• Today is: Wednesday, December 7, 2022

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 83, November 11, 2022)

 

၁။ ကရင်နီပြည်တွင်းမှာ မည်သည့်အဖွဲ့အစည်း၊ ပါတီကိုမှ ရွေးကောက်ပွဲ ဝင်ခွင့်ပေးမှာမဟုတ်ဘူးလို့ KNPP ပြော
November 9, 2022
လာမယ့် ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီက ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို မည်သည့်အဖွဲ့အစည်း၊ ပါတီကိုမှ ကရင်နီပြည်တွင်းမှာ ပါဝင်ခွင့်ပေးမှာမဟုတ်ဘူးလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး(၁) ခူဒယ်နီယာယ် က ပြောပါတယ်။ စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လူထုပါဝင်တဲ့ ရွေးကောက်ပွဲမျိုးမဟုတ်သလို ဝင်ရောက်ယှဉ်ပြိုင်မည့်သူတွေကလည်း စစ်ကောင်စီနဲ့ လက်တွဲသူတွေပဲဖြစ်တယ်လို့ ခူဒယ်နီယာယ်က ဆက်ပြောပါတယ်။ “ ကျနော်တို့အနေနဲ့ကတော့ ဒီကရင်နီပြည်ထဲမှာ ဘယ်ပါတီဝင်ပဲဖြစ်ဖြစ် ဘယ်ပါတီကိုယ်စားပြုပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာကိုတော့ ဆုံးဖြတ်ချက်ချထားပြီးသားဖြစ်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ( NLD ) ဖြစ်ဖြစ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ( USDP ) ဖြစ်ဖြစ် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ( KySDP )ပဲဖြစ်ဖြစ် စသည် ဖြင့်ပေါ့လေ။ ဒီပြည်တွင်း ကရင်နီပြည်ထဲမှာကိုက ဘယ်ပါတီမှ လက်ခံမှာ မဟုတ်ဘူးဆိုတာ ကျနော်တို့ အဲလို ဆိုလိုထားတာ ဖြစ်ပါတယ်။” လို့ ခူဒယ်နီယာယ်က ဆက်ပြောပါတယ်။ ကရင်နီပြည်တွင်းမှာ စစ်ကောင်စီက လွိုင်ကော်ခရိုင်နဲ့ ဘောလခဲ ခရိုင် အပြင် မယ်စဲ့ခရိုင်နဲ့ ဒီးမော့ဆိုခရိုင်ကို ထပ်မံတိုးချဲ့သတ်မှတ်ထားပါတယ်။

စစ်ကောင်စီကနေ ရွေးကောက်ပွဲကျင်းပဖို့ ကြိုးစားနေတာဟာ နိုင်ငံရေးအရ နိုင်ငံတကာမှာ အသိအမှတ်ပြုခံရဖို့ ဖြစ်နိုင် တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးဖြစ်သလို KNDF တပ်ရင်း ၁ တပ်ရင်းမှူး ဖြစ်တဲ့ ခွန်းသောမတ် က ပြောပါတယ်။ “ဒီရွေးကောက်ပွဲဟာ ဖြစ်လာနိုင်ခြေရှိပါတယ်။ ဒါပေမဲ့ အတုအယောင်ရွေးကောက်ပွဲလိုမျိုးပဲပေါ့လေ။ မြို့ကြီးပြ ကြီး အချို့မှာတော့ ရွေးကောက်ပွဲဖြစ်လာနိုင်ခြေရှိတယ်။ သို့သော် ကျနော်တို့လို ပြည်နယ်မျိုးတွေမှာတော့ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။ တချို့ ဒါက စစ်ရေးမဟုတ်ပဲနဲ့ နိုင်ငံရေးပေါ့နော။ နိုင်ငံရေးအရ စစ်ကောင်စီက နိုင်ငံတကာမှာ ဆက်ရပ် တည်နိုင်ဖို့အတွက် ဒီလိုအတုအယောင်လုပ်တဲ့ ရွေးကောက်ပွဲလည်း အများကြီးဖြစ်လာနိုင်ခြေရှိပါတယ်။” လို့ ခွန်းသောမတ် က ပြောပါတယ်။ “ ကရင်နီပြည်အတွင်းကြည့်မယ်ဆိုရင် ၇၅ ရာခိုင်နှုန်းကျော် ၈၀ ရာခိုင်နှုန်းကျော်က KNDF က အုပ်စိုးနိုင်တယ်လို့ KNDF ရဲ့ တစ်နှစ်ပြည့် ထုတ်ပြန်ချက်မှာ တွေ့ရတယ်ပေါ့နော။ နေရာအများစုမှာလည်း တိုက်ပွဲတွေဖြစ်နေတယ်။ နောက်ပြီး တော့ လူထုတွေက လူထုတွေအများစုကလည်း စစ်တပ် ထောက်ခံမှုအားမရှိသလောက် အနေအထားမှာ မဲသွားပေးမယ့်သူကော ရှိပါ့မလားပေါ့။ ပြီးတော့ ဒီမဲရုံတွေတည်ဆောက်ပြီးတော့ ရွေးကောက်ပွဲကိုရော ကောင်းကောင်းမွန်မွန်ပြုလုပ်နိုင်တဲ့ အနေ အထားကော ရှိပါ့မလားဆိုတဲ့ဟာက စဉ်းစားစရာဖြစ်တယ်ပေါ့နော။ ဒါကြောင့်မလို့ ကျမကတော့ စစ်တပ်အနေနဲ့ သူ့ရဲ့ သတ်မှတ်ထားတဲ့ အချိန်ကာလအတောအတွင်းမှာပဲ အောင်အောင်မြင်မြင်နဲ့ ရွေးကောက်ပွဲလုပ်သွားနိုင်ဖို့ဆိုတာက လက်ရှိ အနေအထားမှာဆိုရင်တော့ ကျမကတော့ မထင်ဘူးပေါ့နော။ ” လို့ ဇူးပဒုမ္မာ ကဆိုပါတယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် လက်ရှိ မဲစာရင်းစီစစ်တာနဲ့ မဲရုံလျာထားသတ်မှတ် တာတွေ လုပ်နေတယ်လို့ သိရပါတယ်။

