• Today is: Wednesday, December 7, 2022

မျက်မှောက်ခေတ်ကာလရဲ့ အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီစနစ် အားပြိုင်မှု

မျက်မှောက်ခေတ်ကာလရဲ့ အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီစနစ် အားပြိုင်မှု

– အန်နာအယ်ပယ်ဘွမ်း

(ထိုင်ဝမ်မြို့တော် တိုင်ပေမှာ ကျင်းပတဲ့ ကမ္ဘာ့ဒီမိုကရေစီအရေး ညီလာခံ အဖွင့်ဟောပြောချက်)

ယူကရိန်းမှာ ကြမ်းကြုတ်ခြင်းအတိ စစ်ပွဲကြီး ဖြစ်ပွားနေပါတယ်။ သွေးထွက်သံယိုကြမ်းတမ်းမှုတွေက စစ်မြေပြင်တွေမှာပဲ ဖြစ်ပျက်နေကြတာမဟုတ်ပါဘူး။ ရရှားစစ်သားတွေဟာ အရပ်သားတွေကို ပိတ်ဆို့ထားတယ်။ နှိပ်စက်ရိုက်နှက်တယ်။ အကျဉ်းစခန်းတွေဆီကို ပို့ပစ်တယ်။ ရုရှားဘက်ကို သုံ့ပန်းအဖြစ် ပြန်ပို့တယ်။ ရရှားတပ်တွေ သိမ်းထားတဲ့ ယူကရိန်းနယ်မြေတွေကို ယူကရိန်းဘက်က ပြန်ရတဲ့အခါမှာ လူအစုလိုက်အပြုံလိုက် မြှုပ်ထားတဲ့ သင်္ချိုင်းတွေကိုတွေ့ခဲ့ရတယ်။ ယာယီအကျဉ်းထောင်တွေနဲ့ ညှင်းပန်းနှိပ်စက်ပြီး စစ်မေးတဲ့ စခန်းတွေကိုတွေ့ခဲ့ရတယ်။

ဒီယုတ်ရင့်ကြမ်းတမ်းမှုတွေက စစ်ရဲ့ အဓိကကျတဲ့ ပြယုသ်တွေပဲ။ ပူတင်အစိုးရဟာ ယူကရိန်း တစ်စိတ်တစ်ပိုင်းကို သိမ်းဖို့ တိုက်နေကြတာ မဟုတ်ဘူး။ ယူကရိန်းကို ဖျက်ဆီးရုံသက်သက်မဟုတ်ဘူး။ သူတို့ဟာ လူ့အခွင့်အရေးတွေ၊စစ်ဖြစ်ရင် လိုက်နာရတဲ့ ကျင့်ဝတ်တွေ၊နယ်ခြားမျဉ်းတွေကို ဂရုမစိုက်ဘူးလို့ ပြင်ပကမ္ဘာကြီးကို ပြနေတာဖြစ်တယ်။ ဥရောပသမဂ္ဂရဲ့ နှစ်၇၀ ကြာတည်ရှိမှုကို ဂရုမစိုက်ဘူး။ ကုလသမဂ္ဂရဲ့ သံတမန် အခန်းကဏ္ဍကို ဂရုမစိုက်ဘူးလို့ပြောနေတာဖြစ်တယ်။ ဟန်ဆောင်ပန်ဆောင် အရေးစိုက်သလို လုပ်ပြစရာတောင် မလိုဘူးဆိုတာပြနေတာဖြစ်တယ်။

တစ်ချိန်တည်းမှာပဲ ကမ္ဘာကြီးရဲ့ တခြားနေရာတွေကိုကြည့်လိုက်ရင်လည်း အီရန်ရဲတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ ဒီလိုပဲ အကြမ်းနည်းတွေသုံးနေကြတယ်။ အမျိုးသမီးငယ်တွေ၊ ကျောင်းသူလေးတွေဟာ ချီတက်ဆန္ဒပြကြတယ်။ ခေါင်းမြီးမခြုံဘဲ လွတ်လပ်ခွင့်ကိုတောင်းဆိုကြတယ်။ လွတ်လပ်စွာ ခရီးသွားခွင့်၊ အလုပ်လုပ်ခွင့်၊ သူတို့ဘဝအတွက် ကိစ္စအထွေထွေကို သူတို့ဘာသာ ဆုံးဖြတ်ချက်ချခွင့်ရဖို့ တိုက်ပွဲဝင်နေကြတယ်။

သူတို့တောင်းဆိုနေတာတွေ၊ သူတို့နဲ့အတူ ဝင်ပြီး ရပ်တည်တောင်းဆိုပေးတဲ့ စက်ရုံအလုပ်သမားတွေကို အီရန်အစိုးရက နှိပ်ကွပ်တယ်။ ဖမ်းဆီးတယ်။ ကိုယ်ထိလက်ရောက် နှိပ်စက်တယ်။ အီရန်အမျိုးသမီးငယ်တစ်ဦးဆိုရင် တော်လှန်ရေးသီချင်းကိုဆိုလို့ အသတ်တောင်ခံခဲ့ရတယ်။ ရုရှားတွေကလည်း ယူကရိန်းတွေကို ယူကရိန်းသီချင်းမဆိုဖို့ တားမြစ်ထားကြတယ်။ အဲဒီအစိုးရတွေဟာ ဒီလိုနည်းပေါင်းစုံကို သုံးနေကြတယ်။

တစ်ချိန်တည်းမှာပဲ ပြီးခဲ့တဲ့အပတ် တရုတ်ကွန်မြူနစ်ပါတီကွန်ဂရက်မှာ ရှီကျင်ပင်းရဲ့ အာဏာကို ဥသျှောင်ကနေ ထိန်းချုပ်ဖို့ကြိုးစားမှုကို ပိုခိုင်မာစေခဲ့တယ်။ တရုတ်ခေါင်းဆောင်ရှီဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး နိုင်ငံကြီးတစ်ခုက အာဏာရှင်အမည်မခံတဲ့ (De Facto )အာဏာရှင်ပါပဲ။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုတဲ့ ခေါင်းစဥ်အောက်မှာ သူဟာ လူပေါင်းများစွာကို နှိပ်ကွပ်ခဲ့တယ်။

သာမန်ပြည်သူတွေရဲ့ လှုပ်ရှားသွားလာမှုတွေကိုစောင့်ကြည့် ထိန်းချုပ်နိုင်တဲ့ စနစ်သစ်ထောက်လှမ်းရေး နည်းတွေကို တီထွင်ခဲ့တယ်။ အားကောင်းလှတဲ့ ဟောင်ကောင်က ဒီမိုကရေစီလှုပ်ရှားမှုကို ဖျက်ဆီးခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံတစ်ခုလုံးက အရပ်ဘက်လူ့အဖွဲ့အစည်းကို ချုံးချုံးကျစေခဲ့တယ်။

