• Today is: Friday, April 19, 2024

■ မြန်မာ့နွေဦး ■ အဆုံးအဖြတ် တိုက်ပွဲ ဘာလဲ / ဘယ်လဲ

■ မြန်မာ့နွေဦး

■ အဆုံးအဖြတ် တိုက်ပွဲ ဘာလဲ / ဘယ်လဲ

●──── ๑۩۩๑ ─────●

– မင်းသေ့ (သူ့အတွေး သူ့အမြင်)

နိုင်ငံရေးသမားကတော့ ကြွေးကြော်သံတွေနဲ့ အသက်ဆက်ဖို့ ကြိုးစားလေ့ရှိတာ ထုံးစံပဲ။ ဒါပေမယ့် လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးက — စစ်ရေးကို ဗဟိုပြုပြီး သွားနေကြတာ။ စစ်ရေးမှာက ကြွေးကြော်သံကို မဟာဗျူဟာလုပ်ပြီး သွားလို့ ရတာ မဟုတ်ဘူး။ ပြီးတော့ စစ်ပွဲဆိုတာကလည်း ရွေးကောက်ပွဲလို မဟုတ်ဘူး။ ရွေးကောက်ပွဲနဲ့ စစ်ပွဲက မတူဘူး။ စစ်ဆိုတာ နိုင်ချေရှိမှ တိုက်ရတယ်…. နိုင်အောင်လည်း ကြိုတင်ပြင်ဆင်တတ်ရတယ်… ဆိုတဲ့ စကားတစ်ခု ရှိပါတယ်။ ကမန်းကတန်းတော်လှန်ရေးမှာ ကယောင်ကတန်း ကြွေးကြော်သံတွေနဲ့ စစ်အနိုင်တိုက်ရေး လမ်းစဉ်ကို ဦးဆောင်လို့ မရဘူးဆိုတာကို အားလုံး နားလည်ပြီး ဖြစ်ပါတယ်။

■ ပြတ်သားတဲ့အဖြေ ထွက်ခဲ့ဖူးပါသလား

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဟာ ၂၀၂၃ ခုနှစ်ဟာ အဆုံးအဖြတ်တိုက်ပွဲကို သတ်မှတ်မယ့် နှစ်တစ်နှစ်ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားတယ်။ အဆုံးအဖြတ်လို့ ပြောတဲ့နေရာမှာ — အနိုင်လည်း ရှိလိမ့်မယ် / အရှုံးလည်း ရှိလိမ့်မယ်။ ဒါပေမယ့် မြန်မာပြည်ရဲ့ ပြည်တွင်းစစ်သမိုင်းနောက်ခံကို လေ့လာကြည့်ရင် အဖြေပြတ်ပြတ်သားသား ထွက်ခဲ့တဲ့ ပြည်တွင်းစစ်ရလဒ် ရှိခဲ့ပါသလား။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်သမိုင်းကို လေ့လာကြည့်ရင် အဖြေ ပြတ်ပြတ်သားသား မထွက်ခဲ့ပါဘူး။ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်ကတည်းက ဖွားဖက်တော်အဖြစ်ပါလာခဲ့တဲ့ ပြည်တွင်းစစ်ဟာ စစ်အင်အား အတည် / အရွေ့တွေသာ ဖြစ်ခဲ့တယ်။ ပြည်တွင်းစစ်ဇာတ်လမ်း မပြီးဆုံးသေးတာ ယခုတိုင်ဖြစ်ပါတယ်။ ကျူးကျော်စစ်တွေကို ခုခံတော်လှန်တဲ့နေရာမှာ အဖြေတွေဟာ ပြတ်ပြတ်သားသား ထွက်ခဲ့ပါတယ်။ ကိုလိုနီအင်္ဂလိပ်ကို တော်လှန်ဖို့ ဖက်ဆစ်ဂျပန် ပူးပေါင်းပြီး တိုက်ထုတ်တယ်။ အဖြေပြတ်ပြတ်သားသား ထွက်ခဲ့ပါတယ်။ ဖက်ဆစ်ဂျပန်ကို တော်လှန်ဖို့ ကိုလိုနီအင်္ဂလိပ်နဲ့ ထပ်ပြီး ပူးပေါင်းခဲ့ပြန်တယ်။ အဖြေပြတ်ပြတ်သားသား ထွက်ခဲ့ပါတယ်။ ဒါပေမယ့် လွတ်လပ်ရေးရပြီးကတည်းက တိုက်လာကြ / တော်လှန်လာကြတဲ့ ပြည်တွင်းစစ်။ နှစ်ပေါင်း (၇၀) ကျော်ပြီ။ ယခုထိ အဖြေ ပြတ်ပြတ်သားသား မထွက်ခဲ့ပါဘူး။