၂။ ဖယ်ခုံရှိ စစ်ရှောင် ပြည်သူများ နေထိုင်သည့် လအိရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၊ အသက် ၈ နှစ် အရွယ် ကလေးငယ် ၁ ဦးအပါဝင် ၄ ဦးဒဏ်ရာရ
November 10, 2022
ကယားပြည်နယ်၊ ဖယ်ခုံမြို့နယ်ရှိ စစ်ရှောင်ပြည်သူများ နေထိုင်သည့် လအိရွာကို အကြမ်းဖက် စစ်တပ်က လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၉ ရက်နေ့ ည ၉ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က စစ်ဘေးရှောင် ပြည်သူများနေထိုင်သည့် လအိရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါ အဝင် ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “မနေ့က ည ၉ နာရီက စကစက လက်နက်ကြီးနဲ့ ပစ်တာ စုစုပေါင်း ၄ ဦး ထိခိုက်ဒဏ်ရာရတယ်။ လအိ ဆိုတာက စစ်ရှောင်တွေနေတဲ့ရွာပေါ့။ အကြောင့်မဲ့ ပစ်တာပေါ့။ ပထမ တစ်အိမ်ကတော့ လူမနေတဲ့အတွက် အိမ်ပဲပျက်စီးသွားတာပေါ့။ ဒုတိယ တစ်အိမ်က လူနေတော့ လူကြီး သုံးဦးရယ် ကလေး တစ် ဦးရယ် ထိခိုက် သွားတဲ့ အခြေအနေပါ။ ဒဏ်ရာ အခြေအနေ စိုးရိမ်ရတဲ့ ၅၆ နှစ်အရွယ် ဦးလေးကတော့ ဗိုက်ပွင့်သွားတယ်လို့ ပြောတယ် စိုးရိမ်ရတဲ့ အနေအထားမှာရှိနေတယ်”ဟု ဖယ်ခုံမြို့နယ် – ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ အကြမ်းဖက် စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်သူများမှာ အသက် ၈၁ နှစ်အရွယ် ဒေါ်မူထန့်၊ အသက် ၄၄ နှစ်အရွယ် ဒေါ်မူမားသ၊ အသက် ၅၆ နှစ်အရွယ် ဦးကိုင် (စိုးရိမ်ရ)နှင့် အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။

၃။ AA တပ်စခန်းရှိနေရာများကို စစ်ကောင်စီဝင်ရောက်တိုက်ခိုက်၊ နှစ်ဖက်တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့
November 10, 2022
ရက္ခိုင့်တပ်တော် (AA) တပ်စခန်းနေရာများကို စစ်ကောင် စီတပ်များက တစ်ပြိုင်နက် တိုက်ခိုက်သဖြင့် ရခိုင် ပြည် နယ် နှင့် ပလက်ဝဒေသတို့ရှိ နေရာငါးနေရာတွင် နှစ်ဘက်တိုက်ပွဲများဖြစ်ပွားကြောင်း AA ထုတ်ပြန်ချက်အရသိရသည်။ စစ်ကောင်စီ က စစ်ရေးလှုပ်ရှားမှုနှင့်အတူ AA တပ်စခန်းရှိရာနေရာများကို နိုဝင်ဘာ ၈ ရက်တွင် တစ်ပြိုင်တည်းထိုးစစ်ဆင် ဝင်ရောက် တိုက် ခိုက်ခြင်းဖြစ်ကြောင်း (နိုဝင်ဘာ ၉ ရက်)တွင် AA က သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ဆယ်ဦးသေဆုံးကာ စစ်လက်နက်ခဲယမ်းပစ္စည်းများအပါအဝင် လက်နက်အချို့သိမ်းဆည်းရရှိကြောင်းသိရသည်။ နိုဝင်ဘာ ၈ ရက်တွင် အမ်းမြို့နယ် ကဇူးကိုင်ရွာနှင့် ဟင်းရွက်ရွာရှိ ရက္ခိုင့်တပ်တော်စခန်းရှိနေရာများကို စစ်ကောင်စီ၏ ပူးပေါင်းတပ်များဝင် ရောက် တိုက်ခိုက်သဖြင့် ၄၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားကြောင်းသိရသည်။

ထိုနေ့မှာပင် မောင်တောမြို့နယ် ဝက်ကျိန်း(မြို)ရွာရှိ AA စခန်းရှိရာနေရာကို စစ်ကောင်စီတပ်မနှင့် ကြိမ်ချောင်း နစခ တို့ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်လာကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။ ယင်းအပြင် နိုဝင်ဘာ ၈ ရက်မှာပင် ပလက်ဝမြို့ နယ် ပကာဝရွာတွင် နာရီဝက်ကြာ နှစ်ဘက်တိုက်ပွဲများဖြစ် ပွားခဲ့သည်။ ယင်းနေ့တွင်မင်းပြားမြို့နယ်၊ ခေါင်းလောင်းချောင်းရွာ အနီး တပ်မ ၅၅ လက်အောက်ခံတပ်ဖွဲ့ဝင်များ လက်နက်ခဲယမ်းများသယ်ဆောင်လာသော စစ်ကောင်စီဇက်သင်္ဘောနှင့် လုံခြုံ ရေး လိုက်လာသောယာဥ်ကို AA က ကြားဖြတ်တိုက်ခိုက်ဝင်ရောက်တိုက်ခိုက်နိုင်ကြောင်း သိရသည်။ ထို့အပြင် စစ်ကောင်စီ တပ်များက မြေပုံမြို့နယ် ကြိုးကြာပင်ကျေးရွာရှိ ယိုးချောင်းဗျူဟာကုန်းနှင့် အမ်းမြို့နယ် စွိချောင်းဗျူဟာကုန်းမှ လက်နက်ကြီး များဖြင့်အ ဆက်မပြတ်ပစ်ခတ်နေကြာင်း AA က ထုတ်ပြန်သည်။