ပုံမှန်တော့ ရုရှားလို အီရန်လို တရုတ်လိုနိုင်ငံတွေကို ကမ္ဘာကြီးရဲ့ ပထဝီဝင်အရ တစ်နေရာစီမှာဖြစ်နေတဲ့ ပြဿနာတွေပဲလို့ စဉ်းစားလေ့ရှိကြတယ်။ သူတို့အချင်းချင်း အဆက်အစပ်မရှိလှတဲ့ ဖြစ်ရပ်တွေအနေနဲ့ ယူဆတတ်ကြတယ်။ ဒါပေမယ့် အခုအခြေအနေတွေက ဘာကိုပြနေသလဲဆိုရင် ဒီလိုဖြစ်နေတာတွေဟာ တစ်နေရာနေဲ့ တစ်နေရာ တိုက်ဆိုင်ပြီးဖြစ်လာတာ မဟုတ်ဘူး ဆိုတာပဲ။ အဲဒီနိုင်ငံတွေဟာ နီးနီးကပ်ကပ်ကို အချိတ်အဆက်ရှိနေကြတယ်။ ဒါကိုရှင်းပြပါမယ်။

အာဏာရှင်နိုင်ငံတွေလို့တွေးလိုက်ရင် ကာတွန်းထဲမှာ ရေးထားတဲ့ အာဏာရှင်တွေကိုပြေးမြင်လေ့ရှိကြတယ်။ အားလုံးရဲ့ ထိပ်မှာ အကျင့်မကောင်းတဲ့ အာဏာရှင်တစ်ယောက်က အုပ်ချုပ်နေတဲ့ ပုံပေါ့။ သူက ရဲတပ်ဖွဲ့ကို ထိန်းချုပ်ထားမယ်။ အဲဒီရဲတွေက ပြည်သူတွေကို အကြမ်းဖက်မှုတွေနဲ့ ခြိမ်းခြောက်တယ်။ သူတို့တွေဟာ ပေါင်းလုပ်ကြတဲ့ မကောင်းဆိုးဝါးတွေဖြစ်တယ်။ တဘက်မှာ သူတို့တွေကို ဆန့်ကျင်တဲ့ ရဲရင့်တဲ့ နိုင်ငံရေးလှုပ်ရှားသူတချို့ ရှိနေနိုင်တယ်။

ဒါပေမယ့် အခု ၂၁ရာစုမှာ လက်တွေ့ဖြစ်နေတဲ့ ပုံက ဒီလို ကာတွန်းနဲ့ အတော်ကွာဟနေပါပြီ။ ဒီနေ့ အချိန်အခါမှာ အာဏာရှင်စနစ်တွေကို အလုံးစုံချုပ်ကိုင်ထားတဲ့ တစ်စုံတစ်ယောက်က အုပ်ချုပ်လည်ပတ်စေတာမျိုးမဟုတ်တော့ပါဘူး။ အာဏာရှင်ဆိုတဲ့အသိုင်းအဝိုင်းဟာ ကွန်ရက်ကြီးလို ရှုပ်ထွေးစွာ ဖြန့်ကျက်တည်ရှိနေပါတယ်။ ဒီကွန်ယက်ထဲမှာ အာဏာကိုသုံးပြီး ဓနဥစ္စာကို လက်ဝါးကြီးအုပ်ခိုးဝှက်နေသူတွေ၊ ငွေကြေးအခြေခံအဆောက်အဦးတွေပါတယ်။ လုံခြုံရေး အင်အားစုတွေ ဖြစ်တဲ့ ရဲ၊ စစ်တပ်၊ ခါးပိုက်ဆောင်တပ်၊ ထောက်လှမ်းရေး နဲ့ ပရော်ဖက်ရှင်နယ် ကျွမ်းကျင်တဲ့ ဝါဒဖြန့်ချိရေးသမားတွေပါတယ်။

သူတို့ရဲ့ ကွန်ရက်ချိတ်ဆက်မှုဟာ သက်ဆိုင်ရာ နိုင်ငံတစ်ခုတည်းမှာပဲ မဟုတ်ကြတော့ပါဘူး။ စိတ်တူကိုယ်တူ နိုင်ငံအများအပြားဖြန့်ထားကြတာပါ။ အာဏာရှင် နိုင်ငံတစ်ခုက ခြစားမှုတွေများမြောင်လှတဲ့ အစိုးရထိန်းချုပ်မှု အောက်က စီးပွါးရေးလုပ်ငန်းတွေဟာ အခြားအာဏာရှင်နိုင်ငံတစ်ခုက အကျင့်ပျက် စီးပွားရေး လုပ်ငန်းတွေနဲ့ ချိတ်ဆက်နေကြတယ်။ အာဏာရှင်နိုင်ငံတစ်ခုက ရဲတပ်ဖွဲ့ကလည်း တခြား အာဏာရှင် နိုင်ငံတစ်ခုက ရဲတွေကို လက်နက်တပ်ဆင်ပေးတာ၊လေ့ကျင့်ပေးတာ၊ နည်းပညာပေးတာတွေကို လုပ်ကြပါတယ်။

ဒီလိုပဲ ဒီနိုင်ငံတွေက ဝါဒဖြန့်ချိရေးလုပ်ငန်းတွေကလည်း အရင်းအမြစ်တွေ ဝေမျှသုံးစွဲကြသလို နိုင်ငံတစ်ခုက အာဏာရှင်ကို ပုံရိပ်မြှင့်တင်ပေးနေတဲ့ ဝါဒဖြန့်ချိရေးမီဒီယာတွေဟာ တခြားနိုင်ငံက အာဏာရှင်မိတ်ဆွေ တွေအတွက်လည်း ဝိုင်းဝန်းဝါဒဖြန့်ချိပေးနေကြပါတယ်။ ဒီမိုကရေစီဟာ အားနည်းချက်ရှိတဲ့ စနစ်ဖြစ် ကြောင်း၊ အမေရိကားကယုတ်မာတယ်ဆိုတဲ့အကြောင်း သံပြိုင်ညီညာ ဝါဒဖြန့်ချိကြပါတယ်။

ဒီလိုပြောလို့ ဒီအာဏာရှင်လူဆိုးတွေဟာ တစ်နေရာမှာ လျှို့ဝှက်တွေ့ဆုံပြီး ဂျိမ်းစ်ဘွန်းကားထဲကလို ကြိတ်ကြံနေကြတယ်လို့ မဆိုလိုပါဘူး။ ဒီလိုအာဏာရှင်တွေရဲ့ မဟာမိတ်အစုအစည်းမှာ တညီတညာတည်း ဝိုင်းပြီး ယုံကြတဲ့ အယူဝါဒရေးရာဆိုတာမရှိပါဘူး။ ယနေ့ခေတ်ရဲ့ အာဏာရှင်တွေဟာ သူတို့ကိုယ် သူတို့ ကွန်မြူနစ်လို့ ခေါ်ချင်ခေါ်နိုင်တယ်။ မျိုးချစ်လို့ ခေါ်ချင်လည်းခေါ်မယ်။ အမျိုးဘာသာစောင့်သူလိုလည်း သုံးချင်သုံးမယ်။ ဒီအုပ်စုကြီးမှာ ဘယ်သူက ခေါင်းဆောင်ရယ်လို့တော့ ရှိတာမဟုတ်ပါဘူး။

အမေရိကန်အစိုးရကတော့ တရုတ်နိုင်ငံရဲ့ ဩဇာက က ဒီအာဏာရှင်တွေကို လွှမ်းမိုးနေတာလို့ ပြောချင်ပြောမယ်။ ဒါပေမယ့် ဒီအာဏာရှင် တစ်သိုက်ကို တကယ် အစေးကပ်စေတဲ့ အချက်က သူတို့တွေဟာ ပါဝါကိုရော ဓနဥစ္စာကိုရော တိုးပွါးချင်သလိုတိုးပါးလို့ရနေတဲ့ သူတို့နေရာ မပျောက်သွား အောင် ထိန်းထားချင်တဲ့ ဆန္ဒပါ။

