• Today is: Wednesday, December 7, 2022

မြန်မာပြည်သူများဘက်မှ အာဆီယံ ရပ်တည်မလား

မြန်မာပြည်သူများဘက်မှ အာဆီယံ ရပ်တည်မလား
BY ADELINA KAMAL

 

မြန်မာပြည်သူများ၏ လူသားချင်းစာနာမှုအကူအညီ အလွန်အမင်း လိုအပ်နေမှုကို အကောင်းဆုံး ဖြည့်ဆည်းနိုင်မည့် မှန်ကန်သော နည်းလမ်းကိုရွေးချယ်ရာတွင် အာဆီယံခေါင်းဆောင်များသည် တွေးခေါ်စဉ်းစားမှု ပုံစံအသစ်ဖြင့် ချဉ်းကပ်ရန်လိုအပ်သည်။

 

လူသားချင်းစာနာမှု အကူအညီပေးအပ်နိုင်ခြင်းအား နိုင်ငံရေးအကျပ်အတည်းများ၌ “အောင်မြင်မှု” တစ်ခုအဖြစ် သက်သေထူနိုင်မည့် အကောင်းဆုံး အလားအလာဟူ၍ အစိုးရများက အများအားဖြင့် ယူဆကြသည်။ အာဆီယံ အထူးကိုယ်စားလှယ်ကလည်း လူသားချင်းစာနာမှု အကူအညီပေးရန် ကြိုးပမ်းမှုများကို အာဆီယံတူညီဆန္ဒငါးချက်အား အကောင်အထည်ဖော်ရာ၌ သိသာမြင်သာမှု အရှိဆုံး တိုးတက်မှုဟူ၍ အမည်ကင်ပွန်းတပ်ခဲ့သည်။

 

ဤနိုင်ငံရေးနည်းလမ်းကို စွန့်ပစ်လိုက်ခြင်းမှာ မြန်မာနိုင်ငံအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဝင်ထွက်ချိတ်ဆက် ဆက်သွယ်ဆောင်ရွက်နိုင်မှု ရှုထောင့်အရ အခွင့်အရေး ဆုံးရှုံးမှုတစ်ခု ဖြစ်လာနိုင်ပေသည်။

 

သို့ရာတွင် လူသားချင်းစာနာမှု အကူအညီပေးရန် အာဆီယံခေါင်းဆောင်များက တာဝန်ပေးအပ် ထားသော အာဆီယံလူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (AHA Centre) သည် မြန်မာနိုင်ငံ၌ လိုအပ်မှု အလွန်အမင်း ကြီးမားနေသူများထံသို့ အကူအညီများကို ထိရောက်စွာပေးအပ်နိုင်ခြင်း မရှိခဲ့ပေ။ စစ်ကောင်စီ အနေဖြင့် ဝင်ထွက်ခွင့်ကို ဆက်လက် ကန့်သတ် ထားပြီး ၎င်းတို့ခွင့်ပြုသော အုပ်စုများထံသို့သာ အကူအညီများ ဖြန့်ဖြူးခွင့်ပြုလိမ့်မည်ဟု မျှော်လင့် ရသည်။

 

AHA Centre သည် ကမ္ဘာပေါ်တွင် ဘေးအန္တရာယ်ကျရောက်မှု အများဆုံးဒေသတစ်ခုဖြစ်သော အရှေ့တောင်အာရှ၌ လက်မလည်အောင် အလုပ်များနေသောဌာနတစ်ခု ဖြစ်သည်။ ရာသီဥတု ဖောက်ပြန်မှုနှင့် ကမ္ဘာ့ကပ်ရောဂါဘေးတို့က AHA Centre လုပ်ငန်းများ၌ ရင်ဆိုင်နေရသော ရှုပ်ထွေးမှုများကို ပိုမိုဆိုးဝါးခက်ခဲစေခဲ့သည်။

 

