• Today is: Friday, April 19, 2024

မြန်မာနိုင်ငံက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြောင်း

မြန်မာနိုင်ငံက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြောင်း

  • ရဲမျိုးဟိန်း

၂၀၂၁ ခုနှစ်အတွင်း စစ်အာဏာသိမ်းမှုကို အလွန်တရာစက်ဆုတ်မုန်းတီးတဲ့ လူငယ်တွေဟာ စောစီးစွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို အသီးသီး ဖွဲ့စည်းနိုင်ခဲ့မှုအပေါ် မှာ အများစု အာဏာသိမ်းစစ်တပ်အနေနဲ့ လွယ်လင့်လျင်မြန်စွာ နှိမ်နှင်းနိုင်မယ်လို့ ထင်ကြေးပေးခဲ့တာတွေ ရှိပါတယ်။ သို့ပေမဲ့ PDF ဟာ တစ်နှစ်ခွဲအတွင်းမှာ အင်အားအဆမတန်ကြီးလာပြီး အာဏာသိမ်းစစ်တပ်အတွက် အကြီးဆုံး ခြိမ်းခြောက်မှုကြီး ဖြစ်လာခဲ့ပါတယ်။

အဆင့်မြင့်လက်နက်တွေ၊ စနစ်ကျထိရောက်တဲ့ အမိန့်ပေးမှုစနစ်တွေ၊ နိုင်ငံတကာထောက်ပံ့မှုတွေ မရှိပေမဲ့၊ PDF တပ်ဖွဲ့တွေဟာ ပိုမိုထိရောက်နဲ့ နည်းဗျူဟာတွေကို အသုံးချပြီး အခက်အခဲတွေကို ကျော်လွှားနိုင်နေပြီဖြစ်ပါတယ်။ အကယ်လို့ အမိန့်ပေးမှုစနစ်နဲ့ လက်နက်တွေကိုသာ တပ်ဆင်ပေးနိုင်မယ်ဆိုရင် ထိန်းချုပ်နယ်မြေတွေကို ပိုမိုချဲ့ထွင်လာနိုင်မှာ ဖြစ်သလို စစ်ကောင်စီကိုလည်း အလျင်အမြန် ဆွဲချနိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံအနှံ့အပြားမှာ အသီးအခြားတည်ရှိနေကြပေမဲ့ အင်အားကြီးထွားလာတဲ့ PDF တွေကို စောင့်ကြည့်လေ့လာရေးသုတေသီအများစုနဲ့ နိုင်ငံတကာမူဝါဒရေးဆွဲသူတွေအတွက် ယုံတမ်းပုံပြင်တစ်ခု ဖြစ်ခဲ့ရပါတယ်။ ပြည်သူ့ထောက်ပံ့ကူညီမှုနဲ့ တော်လှန်ရေးအင်အားစုတွေဟာ တနေ့တခြား တိုက်ခိုက်ရေးစွမ်းရည်တိုးတက်လာသလို တချိန်တည်းမှာ မြန်မာနိုင်ငံရဲ့ မြန်မာ့လုံခြုံရေးကဏ္ဍရဲ့ အဆုံးအဖြတ် ဖြစ်လာပါတယ်။

လက်နက်ကိုင်တော်လှန်ရေးရဲ့ အခင်းအကျင်းသစ်

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်စဉ်ကြောင့် ပြည်သူတွေဟာ လမ်းမပေါ် ရောက်လာပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ သို့ပေမဲ့ စစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်နဲ့ ဆန္ဒပြသူတွေကို အကြမ်းနည်းနဲ့ ဖြိုခွင်းနှိမ်နှင်းခဲ့ပေမဲ့ စစ်အာဏာရှင်စနစ်အောက် ပြန်မရောက်ချင်တော့တဲ့ ပြည်သူတွေဟာ တောခို လက်နက်ကိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖြစ် ထွက်ပေါ်လာပြီး စစ်အာဏာရှင်အောက်မှာ ဒုက္ခရောက်နေရတဲ့ ပြည်သူတွေကို ကာကွယ်ပေးခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို အမျိုးအစားအားဖြင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (LDF) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) အဖြစ် ခွဲခြားနိုင်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် (PDF)ဟာ အင်အားအများဆုံး ဖြစ်ပြီး ရှဲဒိုးအရပ်သားအစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ အသိအမှတ်ပြုထားတဲ့ တပ်ဖွဲ့ ဖြစ်ပါတယ်။