သမိုင်းမှာရှိခဲ့တဲ့ စစ်ရေး နိုင်ငံရေး မဟာမိတ်ဖွဲ့စည်းခဲ့ကြတဲ့ ပုံစံတွေနဲ့ အခုဖြစ်နေတာ မတူပါဘူး။ အခုမြင်နေရတဲ့ အာဏာရှင်အစုဟာ တကယ်တော့ အုပ်စုလိုက်လှုပ်ရှားတာလည်း မဟုတ်ပါဘူး။ သူတို့ အသက်ဝင်နေပုံက ကုမ္ပဏီတွေ လက်ခွဲလည်ပတ်နေသလိုမျိုးပါ။ အာဏာရှင် နိုင်ငံစုံကော်ပိုရေးရှင်းကြီး တစ်ခုလိုပါ။

သူတို့ကို အချင်းချင်း လက်တွဲမြဲမြံစေတာကတော့ နိုင်ငံအတွက် ရေရှည်မျှော်မှန်းချက်၊ စိတ်ကူးစိတ်သန်းတွေ မဟုတ်ပါဘူး။ စီးပွားရေး အပေးအယူတွေပါ။ အနောက်က စီးပွားရေးပိတ်ဆို့တာတွေကို ကျော်လွှားပြီး ကိုယ့်ဘာသာ အတောမသတ် ချမ်းသာအောင် ဓနဥစ္စာထပ်တိုးရှာဖွေဖို့ပါ။ ဒါကြောင့်မို့ သူတို့ဟာ သမိုင်းကြောင်းမတူလည်း ပေါင်းလို့ရကြသလို ပထဝီအနေအထားတွေ ကွာခြားလည်း အလုပ်ဖြစ်နေ ကြတာပါ။

ဒီကမ္ဘာသစ်မှာ ဘယ်လာရုစ်ဟာ ( သီအိုရီအားဖြင့်တော့) လူရာမဝင်တဲ့ အထီးကျန်နိုင်ငံပါ။ ဘယ် ဘယ်လာရုစ်လေယဉ်မှ ဥရောပမှာဆင်းလို့မရပါဘူး။ သူ့ရဲ့ ထုတ်ကုန်တွေကို အမေရိကန်နဲ့ ဥရောပမှာရောင်းလို့မရပါဘူး။ ပြည်သူတွေကို နှိပ်ကွပ်တဲ့ ဘယ်လာရုစ်အစိုးရရဲ့ လုပ်ရပ်တွေကို နိုင်ငံတကာ အဖွဲ့အစည်းပေါင်းစုံကဝေဘန်ထားကြတယ်။

ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က ဝင်ပါတာကို အားလုံးက ရှုံ့ချကြတယ်။ ဒါပေမဲ့လက်တွေမှာက တရုတ်ရဲ့ အကြီးဆုံးသော ဖွံ့ဖြိုးရေးစီမံကိန်းတွေ ဘယ်လာရုစ်မှာရှိနေတယ်။ လွန်ခဲ့တဲ့နှစ်မှာ အီရန်နဲ့ ဆက်ဆံရေးတိုးချဲ့ခဲ့တယ်။ ကျူးဘားဟာ ကုလသမဂ္ဂမှာ ဘယ်လာရုစ်အာဏာရှင် လူကာရှန်ကိုဘက်ကနေ ရပ်တည်ပေးခဲ့တယ်။ ရုရှားဟာ ဘယ်လာရုစ်အတွက် စျေးကွက်ဖွင့်ပေးတယ်။ နယ်စပ်ဖြတ်ကျော်ရင်းနှီး မြှုပ်နှံမှုတွေ၊ နိုင်ငံရေးအထောက်အပံ့တွေပေးတယ်။ အပြန်အလှန်အားဖြင့် ရုရှားကို ယူကရိန်းစစ်ပွဲအတွက် ဘယ်လာရုစ်မြေကို အခြေစိုက်ခွင့်ပေးတယ်။

ဒီလိုပဲ ဗင်နီဇွဲလားကလည်း ကမ္ဘာပေါ်မှာ အထီးကျန်ဖယ်ထားခံရတဲ့ နိုင်ငံပါ။ ၂၀၀၈ ခုနှစ်ကတည်းက အမေရိက၊ ကနေဒါ၊ ဥရောပ သမဂ္ဂနဲ့ အခြားတောင်အမေရိက အိမ်နီးချင်းတွေက သူ့ကို ပိတ်ဆို့တာတွေ တိုးမြှင့်ထားကြတယ်။ အုပ်ချုပ်ပုံဆိုးလွန်းတာကြောင့် သူ့ဆီက ထွက်လာတဲ့ ဒုက္ခသည်ဟာ ကမ္ဘာပေါ်မှာ အများဆုံးဖြစ်ပြီး ယူကရိန်းကထွက်တဲ့ ဒုက္ခသည်အရေအတွက်ထက်တောင် ပိုများပါတယ်။ ဒါပေမယ့် အဲဒီလိုဖြစ်နေချိန်မှာ ဗင်နီဇွဲလား အာဏာရှင် နီကိုလပ်စ် မာဒူရီုရဲ့ အစိုးရဟာ ရုရှားဆီကရော တရုတ်ဆီကရော ချေးငွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေရနေတာပါ။

ကျူးဘားကလည်း ဗင်နီဇွဲလားကို လုံခြုံရေးအကြံပေးတွေ၊ လုံခြုံရေးနည်းပညာတွေ ပေးပါတယ်။ နိုင်ငံတကာ မူးယစ်ဆေး အရောင်းအဝယ်ကြောင့် ဒီအစိုးရထဲမှာ ပါနေတဲ့ တာဝန်ရှိသူတွေရဲ့ ချမ်းသာမှုယုတ်လျော့မသွားပဲ ကျော်ကြားပေ့ ဆိုတဲ့ ဖိနပ်တွေ၊ ဒီဇိုင်နာလက်ကိုင်အိတ်တွေကို မပြတ်ကိုင်နိုင်ကြပါတယ်။ သူ့တိုင်းပြည်ကနေ ထွက်ပြေးပြီး အပြင်မှာ နေနေရတဲ့ ကာရာကပ်စ် မြို့တော်ဝန်ဟောင်း လီယိုမိုနိုလိုပက်ဇ်(အခုသူ ဒီညီလာခံ ခန်းမထဲမှာရှိနေပါတယ်)က ဗင်နီဇွဲလားအတိုက်အခံ တွေရတဲ့ အထောက်အပံ့ဆိုတာ မာဒူရိုအစိုးရ ရတဲ့ နိုင်ငံခြားအကူအညီထက် စာရင် ဘာမှပြေပလောက်တာ မဟုတ်၊ နှိုင်းယှဉ်စရာကို မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဘယ်လာရုစ်က အတိုက်အခံနိုင်ငံရေးသမားတွေလိုပဲ ဗင်နီဇွဲလားအတိုက်အခံနိုင်ငံရေးအုပ်စုမှာလည်း အများနှစ်လိုတဲ့ နိုင်ငံရေးသဩဇာကြီးတဲ့သူတွေနဲ့ မြေပြင်က တက်ကြွလှုပ်ရှားသူများစွာဟာ ပြည်သူသန်းပေါင်းများစွာကို လမ်းပေါ်ထွက်ပြီး ဆန္ဒပြဖို့ ဆော်ဩနိုင်ခဲ့ကြပါတယ်။ တကယ်လို့သာ သူတို့တိုက်နေတဲ့ ရန်သူဟာ ခြစားယိုယွင်းနေတဲ့ ဗင်နီဇွဲလား အစိုးရတစ်ခုတည်းသာ ဆိုရင် အတိုက်အခံတွေ နိုင်ချင်နိုင်မှာပါ။ ဒါပေမယ့် လိုပက်ဇ်နဲ့ ဒီမိုကရေစီဘက်တော်သားတွေ တကယ်တိုက်နေရတာက သူတို့အစိုးရအပြင် သူတို့အစိုးရနဲ့ အတူရပ်ပြီး တစ်တွဲတည်းရှိနေတဲ့ နိုင်ငံစုံအာဏာရှင်အုပ်စုကြီးဖြစ်ပါတယ်။