သဘာဝဘေးကြောင့် ဖြစ်ပွားသည့် အကျပ်အတည်းများကို ကူညီပေးရန်ဟူသော AHA Centre ၏မူလတာဝန်ကို ထိခိုက်စေလျက် ရင်းမြစ်နှင့်စွမ်းရည်တို့ ချို့ငဲ့နေသည့်ကြားမှ မြန်မာ့နိုင်ငံရေး အကျပ်အတည်း၌ ၎င်းတို့အား တာဝန်ပေးအပ်ခြင်းမှာ မနိုင်ဝန်ထမ်းစေခြင်းဖြစ်ပြီး စွန့်စားရမည့် အန္တရာယ်လည်း ရှိနေသည်။

 

ထို့အပြင် AHA Centre သည် မြန်မာနိုင်ငံအတွင်း၌ စနစ်တကျစုစည်းထားသည့် အဖွဲ့အစည်းတစ်ခု အဖြစ် တည်ရှိနေခြင်း မဟုတ်ပေ။ လိုအပ်ချက်အကဲဖြတ်ခြင်း၊ လူသားချင်းစာနာမှု အကူအညီပေးအပ်မှု မြန်ဆန်ထိရောက်အောင် ကူညီခြင်း စသည့်လုပ်ငန်းများကို ဂျကာတာရှိ ဌာနချုပ်ရုံးက အဓိက စီမံခန့်ခွဲ နေသည်။

 

အာဆီယံခေါင်းဆောင်များအနေဖြင့် မြန်မာနိုင်ငံ၌ AHA Centre ၏ ကြုံရာကျပန်း အလျဉ်းသင့်သလို ချိတ်ဆက်ဆောင်ရွက်နေမှုကို ရပ်ဆိုင်းကာ စစ်ကောင်စီနှင့်ဆက်ဆံရေးကို အခြားလမ်းကြောင်းများ မှတစ်ဆင့် ထိန်းသိမ်းရန် ဆုံးဖြတ်သင့်သည်။

 

အာဏာသိမ်းခဲ့သည်မှာ လပေါင်း ၂၀ ပင် ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် လူသားချင်းစာနာမှုအကူအညီကို စစ်ကောင်စီထံ ဝင်ရောက်ချိတ်ဆက် ဆက်သွယ်ဆောင်ရွက်နိုင်မည့် နိုင်ငံရေးနည်းလမ်းတစ်ခုအဖြစ် ဆက်လက် အသုံးမပြုသင့်တော့ပေ။

 

နောက်တစ်ပတ် ထိပ်သီးအစည်းအဝေး၌တွေ့ဆုံကြမည့် အာဆီယံ ခေါင်းဆောင်များသည် ယခုနည်းလမ်း၏ စိတ်ပျက်ဖွယ်ရာ တိုးတက်မှုကင်းမဲ့နေသည့် အခြေအနေကို မှန်ကန်စွာသုံးသပ်ပြီး အဓိပ္ပါယ်ရှိသော(နိုင်ငံရေးမဟုတ်သည့်) လူသားချင်းစာနာမှုဆိုင်ရာ အကျိုးရလဒ်များ အမှန်တကယ် ရရှိနိုင်ရေး အခြားချဉ်းကပ်မှုများကို စဉ်းစားသင့်ကြသည်။

 

လက်ရှိအချိန်၌ ဖြစ်နိုင်ချေရှိသော လူသားချင်းစာနာမှု အကူအညီပေးရေး နည်းလမ်းသုံးခု ရှိနေပြီး ၎င်းတို့မှာ အောက်ပါ အတိုင်းဖြစ်သည်-

 

၁။ နိုင်ငံတကာဦးဆောင်သော လူသားချင်းစာနာမှုစင်္ကြန်များ တည်ထောင်ခြင်း။ ယူကရိန်း၌ ဆောင်ရွက်နေသကဲ့သို့ပင် အာဆီယံ၊ ကုလသမဂ္ဂ၊ နိုင်ငံတကာကြက်ခြေနီအဖွဲ့(ICRC)နှင့် အခြား လူသားချင်းစာနာမှု အကူအညီပေးရေးမိတ်ဖက်များ ပူးပေါင်း၍ လူသားချင်းစာနာမှုစင်္ကြန်များ တည်ထောင်နိုင်ရေး ညွန့်ပေါင်းအဖွဲ့တစ်ခု ဖွဲ့စည်းရန် စာရေးသူအပါအဝင် ဆွေးနွေးသူအများအပြားက အကြံပြုထားသည်။

