• Today is: Thursday, March 28, 2024

ပီကင်းကောခူမှာ ကလေးတွေ ကစားနေချိန် လက်နက်ကြီးကျလို့ ၅ နှစ်အရွယ် ကလေး ၁ ဦးသေဆုံး ၄ ဦး ဒဏ်ရာရ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၂၇

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပီကင်းကောခူကျေးရွာအတွင်းကို လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ကလေးငယ် ၁ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရခဲ့တယ်လို့ မိသားစုတွေဆီက သိရပါတယ်။

ဒဏ်ရာပြင်းထန်ခဲ့တဲ့ ကလေးငယ်တဦးကတော့ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၆ ရက် ယမန်နေ့ နေ့လည် ၁ နာရီလောက်က ရွာအနီးနားမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်လို့ ကလေးငယ်တွေ ကကစားနေတဲ့ ရွာလယ် ကျရောက်ပေါက်ကွဲပြီး ထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တူလေးကတော့ ဦးခေါင်းပွင့်ထွက်ပြီး စုတ်စုတ်ပြတ်ပြတ် ဖြစ်သွားတယ်၊ ရင်နာဖို့ကောင်းတယ်၊ ကလေးအမေက ငိုယိုပြီး ကျမသားလေး လာကူ‌ပေးပါဦး ဆိုပြီးအော်ခေါ်လို့ ကျတော်တို့ သွားကြည့်တော့ ကလေးလေးကတော့ ပွဲချင်းပြီး ဆုံးသွားတယ်။” လို့ ဦးလေးဝမ်းကွဲတော်စပ်သူက ပြောပြတာပါ။

လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ နေရာမှာပင် သေဆုံးခဲ့ရသူကတော့ မောင်မာတေးအို ခေါ် အသက် ၅ နှစ်ကလေးငယ် ဖြစ်ပါတယ်။

အလားတူ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တဲ့ မောင်ဘဲတို အသက် ၁၃ အရွယ်ကလေး ၁ ဦးကတော့ ဗိုက်ကိုထိမှန်ကာ အူထွက်နေပြီး ဆေးရုံအချိန်မှီ ပို့ခဲ့ပေမယ့် စိုးရိမ်ရတဲ့ အခြေနေမှာ ရှိနေတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၄ ရက်နေ့ကနေ ဒီနေ့ချိန်ထိ လွိုင်ကော်အမြှောက်တပ်နဲ့ မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်တို့က တိုက်ပွဲနဲ့ အလှမ်းဝေးတဲ့ ကျေးရွာတွေဖြစ်တဲ့ ပီကင်းကောခူနဲ့ ဝါရီကောခူရွာဘက်ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တာပါ။

အခုတော့ အဲဒီ ကျေးရွာရွာသားတွေလည်း ရွာမှာဆက်မနေရဲလို့ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ FJM သတင်းအရင်းအမြစ်အရ သိရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ အင်အား ၅၀၀ ဝန်းကျင်ခန့်ဖြစ် အဲဒီ ပီကင်းကောခူကျေးရွာ အနီးဝန်းကျင်ဘက်မှာ စစ်ကြောင်းထိုးလာလို့ ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တို့ဖြစ်တဲ့ KNDF၊ PK-PDF တို့နဲ့ နှစ်ဖက် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
ဓါတ်ပုံ - CJ (မောင်မာတေးအို သေဆုံးခဲ့ရပြီး ဖိနပ်တဖက်ကျန်ခဲ့စဉ်)