မတရားတာကို မခံနိုင်လို့ နိုင်ငံရေးလှုပ်ရှားမှုထဲ ရောက်လာကြရတဲ့ များလှစွာသော သူတွေထဲမှာ ဘယ်လာရုစ်က Svitlana Tsikhanouskaya တို့လို၊ ဟောင်ကောင်ဆန္ဒပြပွဲတွေထဲက ထူးထူးခြားခြား ထွက်လာတဲ့ ခေါင်းဆောင်တွေလို၊ ကျူးဘား၊ အီရန်နဲ့ မြန်မာပြည်ကလို ပိုပြီးကောင်းမွန်ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းပေါ်ပေါက်လာဖို့ ရုန်းကန်နေရတဲ့ သူတွေလို လူတွေပါဝင်ကြပါတယ်။

ဒီလိုလှုပ်ရှားမှုက ပြည်သူတွေ တိုက်နေရတာက နိုင်ငံပိုင်လုပ်ငန်းကြီးတွေကို ခွစီးထားတဲ့သူတွေ၊ ဒေါ်လာဘီလံယံပေါင်းများစွာသော ရင်းနှီးမြှုပ်နှံမှုဆုံးဖြတ်ချက်တွေကို နိုင်ငံရေးအသာစီးရဖို့ အတွက်သာ ရည်ရွယ်ပြီးလုပ်နေကြတဲ့ လူတွေကိုပါ။ သူတို့ တိုက်နေရတဲ့ လူတွေဟာ တရုတ်က တင်သွင်းလာတဲ့ ပြည်သူကို ထောက်လှမ်းစောင့်ကြည့်ရေး နည်းပညာတွေကို ဝယ်နိုင်ကြတယ်။ ရုရှားကနေ အလိုအလျောက် အကြီးအကျယ်ဆိုရှယ်မီဒီယာဝါဒဖြန့် စနစ် (bot) တွေ ဝယ်နိုင်ကြတယ်။

ဒီထက်ပိုပြီး သူတို့ တိုက်နေရတဲ့ အာဏာရှင်တွေနဲ့ အပေါင်းအပါတွေဟာ တိုင်းပြည်ထဲကလူတွေ၊ ပြင်ပက လူတွေရဲ့ မနှစ်မြို့ မကျေနပ်တဲ့ စိတ်ခံစားချက်၊ အထင်အမြင်တွေကို လုံးဝအရေးမစိုက်ပဲ နေနိုင်ကြတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့တိုက်နေရတဲ့ အာဏာရှင်မဟာမိတ်များ အစုအဖွဲ့ကြီးဟာ ပိုက်ဆံနဲ့ လုံခြုံရေးကိုပဲ ပေးတာမဟုတ်ပါဘူး။ မမြင်လွယ်ပေမဲ့ အရေးကြီးတဲ့ (ပြည်သူကို မတရားတာ မမျှတတာ ဘာလုပ်လုပ်ရတယ် ဆိုတဲ့) လွတ်ငြိမ်းခွင့် (Impunity) ကို အချင်းချင်းပေးထားကြတာပါ။

တစ်ချိန်တုန်းက ဆိုဗီယက်ပြည်ထောင်စုခေါင်းဆောင်တွေဟာ (၂၀ရာစုရဲ့ ဒုတိယနှစ်၅၀ ကာလမှာ) အင်အား အကြီးဆုံး အာဏာရှင်တွေ ဖြစ်ခဲ့ကြပေမယ့် သူတို့ဟာ ကမ္ဘာကြီးက သူတို့အပေါ် ဘယ်လိုမြင်သလဲ ဆိုတာကို အင်မတန်ဂရုစိုက်ခဲ့ကြသူတွေဖြစ်တယ်။ သူတို့ဟာ သူတို့တိုင်းပြည်ရဲ့ နိုင်ငံရေးစနစ်ကြီးမြတ်မှုကို ဂုဏ်တင်ပြောဆိုကြသလို ဒါနဲ့ပတ်သက်ပြီး သူတို့ကိုဝေဖန်လာရင်လည်း ကုလသမဂ္ဂမှာ ဖိနပ်နဲ့ စားပွဲထုပြီး တောင် ကန့်ကွတ်ခဲ့ကြတာပါ။

ယနေ့ခေတ်မှတော့ အာဏာရှင် နိုင်ငံစုံမဟာမိတ်အဖွဲ့ကြီးရဲ့ အကြမ်းကြုတ်ဆုံး အဖွဲ့ဝင်တွေဟာ သူတို့နိုင်ငံကို အပြင်က ဘယ်လိုပဲ ဝေဖန်ဝေဖန် ဂရုတောင် မစိုက်တော့ပါဘူး။ ဘယ်သူတွေက ဘာပြောတယ်ဆိုတာ အရေးမလုပ်တော့ဘူး။ မြန်မာပြည်က စစ်ခေါင်းဆောင်တွေဆိုရင် အမျိုးဘာသာ ဆိုတာနဲ့ ကိုယ့်ကိုယ်ကိုယ် ချမ်းသာအောင်လုပ်ဖို့ အာဏာလက်မလွတ်ရဖို့က လွဲရင် ဘာနိုင်ငံရေးအတွေးအခေါ်မှ မရှိဘူး။

အီရန်က ခေါင်းဆောင်တွေ ဆိုရင်လည်း အနောက်မိစ္ဆာအုပ်စုက ဝေဖန်တယ်ချက်တွေဆိုတာမျိုးနဲ့ အရေးကို မလုပ်တော့ပါဘူး။ ကျူးဘားနဲ့ ဗင်နီဇွဲလားတို့ဆိုရင်လည်း ပြည်ပကလာတဲ့ ထုတ်ပြန်ချက်မှန်သမျှကို ကိုလိုနီလက်သစ်တွေဆိုပြီး ပယ်ထားလိုက်တာပဲ။

