• Today is: Wednesday, December 7, 2022

ကုလသမဂ္ဂက မြန်မာပြည်သူလူထုအပေါ် ပျက်ကွက်လျက်ရှိနေ

ကုလသမဂ္ဂက မြန်မာပြည်သူလူထုအပေါ် ပျက်ကွက်လျက်ရှိနေ

ယန်ဟီးလီ (ဝါရှင်တန်ပို့စ်ထ် – နိုဝင်ဘာလ ၂ ရက်၊ ၂၀၂၂ ခုနှစ်)

ယူကရိန်းအကျပ်အတည်းအား တုံ့ပြန်ရာတွင် ကုလသမဂ္ဂက တိကျပြတ်သားစွာ လုပ်ဆောင်ပြသခဲ့သည်။ ရုရှားက ကျူး ကျော်ဝင်ရောက်အပြီး ၂၄ နာရီအတွင်းမှာပင် လုံခြုံရေးကောင်စီက ပြစ်တင်ရှုတ်ချသည့် ဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်ခဲ့သည်။ ကြိုတင်ခန့်မှန်းထားသည့်အတိုင်း ယင်းဆုံးဖြတ်ချက်ကို ပိတ်ဆို့တားဆီးရန်အတွက် ရုရှားက ၎င်း၏ ဗီတိုအာဏာကို အသုံးပြုခဲ့သည့်အခါ၊ အထွေထွေညီလာခံက အနာဂတ်တွင် ဗီတိုအာဏာအသုံးပြုမှုကို ပိုမိုစိစစ်မှုပြုသွားရန်အတွက် အာရုံစိုက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်ကို ချက်ချင်းပင် ချမှတ်ခဲ့သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ယူကရိန်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး၊ ပဋိပက္ခကြောင့် ဖြစ်လာနိုင်သည့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာပြတ်လပ်မှုကို တားဆီးရန် သဘောတူညီချက်တစ်ရပ်ကို ကြားဝင်ညှိနှိုင်းပေးခဲ့သည်။ ထိုသဘော တူညီချက်အား အကောင်အထည်ဖော်မှုကို စောင့်ကြည့်ရန်အတွက် ၎င်း၏ ဦးဆောင်မှုအောက်ရှိ ကုလသမဂ္ဂလုပ်ငန်းအဖွဲ့များကိုလည်း စည်းရုံးဆော်သြခဲ့သည်။

ကုလသမဂ္ဂက အကျပ်အတည်းအတွင်း လုပ်ဆောင်နိုင်စွမ်း ရှိကြောင်းကို ယူကရိန်းအရေးတွင် ပြသခဲ့သည်။ ကံမကောင်း အကြောင်းမလှစွာပင်၊ အခြေအနေများက အလားတူဆိုးရွားနေသော်လည်း ကုလသမဂ္ဂက ထိုသို့လုပ်ဆောင်နိုင်စွမ်းရှိမှုကို တူညီစွာ အသုံးချခြင်းမရှိသည့် ကမ္ဘာ၏ အခြားတစ်ဘက်ခြမ်းရှိ နိုင်ငံတစ်နိုင်ငံမှာ – မြန်မာနိုင်ငံ ဖြစ်နေသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ၏ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိမိကိုယ်မိမိ စစ်အာဏာရှင် အစိုးရသစ်၏ အကြီးအကဲအဖြစ် တင်မြှောက်ရန် ရည်ရွယ်လျက် အာဏာကို သိမ်းယူခဲ့သည်။ သူ၏ –ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်သည့် – လုပ်ရပ်များက၊ ယခုအခါ စစ်အုပ်ချုပ်ရေးကို တစ်ကြိမ်တည်းနှင့်အပြီးတိုင် ဖြုတ်ချလျက် ငြိမ်းချမ်းသည့် ဖက်ဒရယ်ဒီမိုကရေစီကို ထူထောင်ရန် ရည်ရွယ်သည့် တနိုင်ငံလုံးအနှံ့ တော်လှန်ရေးကို ဖြစ်ပေါ်လာစေခဲ့သည်။