■ ကစားသမားတွေ ပြောင်း / ပြည်တွင်းစစ် သက်ဆိုးရှည်

မြန်မာပြည် ပြည်တွင်းစစ်သမိုင်းကို အနှစ်ချုပ်ရင် အီလည်လိုက်တာနဲ့ မျောနေတာနဲ့ စစ်ရေးအားပြိုင် လွန်ဆွဲပြီး စစ်ရေးစိုးမိုးဧရိယာတွေ ရွေ့သွား ပြောင်းသွားတာပဲ ရှိခဲ့ဖူးပါတယ်။ ဘယ်ဘက်ကမှ ပြတ်ပြတ်သားသား အနိုင်ရခဲ့တယ်လို့ လုံးဝ မရှိခဲ့ပါ။ အင်အားချိနဲ့တဲ့ လက်နက်ကိုင်အဖွဲ့တွေ မှေးမှိန် ပျောက်ကွယ်သွားတာ ရှိပေမယ့် – ဒါဟာ ပြည်တွင်းစစ်ကစားပွဲထဲက ထွက်သွားတာသာ ဖြစ်တယ်။ အနိုင် – အရှုံး ပြတ်သားတဲ့ အဖြေပေါ်ခဲ့တာ မဟုတ်ဘူး။ မှေးမှိန်သွားတဲ့လက်နက်ကိုင်အဖွဲ့တွေ အစား – ပြည်တွင်းစစ်ကစားပွဲကို သက်ဆိုးရှည်စေမယ့် ဇာတ်ကောင်အသစ်တွေ ပြန်လည် မွေးဖွားပြီး ပြည်တွင်းစစ်သမိုင်းဇာတ်ကို ပွဲဖြစ်အောင် ယခုထိ ကနေကြတာပဲ မဟုတ်လား။ လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးမှာ ဖြစ်ပျက်နေတဲ့ ပြည်တွင်းစစ်ကရော။ တကယ့် အဆုံးအဖြတ်အဖြေကို ပြတ်ပြတ်သားသား ပြနိုင်မယ့် အခြေအနေကို ရောက်နေပြီလား၊ ရောက်မှာလား၊ ရောက်မယ်လို့ ထင်ပါသလား။

■ ဘယ်ဘက်ကမှ မနိုင်သလို ဘယ်ဘက်ကမှလည်း မရှုံး

မြန်မာ့ပြည်တွင်းစစ်သမိုင်းစဉ်ကို လေ့လာကြည့်တဲ့အခါ — ကိုယ့်အချင်းချင်းတွေ တိုက်တဲ့ စစ်ပွဲတွေဟာ ဘယ်သောအခါမှ ပြတ်ပြတ်သားသား မဖြစ်ခဲ့ဘူးဆိုတာ အဖြေထွက်တယ်။ မြန်မာ့ပြည်တွင်းစစ်သမိုင်းမှာ – ဘယ်သူမှလည်း မရှုံးခဲ့သလို၊ ဘယ်သူမှလည်း ပြတ်ပြတ်သားသား မနိုင်ခဲ့ပါဘူး။ နိုင်ငံရေးမှာ အနိုင် / အရှုံး ပြတ်သားတယ်ဆိုတာ ရွေးကောက်ပွဲမှာလား …. သို့မဟုတ် ၊ စစ်ရေးမှာလား။ အတိတ်သမိုင်းကို လေ့လာကြည့်ရင် — မြန်မာစစ်တပ်လည်း မရှုံးခဲ့သလို၊ တော်လှန်သော လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေလည်း မရှုံးခဲ့ပါဘူး။ မြန်မာ့နိုင်ငံရေး အတိတ်သမိုင်းထဲက ပြည်တွင်းစစ်သမိုင်းကို လေ့လာကြည့်ရင် — မြန်မာစစ်တပ်လည်း မနိုင်ခဲ့သလို၊ တော်လှန်သောလူမျိုးစုလက်နက်ကိုင်အဖွဲ့တွေလည်း မနိုင်ခဲ့ပါဘူး။ တိုက်ပွဲတွေမှာ နိုင်တာ — စစ်ပွဲကြီး တစ်ခုလုံး နိုင်တာမှ မဟုတ်တာ။ စစ်ပွဲတစ်ခုလုံးကို ရလဒ် ပြတ်ပြတ်သားသားထွက်အောင် ယတိပြတ် လုပ်နိုင်တဲ့ ဖြစ်ရပ်က ဘယ်မှာလဲ။