 

ထိုသို့ဆောင်ရွက်နိုင်ရေး အာဆီယံနှင့် နိုင်ငံတကာအဖွဲ့များအနေဖြင့် စစ်ကောင်စီနှင့်စေ့စပ်ညှိနှိုင်းကာ လူသားချင်းစာနာမှု အကူအညီပေးနိုင်အောင် ပဋိပက္ခကို ခေတ္တရပ်တန့်ရေး၊ အကူအညီပေးမည့် ဝန်ထမ်းနှင့် အရပ်သားများကို ဘေးကင်းစွာ ဖြတ်သန်းခွင့်ပြုရေးနှင့် အကူအညီများကို ဘေးကင်း လုံခြုံစွာ ပို့ဆောင်နိုင်ရေး တောင်းဆိုကြရန် လိုအပ်မည်ဖြစ်သည်။

 

၂။ အားလုံးပါဝင်သည့် လူသားချင်းစာနာမှု ချိတ်ဆက်ပူးပေါင်းရေး ဖိုရမ်တည်ထောင်ခြင်း၊ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာမှုအကူအညီနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဝန်ကြီးဌာနသည် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့(EROs) အချို့နှင့် ပူးပေါင်း၍ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှ ၂၀၂၂ ခုနှစ် ဇူလိုင်အထိ လိုအပ်မှုဆန်းစစ်ချက် အစီရင်ခံစာတစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

 

ယင်းအစီရင်ခံစာတွင် နယ်စပ်ဖြတ်ကျော် အကူအညီများ နောက်ထပ်ပေးအပ်ရန် အကြံပြုထားပြီး ယခင်အကျပ်အတည်း ကာလများကတည်းက အရင်ဦးဆုံး လက်မနှေးတမ်း တုံ့ပြန်ဆောင်ရွက် ပေးသူများမှာ ဒေသခံအုပ်ချုပ်မှု အဖွဲ့များနှင့် ပူးပေါင်းအလုပ်လုပ်နေသော ဒေသခံအရပ်ဖက်အဖွဲ့များ ဖြစ်သည်ဟူသောအချက်ကို အလေးအနက်ထောက်ပြခဲ့သည်။

 

ထို့အပြင် AHA Centre ၏ လုပ်ငန်းများကို အားဖြည့်ကူညီရေးအတွက် အားလုံးပါဝင်သည့် လူသားချင်းစာနာမှု ချိတ်ဆက်ပူးပေါင်းရေး ဖိုရမ်တည်ထောင်ရန် အစီရင်ခံစာက အကြံပြုသည့်အပြင် ဝင်ထွက်သွားလာခွင့်ပြုရေး စစ်ကောင်စီနှင့် နိုင်ငံတကာအသိုင်းအဝန်းအကြား သဘောတူစာချုပ် ချုပ်ဆိုရန် အဆိုပြုထားသည်။ ဤနည်းလမ်းကို မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကလည်း ထောက်ခံတင်ပြခဲ့သည်။

 

၃။ ဒေသခံဦးဆောင်သော လူသားချင်းစာနာမှုအကူအညီ ပလက်ဖောင်း(စင်မြင့်)တည်ထောင်ခြင်း။ ဤနည်းလမ်းတွင် ဝင်ထွက်ခွင့်ရရှိရေး စစ်ကောင်စီနှင့် စေ့စပ်ညှိနှိုင်းရမည့်အချက် မပါဝင်သဖြင့် ပထမ နည်းလမ်းနှစ်ခုနှင့် နှိုင်းယှဉ်ပါက ဤတတိယချဉ်းကပ်မှုသည် စစ်ကောင်စီကို ဘေးဖယ်ထားမည့် နည်းလမ်းဖြစ်သည်။