PDF တွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) တွေနဲ့ NUG မှ ပူးတွဲကွပ်ကဲထားပါတယ်။ EAOs တွေဟာ စစ်တပ်ကို နိုင်ငံရေး၊ စစ်ရေးအရ ဆယ်စုနှစ်ပေါင်းများစွာ တော်လှန်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ LDF တွေကတော့ NUG ရဲ့ အမိန့်ကွပ်ကဲမှုပြင်ပကနေ ပျောက်ကြားစနစ်နဲ့ ကိုယ်ထူကိုယ်ထ တော်လှန်နေကြပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်း (ပ.က.ဖ) တွေကတော့ မိမိနယ်မြေဒေသတွေကို ကာကွယ်ဖိုနဲ့ လုံခြုံရေးအတွက် နယ်မြေအလိုက် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ယေဘူယျအားဖြင့် PDF တွေက တပ်ရင်းတပ်ဖွဲ့အနေနဲ့ တည်ရှိပြီး၊ LDF နဲ့ ပ.က.ဖ တွေက ဒေသအခြေပြု ကိုယ်ထူကိုယ်ထ ကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ တွေ ဖြစ်ကြပါတယ်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (PDF)

================================

  • ဒီဆောင်းပါးအတွက် အင်တာဗျူးခဲ့ရာမှာ PDF အရေအတွက်ဟာ အကြမ်းအားဖြင့် ၆၅၀၀၀ လောက်ရှိပြီး သူတို့ထဲက ၂၀ ရာခိုင်နှုန်းလောက်ဟာ ပုံမှန်တပ်တစ်ခုလို လက်နက်တပ်ဆင်ထားနိုင်ပြီး ၄၀ ရာခိုင်နှုန်းလောက်ကတော့ လက်လုပ်သေနတ်တွေရှိပါတယ်။
  • ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ စာရင်းအရ PDF အဖွဲ့ပေါင်း ၃၀၀လောက်ရှိပြီး တပ်တစ်ခုကို လူ ၂၀၀ကနေ ၅၀၀ အထိရှိကြပါတယ်။ NUG က အသိအမှတ်ပြုတဲ့ PDF ဖြစ်လာဖို့စောင့်နေတဲ့ အဖွဲ့ ၆၃ ဖွဲ့ ရှိနေသေးတယ်လို့ ဆိုပါတယ်။
  • PDFs တွေဟာ The Central Command and Coordination Committee (C3C) အောက်သို့မဟုတ်၊ NUG နဲ့ EAOs မဟာမိတ်တွေ ပူးပေါင်းထားတဲ့ Joint Command and Coordination (J2C) အောက်မှာ လှုပ်ရှားဆောင်ရွက်နေကြပါတယ်။ PDF အများစုဟာ NUG က ဖွဲ့ပေးထားပြီး NUG အမိန့်နဲ့သွားနေတာဖြစ်ပြီးတော့ တချို့ကတော့ NUG လက်အောက်မှာတိုက်ရိုက်မဟုတ်ဘဲ အားကောင်းတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် Karenni National Defense Force (KNDF)နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ်မတော် KPDF တို့ အောက်မှာရှိပေမယ့် C3C ထဲမှာ စစ်ဆင်ရေးဆောင်ရွက်နေကြတာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးမှာ ဘယ်အဖွဲ့အောက်ကပဲသွားသွား တိုက်ခိုက်ရေးကိုဆောင်ရွက်ရာမှာတော့ C3C နဲ့ J2C ရဲ့ တိုက်ရိုက်ကွပ်ကဲမှုမပါဘဲ နီးစပ်ရာဒေသစစ်တိုင်းအလိုက် လှုပ်ရှား ဆုံးဖြတ်ဆောင်ရွက်လေ့ရှိကြတဲ့ပုံစံ စစ်ဒေသအုပ်ချုပ်မှု military division commands (MDCs)ပုံစံနဲ့ ပိုပြီးဆောင်ရွက်ကြတာကိုတွေ့ရပါတယ်။

ပြီးခဲ့တဲ့လတွေမှာ PDF တွေရဲ့ စခန်းချပုံ၊ လှုပ်ရှားပုံတွေကိုကြည့်ရင် MDCs က အဓိက မဟာဗျူဟာဖြစ်လာနေတယ်ဆိုတာကိုတွေ့ရပါတယ်။