လူထုအုံကြွမှုဖြင့် စည်းလုံးညီညွတ်မှု ရှိလာခဲ့သည့် ဒီမိုကရေစီအင်အားစုများ၏ မဟာမိတ်ဖွဲ့မှုနှင့်၊ မြန်မာနိုင်ငံ၏ အမျိုး သားညီညွတ်ရေး အစိုးရကို ဗဟိုပြုမှုတို့က၊ ယခုအခါ အိန္ဒိယ၊ တရုတ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် နယ်မြေများ အားလုံးနီးပါးနှင့် စုစုပေါင်း နိုင်ငံ၏ နယ်မြေအကျယ်အဝန်း ထက်ဝက်ကျော် အပါအဝင်၊ နိုင်ငံကို ထိရောက်စွာ ထိန်းချုပ်ထားနိုင်ကြောင်း ဖော်ပြပြောဆိုမှုများ ပို၍ရှိလာခဲ့သည်။ ဆန့်ကျင်ကွဲပြားစွာပင်၊ မင်းအောင်လှိုင်အနေ ဖြင့် ယခုအခါ နယ်မြေအားလုံး၏ ၁၇ ရာခိုင်နှုန်းမျှကိုသာ ထိန်းချုပ်ထားနိုင်တော့သည်။ သို့ရာတွင်၊ လွန်ခဲ့သည့်လပေါင်း ၂၀ အတွင်း လူဦးရေတစ်ရပ်လုံးအပေါ် ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ တုန်လှုပ်ချောက်ချားမှု ရှိလာစေရေး ပြဌာန်း လုပ် ဆောင်မှုအတွင်း အသုံးပြုခဲ့ကြသည့်၊ ပိုမိုလွန်ကဲအားကောင်းပြီး ပိုမိုဆန်းပြားသည့် လက်နက်များကိုမူ ၎င်း၏ ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့များက ထိန်းချုပ်ထားလျက် ရှိနေကြသည်။

၎င်း၏ ဂျက်တိုက်လေယာဉ်များနှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များက၊ တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည့် နယ်မြေအပေါ် အရပ်ဘက်စစ်ဘက် ခွဲခြားမှုမရှိသည့် တိုက်ခိုက်မှုများကို အရှက်မဲ့စွာ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်ခဲ့ကြသည်။ မကြာသေးမီ သီတင်းပတ်များအတွင်း ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ် လေပိုင်နက်များအတွင်း ၎င်းတို့က အကြိမ် ကြိမ်ချိုးဖောက် ဝင်ရောက်ခဲ့ကြသည်။ စက်တင်ဘာလအတွင်း စက်သေနတ်များ တပ်ဆင်ထားသည့် ရဟတ်ယာဉ်တစ်စင်းက၊ ၎င်းတို့၏ ကျောင်းခန်းကို အပိုင်းပိုင်းဖြစ်စေရန် ပစ်ခတ်ဖြိုခွင်းခဲ့သည့်အခါ အနည်းဆုံး ကျောင်းသားကလေးငယ် ၁၁- ဦးမှာ သေဆုံးခဲ့ရပြီး၊ ကချင်ပြည်နယ်တွင် အောက်တိုဘာ ၂၃ ရက်က လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၈၀ သေဆုံးခဲ့ရသည်။ မြေပြင်တွင် စစ်တပ်က တစ်ရွာမှတစ်ရွာသို့ ရွှေ့ပြောင်းစစ်ကြောင်းထိုးကာ ထွက်မပြေးနိုင်ကြသူ များကို အစုလိုက် အပြုံလိုက် သတ်ဖြတ်လျက်၊ အိမ်များ၊ ကောက်ပဲသီးနှံများ၊ စားနပ်ရိက္ခာ သိုလှောင်ရုံများနှင့် တိရစ္ဆာန်များကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ လူဦးရေ တစ်သန်းမှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရပြီး၊ ၁၀-သန်းကျော်မှာ ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်နေကြရသည်။