 

ဒေသခံဦးဆောင်သောနည်းလမ်းကို အကောင်အထည် ဖော်မည်ဆိုပါက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသော တော်လှန်ရေးလှုပ်ရှားမှုများတွင် ပါဝင်နေပြီး အများအပြားမှာ တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသည့် ဒေသခံအကူအညီပေးလုပ်သားများကို အားပေးကူညီရန် NUG အပြင် စိတ်ပါဝင်စားသော ERO အားလုံးနှင့် အခြားတော်လှန်ရေးအဖွဲ့များက ညီညီညွတ်ညွတ် အားထုတ်ကြိုးပမ်းကြရန် လိုအပ်မည်ဖြစ်သည်။

 

ထိုပလက်ဖောင်းမျိုး တည်ထောင်နိုင်ပါက ဒေသခံ အကူအညီပေးရေးအဖွဲ့များကို တရားဝင်မှတ်ပုံတင်ပေးသည့် နည်းလမ်းတစ်မျိုးကဲ့သို့ ဖြစ်ထွန်းလာမည်ဖြစ်ကာ ၎င်းအဖွဲ့များ၏ မိမိရပ်တည်မှု အခြေအနေအပေါ် စိုးရိမ်ပူပန်နေရမှုများအား ဖြေရှင်းပေးနိုင်မည်ဖြစ်သလို အကူအညီပေးအပ်မှုအတွက် တာဝန်ခံမှုအပေါ် အလှူရှင်များ၏ ယုံကြည်မှုကို လည်း တိုးမြင့်လာစေမည်ဖြစ်သည်။

 

ဤနည်းလမ်းတွင် အကူအညီ စီမံချက်ရေးဆွဲခြင်းနှင့် အကူအညီ ပေးဝေဖြန့်ဖြူးခြင်းတို့ကို ဒေသခံအဖွဲ့များက တိုက်ရိုက်စီမံခန့်ခွဲနိုင်အောင် ၎င်းတို့အား လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးရန် လိုအပ်သည်။ လှူတမ်းငွေများကို လက်နက်ဝယ်ယူရန် ပြောင်းလဲအသုံးချမည်ကို စိုးရိမ်နေသော အလှူရှင်များအတွက်လည်း ဒေသခံအဖွဲ့များကို ထိုသို့လွတ်လပ်စွာ ဆောင်ရွက်စေခြင်းက ပိုမိုလက်ခံနိုင်ဖွယ်ရာရှိသည်။

 

ပထမနည်းလမ်း၏ အဓိကအတားအဆီးများမှာ စစ်ကောင်စီ၏ အလျှော့မပေးဘဲ သဘောထားတင်းမာနေမှု၊ မြန်မာ့အရေးအပေါ် အိမ်နီးချင်းနိုင်ငံများ၏ စိတ်နှစ်ခွဖြစ်နေမှုနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၌ တူညီသောနိုင်ငံရေးဆန္ဒကင်းမဲ့နေမှုတို့ ဖြစ်ကြသည်။

 

ယူကရိန်း ဥပမာကဲ့သို့ပင် အားကောင်းစွာညှိနှိုင်း ပေါင်းစပ်ထားသည့် နိုင်ငံတကာဖိအားပေးမှု၊ ယင်းဖိအားကို တရားဝင်သက်ရောက်စေမှု၊ ခိုင်မာသော နိုင်ငံရေးဆန္ဒနှင့် လူသားချင်းစာနာမှု စင်္ကြန်အားလုံး၏ ဘေးကင်းမှုကိုလေးစားထိန်းသိမ်းရန် မြန်မာနိုင်ငံ အတွင်းရှိ လက်နက်ကိုင်ဆောင် ထားသူအားလုံး၏ သဘောတူညီမှု စသည့်အချက်များ ပြည့်စုံ ညီညွတ်မှသာလျင် ဤပထမနည်းလမ်းမှာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်သည်။

 