တရုတ်နဲ့ ရုရှားက ဆိုရင်လည်း နိုင်ငံတကာ အင်စတီကျူးရှင်းတွေမှာသုံးလာတာကြာပြီဖြစ်တဲ့ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေကို ငြင်းပယ် ငြင်းခုံနေလာခဲ့ကြတာဆယ်စုနှစ်တွေရှိပါပြီ။ လူ့အခွင့်အရေး ဆိုတာ အနောက်အုပ်စုရဲ့ လက်ကိုင်တုတ်သာဖြစ်ပြီး သူတို့ဆီမှာ အကျုံးမဝင်ဘူးလို့ ပြောဆိုခဲ့ကြပါတယ်။ ယူကရိန်းမှာ စစ်ပွဲကတော့ အဲဒီလုပ်ရပ်တွေက ထွက်လာတဲ့ ရလဒ်တစ်ခုပါပဲ။

နိုင်ငံတကာက ဝေဖန်မှုတွေဘယ်လိုပဲ လာလာ မထုံတက်သေး လုပ်တတ်ကြတဲ့ ခေတ်သစ် အာဏာရှင်တွေဟာ ပြည်သူတွေဆန့်ကျင်ဆန္ဒပြတာ၊ ပြည်သူတွေရဲ့ ကျယ်ပြန့်တဲ့ မကျေနပ်မှုဖေါ်ပြတာတွေကိုတော့ ပြင်းပြင်းထန်ထန်တုံ့ပြန်ကြတယ်။ ဗလာဒီမာပူတင်ဆိုရင် ပြီးခဲ့တဲ့ နှစ်တွေမှာ လူပေါင်းကိုးသန်းလောက်ကို ရွေးကောက်ခံ ဖြစ်ခွင့်မပေးဘဲ အယောင်ဆောင်ရွေးကောက်ပွဲကို မျက်နှာပြောင်ပြောင်နဲ့ ကျင်းပခဲ့တယ်။ သူ့အစိုးရက လိုလားတဲ့ ပါတီဟာ တခြားပါတီတွေ အားလုံးစုစုပေါင်းထက် မီဒီယာတွေပေါ်မှာ ၅ ဆလောက် အချိန်ပိုရပြီး ဖော်ပြခံရတယ်။ ပြီးတော့ မဲရေတွက်တဲ့အခါမှာလည်း ဆန်းဆန်းကြယ်ကြယ် လျှို့ဝှက်စွာပဲ အဖြေတွေဟာ ပြောင်းလဲကုန်ကြတယ်။

သိပ်မကြာခင်ကတော့ သူဟာ ဘူတာရုံတွေမှာ ရဲတွေကို နေရာချထားပြီး လူတွေကို ဖမ်းဆွဲလို့ စစ်တပ်ထဲ အတင်းဝင်ခိုင်းတာတွေ လုပ်နေပါပြီ။ မြန်မာပြည်စစ်အာဏာရှင်ဟာ ဆယ်ကျော်သက်တွေအပါအဝင် ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေကို ပစ်သတ်ခဲ့တဲ့ အပေါ်မှာ နည်းနည်းမှ ရှက်ရွံ့ပုံမရှိပါဘူး။ တရုတ်အစိုးရကတော့ ဟောင်ကောင် လူထုဒီမိုကရေစီလှုပ်ရှားမှုကို ဖျက်ပစ်လိုက်နိုင်တာကို ကြွားဝါနေခဲ့တယ်။ Uighur အူဂါလူနည်းစုကို အကျဉ်းစခန်းများစွာထဲမှာ ပိတ်ထားတဲ့ ကိစ္စကိုတော့ ဘာမှမဖြစ်သလို ဟန်ဆောင် သတင်းအချက်အလက်ဘာမှမရအောင်ပိတ်ဆို့ထားတယ်။

အဆိုးဆုံးကတော့ အဲဒီလို ကမ္ဘာက ဘာပြောပြော အရေးမလုပ်တဲ့မူကနေ “မာဒူရို ပုံစံအုပ်ချုပ်မှု- Maduro Model” ဖြစ်လာတယ်။ (ဒီနာမည်ကို ဒီမိုကရေစီအရေးလှုပ်ရှားတဲ့ Srdja Popvic ဆာယ ပေါ်ပိုဗစ်က ပေးခဲ့တာပါ)။ ဒီပုံစံနဲ့ သွားတဲ့ အာဏာရှင်တွေဟာ တိုင်းပြည်မှာ အဆုံးအရှုံးအကုန်အကျ ဘယ်လောက်ရှိရှိ အာဏာအတွက် ဒီအကုန်အကျတွေ ပေးဖို့ အဆင်သင့်ပဲ။

နိုင်ငံက ပြိုကျပျက်စီး Failed state စာရင်းဝင်သွားလည်း ရတယ်။ အထီးကျန် ပစ်ပယ်ခံရတာ၊ စီးပွါးပျက်လို့ လူထုက ဆင်းရဲတွင်းထဲ ကျဆင်းသွားတာတွေလည်း ရတယ်။ အာဏာအတွက်ဆို ဘာပဲလုပ်ရလုပ်ရ ဖြစ်တယ်။ ဆီးရီးယားမှာတော့ အာဆတ်က ဒီလို “မာဒူရိုမော်ဒယ်”ကို ကျင့်သုံးသူဖြစ်တယ်။

ဘယ်လာရုစ်မှာ လူကာရှန်ကို လုပ်ခဲ့တဲ့ ပုံစံလည်းဒါပဲ။ ကဘူးကို သိမ်းတုန်းက တာလီဘန်ခေါင်းဆောင်တွေ စိတ်ထဲရှိတဲ့ အကြံမျိုးနဲ့ လည်း တူပုံရတယ်။ သူတို့ ပန်းတိုင်က လူ့အဖွဲ့အစည်း သာယာဝပြောဖို့ မဟုတ်ဘူး။ အာဖဂန်နစ္စတန်နိုင်ငံကြီးတိုးတက်ဖို့ မဟုတ်ဘူး။ အာဖဂန်နစ္စတန်ဟာ သူတို့အုပ်ချုပ်တဲ့ အာဖဂန်နစ္စတန် နိုင်ငံဖြစ်နေဖို့ပဲ။

ဒီလိုပဲ ရုရှားမှာလည်း အတူတူပဲ။ ပူတင်က ကမ္ဘာကြီးနဲ့ ပျော်ပျော်ကြီးအဆက်ဖြတ်ပစ်ဖို့ ဝန်မလေးသူဆိုတာရှင်းတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အဆုံးသတ်သွားတာ၊ ပြည်သူရဲ့ လူနေမှုအဆင့် အတန်းတွေ ကျဆင်းသွားတာတွေကို ဂရုမစိုက်ဘူး။ တာလီဘန်တွေလို၊ ဗင်နီဇွဲလားအစိုးရ လိုပဲ ပူတင် အတွက်က သာမန်ရုရှားပြည်သူတွေ ပြေလည်ဖို့က အရေးမကြီးပါဘူး။ ဒါက သူအခုမျှော်မှန်းတာ မဟုတ်သလို နောင်လည်း ဟုတ်မှာ မဟုတ်ဘူး။

အမေရိကန်၊ ဥရောပသမဂ္ဂ၊ သြစတြေးလျား၊ ဂျပန်တို့ ဘယ်လိုထင်မြင်ယူဆသလဲ ဂရုမစိုက်ဘူး။ ကုလသမဂ္ဂမှာ OSCE မှာ လူ့အခွင့်အရေးအင်စတီကျူးရှင်းတွေထဲမှာ ရုရှားအကြောင်းဘယ်လိုပြောပြော စိတ်မဝင်စားဘူး။