၄။ မိုးမောက်တွင် စစ်ကောင်စီတပ်နှင့် KIA ကြား တိုက်ပွဲပြန်လည်ဖြစ်ပွား
November 11, 2022
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား ယနေ့နံနက် ၁၁ နာရီခန့်မှစတင်ကာ မိုးမောက်မြို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။ မိုးမောက်မြို့ ခါနန်ရပ်ကွက် နှင့် လုံဂျာတောင်အနီးတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်သံများလည်း ကြားနေရသည်ဟု မိုးမောက်မြို့ ဒေသခံတစ်ဦးက ပြောသည်။ “ဘယ်လိုကနေ စဖြစ်လဲမသိဘူး လုံဂျာတောင်မှာ ရှိထားတဲ့ ရှေ့တန်းစစ်သားတွေနဲ့ နှစ်ဖက်ပစ် တာ။ လက်နက်ငယ်က ရေတွက်လို့တောင်မရဘူး အတွဲလိုက်ပဲ။ ရှေ့တန်းကနေကော ပစ်နေတယ် အခုချိန်ထိတောင် ကြားရ တယ်”ဟု သူကပြောသည်။ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ခါနန်ရပ်ကွက် ၃ ရှိ နေအိမ်တစ်အိမ်မှ ယောက်ျားလေးတစ်ဦး လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

“လက်နက်ကြီး ပစ်လို့ စစ်ရှောင်စခန်းဘေးနားက နေအိမ်က ယောကျ်ားလေးတစ်ဦး ခြေထောက်မှာလက်နက်ကြီး စ မှန်တယ်။ ဘယ်ဘက်ကနေ ပစ်တယ်ဆိုတာ မသိရဘူး။ သူက ကတုတ်ကျင်းထဲ ဝင်မလို့ပဲရှိသေးတယ် လက်နက်ကြီး စမှန် သွား တာ” ဟုသူကပြောသည်။ လက်နက်ကြီးစထိမှန်ခဲ့သူမှာ အသက် ၂၃ နှစ်ခန့်အရွယ်ရှိ ယောက်ျားလေးတစ်ဦးဖြစ်ကြောင်း သိရ သည်။ ကချင်ပြည်နယ် မိုးမောက်မြို့နယ် လုံဂျာတောင်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား အောက်တိုဘာ ၂၂ ရက်နေ့မှစတင်ကာတိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က မကြာခဏလက်နက်ကြီးရမ်းသမ်း ပစ်ခတ် မှုများလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။

၅။ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ကျေးရွာများကိုပစ်ခတ်နေ၍ ပုဏ္ဏားကျွန်း အိုင်ဒင်ရွာမှ ဆယ်တန်းကျောင်းသား ၁ ဦးနှင့် အဖွားတစ်ဦး ပြင်းထန်ဒဏ်ရာရ
November 10, 2022
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီ ရဟတ်ယာဉ် တစ်စီးက ကျေးရွာများကို လေကြောင်းကနေ ပစ်ခတ်နေ၍ အိုင်ဒင်ရွာမှ ဆယ်တန်း ကျောင်းသား ၁ ဦးနှင့် အဖွားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများက ပြော သည်။ ပြင်းထန်ဒဏ်ရာရရှိသွားသူများမှာ အိုင်ဒင်ကျေးရွာမှ ဦးမောင်စောသိန်း၏သား ဆယ်တန်းကျောင်းသား မောင်စိုးဝင်းဦး (၁၅ နှစ်)နှင့် အသက် ၆၀ ကျော် အရွယ် အမျိုးသမီး ၁ ဦးတို့ဖြစ်ကြသည်။ နိုဝင်ဘာလ ၁၀ ရက်၊ နံနက် ၇ နာရီကျော်ခန့်က ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးနှင့် ပဒေသာကျေးရွာကြားရှိ ရန်ကုန်-စစ်တွေ ကားလမ်းမ ပေါ်တွင် စစ်ကားတစ်စီး မိုင်းဆွဲခံရ ပြီးနောက် ကျေးရွာများအနီးဝန်းကျင်ကို စစ်ကောင်စီက စစ်ရဟတ်ယာဉ် အသုံးပြုကာ လာရောက် ပစ်ခတ်မှုများ ပြုလုပ်နေ ကြောင်းသိရသည်။ စစ်ရဟတ်ယာဉ်ဖြင့်လာရောက်ပစ်ခတ်မှုကို ခံနေရသည့်ကျေးရွာများမှာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ပဒေသာ၊ အထုပ်သည်၊ ဆင်အင်းကြီး၊ အိုင်ဒင်နှင့် အလယ်ချောင်းကျွန်းကျေးရွာအုပ်စုများ ကျေးရွာအချို့တို့ဖြစ်ကြောင်း သိရသည်။

“ယောက်ျားလေးက ခြေထောက်မှာ ဒဏ်ရာပြင်းပါတယ်။ အမျိုးသမီးမှာတော့ ခါးဆစ်မှာထိပါတယ်။ သူကတော့ ဒဏ်ရာမပြင်းဘူး”ဟု ပြောသည်။ ယခုပစ်ခတ်ခံနေရသည့်ကျေးရွာများ အနီးဝန်းကျင်ကို စစ်ရဟတ်ယာဉ်အပြင် ပုဏ္ဏားကျွန်း အခြေစိုက် ၅၅၀ တပ်နှင့် စစ်တွေအခြေစိုက် ၃၄၄ တပ်ရင်းတို့ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။ ထိုသို့ပစ်ခတ်နေမှုများကြောင့် ကျေးရွာအတွင်းရှိ ဒေသခံများမှာလည်း နီးစပ်ရာ ဘေးလွတ်ရာသို့ ရရာနည်းဖြင့် ထွက်ပြေးတိမ်းရှောင်နေကြကြောင်းလည်း ဒေသခံများက ပြောသည်။ အဆိုပါပစ်ခတ်မှုများကြောင့် ပုဏ္ဏားကျွန်း မြို့နယ်ရှိ ရန်ကုန် – စစ်တွေ ကားလမ်းမပေါ်တွင် လမ်းသွား၊ လမ်းလာများနည်းပါးနေပြီး အသွားအလာပိတ်ထားကြောင်း ခရီးသည်များက ပြောသည်။