■ အဆုံးထိ သွားကြမတဲ့

အတိတ်အကြောင်းအခြင်းအရာ အားလုံးကို စုံစုံစေ့စေ့ လေ့လာဆန်းစစ်ကြည့်လိုက်ရင် — လက်ရှိ ပြည်တွင်းစစ်ကလည်း ပြတ်ပြတ်သားသား အဖြေတစ်ခု ချက်ချင်း လက်ငင်း ထွက်မယ်လို့ လောလောဆယ် လုံးဝ ပြောလို့ မရနိုင်သေးပါဘူး။ သို့သော်လည်း ခေတ် အခြေအနေတွေဟာ အတိတ်နဲ့ မတူတော့ဘူး။ လူ့အဖွဲ့အစည်းရဲ့ ပြောင်းလဲမှုတွေဟာ အတိတ်နဲ့ လုံးဝ ကွာခြားသွားခဲ့ပြီ။ လူထုရဲ့ တော်လှန်ရေး ရေချိန်နဲ့ တော်လှန်ရေးအင်အားစု အသီးသီးရဲ့ မကျေနပ်မှု / နာကျည်းချက်တွေဟာ နောက်ကြောင်းပြန် မလှည့်နိုင်လောက်အောင် အဆုံးထိ သွားနေဖို့ ဆုံးဖြတ်ထားကြတာတွေ့ရတယ်။ တော်လှန်ရေးအင်အားစုတွေဘက်က အဆုံးထိ သွားဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်ကြသလို၊ မြန်မာစစ်တပ် ခေါင်းဆောင်တွေကလည်း အဆုံးထိ သွားဖို့ စီမံ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ထင်ရှားတယ်။ မြန်မာစစ်တပ်က အဆုံးထိသွားမယ်လို့ မကြွေးကြော်ပေမယ့် သူတို့ လုပ်ရပ်တွေကို ကြည့်ရင် အဆုံးထိ သွားဖို့ ဆုံးဖြတ်ချက် ချထားပြီးသားဆိုတာ သိသာထင်ရှားလွန်းနေတယ်။ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ အဆုံးထိသွားမယ်ဆိုတဲ့ နိုင်ငံရေးကြွေးကြော်သံတွေ ပွက်လောညံနေပေမယ့် လက်တွေ့မှာ အဆုံးထိ သွားဖို့ သက်လုံကောင်းအောင် အရင် လုပ်နေရတဲ့ အနေအထားမှာ ရှိနေတယ်။

■ ကျူပင်ခုတ် ကျူငုတ် မကျန် ဗျူဟာ

ပြည်တွင်းစစ်သမိုင်းတစ်လျှောက်လုံးမှာ မြန်မာစစ်တပ်ဟာ — ကျူပင်ခုတ် ကျူငုတ်ပါ မကျန်စေရ ဆိုတဲ့ ဗျူဟာကို တရားသေကိုင်စွဲပြီးတော့ ဖြိုခွင်းဖိနှိပ်ခဲ့တယ်။ ထိုနည်းလည်းကောင်းပဲ — ပြည်တွင်းစစ်သမိုင်းတစ်လျှောက်လုံးမှာ ဗမာတော်လှန်ရေးအင်အားစုတွေဟာ — လက်နက်ကိုင်လမ်းစဉ်ကို လျှောက်တဲ့အခါ အဆုံးသတ်တိုက်ပွဲ / အပြုတ်တိုက်လမ်းစဉ်ဆိုတဲ့ မူကို တစ်ထစ်မှာ မလျော့ခဲ့ဘူး။ ဒါပေမယ့် လက်တွေ့ ပြည်တွင်းစစ် သမိုင်းမှာတော့ — မြန်မာစစ်တပ်က ဘယ်လောက်ပဲ ကျူပင်တွေကို ခုတ်ခုတ် / ကျူငုတ်တွေကို တူးဖော်ပါစေ — ကျူပင် အသစ်တွေလည်း ပေါက်လာတာသာ များသလို၊ ကျူငုတ်တွေလည်း ငေါလောငေါလော နဲ့ ဒင်းကြမ်းပြည့်နှက်နေခဲ့တယ်။ ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းမှုဟာ ကျူပင်အသစ်တွေကိုလည်း မွေးဖွားသန့်စင်ပေးသလို၊ ကျူငုတ်ပေါင်းများစွာကိုလည်း ပေါ်ပေါက်လာစေခဲ့တယ်။

