။ တစ်ဖက်မှာလည်း CJDC အဖွဲ့ ဝင်အချင်းချင်း ညီနောင် မဟာမိတ်တပ်တွေအဖြစ် ထပ်မံဖွဲ့ကြတာမျိုးတွေ ရှိလာပါခဲ့တယ်။
 
ချင်းပြည်မှာ CJDC တပ်ပေါင်းစု ရှိပြီးသား ဖြစ်နေတာကြောင့် CJDC အဖွဲ့ဝင်တပ်တွေ အချင်းချင်း နောက်ထပ် ညီနောင်မဟာမိတ် တပ်တွေကို ထပ်မံဖွဲ့စည်းလာကြဟာ CJDC ရဲ့ အခန်းကဏ္ဍကို မှေးမှိန်သွားစေနိုင်ပါတယ်။
 
နိဂုံးအနေနဲ့ တောင်တန်း သခင်တွေရဲ့ နယ်မြေဖြစ်တဲ့ ချင်းပြည်မှာ တောင်တန်းသခင်တွေဖြစ်တဲ့ ချင်းလက် နက်ကိုင်တပ်တွေ ပေါ်ပေါက်လာတာဟာ အာဏာသိမ်း အကြမ်းဖက် စစ်တပ်ကို ချေမှုန်းရာမှာ များစွာထိရောက် ခဲ့ပေမယ့်လို့ တစ်ဘက်မှာလည်း ဒေသနဲ့ မျိုးနွယ်စုအခြေပြု ချင်းလက်နက်ကိုင်တပ် တွေ ပေါ်ပေါက်လာကြပြီး သီးခြားရပ်စီ တည်နေကြတာကြောင့် မျိုးနွယ်စု အကျိုးစီးပွား၊ နိုင်ငံရေး အကျိုးစီးပွားနဲ့ နယ်မြေဆိုင်ရာ ကိစ္စ ရပ်တွေမှာ ပွတ်တိုက်မှုတွေ ရှိလာပြီး ချင်းအမျိုးသား စည်းလုံး ညီညွတ်ရေးစိတ်ဓာတ် ပြိုကျသွားကာ အကွဲအပြဲနွံထဲ နစ်သွားနိုင်ကြောင်း တို့ထိလိုက်ရပါတယ်။