အာဏာရှင် အမူအကျင့်အလေ့အထတွေ လွတ်ငြိမ်းခွင့်ရနေတဲ့ အခြေအနေတွေက ခိုင်ခန့်တဲ့ ဒီမိုကရေစီတွေအထဲထိ အာဏာရှင်တွေ တိုးဝင် ခြေလှမ်းကျဲလာနိုင်အောင် ထောက်ကူပေးနေပြန်တယ်။ သူတို့ဒီလို အောင်အောင်မြင်မြင်ထိုးဖောက်ဝင်ရောက်နေတဲ့ ဥပမာတွေကို ကြည့်မယ်ဆိုရင် ရုရှားဟာ အမေရိကား၊ ပြင်သစ်နဲ့ တခြားရွေးကောက်ပွဲမှာ သတင်းအချက်အလက်ပိုင်းမှာ ဝင်ပြီး ဩဇာလွှမ်းမိုးလို့ ရနေတယ်။

ဂျာမနီလိုမှာဆိုရင်လည်း ရုရှားက ထွက်တဲ့ ဓာတ်ငွေ့ကို အဆမတန် မှီခိုနေရတာကြောင့် သူ့အကျိုးစီးပွားက ရှိနေပြန်တယ်။ ဒီလိုပဲ တူရကီတို့ ကမ္ဘောဒီးယားတို့ဆိုရင်လည်း တရုတ်ကို ဝေဖန်ရမှာ အင်မတန် တွန့်ဆုတ်ကြတယ်။

အာဏာရှင်တွေရဲ့ တချို့သော ဩဇာလွှမ်းမိုးရေး အစီအစဉ်တွေဟာဆိုရင် သိပ်မမြင်သာဘူး။ အပြစ်တင်တာ ဝေဖန်တာ မလုပ်ဘဲ အခွင့်အရေးပေးပြီး ကိုယ့်ဘက်ပါအောင်လုပ်တာမျိုးဖြစ်တယ်။ ဥပမာ- တချို့ အမေရိကန်နဲ့ ဥရောပကုမ္ပဏီတွေ သဘောပေါက်လာတာကတော့ အာဏာရှင်တွေနဲ့ လိုက်လျောညီထွေနေ ပေးနိုင်ရင် သူတွေအတွက် စီးပွါးရေးအခွင့်အလမ်းကောင်းတွေ ရှိနေတယ် ဆိုတာပါ။ ဥပမာ- ၂၀၁၈ တုန်းက Mckinsey ကော်ပိုရေးရှင်းဟာ အူဂါတွေကို လှောင်ထားတဲ့ စခန်းနဲ့ မိုင်အနည်းငယ်ပဲ ဝေးတဲ့နေရာတစ်ခုကို အပန်းဖြေဖို့ရွေးချယ်လိုက်တယ်။

ဒီလိုရွေးချယ်ကျင်းပတဲ့အတွက် တရုတ်အစိုးရက ပြောနေသလို စင်ကျန်းမှာ ဘာမှ ဆိုးဆိုးရွားရွားဖြစ်နေတာမဟုတ်ဘူးဆိုတဲ့ အဆိုကိုထောက်ခံပေးသလို ဖြစ်သွားခဲ့တယ်။ Mckinsey ဟာ ဒီလိုနေရာမှာ အပန်းဖြေဖို့ ရွေးတာ၊ အဲဒီမှာ လူ့အခွင့်အရေးအကြောင်းမပြောတာတွေအတွက် အကြောင်း ရင်းခံက ရှိနေပြီသားပါ။

ဒီ အတိုင်ပင်ခံကုမ္ပဏီကြီး Mckinsey ဟာ တရုတ်အစိုးရပိုင် အကြီးဆုံး ကုမ္ပဏီတစ်ရာစာရင်းထဲက ကုမ္ပဏီ ၂၂ ခုမှာ အကြံဉာဏ်ပေးလုပ်နေတာကြောင့်ပါ။ အဲဒီလို အကြံပေးနေတဲ့ ကုမ္ပဏီထဲက တစ်ခုဆိုရင် အမေရိကကို လန့်သွားစေခဲ့တဲ့ တောင်တရုတ်ပင်လယ်မှာ ကျွန်းတုကို တည်ဆောက်နေတဲ့ ဆောက်လုပ်ရေးမှာ ပါနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

ဒီလို Mckinsey တစ်ခုတည်းကိုရွေးပြောရတော့ မတရား ထိုးနှက်သလိုတော့ဖြစ်တယ်။ တကယ်တမ်းပြောရင် နိုင်ငံတကာက အကြီးဆုံး ကော်ပိုရေးရှင်းကြီးတွေဟာ တရုတ်၊ ရုရှား၊ အီရန်နဲ့ တခြား များစွာသော အာဏာရှင်နိုင်ငံတွေနဲ့ ရှည်ကြာလှတဲ့ စီးပွားရေး၊ ငွေရေးကြေးရေး၊ ပုဂ္ဂိုလ်ရေး အဆက်အစပ်တွေ ရှိနေကြတာပါပဲ။

ရုရှားက ငွေနဲ့ ဂျာမနီ အဓိပတိဟောင်းတွေကို အိတ်ထဲထည့်ထား လို့ရတယ်။ ဗြိတိသျှ ဝန်ကြီးချုပ်နဲ့လည်း ညစာစားလို့ရတယ်။ (အနောက်တိုင်းက) အိမ်ခြံမြေ စီးပွားဧရာမပိုင်တဲ့ သူတွေသာမဟုတ်ဘူး။ လန်ဒန်၊ လပ်ဇမ်ဘတ်နဲ့ မိုင်ယာမီက ဘဏ်တွေဟာလည်း အာဖရိက၊ အာရှနဲ့ လက်တင်အမေရိက၊ ဥရောပက အာဏာရှင်တွေရဲ့ ငွေမည်းတွေကိုငွေဖြူဖြစ်အောင်၊ ဘဏ်မှာ ငွေတွေ သိမ်းထားနိုင်အောင် ကူညီခဲ့ကြတာပဲ။

တစ်ခါတစ်လေမှာ ဒီကိစ္စတွေရဲ့ အကျိုးဆက်ကို မြင်ရဖို့ မလွယ်ပေမယ့် အဲဒီလုပ်ရပ်တွေကြောင့်ပဲ အမေရိကနဲ့ ဥရောပမှာ ဓနဥစ္စာမညီမျှမှုတွေ၊ ခြစားမှုတွေ တိုးလာခဲ့ပြီး ဒီမိုကရေစီကိုလည်း အကျဘက်ကို တွန်းပို့နေခဲ့သလို ဖြစ်လာတယ်။

အာဏာရှင်နိုင်ငံများမဟာမိတ် ဒီလောက်ကြီးထွားလာတာကို မထိန်းနိုင်တဲ့ အကြောင်းတစ်ခုကတော့ ဒီမိုကရေစီနိုင်ငံတွေမှာ အမြစ်တွယ်နေတဲ့ အားနည်းချက်တွေကြောင့်လည်းဖြစ်တယ်။ တချို့အားနည်းချက် တွေကိုတော့ အာဏာရှင်တွေဘက်က ပိုပြီးနက်ရှိုင်းလာအောင် တမင် ကြံစည်အားထုတ်ကြတာဖြစ်တယ်။