  • လက်ရှိမှာဆိုရင် MDCs သုံးခုရှိနေပါတယ်။ PDF အဖွဲ့ပေါင်း ၂၀၀ လောက်ဟာ အခုဆိုရင်ကချင်၊ အညာနဲ့ ချင်း စစ်မြေပြင်တွေကို ညှိနှိုင်းဆောင်ရွက်တဲ့ စစ်ဒေသအုပ်ချုပ်မှု – ၁ အောက်မှာရှိပါတယ်။ PDF ၅၀ လောက်ဟာ ဆိုရင် ကရင်နဲ့ ကရင်နီထဲမှာရှိတဲ့စစ်ဆင်ရေးတွေကိုဆောင်ရွက်နေတဲ့ စစ်ဒေသအုပ်ချုပ်မှု – ၂ နဲ့ စစ်ဒေသအုပ်ချုပ်-၃ ရဲ့အောက်မှာရှိနေကြပါတယ်။
  • လူမျိုးစုဒေသတွေမှာရှိတဲ့ PDF တွေဟာ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အုပ်ချုပ်မှုအောက်မှာ စစ်ဆင်ရေးတွေလုပ်ကြသလို အတူတွဲတိုက်တဲ့ပုံစံမျိုးနဲ့ရှိနေကြတယ်။ ဥပမာ- KPDF ဟာ KIA ရဲ့ အုပ်ချုပ်မှုအောက်မှာရှိပြီး CDF ကတော့ Chinland Joint Defense Committee (CJDC)အောက်မှာရှိတာဖြစ်ပါတယ်။ KNDF ကတော့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ ကရင်နီတပ်မတော် (KA)နဲ့ ဆက်စပ်နေပါတယ်။
  • PDF တွေကဟာ NUG နဲ့ EAOs တွေက စနစ်တကျဖွဲ့စည်းထားပြီး လေ့ကျင့်သင်ကြားမှုတွေ၊ လက်နက်တပ်ဆင်မှုတွေလည်း ရထားကြတာဖြစ်ပါတယ်။ PDF တပ်ဖွဲ့တစ်ခုစီတိုင်းဟာ တပ်စိတ်၊ တပ်စု၊ တပ်ခွဲ၊ တပ်ရင်းအဆင့်ဆင့်နဲ့ ဖွဲ့စည်းထားပြီး အဆင့်တစ်ခုမှာ သုံးခုစီရှိရမယ်ဆိုတဲ့ ပုံစံနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဥပမာ- တပ်စုတစ်ခုမှာ တပ်စိတ်သုံးခုပါရမှာဖြစ်ပြီး တပ်ခွဲတစ်ခုမှာ တပ်စုသုံးစုနဲ့ တပ်ရင်းတစ်ခုမှာ တပ်ခွဲသုံးခုပါဝင်တာဖြစ်ပါတယ်။

LDF ဒေသကာကွယ်ရေးတပ်ဖွဲ့များ

====================

  • ၂၀၂၂ ဧပြီလမှာ LDF အဖွဲ့ပေါင်း ၄၀၁ ဖွဲ့ရှိတယ်လို့ NUG က ခန့်မှန်းပါတယ်။ LDFတွေက PDT နဲ့ PDF တွေထက်ပိုပြီး ကိုယ့်ခြေကိုယ့်လက်နဲ့လှုပ်ရှားနေကြပါတယ်။ C3C နဲ့ J2C ထဲမှာ ပါနေကြတာမဟုတ်ပေမယ့် အလွတ်သဘော ချိတ်ဆက်ဆောက်ရွက်နေကြတာ ၃၅၄ ဖွဲ့ရှိတယ်လို့ ဆိုပါတယ်။ ဒါက LDF တွေကို ပိုပြီကျယ်ပြန့်တဲ့ တပ်အုပ်ချုပ်ရေးစနစ်ထဲပူးပေါင်းပါဝင်လာဖို့အတွက် ပထမခြေလှမ်းဖြစ်ပါတယ်။ LDF အဖွဲ့ပေါင်း ၁၀၀လောက်ဟာ PDF ကူးပြောင်းခဲ့ကြပြီး၊ တစ်ချို့ကတော့ PDT အဖြစ်ပါဝင်လာကြပါတယ်။
  • မကြာသေးခင်က ခန့်မှန်းထားကြတာကတော့ LDF အဖွဲ့ဝင်ပေါင်း သုံးသောင်းလောက်ရှိမယ်လို့ ဆိုကြပါတယ်။ LDF တွေဟာ အဖွဲ့ဝင်အရေအတွက်ကွာခြားမှုရှိနိုင်ပြီး အချို့က လူတစ်ဒါဇင်လောက်နဲ့ဖွဲ့ထားတာ ဖြစ်နိုင်သလို အချို့ကလည်း ထောင်ချီပြီရှိနေကြတာလည်း ရှိပါတယ်။ ဘယ်လောက်ရှိနေတယ်ဆိုတာက အတက်အကျများတဲ့ ကိန်းဂဏန်းဖြစ်နေပေမယ့် လွန်ခဲ့တဲ့ ၆ လ အတွင်းမှာ LDF တွေရဲ့ 25 ရာခိုင်နှုန်းက PDF သို့မဟုတ် ပ.က.ဖ အဖြစ်ပြောင်းလဲလာခဲ့ပြီဖြစ်ပြီးဖြစ်ပါတယ်။
  • LDFတွေဟာ ကိုယ့်ရံပုံငွေကိုယ်ရှာဖွေပြီးတိုက်နေကြတဲ့သူတွေဖြစ်ပြီး ရပ်ရွာထဲက ထည့်ဝင်မှုနဲ့ ပြည်ပရောက် ရပ်သူရွာသားမြန်မာနိုင်ငံသားတွေရဲ့ ထည့်ဝင်မှုအပေါ် အဓိကမှီခိုရတာဖြစ်တယ်။ အဲဒီထဲမှာမှ တချို့ LDF တွေကတော့ လက်နက်တွေနဲ့ စစ်ပညာတွေပေးနိုင်တဲ့ အင်အားကြီး EAOs တွေနဲ့ချိတ်ဆက်လှုပ်ရှားနေကြတာဖြစ်တယ်။
  • LDF တွေရဲ့ တိုက်ရေးခိုက်ရေးကိုကြည့်မယ်ဆိုရင် သူတို့ဟာ မြင်နေကျတိုက်ပွဲပုံစံမျိုးမဟုတ်ဘဲ မိုင်း‌ထောင်တာ၊ ခြုံခိုတိုက်တာ၊ အလစ်အငိုက်ဝင်တိုက်တာ၊ ရန်သူပစ်မှတ်တွေကို ချောင်းပြီးသတ်ဖြတ်တာ အစရှိတာတွေကို ဆောင် ရွက်လေ့ရှိပါတယ်။ သူတို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ သူတို့နယ်မြေတွေမှာ စစ်တပ်ရဲ့ အုပ်ချုပ်ရေး အထိုင်ကျသွားမှာကို အဖြစ်မခံနိုင်တာပဲဖြစ်တယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ

=======================

  • ပကဖတွေကို NUG ကဖွဲ့စည်းပေးခဲ့ပြီး မြို့ပြပျောက်ကျားစစ်ဆင်ရေး တွေဆောင်ရွက်ဖို့၊ PDF တွေကိုကူဖို့၊ ပြည်သူကိုစည်းရုံးဖို့၊ ထောက်ပို့နဲ့ တော်လှန်ရေးတပ်သားသစ်တွေကို အခြေခံစစ်သင်တန်းပေးဖို့အတွက် အထူးဆောင်ရွက်တဲ့အဖွဲ့ဖြစ်ပါတယ်။
  • NUG ရဲ့ အဆိုအရ ပကဖတွေဟာ မြို့နယ်ပေါင်း ၃၃၀ မှာ အဖွဲ့ပေါင်း ၂၅၀ လောက်ဖွဲ့ထားပြီးပြီလို့ဆိုပါတယ်။ လွန်ခဲ့တဲ့ ၆ လအတွင်းမှာ ကျေးရွာအဆင့်မှာ ဖွဲ့စည်းမှုပိုမိုများပြားလာပါတယ်။ ပကဖတွေဟာ အညာမှာ ပိုပြီး လှုပ်ရှားမှုအများဆုံးဖြစ်ပြီး အထူးသဖြင့် စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းတွေမှာ ပိုတွေ့ရပါတယ်။
  • ပကဖတွေဟာ ကျေးရွာအဆင့်မှာ လှုပ်ရှားနေကြတယ် ဆိုပေမယ့် မြို့နယ်အဆင့်မှာလည်း စုစည်းလုပ်ကိုင်ကြတာရှိပါတယ်။ မြို့နယ်တစ်ခုမှာ ပကဖအဖွဲ့ဝင် ၂၀၀၀ လောက်စုစည်းပါဝင်ကြတဲ့အထိရှိပါတယ်။ ပကဖတွေဆီမှာ အများအားဖြင့်တော့ အိမ်လုပ် လက်နက်ငယ်တွေသာရှိပါတယ်။
  • ပကဖတွေဟာ တော်လှန်ရေးလှုပ်ရှားမှုကြီးတစ်ခုလုံးနဲ့ ရပ်ရွာကြားကို ဆက်စပ်ပေးနေတဲ့ အခြေခံအုတ်မြစ်တွေအဖြစ်တည်ရှိကြပါတယ်။

PDF ၊ LDF ၊ ပ.က.ဖ တွေဆက်လက် ကြီးထွားလာ

=============================

စစ်တပ်ရဲ့ နှိပ်ကွပ်မှုတွေကြောင့် အကြမ်းမဖက်တော်လှန်ရေးနည်းလမ်းတွေက ပါဝင်နေတဲ့သူတွေအတွက် ဆက်လုပ်လို့မရနိုင်လောက်အောင် အန္တရာယ်များလာချိန်မှာ PDF, LDF နဲ့ ပကဖတွေဟာ တော်လှန်ရေးရဲ့ ဗဟိုချက်ဖြစ်လာကြပါတယ်။ ပြည်သူတွေကလည်း အားကောင်းကောင်းနဲ့ထောက်ခံနေကြပြီး EAOs တွေနဲ့လည်း ပိုပြီးနီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်လာကြတဲ့အချိန်မှာ လျင်မြန်စွာ ကြီးထွားလာကြတာဖြစ်ပါတယ်။

ရုရှားက ပေးတဲ့ လက်နက်တွေနဲ့ လူမျိုးတုန်းကြံတဲ့ စစ်တပ်နဲ့ တရုတ်ရဲ့ အားပေးကူညီမှုကို အစဉ်အဆက်ရခဲ့တဲ့ တိုက်ရည်ခိုက်ရည် အတွေ့အကြုံဆယ်စုနှစ်များစွာပိုပြီးရထားပြီးလက်ရဲဇက်ရဲ ကြမ်းကြုတ်ယုတ်မာတဲ့တပ်နဲ့ ရင်ဆိုင်နေရင်းနဲ့ကို တော်လှန်ရေးအင်အားစုဟာ ကြီးမားလာခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းပြီး ၁၈ လအကြာမှာတော့ PDF, LDF နဲ့ ပကဖတွေဟာ ကြုံသလိုဖွဲ့ထားရပြီးတစစီပြန့်ကျဲနေတဲ့ ဒေသန္တရအဖွဲ့တွေအဖြစ်ကနေ ပိုပြီး ညှိနှိုင်းဆောင်ရွက်မှုအားကောင်းလာတဲ့အဖွဲ့တွေဖြစ်လာကြပြီး လက်နက်တပ်ဆင်မှုလည်းတိုးတက်လာပါတယ်။