၆။ စစ်ကောင်စီတပ်ကားကို တားဆီးပစ်ခတ်ရာမှ ဗိုလ်မှုးတစ်ဦးအပါအဝင်(၃)ဦးသေဆုံးခဲ့
November 10, 2022
စစ်ကောင်စီတပ်စစ်ကားကို မသင်္ကာလို့ တားဆီးပစ်ခတ်ရာမှ ဗိုလ်မှုးတစ်ဦးအပါအဝင်(၃)ဦး သေဆုံးခဲ့တယ်လို့ သထုံ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိရပါတယ်။ ဒီနေ့မနက်အစောပိုင်း(၅း၃၀)အချိန်က သထုံမြို့နယ် ဝင်းစိန်ကျေးရွာမှာ ပြည်သူတွေကိုဖမ်းဆီးလာတဲ့ စစ်ကားကိုတားဆီးပစ်ခတ်ခဲ့တာဖြစ်ပြီး သေဆုံးခဲ့သူ (၃)ဦးထဲမှာ သထုံမြို့နယ် လေ့ကျင့်ရေး ကိုး တပ်က ဒုတပ်ရင်းမှူး ဗိုလ်မှူး ချစ်ဝင်းသူ ပါဝင်တယ်လို့ သထုံပ.က.ဖက အသိပေးထုတ်ပြန်ထားပါတယ်။ “ဗိုလ်မှူး ချစ်ဝင်းသူ သည် ထုံးဘိုလေးကျေးရွာ မီးရှို့မှုတွင် အဓိကပါဝင်သူဖြစ်ပြီး သထုံမြို့တွင်း တက်ကြွလှုပ်ရှားသူများအား မတရားဖမ်းစီးခြင်း၊ ဝီယော်ကျေးရွာ ရေတံခွန်လာသောလူငယ်များအား မတရားဖမ်း စီးခြင်း၊ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချခြင်း၊ ကားမှောင်ခို လုပ် ငန်းများလုပ်ကိုင်ခြင်းများကို အဓိကလုပ်ဆောင်နေသူလည်းဖြစ်ပါ သည်။ ရဲဘော်များလုံခြုံသောနေရာသို့ပြန်လည် ရောက်ရှိပါ ပြီ”လို့ သထုံပ.က.ဖ က ပြောထားပါတယ်။ တိုက်ခိုက်မှုကနေ သေနတ်(၃)လက်ရရှိခဲ့ကာ ဖမ်းဆီးခံထားရသူတွေကိုလည်း ကယ်ထုတ်နိုင်ခဲ့ပြီး စစ်ကောင် စီဘက်ကတစ်ယောက်ကတော့ ဒဏ်ရာရပြီး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

၇။ လုတ်ခိုက်ရွာရှိ ကိုယ်ထူကိုယ်ထကျောင်းမှ ကျောင်းသူ ကျောင်းသားတွေအတွက် အဝတ်အစားနဲ့ လွယ်အိတ် လိုအပ်နေ
November 10, 2022
တအာင်းအရပ်ဖက် အဖွဲ့အစည်းတစ်ဖွဲ့က ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားတဲ့ ရှမ်းမြောက် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာ အုပ်စု လုတ်ခိုက်ရွာမှ ကျောင်းသူ ကျောင်းသားတွေအတွက် အဝတ်အစားနဲ့ လွယ်အိတ်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။ ကလေးမိဘအများစုဟာ ဝယ်ပေးဖို့ ငွေကြေး မတတ်နိုင်တာကြောင့် ကလေးတွေဟာ စုတ်ပြဲနေတဲ့ အဝတ်အစားနဲ့ ဆားအိတ်၊ ဆန်အိတ်တွေကို လွယ်အိတ်အဖြစ်ပြုလုပ်ပြီးတော့ အသုံးပြုနေရတယ်လို့ တာဝန်ကျတဲ့ကျောင်းဆရာမတစ်ဦးကပြောပါတယ်။ “ဆောင်းရာသီလည်း ဝင်ပြီဆိုတော့ ကလေးတွေအတွက် အနွေးထည်နဲ့ အဝတ်အစားလိုတယ်။ ဖိနပ်လည်း စီးစရာမရှိကြဘူး။ ကျောင်းလာရင် ဆားအိတ်၊ ဆန်အိတ်နဲ့ ချုပ်ထားတဲ့ လွယ်အိတ်ထဲကို စာအုပ်၊ ခဲတံထည့်ပြီး ကျောင်းလာတယ်။ တချို့ က ရှိတောင်မရှိဘူး။ တတ်လည်း မတတ်နိုင်ကြဘူး” ကျောင်းသူ ကျောင်းသား (၁၀)ဦးခန့်ဟာ ကျောင်းမတက်နိုင်ကြတော့ ဘဲ ကျွဲကျောင်းနေရသူနဲ့ တခြားသူဆီမှာ အလုပ်သွားလုပ်နေရသူတွေလည်း ရှိနေပြီး ဆရာမတွေကလည်း တခါတလေ စားသောက် ဖို့ ဆန်နဲ့ဟင်း မရှိဘူးလို့ သူမက ဆက်ပြောပါတယ်။