ထို့အပြင် ဤနည်းလမ်း၌ အဓိက အကူအညီပေးမည့်အဖွဲ့များမှာ ကုလသမဂ္ဂအဖွဲ့များ၊ INGOs အဖွဲ့ကြီး များနှင့် ICRC ကဲ့သို့ ထိပ်တန်း တရားဝင်အဖွဲ့အစည်းများဖြစ်နေရာ မြန်မာနိုင်ငံအတွင်းပိုင်းနှင့် နယ်စပ် တစ်လျှောက် မရှိမဖြစ် လိုအပ်နေသောလုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးနေသော ဒေသခံ အကူအညီပေးရေးအဖွဲ့များ၏ လက်ရှိအလွတ်သဘော ကွန်ရက်စနစ်ကို ထိခိုက်စေမည့် မလိုလား အပ်သော အခြေအနေများလည်း ဖြစ်ပေါ်လာနိုင်ပေသည်။

 

အားလုံးပါဝင်သော ဖိုရမ်ဖွဲ့စည်းရေးဟူသော ဒုတိယအယူအဆအရ ဝင်ထွက်ရန်ခက်ခဲသော အတိုင်းအဝိုင်းများအထိ လက်လှမ်းမီလာနိုင်မည်ဖြစ်သဖြင့် AHA Centre က စိတ်ဝင်စားဖွယ် ရှိသော်လည်း AHA Centre ၏ NUG ၊ EROများနှင့် ပူးပေါင်းလုပ်ကိုင်မှုကို အာဆီယံက ခွင့်ပြုရန်မှာမူ ဖြစ်နိုင်ချေမရှိပေ။

 

ထို့အပြင် ဒေသခံ အကူအညီပေးရေးဝန်ထမ်းများနှင့် ၎င်းဒေသခံလူထု၏ သတင်းအချက်အလက်များ ပေါက်ကြားမည့် အန္တရာယ်ရှိနေသဖြင့် စစ်ကောင်စီနှင့်ရော ၎င်းတို့နှင့်ပါ နှစ်ဖက်စလုံးနှင့် ပူးပေါင်း လုပ်ကိုင်လိုသည့် မည်သည့်အဖွဲ့အစည်းအတွက်ကိုမျှ အလုပ်လုပ်ပေး နိုင်မည်မဟုတ်ကြောင်း ဒေသခံ အကူအညီပေးရေးအဖွဲ့များက ထပ်တလဲလဲ ပြောကြားထားပြီးလည်း ဖြစ်သည်။

 

တတိယနည်းလမ်းသည် ဒေသခံအကူအညီပေးသူများနှင့် ၎င်းတို့ကိုထောက်ပံ့နေသည့် ဒေသအုပ်ချုပ်မှု အဖွဲ့များ၏ စွမ်းရည်အပေါ် အမှီပြု၍ ဆောင်ရွက်မည့် နည်းလမ်းဖြစ်သည်။ နယ်စပ်၌ လုပ်ငန်းများ ဆောင်ရွက်နေသည့်အုပ်စုများကဲ့သို့ အချို့သောကြားခံ INGO များသည် ဘဏ္ဍာရေးအစီရင်ခံစာ ပြုစုခြင်း၊ အချိန်နှင့်တစ်ပြေးညီ မြေပုံရေးဆွဲခြင်း၊ အခြားနည်းပညာ အကူအညီပေးခြင်း စသည့် ကျွမ်းကျင်မှုဆိုင်ရာ ဝန်ဆောင်မှုများပေးအပ်ကာ နောက်ခံအထိုင်ရုံးအဖြစ် ကူညီပံ့ပိုးပေးနိုင်သည်။

 