ဖွဲ့စည်းပုံစနစ်များ

==========

တော်လှန်ရေးတပ်ဖွဲ့တွေဟာ တစ်ဖွဲ့ချင်းစီ အသီးသီးပေါ်ပေါက်လာကြတာဖြစ်ပြီး အစပိုင်းမှာ ပြန့်ကျဲပြီး ထက်အောက်အုပ်ချုပ်မှုပုံစံမရှိဘဲ အချင်းချင်းချိတ်ဆက်ပြီးကွန်ရက်သဖွယ်ပေါ်ပေါက်လာတဲ့ ပျောက်ကျားအဖွဲ့တွေဖြစ်ကြပါတယ်။

စစ်တပ်ရဲ့ ပိုပြီးကြမ်းကြုတ်တဲ့ နှိမ်နင်းမှုတွေနဲ့ ရင်ဆိုင်ရချိန်မှာ NUG ဟာ ဒီလို ကျဲပြန့်နေတဲ့ ပြည်သူ့တော်လှန်ရေးအစုအဖွဲ့တွေကို စုစည်းဖို့ကြိုးစားလာပါတယ်။ စစ်ဆင်ရေးလှုပ်ရှားမှုတွေကို မဟာမိတ် EAOsတွေနဲ့ ပူးပေါင်းဆောင်ရွက်လာကြပြီး စစ်တပ်တစ်ခုအနေနဲ့ ဗဟိုက အုပ်ချုပ်မှုရှိလာနိုင်ဖို့ကို ကြိုးစားလာခဲ့ပါတယ်။

၂၀၂၁ခုနှစ်၊ အောက်တိုဘာလမှာတော့ NUG က EAOs မဟာမိတ်တွေနဲ့ လက်တွဲပြီး C3C နဲ့ ဗဟိုအုပ်ချုပ်ရေးတစ်ရပ်ကို တည်ထောင်လိုက်ကြောင်းကြေညာခဲ့ပါတယ်။ ဒီ C3C စနစ်ထဲမှာ NUG, KIA, KNPP, CNF နဲ့ ABSFU တို့ပါဝင်ကြပါတယ်။ NUG က C3C ထဲမှာ မပါဝင်တဲ့ KNU နဲ့ J2C ကိုဖွဲ့စည်းလိုက်ပြီး KNU နယ်မြေတွေထဲမှာရှိတဲ့ တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေကို ကြီးကြပ်တဲ့စနစ်ပေါ်ပေါက်လာခဲ့ပါတယ်။ C3C နဲ့ J2C ဟာ တစ်ခုနဲ့တစ်ခု မတူသော်လည်း ဒီ ဖွဲ့စည်းပုံနှစ်ခုစလုံးမှာ NUG က အရေးကြီးတဲ့ အချိတ်အဆက်ဖြစ်လာခဲ့ပါတယ်။

ဒီလို တပ်အုပ်ချုပ်ရေးစနစ်တွေကိုဖော်ထုတ်နေစဉ်မှာ တပ်တွေအားလုံးရဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေဟာ ပိုမို အချိတ်အဆက်ပိုမိစွာအားကောင်းလာတာကြောင့် တိုက်ပွဲတွေမှာ တော်လှန်ရေးဘက်က အလေးသာခဲ့ပါတယ်။ အရေးကြီးတဲ့အချက်ကတော့ PDF, LDF နဲ့ ပ.က.ဖ တွေဟာ C3C နဲ့ J2C ပုံစံနဲ့ ဗဟိုက ချိတ်ဆက်အုပ်ချုပ်လို့ရလာတာမို့ စစ်ဆင်ရေးတွေမှာ တစစအလေးသာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ NUG ဟာ စစ်ရုံးအသစ်တစ်ခုဖွဲ့စည်းဖို့ ပြင်ဆင်နေပြီး ဌာနသုံးခု ပါဝင်မယ်လို့ဆိုပါတယ်။ အဲဒါတွေကတော့ အထွေထွေ၊ တပ်ထိန်းရုံးနဲ့ စစ်ထောက်ချုပ်ရုံးတို့ ဖြစ်ကြပါတယ်။ အထွေထွေဌာနက စစ်ဆင်ရေးတွေကို ကြီးကြပ်ဆောင်ရွက်မှာဖြစ်ပြီး တပ်ထိန်းနဲ့ စစ်ထောက်ချုပ်ရုံးတို့ကတော့ တပ်အုပ်ချုပ်ရေးစနစ်ကို ပူးတွဲဆောင်ရွက်ကြမှာဖြစ်ပါတယ်။ အခုရှိနေတဲ့ စိန်ခေါ်မှုကတော့ လက်ရှိ ရှိနေတဲ့ C3C, J2C နဲ့ LDF တွေကို တပ်အုပ်ချုပ်ပုံတစ်ခုတည်းအောက်ရောက်အောင်ဘယ်လိုလုပ်ကြမလဲဆိုတာပါ။