“ဟင်းဖိုးကိုလည်း အနည်းဆုံး ငါးသောင်းလောက် တောင်းထားတာ။ သူတို့က တစ်သောင်း၊ နှစ်သောင်းဘဲ လာပို့တယ်။ ဟင်းသွားဝယ်ရင်လည်း မိုင်းရယ်အထိ သွားဝယ်ရတာ ဒီလဆို ဆီတစ်ပုံးနဲ့ ဆားတစ်ထုပ်ဘဲ ဝယ်လာနိုင်တယ်။ ဟင်းတောင် မရလာဘူး” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။ ကျေးရွာခံတွေဟာ လယ်ယာကိုသာ လုပ်ကိုင်စားသောက်ကြပြီး ရွာခံအချို့ဟာ ကိုယ်ပိုင်လယ်ယာ မရှိတာကြောင့် အခြားသူတွေဆီမှာ သွားရောက်လုပ်ကိုင်ကာ ဝမ်းစာကို ဖြေရှင်းနေကြရသူတွေ ဖြစ်တယ်လို့ ၎င်းဆရာမက ပြောပါတယ်။ လုတ်ခိုက်ရွာမှာ မူလတန်းအထိသာရှိပြီး အစောပိုင်းက ကျောင်းသူ ကျောင်းသား (၆ဝ)ခန့် ရှိရာ ကနေ လက်ရှိမှာ (၄၆)ဦးသာ ရှိတော့တဲ့အတွက် အကူအညီ လိုအပ်နေတာကြောင့် တာဝန်ရှိသူတွေအနေနဲ့ လိုအပ်ချက်ကို လာရောက်ကြည့်ရှုစေချင်တယ်လို့ ဆိုပါတယ်။

၈။ နှလုံးရောဂါ ခံစားနေရတဲ့ မန်တုံက ၆ လနဲ့ ၇ နှစ်အရွယ် ကလေးငယ် ၂ ဦး ဆေးကုသစရိတ် အခက်အခဲ ကြုံတွေ့နေ
November 10, 2022
တအာင်း(ပလောင်)ဒေသ မန်တုံမြို့နယ် တွန်းဟုန်း၊ တန်တေးရွာမှ ၆ လနဲ့ ၇ နှစ်အရွယ် ကလေးငယ် ၂ ဦး မွေးရာပါ နှလုံးရောဂါ ခံစားနေရတာကြောင့် ဆေးကုသဖို့အတွက် ငွေကြေး အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။ တွန်းဟုန်းရွာမှ ၆ လအရွယ် ကလေးငယ်ဟာ နှလုံးမှာ အနာပေါက်ပြီး ဝမ်းဗိုက် ဖောယောင်နေတာကြောင့် လက်ရှိအချိန်ထိ အောက်စီဂျင် ဖြုတ်လို့ မရသေးကြောင်း ကူညီပေးနေသူ လွေးပို့မို က ပြောပါတယ်။ “အဲကလေးက ယောကျာ်းလေး။ ဖြစ်နေတာတာတော့ ကြာပြီ။ ပိုက်ဆံ မရှိကြလို့ ကျမဆီဘဲ လာပြောကြတာ။ ကျမလည်း ပိုက်ဆံ ၁ သောင်း ပေးပြီးတော့ မိုင်းဝီးဆေးရုံ သွားခိုင်းတယ်။ မနိုင်လို့ နမ့်ခမ်းဆေးရုံ ပြန်လွှဲပေးလိုက်တာ။ ကားခ မရှိကြလို့ ကျမက ၄ သောင်းခွဲ ပြန်ပေးလိုက်တယ်။ နမ့်ခမ်း ဆေးရုံလည်း မနိုင်လို့ မန္တလေးဆေးရုံ ဆင်းခိုင်းတာ မဆင်းချင်ကြဘူး။ ကားခလည်း မရှိကြဘူး။ ဗမာစကားလည်း မတတ်ကြဘူး။ ရွာဘဲ ပြန်တော့ မယ်တဲ့” ကလေးမိခင်ဟာ အရင်က ကလေး ၂ ဦး မွေးဖွားခဲ့ပြီး နှစ်ဦးစလုံး သေဆုံးသွားလို့ လက်ရှိကလေးရဲ့ ရောဂါဝေဒနာကို ကြည့်ပြီး စိတ်ဓာတ်ကျနေတယ်လို့ ၎င်းက ဆိုပါတယ်။

အလားတူ တန်တေးကျေးရွာမှ ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း မွေးရာပါ နှလုံးမှာ အပေါက်ဖြစ်နေတဲ့ရောဂါ ခံစားနေရပြီး စကားပြောတာနဲ့ မတ်တပ်ရပ်ရင် ပါးစပ်ပြာသွားကြောင်း ကလေးရဲ့အဒေါ်က ပြောပါတယ်။ “၂၀၁၉-၂၀၂၀ တုန်းက လားရှိုးဆေးရုံပို့တယ် မနိုင်ဘူး။ မန္တလေး ပြန်လွှဲတယ်မနိုင်ပြန်ဘူး။ ရန်ကုန်အထိ ပြန်သွားကုတယ်။ ရန်ကုန်ရောက် တော့ ခွဲစိတ်ဖို့လုပ်နေပြီ။ ခွဲခန်းထဲတောင် ဝင်နေပြီ။ မီးပျက်လို့ မခွဲလိုက်ရဘူး။ ပြန်လာလိုက်ရတာ။ အခုချိန်ထိ မသွားနိုင် တော့ဘူးလေ။ အရမ်းဝေးတယ်။ ပိုက်ဆံလည်း မရှိဘူး။ အခုတော့ သောက်ဆေးဘဲ သောက်နေတာ” တွန်းဟုန်းရွာမှ ကလေးငယ်အတွက် ပါဝင်ကူညီပေးလိုသူတွေအနေနဲ့ ဖုန်း 09-665 069 340 (K-Pay/Wave Pay)သို့ ဆက်သွယ်နိုင်ပြီး တန်တေးရွာမှ ကလေးငယ်အတွက် ပါဝင်ကူညီပေးလိုသူတွေအနေနဲ့ ဖုန်း 09-251 385 828 (K-Pay)သို့ ဆက်သွယ်နိုင်ပါတယ်။