လုံခြုံရေးကောင်စီက၊ ရိုဟင်ဂျာများအပေါ် ဆက်လက်ကျူးလွန်နေသည့် အကြမ်းဖက်မှုများအား တုံ့ပြန်ရန်အတွက်ပင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက် တစ်ခုတလေမျှကိုမျှ မဲခွဲခြင်း မပြုခဲ့ပေ။ ၂၀၁၇ ခုနှစ်အတွင်း ရိုဟင်ဂျာ အသိုက်အ၀န်းများအပေါ် မင်းအောင်လှိုင်၏ လူမျိုးတုံးသတ်ဖြတ်သည့် တိုက်ခိုက်မှုများကြောင့်၊ လူဦးရေတစ်သန်း၏ လေးပုံသုံးပုံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်သွားခဲ့ကြပြီး၊ ယခုအခါ မြန်မာနိုင်ငံတွင် အကျပ်အတည်းက ပိုမိုဆိုးရွားလာသဖြင့် နေရပ်ပြန်ရန် အလားအလာ လုံးဝမရှိမှုနှင့်အတူ ၎င်းတို့မှာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းတွင် စုံရုံးနေထိုင် နေကြရသည်။

လက်နက်ထောက်ပံ့မှုကို ပစ်မှတ်ထား ပိတ်ပင်တားမြစ်မှုများနှင့် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုများဖြင့် မင်းအောင်လှိုင်၏ တိုက်ခိုက်မှုကို ကူညီရပ်တန့်စေရန်နှင့်၊ ၎င်းအား နိုင်ငံတကာ ရာဇ၀တ်မှုများအတွက် တာဝန်ယူမှုရှိစေရန် တောင်းဆိုသည့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မှန်သမျှကို ရုရှား သို့မဟုတ် တရုတ်က ဗီတိုအာဏာသုံးလျက် ကောင်းစွာပိတ်ပင် တားဆီးမည်ဆိုသည်က အမှန်ပင် ဖြစ်သည်။ သို့ရာတွင်၊ လုံခြုံရေးကောင်စီ၏ အခြားအဖွဲ့ဝင် နိုင်ငံများက ထိုသို့တောင်းဆိုရန် ကြိုးစားမှုပင် မပြုကြခြင်းမှာ၊ အမှန်တကယ်ရိုးရှင်းစွာပင် တာဝန်ဝတ္တရားများကို ရည်ရွယ်ချက်ရှိရှိဖြင့် လုံးလုံးလျားလျား ပျက်ကွက်နေကြခြင်း ဖြစ်သည်။ တစ်ချိန်တည်းတွင်၊ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ၎င်း၏ ရုံးတို့အနေဖြင့် ယူကရိန်းတွင် ၎င်းတို့ပြသခဲ့သကဲ့သို့ မြန်မာနိုင်ငံအပေါ် တူညီသည့် ခေါင်းဆောင်မှုကို ပြသရန် ပျက်ကွက်နေခဲ့ကြသည်။ ကြီးထွားလာနေသည့် အရေးပေါ်အခြေအနေအကြား ပြောင်းလဲလာသည့် နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ သက်ဝင်မှုအခြေအနေများအား တုံ့ပြန်နိုင်ရန်အတွက်၊ ကုလသမဂ္ဂ လုပ်ငန်းအဖွဲ့များတွင် ကျိုးကြောင်းညီညွတ်ပြီး ရှင်းလင်းတိကျသည့်ဗျူဟာ ရှိနေကြပုံမရပေ။

၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသုတ်သင်ရှင်းလင်းမှု ဖြစ်နိုင်ခြေ ကြီးထွားလာနေမှုနှင့် ပတ်သက်၍ သတိပေး နှိုးဆော်ချက်များကို၊ အပြုသဘောဆောင်သည့် ဖွံ့ဖြိုးတိုးတက်ရေး ဇာတ်ကြောင်းနှင့် အာဏာပိုင်များနှင့် နွေးထွေးသည့် ဆက်ဆံရေးရှိမှုတို့အား မျက်နှာသာပေး အစားထိုးလျက်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အကြီးအကဲက ပယ်ချထားခဲ့သည်။ ၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့သော လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှု တစ်ခုအတွင်း၊ ဤသို့ဖြစ်ခဲ့ရခြင်းမှာ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂရုံး အနေဖြင့် အဖွဲ့၏ ဖွဲ့စည်းပုံနှင့် စနစ်အတွင်းရှိ ချို့ယွင်းချက်များကြောင့် လူ့အခွင့်အရေး ကျဆင်းနေမှုကို ကိုင်တွယ်ဖြေရှင်းရန် စွမ်းဆောင်နိုင်မှု မရှိခဲ့သည့်အပြင်၊ ပြင်းထန်ဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ စနစ်၏ အမူအကျင့်အပေါ် အခြေခံသည့် စိုးရိမ်ပူပန်စရာများအား မြန်မာအာဏာပိုင်များထံ တင်ပြနိုင်ခြင်း မရှိသည်ကို တွေ့ရှိခဲ့သည်။

ယခုနှစ်တွင် အထွေထွေ အတွင်းရေးမှူးချုပ်က၊ အဆိုပါ စုံစမ်းစစ်ဆေးမှုအပေါ် ၎င်း၏ တုံ့ပြန်မှုနှင့် ပတ်သက်၍ ကာလရှည်ကြာ စောင့်မျှော်ခဲ့ရသည့် တိုးတက်မှု အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်၏ ရလဒ်များက ထိရောက်လွှမ်းမိုးနိုင်စွမ်း ကင်းမဲ့နေခဲ့သည်။ အခြားသော ပျက်ကွက်မှုများ အကြားတွင်၊ လက်ရှိ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ကြီးမားသည့် ဘေးဒုက္ခရောက်ရမှုအပေါ် ကုလသမဂ္ဂလုပ်ငန်းအဖွဲ့များ၏ လုံလောက်သည့် တုံ့ပြန်မှုမရှိခြင်းနှင့်ပတ်သက်၍ အစီရင်ခံစာတွင် လုံးဝဖော်ပြထားခြင်း မရှိသလောက် ဖြစ်နေသည်။ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များမှ သင်ခန်းစာများကို ရယူခြင်းမပြုခဲ့ဘဲ၊ ကုလသမဂ္ဂသည် ၎င်း၏ ပျက်ကွက်မှုသံသရာအတွင်း ထပ်ခါတလဲလဲ လည်ပတ်လုပ်ဆောင်လျက် ရှိနေသည်။ ကုလသမဂ္ဂ၏ ကိုယ်စားလှယ်များ၏ အုပ်စုတစ်ခုက မင်းအောင်လှိုင်နှင့် ၎င်း၏ စစ်အုပ်စုအဖွဲ့ဝင်များနှင့်အတူ ပြုံးရွှင်စွာ ဓါတ်ပုံအရိုက်ခံခဲ့ကြသော်လည်း၊ ဒီမိုကရေစီ တော်လှန်ရေး ခေါင်းဆောင်များနှင့် တန်းတူရည်တူ ဆက်ဆံနိုင်ခြင်း မရှိမှုက နောက်ဆုံး နိမ့်ကျသည့်လုပ်ရပ်အဖြစ် ထွက်ပေါ်လာခဲ့သည်။ ရလဒ်အဖြစ်၊ မြန်မာလူထုအနေဖြင့် ကုလသမဂ္ဂက ၎င်းတို့အား စိတ်ပျက်စေသည်ဟု ခံစားရရုံမျှ မကတော့ပေ။ ၎င်းတို့အား သစ္စာဖောက်ခဲ့သည်ဟု ခံစားနေကြရသည်။