လက်နက်တပ်ဆင်ခြင်း

=============

တော်လှန်ရေးအစမှာ တူးမီးတွေ၊ ဂက်စ်ရိုင်ဖယ်တွေ၊ လက်လုပ် ဗုံးတွေနဲ့သာ တိုက်ခိုက်နိုင်ခဲ့တာကြောင့် စစ်ခေါင်းဆောင်တွေဟာ ဒီလိုမဖြစ်ညစ်ကျယ်ပုန်ကန်သူတွေဟာ မကြာခင်ကျရှုံးသွားမှာပဲလို့ ထင်ခဲ့ကြတယ်။

ယူကရိန်းနဲ့မတူတာက မြန်မာပြည်ရဲ့ လက်နက်ကိုင် တော်လှန်ရေးဟာ နိုင်ငံတကာကနေ တိုက်ခိုက်ရေးအကူအညီတွေ ဘာမှ မရခဲ့တာကြောင့် ပြည်သူ့တော်လှန်ရေးဘက်က ရပ်လိုတဲ့ EAOs တွေရဲ့ အထောက်အပံ့ကိုသာ အားကိုးခဲ့ရတာဖြစ်ပြီး တချို့လက်နက်တွေကိုတော့ မှောင်ခိုလမ်းကြောင်းက ဝယ်ခဲ့ရပါတယ်။

တော်လှန်ရေးအင်အားစုတွေဟာ ကိုယ့်ဘာသာ အိတ်စိုက်ပြီးတော်လှန်ရေးကိုလုပ်ရတာရှိသလို EAOs တွေနဲ့ အခြားနေရာတွေကနေ လက်နက်ဝယ်ယူဖို့ကို ပြည်သူက ထည့်တဲ့အလှု‌ငွေအပေါ်အားကိုးပြီးလုပ်ရတာဖြစ်ပါတယ်။ ဆန်းသစ်တဲ့ နည်းလမ်းတွေနဲ့ အလှု‌ငွေကောက်ခံရရှိလာတဲ့အခါမှာ တော်လှန်ရေးကာလတစ်ခုလုံးမှာ ဒေါ်လာ ၅၅ သန်းအထိ ရရှိလာခဲ့တယ်လို့ ဒီဆောင်းပါးအတွက် အင်တာဗျူးချိန်မှာ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အရာရှိတစ်ယောက်က ပြောကြားခဲ့ပါတယ်။ အဲဒီလိုရရှိလာတဲ့ငွေတွေကို လက်နက်ဝယ်ယူဖို့ အများဆုံးအသုံးပြုခဲ့ရပါတယ်။ ဝယ်ယူရရှိတဲ့လက်နက်အရေအတွက်ဟာ အားလုံးကိုတပ်ဆင်ပေးဖို့အတွက် မလုံလောက်ပေမယ့် မူလက ထင်မှတ်ထားတာထက် အများကြီးကျော်လွန်ပြီးလုပ်နိုင်ခဲ့သလို တော်လှန်ရေးခါးဆက်မပြတ်သွားဖို့ ထိန်းထားနိုင်ခဲ့ပါတယ်။

EAOs တွေနဲ့ ဝေးပြီးလက်နက်မှောင်ခိုစျေးကွက်ရှိရာတရုတ်နယ်စပ်နဲ့လည်းလှမ်းတဲ့ အညာဒေသမှာဆိုရင် လက်နက်စျေးက ပိုပြီးကြီးမြင့်ပါတယ်။ ဒါက အညာက PDF, LDF နဲ့ ပကဖတွေကို ထင်သလောက်ခရီးမပေါက်စေတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ဒါကိုဖြေရှင်းဖို့ အညာဒေသတွေဟာ မိမိတို့ဘာသာ တိုက်နေရင်း လက်နက်ထုတ်လုပ်ကြရပြီး ဒါဟာ မြန်မာရဲ့ ခေတ်သစ်သမိုင်းမှာ မကြုံစဖူးတွေ့ရှိရတဲ့ အခြေအနေဖြစ်ပါတယ်။

စာရေးသူရဲ့ ၂၀၂၂ မှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ တစ်နိုင်ငံလုံးမှာ လက်နက်ထုတ်တဲ့ အလုပ်ရုံပေါင်း ၇၀ ကျော်ရှိပြီး အခြေခံစစ်လက်နက်တွေကို ထုတ်လုပ်ကြရာမှာ ဒေသတော်လှန်ရေးအဖွဲ့တွေရဲ့ လိုနေတဲ့လက်နက်ရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။