၉။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)က အာဆီယံ (ASEAN) သို့ အိတ်ဖွင့်ပေးစာ ပေးပို့
November 10, 2022
NUCCI NUG၊ CRPH တို့ကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် တရားဝင် ဆက်ဆံဖို့ ဖော်ပြထားတဲ့ အိတ်ဖွင့်ပေးစာ တရပ် ပေးကို အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ(NUCC) က အာဆီယံ (ASEAN)သို့ ပေးပို့လိုက်တာကို တွေ့ရပါတယ်။ နိုဝင်ဘာ (၉) ရက်က ပေးပို့လိုက်တဲ့ အဲဒီအိတ်ဖွင့်ပေးစာမှာတော့ NUCC , NUG , CRPH တို့ကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် တရားဝင် ဆက်ဆံဖို့နဲ့ အာဆီယံအဖွဲ့ဝင်အချို့သောနိုင်ငံတွေက မြန်မာ့အရေးကို တက်တက်ကြွကြွရှိကြပြီး အချို့နိုင်ငံတွေက တော့ တိတ်ဆိတ်နေတာတွေ့ရတယ်လို့ ဖော်ပြထားပြီး မြန်မာ့အရေးကို ဖြေရှင်းရာမှာ အာဆီယံ နိုင်ငံအားလုံးက တက်တက်ကြွကြွနဲ့ တညီတညွတ်တည်း ပါဝင်ပေးကြဖို့ကို တောင်ဆိုးချက်တွေပါဝင်တာပါ။ ဒါ့အပြင်အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက် နှိပ်စက်မှုတွေ တိုက်ခိုက်မှုတွေကို ရှောင်တိမ်းဖို့လိုအပ်နေတဲ့ မြန်မာနိုင်ငံသားတက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေး၊ စစ်ရေး အခြေ အနေတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေကို အာဆီယံရဲ့ လူအခွင့်အရေးကြေငြာစာတမ်းပါ ရည်ရွယ်ချက် တွေနဲ့ အညီ အကာအကွယ်ပေးရန် လိုအပ်တယ် လို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

အာဆီယံရဲ့ လူအခွင့်အရေး ကြေငြာစာတမ်းပါ ရည်ရွယ်ချက်တွေနဲ့ အတိုင်း အကာအကွယ်ပေးရန်နဲ့ နိုင်ငံတကာ လူ့အခွင့်အရေးကိုမြှင့်တင် ထိန်းသိမ်းပေးရန်လိုအပ်ပြီး ဒုက္ခသည်များကို မြန်မာနိုင်ငံကို အတင်းအကြပ်ပြန်ပို့တာမျိုးတွေ မပြု လုပ်ဖို့ တောင်းဆိုတိုက်တွန်းထားပါတယ်။ အလားတူ အိတ်ဖွင့်ပေးစာထဲမှာ စစ်ကောင်စီက ကချင်ပြည်နယ်၊ အနန့်ပါဒေသနဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်း စာသင်ကျောင်း အပါအဝင် အခြားသောဒေသတွေမှာ အပြစ်မဲ့ ပြည်သူတွေကို လေကြောင်းနဲ့ တိုက်ခိုက်တာ၊ ကျေးရွာတွေကို မီးရှို့တာ၊ မုဒိန်းကျင့်တာ၊ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်တာ၊ အခြားသော လူမဆန်တဲ့ ရက်စက်မှုများစွာကို ပြုလုပ်ခဲ့တဲ့အတွက် ကလေး သူငယ် ငါးသိန်းကျော် အပါအဝင် လူဦးရေ တစ်သန်းကျော်ခန့် နေရပ်စွန့်ခွာ ဒုက္ခသည်တွေ ဖြစ်ခဲ့ရတယ် လို့ ထောက်ပြထားပါတယ်။ လူမျိုးသုဉ်း သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန် သော ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေက အာဆီယံ ဘုံသဘော တူညီချက် (၅) ရပ်ပါ အချက်များ ကိုသာမက ASEAN Human Rights Declaration နဲ့ ASEAN ရဲ့ ဒီမိုကရေစီ အဝန်းအဝိုင်း တည်ဆောက်ရေး၊ ဒေသတွင်း ငြိမ်းချမ်းရေး ရည်မှန်းချက် များကိုပါ ပြောင်ပြောင် တင်းတင်း ချိုးဖောက်နေတယ်လို့ အိတ်ဖွင့်ပေးစာမှာ ဆိုထား ပါတယ်။

၁၀။ ရာသီအကူးအပြောင်းကြောင့် စစ်ရှောင်ကလေးငယ်တွေ ဖျားနာကြ
November 10, 2022
ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်း စစ်ရှောင်စခန်း တစ်နေရာမှာ ရာသီကူးပြောင်းကာလကြောင့် ၅ နှစ်အောက် ကလေးငယ်တွေ နှာစေး၊ ချောင်းဆိုး၊ အအေးမိတာတွေ အဖြစ်များနေတယ်လို့ သိရပါတယ်။ ယခု ဆောင်းရာသီ ကူးပြောင်းကာ လ မို့ လူဦးရေ များတဲ့အိမ်တွေမှာ စောင်နဲ့ အနွေးထည်တွေ လုံလုံလောက်လောက် မရှိတဲ့အတွက် အအေးမိပြီး ဖျားနာကြတာ ဖြစ်တယ်လို့ စစ်ရှောင်စခန်းတစ်နေရာမှာ တာဝန်ယူပေးနေတဲ့ ကျန်းမာရေး ဆရာမ ဒေါ်လူစီရာက ပြောပါတယ်။ “အခုချိန်မှာ ရာသီကူးပြောင်းနေတဲ့အချိန် ဖြစ်တဲ့အတွက် မိသားစုများတဲ့ သားသမီးတွေဆိုရင် ညအချိန်အိပ်တဲ့အခါမှာ စောင်တွေလုံ လောက်မှုမရှိဘူး။ အနွေးထည် တွေလုံလောက်မှူ မရှိဘူး။ ဒါကြောင့်မလို့ ညအချိန်မှာ ဆိုလို့ရှိရင်လည်း အအေးမိပြီးတော့ ချောင်းဆိုးသွားတာတို့ အဖျားတွေကြီးလာတာတို့ အဲလိုမျိုးဖြစ်တယ်။” လို့ စစ်ရှောင်စခန်းတစ်နေရာမှာ တာဝန်ယူပေးနေတဲ့ ကျန်းမာရေး ဆရာမ ဒေါ်လူစီရာက ပြောပါတယ်။