■ အဆုံးသတ် အပြုတ်တိုက် လမ်းစဉ်

တော်လှန်သောဗမာအင်အားစုတွေကလည်း အဆုံးသတ်တိုက်ပွဲနဲ့ အပြုတ်တိုက်လမ်းစဉ် ကို အသံကုန်အော်ဟစ်ပြီး ဘယ်လောက်ပဲ ကြွေးကြော် ကြွေးကြော်… လက်တွေ့မှာ၊ မြန်မာစစ်အာဏာရှင်ကို အပြုတ်လည်း မတိုက်နိုင်ဘူး၊ မပြတ်လည်း မရှင်းနိုင်ဘူး၊ အဆုံးသတ်တိုက်ပွဲဆိုတာလည်း ဘယ်တုန်းကမှ ရောက်အောင် မလျှောက်နိုင်ခဲ့ကြပါဘူး။ အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲမယ်ဆိုရင်တောင် – ဗမာ့ဗီဇအကျင့် တစ်ခုဖြစ်တဲ့ ပန်းမဝင်ခင် တက်ထောင်တတ်တဲ့ အကျင့်ကြောင့် တိုက်ပွဲကိုသာ နိုင်တယ်၊ စစ်ပွဲကြီးတစ်ခုလုံးကို အနိုင်တိုက်ပြီး မြန်မာစစ်အာဏာရှင်ကို နိဂုံးချုပ် မပေးနိုင်ခဲ့ပါဘူး။ အမှန်တရားဟာ ခါးတယ်လို့ ပြောရင် လက်ခံချင်ပါ့မလား။

■ လက်တွေ့ကျခဲ့သူတွေ

လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေး အတွင်းက လက်နက်ကိုင်လမ်းစဉ်ကို လျှောက်လှမ်းနေတဲ့ တော်လှန်ရေးအင်အားစုတွေထဲမှာ – ဗမာမဟုတ်သော လူမျိုးစုတွေဟာ ဗမာလူမျိုးစုတွေထက် စစ်ရေးနယ်ပယ်မှာ ပိုပြီး လက်တွေ့ကျကျ ရှုမြင်လုပ်ဆောင်နိုင်တယ်ဆိုတာ သိသာထင်ရှားတယ်။ လက်နက်ကိုင်တော်လှန်ရေးကို နှစ်ပေါင်းများစွာ ဆုပ်ကိုင် တက်လှမ်းလာခဲ့တဲ့ ဗမာမဟုတ်သောလူမျိုးစုလက်နက်ကိုင် ခေါင်းဆောင်တွေဟာ — လက်တွေ့မကျသော နိုင်ငံရေးမက်လုံးတွေနဲ့ သူတို့ရဲ့ ပြည်သူလူထုကို မလိမ်ညာခဲ့ဘူး၊ မျှော်လင့်ချက်အတုအယောင်တွေ မပေးခဲ့ဘူးလို့ ပြောနိုင်ပါတယ်။

■ မဟာမိတ်စစ်ရေးတပ်ပေါင်းစု / အဓိက

လက်နက်ကိုင်လမ်းစဉ်ကို လျှောက်တဲ့အခါမှာ လက်တွေ့ကျကျ သိမြင်နိုင်ဖို့ဟာ အထူးအရေးကြီးသလို၊ လက်တွေ့ကျကျ လုပ်နိုင်ဖို့ကလည်း သိပ်အရေးကြီးပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးမှာ စစ်ရေးနဲ့ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်ဦးနေရာကနေ ဦးဆောင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေါင်းဆောင်တွေဟာ ပို၍ လက်တွေ့ကျသော စစ်ရေးလုပ်ဆောင်ချက်တွေကို လုပ်ဆောင်နေဖို့ လိုအပ်နေပါတယ်။ မဟာမိတ်ဆက်ဆံရေးဆက်ထုံးကို ခိုင်မာကျစ်လစ် ကြံ့ခိုင်အောင် တည်ဆောက်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ခေါင်းဆောင်ပိုင်းမှာ အထွေထွေ အကန့်အသတ်တွေ ရှိနေပါတယ်။ အထူးသဖြင့် — ဗမာမဟုတ်သော လူမျိုးစုလက်နက်ကိုင်ခေါင်းဆောင်ပိုင်းကို တိမ်းညွှတ်စေမယ့် နိုင်ငံရေးကိုယ်ခံအား မကောင်းတာကို တွေ့မြင်နေရပါတယ်။ စစ်ရေးဦးဆောင်မှုမှာ အသံသာရှိပြီး အဆန် မရှိတဲ့ အဖြစ်မျိုး မရောက်ဖို့အတွက် — ဗမာနိုင်ငံရေးခေါင်းဆောင်တွေ အနေနဲ့ အပြောနဲ့ အလုပ် ညီကြဖို့ ၊ လုပ်သလောက်သာ ပြောဆိုကြဖို့ လိုတယ်။