PDF တွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်က လက်နက်တပ်ဆင်ပြီးပြီးပေမယ့် အများစုရှိတဲ့လက်နက်တွေကလည်း အရည်အသွေးမကောင်းတဲ့ ဒေသထွက်လက်နက်တွေဖြစ်နေကြပါတယ်။ တပ်အများစုဟာ လက်နက်ကြီးတွေ၊ လေကြောင်းခုခံရေးလက်နက်တွေနဲ့ တင့်ကားဖျက်ဒုံးကျည်တွေကို အနားမကပ်နိုင်သေးပါဘူး။

အထူးသဖြင့် လေကြောင်းကာကွယ်ရေးလက်နက်တွေလို ပိုပြီးထိရောက်တဲ့လက်နက်တွေကိုမရနိုင်ဘူးဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်တပ်ကို အကန့်အသတ်နဲ့ပဲ ရင်ဆိုင်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် ကျေးလက်ပျောက်ကျားနည်းနဲ့ အောင်မြင်မှုအချို့ကိုရရှိခဲ့ပေမယ့် မြို့ပြမှာတော့ စစ်ကောင်စီရဲ့ လုံခြုံရေးအင်အားကို ပျောက်ကျားနည်းနဲ့ ယှဉ်ပြိုင်တိုက်နိုင်မဖို့ မလွယ်သေးပါဘူး။

စစ်တပ်ရဲ့ ကြည်းတပ်တွေဟာ PDFတွေရဲ့ မဆုတ်မနစ်တိုက်ခိုက်မှုနဲ့တွေ့ရင် အထိနာလေ့ရှိကြပေမယ့် လေတပ်ကို စစ်တပ်ဘက်က သုံးလာရင်၊ တင့်ကားနဲ့ လက်နက်ကြီးတွေကို သုံးလာရင် ဒီမိုကရေစီအရေးလှုပ်ရှားတော်လှန်သူတွေဟာ ဆုတ်ခွာကြရပါတယ်။

ပြည်သူတို့ရဲ့ ပံ့ပိုးမှု

===========

အင်တိုက်အားတိုက်ပါဝင်ကြတဲ့ ပြည်သူတွေရဲ့ တော်လှန်ရေးအတွက် ထည့်ဝင်မှုဟာ တစ်ပြည်လုံးမှာ ခပ်ပါးပါး ချထားရတဲ့ စစ်ကောင်စီရဲ့ ကြည်းတပ်တွေနဲ့ ရင်ဆိုင်ဖို့အတွက် ခွန်အားတွေဖြစ်လာပါတယ်။ အခုချိန်ထိတော့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ လျော့သွားတဲ့တပ်အင်အားကိုပြန်ဖြည့်ဖို့၊ တပ်အင်အားကိုဖြည့်တင်းဖို့အတွက် စစ်သားစုဆောင်းရာမှာ အခက်အခဲမရှိသေးပါဘူး။

စစ်တပ်ဘက်မှာတော့ တပ်ပြေးတွေ ရှိနေသလို စစ်သားသစ်စုဆောင်းဖို့လည်း ခက်ခဲလာပါတယ်။ ဒါပေမယ့် နိုင်ငံ တကာရဲ့ ထိထိရောက်ရောက်အားပေးမှုကို မြန်မာဒီမိုကရေစီဘက်တော်သားတွေမရနိုင်ဘူးဆိုရင်တော့ တော် လှန်ရေးဟာ ပြည်တွင်းအင်အားကိုပဲ လုံးလုံးမှီစရာရှိတာမို့ ကြာရှည်ပြည်သူ့တွေရဲ့ ထောက်ပံ့နိုင်စွမ်းကို ထိန်းထားဖို့ ခက်လာနိုင်ပါတယ်။

အထူးသဖြင့် တော်လှန်ရေးအင်အားစုတွေကိုထောက်ပံ့တဲ့ ရွာတွေကိုမီးရှို့ပစ်တာ၊ ထောက်ပို့ပေးတဲ့သူတွေကို သတ်ပြတာတွေအစရှိတဲ့ တော်လှန်ရေးကိုအားပြတ်‌ဖို့ ဆောင်ရွက်တဲ့နည်းတွေနဲ့ စစ်တပ်ဟာ ပြည်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြားကို နည်းမျိုးစုံနဲ့ သပ်သျှိုလာတာတွေလည်းရှိနိုင်ပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ ရှေ့ရေး

=======================

စစ်တပ်ဘက်က အကျအဆုံးများတာတွေဟာ စစ်သားတွေကို စိတ်ဓာတ်ကျဆင်းစေသလို အထိနာလာအောင်လည်း လုပ်နိုင်ကြောင်း PDF, LDF နဲ့ ပကဖတွေရဲ့ တိုက်ခိုက်မှုက ပြသခဲ့ပါတယ်။ အကျိုးဆက်ကတော့ စစ်တပ်ဟာ တော်တော်ကျယ်ဝန်းတဲ့နယ်မြေပမာဏတွေကို သူ့ထိန်းချုပ်မှုအောက်မှာ မထားနိုင်တော့ပါဘူး။ အထူးသဖြင့် ကျေးလက်ဘက်မှာ စစ်တပ်က မထိန်းနိုင်တဲ့နယ်ပိုများလာပါတယ်။ ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဖွဲ့စည်းပုံဘက်မှာ အားနည်းချက်ရှိတာတွေကို ပြင်ဆင်ဖို့ တိုးတက်ပြောင်းလဲလာနေကြသလို လက်နက်ပိုမို တပ်ဆင်နိုင်ဖို့လည်း အခြေအနေ ပိုကောင်းလာပါတယ်။