ကလေးအများစု ဖျားနာနေကြတဲ့အတွက် ဆေးဝါးတွေလိုအပ်နေသလို မဖျားနာအောင် ကျောင်းနေကလေးတွေ ကျောင်းလာတဲ့ အချိန်တွေမှာ နွေးနွေးထွေးထွေးဝတ်လာဖို့ လိုအပ်တယ်လို့ စာသင်ပေးနေတဲ့ စေတနာ့ ဝန်တမ်း ဆရာမ တစ်ဦးက ပြောပါတယ်။ “ဒီဆောင်းရာသီကာလမှာ အဓိကအခက်အခဲကတော့ ဆေးဝါးတွေလည်းဖြစ်မယ်။ ဘာဖြစ်လို့လဲဆို ရာသီကူးပြောင်းတွေကြောင့်မလို့ အခုတော်တော်များ ကလေးတွေ နှာစီး ချောင်းတာတွေ တော်တော်ကို ဖြစ်တယ်။ အဖျားဝင် တယ်။ ဒါကြောင့်မလို့ ကလေးတွေအတွက် ဆေးဝါးတွေ လိုအပ်မယ်။ ပြီးတော့မှ ကလေးတွေအတွက် ဒီ အနွေးထည် လေးတွေ ဘောင်းဘီလေးတွေ ပေါ့နော်။ ကျောင်းတက်တဲ့ချိန်မှာ ဝတ်ရမယ့်ဟာလေးတွေပေါ့နော်။ အဲဒါလိုအပ်တယ်လို့။ ဆောင်းရာသီ အနေနဲ့တော့ အဓိကတော့ အနွေးထည် တွေ လိုအပ်မယ်။” လို့ ကျောင်းမှာ စာသင်ပေးနေတဲ့ စေတနာ့ ဝန်ထမ်း ဆရာမတစ်ဦးက ပြော ပါတယ်။ အနွေးထည် လုံလောက်မှုမရှိတာတွေအပြင် ဆေးဝါးတွေ၊ ကျောင်းသုံး သင်ထောက်ကူ ပစ္စည်းတွေလည်း လိုအပ် ချက်ရှိနေသေးတယ်လို့လည်း သိရပါတယ်။ အဲဒီစစ်ရှောင်စခန်းမှာ ၅နှ စ်အောက်ကလေးငယ် ၃၀ ဝန်းကျင်ရှိတယ်လို့ သိရပါ တယ်။ ဒါ့အပြင် အဲ့ဒီ စစ်ရှောင်စခန်းမှာ စစ်ရှောင်လာတာ ၁နှစ်ကျော်ရှိလာတာနဲ့အမျှ မိသားစု အဆင်မပြေမှုတွေ ဝင်ငွေမရှိ တာတွေကြောင့် စေတနာ့ ဝန်ထမ်းတွေ CDM ဆရာ၊ဆရာမတွေ ဝမ်းရေးအတွက် အခက်အခဲ တွေနဲ့ ကြုံတွေ့နေရတယ်လို့ လည်း ဆိုကြပါတယ်။

၁၁။ လေးကေကော်ဒေသ စစ်ဘေးရှောင်များ အနွေးထည်နှင့်စောင်များ လိုအပ်နေ
November 10, 2022
ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေး တစ်လျှောက် နေထိုင်စစ်ရှောင်နေကြရသည့် လေးကကော်အပါအဝင် ဒေသ တွင်း ကျေးရွာများမှ စစ်ဘေးရှောင်နေရသည့် ဒေသခံပြည်သူ ၅၀၀၀ ထောင်ကျော်မှာ ယခုနှစ် ဆောင်းရာသီ အအေးဓာတ် ကြောင့် အနွေးထည်နှင့် ခြုံစောင်များ လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူများက ပြောသည်။ “ကလေးတွေက များတော့ အနွေးထည်တွေစောင်တွေလိုပါတယ်။ လူကြီးတွေ လည်းသက်ကြီးဘိုးဘွားတွေလည်း လိုတယ်။ မပြည့်စုံတော့ ရှိတဲ့ အင်္ကျီ နှစ်ထပ်သုံးထပ်ဝတ်အိပ်နေကြရတယ်။ နေ့ဆိုနေပူ၊ ညဆို အအေးက ပိုလာပြီ၊ မီးဖိုလည်း မဖိုရဲဘူး။ တိုက်ပွဲကဖြစ် လက်နက်ကြီးက ပစ်နေတာ၊ စစ်ရှောင်နေရတာ ရှေ့လဆို တစ်နှစ်ပြည့်တော့မယ်။ ”ဟု လေးကေကော် ဒေသခံစစ်ဘေးရှောင် တစ်ဦးက ပြောသည်။ မြ၀တီမြို့တောင်ဘက် လေးကေကော်-ဖလူး-ဝေါလေ လမ်းပိုင်းတွင် ယမန်နေ့ နို၀င်ဘာလ ၉ ရက်နေ့ က စတင်ကာ ဆုံဆည်းမြိုင်ကျေးရွာနှင့် သေ့ဘောဘိုး ကျေးရွာဘက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ် များနှင့် စစ်ကောင်စီစစ်ကြောင်းများ နို၀င်ဘာ ၁၀ ရက် နံနက်ပိုင်းအထိ တိုက်ပွဲဆက်လက် ဖြစ်ပွားနေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။