အကူအညီပေးရာ၌ တာဝန်ခံမှုရှိစေရေး၊ လူ့အခွင့်အရေးအခြေပြု လူသားချင်းစာနာမှုလုပ်ငန်းကို အားပေးမြှင့်တင်နိုင်ရေးတို့အတွက် ဒေသခံလူ့အခွင့်အရေးအဖွဲ့များ သို့မဟုတ် သုတေသီအဖွဲ့များကဲ့သို့ လူသားချင်း စာနာမှုလုပ်ငန်းနှင့် မသက်ဆိုင်သော သီးခြားလွတ်လပ်သည့်အုပ်စုများက လုပ်ငန်းအကောင် အထည်ဖော်မှုကို စောင့်ကြည့်စစ်ဆေးပေးနိုင်သည်။ ဤတတိယနည်းလမ်းကို ဆောင်ရွက်မည်ဆိုပါက အာဆီယံ၏ နိုင်ငံဗဟိုပြုချဉ်းကပ်မှုအား ပြည်သူဗဟိုပြု ချဉ်းကပ်မှုအဖြစ် ပြောင်းလဲသွားစေမည် ဖြစ်သဖြင့် ၎င်းသည် လုပ်ရိုးလုပ်စဉ် အစဉ်အလာနှင့် ကိုက်ညီမှုရှိမည်မဟုတ်ပေ။

 

သို့သော် စာရေးသူ၏အမြင်အရ တတိယနည်းလမ်းသည် မြန်မာပြည်သူများ၏ဆန္ဒအပေါ် လေးစားမှုကို ပြသနေပြီး ၎င်းတို့၏ သာယာဝပြောရေးကို အကာအကွယ် ပေးနိုင်မည်ဟုလည်း ယူဆမိသည်။

 

မြန်မာပြည်သူများ၏ ဆန္ဒကိုလေးစားရန်နှင့် ၎င်းတို့၏ သာယာဝပြောရေးကို ကာကွယ်ရန် ဟူသောအချက်၂ ချက်မှာ အာဆီယံ၏ အဓိက ဦးစားပေးအချက်များ ဖြစ်သင့်သည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Marsudiကလည်း မှန်ကန်စွာထောက်ပြပြောဆိုခဲ့ဖူး သည်။

 

မြန်မာနိုင်ငံ၏အခြေအနေသည် ရှုပ်ထွေးနေသလို အမြဲပြောင်းလဲဖြစ်ပေါ်လျက်ရှိပြီး ယိုယွင်းယိုင်နဲ့ လာလျက်ရှိသည်။ လူသားချင်းစာနာမှု အကူအညီများကို ဗျူဟာကျကျ ဟန့်တားပိတ်ဆို့နိုင်သော စိုးရိမ်စရာအချက် အနည်းဆုံး (၃)ခုရှိသည်။ ၎င်းတို့မှာ လူသာချင်းစာနာမှုအကူအညီများ တိုးမြှင့် ပေးအပ်ရန် နိုင်ငံတကာအသိုင်းအဝိုင်း၏ နိုင်ငံရေးဆန္ဒကင်းမဲ့ခြင်း၊ အကျပ်အတည်းနှင့် ထိပ်တိုက် ရင်ဆိုင်နေရသဖြင့် အာဆီယံက မညီမညာ ပဲ့ကိုင်ထိန်းကျောင်းနေခြင်းနှင့် တတိယနှင့် အရေးအကြီးဆုံး အချက်မှာ မြန်မာပြည်သူများအပေါ် တန်ဖိုးထားလေးစားမှု မရှိခြင်းတို့ဖြစ်သည်။

 

အလုပ်ဖြစ်မည့် အကူအညီပေးမှုနည်းလမ်းကို ရှာဖွေရာတွင် မြန်မာပြည်သူများဘက်မှ ရပ်တည်မလား သို့တည်းမဟုတ် မြန်မာပြည်သူများ၏ ဆန္ဒနှင့် သာယာဝပြောမှုကို ချိုးဖောက်ဖျက်ဆီးနေသူများဘက်မှ ရပ်တည်မလား ဆိုသည်ကို အာဆီယံက ပိုင်းခြားဆုံးဖြတ်ရမည့်အချိန် ကျရောက်လာနေပြီဖြစ်သည်။

 

(Fulcrum မဂ္ဂဇင်းပါ Adelina Kamal ၏ “Will ASEAN Take the Side of the Myanmar People?” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်)

 

– Igor Blazevic ဘာသာပြန် တင်ဆက်သည်။
– Photo- Getty Images