လက်ရှိ ( အာဏာရှင်ရပ်တည်မှု) ဇာတ်လမ်းမှာ အားလုံးအတွက်သင်ခန်းစာ ယူစရာရှိပါတယ်။ သတိထားစရာ လည်းရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဏာရှင် အသိုင်းအဝိုင်းက ခေါင်းဆောင်တွေက အတူတူ အလုပ်လုပ်နိုင်ကြတယ်။အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ကြတယ်။

တစ်နိုင်ငံက ပြည်တွင်းရန်ကို နှိမ်နင်းဖို့ အချင်းချင်းအထောက်အပံ့တွေ ပေးကြတယ်။ ပြည်သူကို ထောက်လှမ်းရေး နည်းပညာတွေနဲ့ စောင့်ကြည့်နိုင်အောင် အချင်းချင်း သင်ပေးကြတယ်။ သူတို့တောင် ဒီလိုလုပ်နိုင်ကြတယ်ဆိုရင် ဒီမိုကရေစီ နိုင်ငံတွေကရော ဒီလိုအာဏာရှင်တွေကို ပြန်ပြီးတွန်းကန်ဖို့ ဘာလို့ အတူတူ အလုပ် မလုပ်နိုင်ရမှာလဲ။ ဒီမိုကရေစီစိုးမိုးတဲ့ ကမ္ဘာလို့ ပြောရင်တိတိကျကျ ရည်ညွှန်းချင်တာ ရှိပါတယ်။

ဒီမိုကရေစီအစိုးရတွေသက်သက်ကိုပဲရည်ညွှန်းချင်တာမဟုတ်ပါဘူး။ ရုရှား၊ ဟောင်ကောင်၊ ဘယ်လာရုစ်၊ အီရန်၊ ဗင်နီဇွဲလား၊ မြန်မာ၊ ဆော်ဒီအာရေးဗီးယား၊ ကျူးဘားနဲ့ တခြားကမ္ဘာ့နိုင်ငံ အများကြီးက ဒီမိုကရေစီ အရေးလှုပ်ရှားနေကြတဲ့ အာဏာရှင် တွေရဲ့ အတိုက်အခံတွေကိုပါ ထည့်ပြောတာဖြစ်ပါတယ်။

ဒီလိုနိုင်ငံတွေအကြောင်းကိုပြောရင် တစ်နေရာနဲ့ တစ်နေရာက အဆက်အစပ်မရှိကြသလို၊ နေရာတိုင်းမှာ ဖြစ်နေတာက တစ်မျိုးစီပါလို့ ရှုမြင်ခဲ့ကြတာ ကြာခဲ့ပါပြီ။ ဟုတ်ပါတယ်၊ မတူတာတွေလည်း တစ်နိုင်ငံစီမှာ ရှိပါတယ်။ ဒါပေမယ့် ရင်ဆိုင်နေရတဲ့ အခြေအနေတွေဟာ ဆက်စပ်နေကြပါတယ်။ အခုဆိုရင် အရင်က ထက်ပိုပြီး နက်နက်ရှိုင်းရှိုင်းဆက်စပ်မှုတွေ ရှိလာနေကြတယ်။ ရန်သူက တစ်ဦးတစ်ယောက်တည်း ဖြစ်လာ လို့ပါ။ ရန်သူဟာ ပူတင်လည်းမဟုတ်ဘူး။ ရှိကျင်ပင်းလည်းမဟုတ်ဘူး။ မာဒူရိုလည်းမဟုတ်ဘူး။ အာဏာရှင် နိုင်ငံစုံ မဟာမိတ် ကော်ပိုရေးရှင်းကြီးပါ။

တစ်ကမ္ဘာလုံးက ဒီမိုကရေစီအရေးလှုပ်ရှားသူတွေမှာ အချိတ်အဆက်တွေ အတိုင်းအတာတစ်ခုထိ ရှိကြတယ် ဆိုတာ မှန်ပါတယ်။ ဒီတိုင်ပေလို နေရာမှာ အခန်းတစ်ခန်းတည်း အတူတူ ခုလိုစုရုံးနေကြတာက သက်သေပဲမဟုတ်လား။ ဒီမိုကရေစီအတွက် နိုင်ငံတကာလှုပ်ရှားမှု၊ အော်စလို လွပ်လပ်ရေးဖိုရမ်ဟာလည်း နောက်တစ်ပတ်မှာ ကျင်းပမှာ ဖြစ်တယ်။

ကမ္ဘာ့လွတ်လပ်ရေးကွန်ဂရက်ကလည်း နောက်လဆိုရင် Vilnius မှာ ကျင်းပမှာ ဖြစ်တယ်။ ဒီညီလာခံတွေအားလုံးဟာ ကမ္ဘာတဝန်းလုံးက ဒီမိုကရေစီလှုပ်ရှားသူတွေကြား ပိုပြီး ဆက်ဆံရေးခိုင်မာလာဖို့ပဲ ဖြစ်တယ်။ ဒါပေမယ့် အစည်းအဝေးတွေမှာတွေ့ကြရုံနဲ့တော့ မလုံလောက်နိုင် ပါဘူး။ အားလုံး ဝိုင်းဝန်းကြံဆောင် ကြမှ ဖြစ်မှာပါ။ အတူတူ ပူးပေါင်းဆောင်ရွက်နိုင်တာ တွေရုပ်လုံး ပေါ်လာမှသာ အရာထင်နိုင်မှာပါ။

ဥပမာ- ဒီအခန်းထဲက လူအတော်များများဟာ အာဏာသုံးပြီး ခိုးဝှက်လုယက်မှုတွေ၊အကျင့်ပျက်ခြစားပြီး ဆွေစဉ်မျိုးဆက် ကြီးပွါးနေတဲ့ အခြေအနေတွေကို ဆန့်ကျင်ဖေါ်ထုတ်ဖို့ လှုပ်ရှားနေကြတယ်။ ဒီလှုပ်ရှားမှုထဲက လူတွေဟာ ကိုယ့်နိုင်ငံမှာရှိတဲ့ ထိပ်တန်းရာထူးတွေက ခိုးထားတာတွေကို ဖော်ထုတ်တဲ့ နေရာမှာ ကျွမ်းကျင်ကြတယ်။

ဒီလိုကျွမ်းကျင်မှုကို နိုင်ငံထဲမှာသာမက နိုင်ငံတကာအဆင့် ပူးပေါင်း ဆောင်ရွက်နိုင်ရင် မကောင်းဘူးလား။ ချိတ်ဆက်လုပ်ကြမယ်။ တစ်နိုင်ငံက ကိစ္စကို တခြားနိုင်ငံတွေကလည်း ဝိုင်းအသံထွက်နိုင်အောင်လုပ်ကြရင် မကောင်းဘူးလား။ ကိုယ့်နိုင်ငံက ကိစ္စတွေကိုပဲဖော်ထုတ်တာမဟုတ်ဘဲ အာဏာရှင်နိုင်ငံအချင်းချင်း ကြားထဲက အဆက်အစပ်တွေကိုပါ ဖော်ထုတ်ဖို့ မသင့်ဘူးလား။