မော်စီတုန်းက တစ်ချိန်ကပြောခဲ့သလိုပဲ “တော်လှန်ရေးပျောက်ကျားတပ်တစ်ခုဟာ အစောပိုင်းအခက်အခဲတွေကိုအောင်မြင်စွာကျော်လွှားနိုင်ပြီးတိုင်းပြည်လူဦးရေရဲ့ ၁၅-၂၅ ရာခိုင်နှုန်းလောက်ရဲ့ ထောက်ခံအားပေးကူညီမှုကိုရနိုင်တယ်ဆိုရင် သူ့ကို ဖြိုချဖျက်စီးနိုင်ဖို့ မျှော်လင့်လို့ရစရာသိပ်မရှိတော့ဘူး” ဆိုတာပါ။

အင်မတန်ဆိုးရွားလှတဲ့ ဖြိုခွင်းဖိနှိပ်မှုတွေကိုကြုံနေကြပေမယ့် မြန်မာ့တော်လှန်ရေး ပျောက်ကျားလှုပ်ရှားမှုဟာ ပထမအဆင့်ကို အောင်မြင်ခဲ့သလို ပြည်သူ့ထောက်ခံမှုကိုလည်း တည်ဆောက်ယူနိုင်ခဲ့ပါတယ်။ နည်းဗျူဟာတီထွင်မှုတွေနဲ့ တော်လှန်ရေးတပ်တွေဟာ တပ်ဖြစ်လာရုံ မည်ကာမတ္တကနေ မဟာဗျူဟာမြောက်အခင်းအကျင်းဆီကို သွားနေပါပြီ။

စစ်တပ်ဟာ သူသာလျှင် ဒီတိုင်းပြည်ကို တည်ငြိမ်အောင် လုပ်နိုင်တဲ့ တစ်ခုတည်းသောအဖွဲ့အစည်းဖြစ်တယ် ဆိုတဲ့ အဆိုနဲ့ တရုတ်အပါအဝင် ဒေသတွင်း နိုင်ငံတွေဆီက အားတွေကိုရယူနေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ လတွေထဲမှာ အခြေအနေကိုကြည့်မယ်ဆိုရင် စစ်တပ်ရဲ့ အဆိုပါ ယုံချင်စရာမကောင်းတော့ဘဲ နိုင်ငံရဲ့ နေရာအနှံ့အပြားမှာ နယ်မြေတွေကို မထိန်းထားနိုင်ပါဘူး။

စစ်တပ်ကိုယ်တိုင်ကပဲ တိုင်းပြည်နဲ့ ဒေသတွင်း မတည်ငြိမ်ရခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်တယ်ဆိုတာကို ပြသနေခဲ့ပါတယ်။ စစ်တပ်ကပစ်လိုက်တဲ့လက်နက်တွေဟာ ထိုင်း၊ ဘင်္ဂလားဒေ့ရှိကိုပါရောက်ခဲ့တဲ့အပြင် ဘာသာရေးအဓိကရုဏ်းတွေပေါ်လာဖို့ကို တက်တက်ကြွကြွ မြှောက်ပေးနေတာက ထိတ်လန့်စရာပါ။

တစ်ချိန်တည်းမှာ လူတွေ ကြောက်စိတ်ဝင်လာအောင် ရက်စက်ပြနေပြီး ဒုက္ခသည်ပေါင်းများစွာကို လအနည်းငယ်အတွင်းထွက်ပေါ်လာစေခဲ့တယ်။ စစ်ခေါင်းဆောင်တွေဟာ သြဂုတ်လမှာ ကျင်းပဖို့လျာထားတဲ့ ရွေးကောက်ပွဲမတိုင်ခင် နယ်မြေတည်ငြိမ်မှုအတိုင်းအတာတစ်ခုထိရအောင် အသည်းအသန်ကြိုးစားနေတာ ကြောင့် ဒီအတောအတွင်းမှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ပိုမိုညီညွတ်ကျစ်လျစ်စွာနဲ့ စစ်တပ်ရဲ့ကြွယ်ဝ လာတဲ့ ပရိယာယ်ကို ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။

United States Institute Of Peace Website မှာ ရဲမျိုးဟိန်း ရေးသားတဲ့ “Understanding the People’s Defense Forces in Myanmar” ကို ဆီလျော်အောင် ရေးသားထားပါတယ်။ 

ဘာသာပြန် – ကံ့ကော်ဖြူ (ဖက်ဒရယ်ဂျာနယ် မြန်မာ)