ကုလသမဂ္ဂအနေဖြင့် တစ်ခါတစ်ရံတွင် ကမ္ဘာ့အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်သူများနှင့် လက်တွဲလုပ်ဆောင်ရန် မငြင်းနိုင်အောင် တွန်းအားပေးခံရကြောင်း မိမိတို့ သိရှိကြပြီးဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် ၎င်း၏ လုပ်ရိုးလုပ်စဉ်အတိုင်း ချဉ်းကပ်မှုက၊ မြန်မာပြည်သူလူထုက ၎င်းတို့ကိုယ်တိုင်လက်ခံပြီး ၎င်းတို့ကြိုးပမ်း ဖော်ဆောင်နေသည့် ဒီမိုကရေစီအနာဂတ်အား ကိုယ်စားပြုသည့် တရားဝင်အဖွဲ့အစည်းများကို တက်တက်ကြွကြွ ထိခိုက်မှုကို ဖြစ်စေခဲ့သည်။ ကုလသမဂ္ဂ၏ လက်ရှိမူဝါဒများကလည်း လိုအပ်နေသူများအား အကူအညီပေးရန် ပျက်ကွက်လျက် ရှိနေသည်။

မြန်မာနှင့် ယူကရိန်းတို့တွင် တပြိုင်နက်တည်း ဖြစ်ပေါ်နေသည့် အကျပ်အတည်းများအပေါ် ကြီးမားစွာ ကွဲပြားခြားနားသည့် တုံ့ပြန်မှုပြုခြင်းများက၊ ကုလသမဂ္ဂ၏ ဦးစားပေးမှုများက မည်သည့်နေရာတွင် ရှိနေသည် ဆိုသည်နှင့် ပတ်သက်၍ စိတ်မသက်သာစရာ မေးခွန်းများကို ထွက်ပေါ်လာစေသည်။ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းထားသည့် အကာအကွယ်ပေးမှုများမှ မြန်မာလူထုအား ဖယ်ထုတ်ထားရန် လုံလောက်သည့်အကြောင်းပြချက် လုံးဝမရှိပေ။ မြန်မာနိုင်ငံရှိ အကျပ်အတည်းက ယူကရိန်းမှ စစ်ပွဲကဲ့သို့ပင်၊ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ပြင်းထန်ဆိုးရွားပြီး တိုးမြင့်လာသည့် ခြိမ်းခြောက်မှုအဖြစ် ရှိနေသည်။ ကုလသမဂ္ဂအနေဖြင့် နောက်ဆုံးတွင် မြန်မာပြည်သူလူထု၏ လွတ်လပ်ရေးအတွက် အလုပ်လုပ်ရန် ပြတ်သားစွာ ဆုံးဖြတ်ချက်ချ လုပ်ဆောင်ခြင်းက၊ ကမ္ဘာလုံးဆိုင်ရာ မရှိမဖြစ်သည့် လိုအပ်ချက်တစ်ခု ဖြစ်နေသည်။

ယန်ဟီးလီသည် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်းဖြစ်ပြီး၊ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအဖွဲ့ (အက်စ်အေစီ-အမ်) ကို ပူးတွဲတည်ထောင်သူလည်း ဖြစ်သည်။


  • Igor Blazevic ဘာသာပြန် တင်ဆက်သည်။
Original article: By Yanghee Lee
The United Nations is failing the people of Myanmar
https://www.washingtonpost.com/opinions/2022/11/02/un-failing-myanmar-burma-people-revolution/?fbclid=IwAR2JR2Tz_ghJIEp2SOpcGzm6ePLLqwbHmZ3rj9aCaZO-47KHqZrnFQLgMDs