ဒီအကြောင်း တွေကို လူတွေထဲ ရောက်အောင် ပြောပြကြတဲ့အခါ ပိုကောင်းတဲ့နည်းတွေကိုရှာဖွေပြောကြရင် မဖြစ်ဘူးလား။ Youtube ကပဲဖြစ်ဖြစ် တခြားဆိုရှယ်မီဒီယာကပဲဖြစ်ဖြစ် အားလုံးဝိုင်းပြီးပြောဆိုကြဖို့ပါ။ ဒီခန်းမထဲမှာ အကျင့်ပျက်ခြစားတာ တွေနည်းသွားအောင် ငွေကြေးစနစ်ပြုပြင်ပြောင်းလဲဖို့ ကိုယ့်အစိုးရကိုယ် ဆော်သြနေတဲ့အလုပ်တွေမှာ အတွေ့အကြုံများတဲ့သူတွေလည်း ပါကြပါတယ်။

ဒီလို အစိုးရတွေကို စည်းရုံးလှုံ့ဆော်တဲ့အလုပ်တွေကို နိုင်ငံတကာအဆင့်မှာ ဆောင်ရွက်ကြရင် ဘယ်လိုနေမလဲ။ နိုင်ငံများစွာက လှုပ်ရှားသူတွေ ဒေသန္တရအချိန်တွေကိုကျော်လွန်ပူပေါင်းပြီး နိုင်ငံတကာ အချိတ်အဆက်နဲ့ လုယက်ခိုးဝှက်သိုဝှက်ထားတဲ့ အာဏာရှင်တွေကို ရင်ဆိုင်ဖေါ်ထုတ်တဲ့ နေရာမှာ ပူးပေါင်းနိုင်ကြဖို့ပါ။ အဲဒီလိုဆိုရင် ဥပဒေတွေ ပိုကောင်းလာအောင် လုပ်လို့ရချင်ရလာမယ်။ လူတွေ ပိုပြီး သိမြင် ပါဝင်လာအောင်လုပ်နိုင်မယ်။

နည်းပညာဘက်၊ ငွေကြေးဘက်၊ ဥပဒေအရေးဘက်၊ အာဏာရှင်ရဲ့ဝါဒဖြန့်ချိရေးဘက် အစရှိတဲ့ ကဏ္ဍတွေမှာလည်း အလားတူပဲ အဆိုပြုချင်ပါတယ်။ လုပ်နိုင်တဲ့ ကိစ္စတွေဟာ စာရင်းအရှည်ကြီး ဖြစ်သွားမှာပါ။ ဒီနေရာမှာ ကျမအနေနဲ့ စာရင်းရွတ်ပြဖို့လည်း မဟုတ်ပါဘူး။ ခု ဒီမှာထိုင်နေကြတဲ့ သူတွေဟာ ဒီလိုအရေးကိစ္စတွေမှာ ကျွမ်းကျင်သူတွေဖြစ်ပါတယ်။ လာမဲ့ဆယ်စုနှစ်ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို ပုံဖေါ်ပေးမယ့် ပူးပေါင်းဆောင်ရွက်မှုအသစ်တွေ လုပ်ကြမယ့် သူတွေပါ။ နည်းပညာနဲ့ နိုင်ငံရေးနည်းလမ်းသစ် တွေကို အတူတကွ ရှာဖွေဖော်ထုတ်ကြပြီး အလုပ်ဖြစ်အောင် အားထုတ်ကြမဲ့ သူတွေပါ။

နိဂုံးချုပ်အနေနဲ့ကတော့ ၂၀ ရာစုကို ပြန်ကြည့်ရင် အဲဒီကာလဟာ နှေးကွေးတယ်၊ ဘက်မညီတဲ့ ရုန်းကန်မှုတွေရှိတယ်။ ဒါပေမဲ့ လစ်ဘရယ်ဒီမိုကရေစီက အဆုံးမှာ ကွန်မြူနစ်၊ဖက်ဆစ်၊ အစွန်းရောက် မျိုးချစ်ဝါဒတွေကို အနိုင်ယူခဲ့တယ်။ ၂၁ ရာစုကတော့ အခုထိမြင်တာပြောရရင် နောက်ပြန်သွားနေ သလိုဖြစ်နေပါတယ်။ စတန်းဖို့တက္ကသိုလ်က ပညာရှင် လယ်ရီဒိုင်းမွန်းပြောသလို ဒီမိုကရေစီ ဆုတ်ယုတ်မှုကြီး ဖြစ်ပေါ်နေတယ်။ ဒီအဆိုကို ကောက်ယူခဲ့တဲ့ စစ်တမ်းတိုင်းက ထောက်ခံနေကြတယ်။ ဒီမိုကရေစီဆုတ်ယုတ်လာတာဟာ အာဏာရှင်နိုင်ငံတွေမှာချည်းမဟုတ်ဘဲ ခိုင်ခန့်တဲ့ ဒီမိုကရေစီ စနစ်ထွန်းကားတဲ့ နိုင်ငံတွေမှာတောင် မြင်နေကြရတယ်။

ဒါပေမယ့် တစ်ဘက်က ကြည့်ရင်တော့ ဒီလိုတွေးနိုင်ပါတယ်။ အာဏာရှင်တွေ အချင်းချင်း ကူညီထောက်မ နေကြတာက သူတို့ နိုင်ငံအသီးသီးထဲက ဒီမိုကရေစီလှုပ်ရှားမှုတွေကို အပြင်လူမပါဘဲ တိုက်ထုတ်ဖို့ အားမရှိဘူးဆိုတာ သိလာကြလို့ပါ။ အာဏာရှင်တွေဟာ ပိုပြီး ဆတ်ဆတ်ထိမခံ ဖိနှိပ်တုံ့ပြန်လာကြတာ ကလည်း သူတို့ကိုဆန့်ကျင်နေသူတွေမှာ ပိုပြီး ခိုင်လုံတဲ့ ရပ်တည်ချက်တွေ အကြောင်းပြချက်တွေ ရှိနေတာကို သိတာကြောင့်လည်းဖြစ်ပါတယ်။ ပြည်သူတွေဟာ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေရဲ့ စကားကို နားထောင်ကြတယ်။ နိုင်ငံရေးလွတ်လပ်ခွင့်ရလိုတဲ့ ပြည်သူတွေရဲ့ အာသီသက လျော့ပါးသွားတယ်လို့ မရှိဘူး။

အာဏာရှင်တွေနဲ့ လူထုရဲ့ရင်ဆိုင်မှုတွေ ပိုပြီးပြင်းထန်လာရတဲ့ အကြောင်းကတော့ ဒီမိုကရေစီ လှုပ်ရှားမှုတွေဘက်က ပိုပြီးအကျိုးအကြောင်းနဲ့ ပြောဆိုနိုင်တာ၊ ပိုပြီးစုဖွဲ့လာနိုင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီကမ္ဘာသစ်ရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်တဲ့ ဆင်ခြင်ဥာဏ်နဲ့ သန္နိဌာန်ရှိ ဒီမိုကရေစီ လှုပ်ရှားမှုဘက်မှာရှိတယ်လို့ ကျမ အသေအချာပြောနိုင်ပါတယ်။

———————

Anne Applebaum သည် The Atlantic စာစောင်တွင် ပင်တိုင်ရေးသားသူဖြစ်ပြီး ပူလစ်ဇာဆုရှင် စာရေး ဆရာမနှင့် သမိုင်းဆရာမတစ်ဦး ဖြစ်သည်။

ဘာသာပြန် တင်ပြသူ – Igor Blazevic