■ နေပြည်တော်ကို မဖြိုနိုင်သရွေ့

မြန်မာ့နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင်လျှောက်လမ်းကို ပြတ်ပြတ်သားသား အဆုံးအဖြတ် ပေးနိုင်ဖို့အတွက် မဟာမိတ်စစ်ရေးတပ်ပေါင်းစုကို အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ဘယ်လောက် လက်တွေ့ကျကျ စုဖွဲ့နိုင်စွမ်းရှိသလဲဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။ ဒါ့အပြင် နယ်စွန်နယ်ဖျားတွေဖြစ်တဲ့ periphery region တွေမှာ ဘယ်လောက်ပဲ စစ်ရေးစိုးမိုးဧရိယာအဖြစ် ခြေကုတ်ယူထားနိုင်သည်ဖြစ်စေ လက်တွေ့မှာ — မြန်မာစစ်တပ်ရဲ့ နှလုံးသားနယ်မြေဌာနချုပ်ဖြစ်တဲ့ နေပြည်တော်ကို မသိမ်းပိုက်နိုင်သရွေ့ / မချေမှုန်းနိုင်သရွေ့ နွေဦးတော်လှန်ရေးဟာ ဘယ်တော့မှ အနိုင်မရဘူးလို့ ပြောချင်ပါတယ်။ စစ်ရေးနယ်ပယ်ဟာ လက်တွေ့အကျဆုံး ဆုံးဖြတ်လုပ်ကိုင်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ — လက်နက်ကိုင်လမ်းစဉ်ကို pressure mechanism အနေနဲ့ သုံးပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုမှာ အထက်စီးကနေ ညှိနိုင်ဖို့ လုံးဝ စိတ်ကူးမယဉ်သင့်ပါ။ မြန်မာစစ်အုပ်စုဟာ ဒီပေးထားချက်မျိုးကို ငြင်းပယ်ပါလိမ့်မယ်။ ငြင်းပယ်ထားပြီး ဖြစ်တာကိုလည်း တွေ့ရပါတယ်။

■ အဆုံးသတ်တိုက်ပွဲလို့ ပြောနိုင်ဖို့ – နေပြည်တော်ကို ဖြိုကြစို့

မြန်မာစစ်တပ်ဟာ — ဗမာမဟုတ်သောလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေနဲ့ အသေအကြေ ရေကုန်ရေခမ်း တိုက်ခိုက်စေခဲ့အုံးတော့၊ ၎င်းတို့နဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လုပ်ဖို့ မြန်မာစစ်တပ်က စိတ်ရှိထားနိုင်ပါသေးတယ်။ အထူးသဖြင့် မြန်မာစစ်တပ်အနေနဲ့ လောလောဆယ် စစ်ရေးအကျပ်အတည်းကို ဆိုက်ရောက်နေတဲ့ အခြေအနေလိုမျိုး ဖြစ်လာလေလေ၊ သူ့အတွက် ဗမာမဟုတ်သောလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းနဲ့ စစ်ရေးအသက်ရှုပေါက် ရအောင် အမြဲတမ်း ကြံဆနေပါလိမ့်မယ်။ ဒါပေမယ့် ဗမာအညာလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့တော့ တွေ့ဆုံဆွေးနွေးရေးဆိုတာကို လုံးဝ ထည့်သွင်းစဉ်းစားထားတာ မရှိပါ။ တော်လှန်သောဗမာလက်နက်ကိုင်အင်အားစုတွေအနေနဲ့လည်း အဆုံးထိ သွားဖို့က လွဲလို့ တခြားရွေးစရာ မရှိသလို ဖြစ်နေပါတယ်။

ဒါ့ကြောင့် အဆုံးအဖြတ်တိုက်ပွဲရဲ့ အဖြေဟာ — မဟာမိတ်စစ်ရေးတပ်ပေါင်းစုကို ဘယ်လောက်အထိ ကျယ်ပြန့် နက်ရှိုင်းစွာ စုဖွဲ့ နိုင်သလဲဆိုတဲ့ အပေါ်မှာ မူတည်နေပါလိမ့်မယ်။ ဒါ့အပြင် မြန်မာစစ်အာဏာရှင်ရဲ့ စစ်ရေးဗဟိုချက်မဖြစ်တဲ့ နေပြည်တော်ကို သိမ်းပိုက် ချေမှုန်းတာမျိုး မလုပ်နိုင်သရွေ့၊ နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင်တိုက်ပွဲက အဆုံးသတ်တိုက်ပွဲကို ရောက်ပြီ လို့ လုံးဝ မပြောနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ် ခင်ဗျား။