ထို့အပြင် စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှု၊ အတွဲလိုက် ရော့ကက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေ့ဘောဘိုးကျေးရွာ ဒေသခံနေအိမ်များထိမှန်ပျက်စီးမှုများရှိနေပြီး ဒေသခံ ကျေးရွာသားများအနေဖြင့် ယာယီ စစ်ဘေးရှောင် တဲစခန်းများတွင် မနေရဲကြတော့ဘဲ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးတွင် ပြောင်းရွှေ့နေထိုင်နေကြရကြောင်း သိရ သည်။ လေးကေကော် ရပ်ကွက် ၃ မှ သေ့ဘောဘိုး ကျေးရွာ ယာယီစစ်ဘေးရှောင်နေရသူက “အခုရက်က အအေးပိုလာပြီ၊ စောင် မရှိ အနွေးထည်မရှိတွေ ဖြစ်နေကြတယ်၊ ရာသီဖျားတို့၊ ကလေးချောင်းဆိုး အဆုတ်အအေး ပတ်တို့အတွက် ဆေးမရှိဘူး၊ ထိုင်း ဘက်ကမ်းကူးပြီး ၀ယ်ရတယ်။ ပိုက်ဆံက မရှိ၊ အလုပ်မရှိ ဖြစ်နေကြရတာ၊ လာပြီးပေးဝေတဲ့ သူတွေလည်းအရင်ကလို မလာရ ကြတော့ စစ်ဘေးရှောင်တွေ နေရေးစားရေး ပိုပိုခက်လာပြီ ”ဟု ပြောသည်။ KNU တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီ စစ်ကြောင်းများ နယ်မြေရှင်းလင်းထိုးစစ်ဆင်တိုက်ခိုက် နေမှုကြောင့် ဒေသကျေးရွာ ၂၀ ကျော်မှ ဒေသခံ စစ်ဘေးရှောင်နေရသူ ၅၀၀၀ ကျော်မှာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေး နေရာများတွင် အစုအဖွဲ့အလိုက် ယာယီစစ်ဘေးရှောင်နေထိုင်နေကြ ရဆဲ ဖြစ်သည်။

၁၂။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီဝင် ၁၇ ဦးကို အေအေ ဖမ်းဆီးထား
November 11, 2022
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ပါတီရဲ့ ဗဟိုကော်မတီဝင် ခိုင်မြသာ အပါအဝင် ပါတီဝင် ၁၇ ယောက်ကို ရက္ခိုင့် တပ်တော် (AA) က ဖမ်းဆီးထားကြောင်း ALP ပါတီက နိုဝင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။ ALP ဗဟိုကော်မတီဝင် ခိုင်မြသာ ကိုအေအေက နိုဝင်ဘာ ၇ ရက်မှာ အိန္ဒိယနိုင်ငံ မီဇိုရမ်-မြန်မာ နယ်စပ် ရွာသစ်ကေကျေးရွာမှာ ဖမ်းဆီးခေါ်ဆောင်သွား တာလို့ ထုတ်ပြန်ထားပါတယ်။ ခိုင်မြသာ မင်္ဂလာဆောင်တဲ့နေ့မှာကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ALP ဒု-ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း က ပြောပါတယ်။ “မင်္ဂလာဆောင်တဲ့နေ့မှာ မင်္ဂလာဆောင်ပြီးပြီး ညနေပိုင်း အိမ်တအိမ်ကနေပြီး ထမင်းစားဖိတ်တယ်။ ဖိတ်တဲ့ အခါ သူတို့ဇနီးမောင်နှံအသစ်က ထမင်းစားသွားတယ်။ သွားပြီး အပြန်မှာ ဖမ်းတာလို့ သိရတယ်။” ခိုင်မြသာ ဟာ အိန္ဒိယနိုင်ငံ တရိပူရမှာ မွေးဖွားကြီးပြင်းလာတဲ့ ရခိုင်လူမျိုးတဦးဖြစ်ပြီး ရခိုင်ပြည်အတွက် ငယ်စဉ်ကတည်းက သူတတ်နိုင်တဲ့ဘက်က အားတက်သရော လုပ်ဆောင်လာသူဖြစ်ပြီး အေအေ အနေနဲ့ ဒီလိုပြုမူလုပ်ဆောင်ချက်ဟာ ရခိုင်ပြည်ရှိ နိုင်ငံရေး အင်အားစုတွေ အကြား ညီညွတ်ရေးကို ပျက်ပြားစေကြောင်း ထုတ်ပြန်ထားပါတယ်။

ရက္ခိုင့်တပ်တော် (အေအေ) အနေနဲ့ ၂၀၂၂ ခု တနှစ်အတွင်း ALP ခေါင်းဆောင်တွေ၊ အဖွဲ့ဝင်တွေနဲ့ ပါတီနဲ့ဆက်စပ်တဲ့ သံဃာတော်၊ ကလေးငယ်ပါမကျန် ရည်ရွယ်ချက်ရှိရှိ နေရာတကာမှာ ဖမ်းဆီးလာတာကို တွေ့ရကြောင်းလည်း ဆိုပါတယ်။ ပြီးခဲ့ တဲ့ သြဂုတ်လအတွင်းမှာ ALP ဗဟိုအလုပ်မှုဆောင် ခိုင်ပေါ်လင်းနဲ့ ပါတီမိသားစုဝင်ဖြစ်တဲ့ ၈ တန်းကျောင်းသား မောင်စိုးမင်းနိုင် တို့ကိုလည်း အေအေက ဖမ်းဆီးသွားခဲ့ပြီးနောက် အခုအချိန်ထိ ပြန်လွတ်လာတာ မရှိသေးဘူးလို့လည်း သိရပါတယ်။ ဒါ့အပြင် အခုနှစ် ၂၀၂၂ သြဂုတ်လကစပြီး အခုလ နိုဝင်ဘာ ၇ ရက်အထိ ULA/AA က ဖမ်းဆီးထားတဲ့ ALP/ALA တပ်ဖွဲ့ဝင် စုစုပေါင်း ၁၇ ဦးအထိ ရှိနေပြီဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ “ပြောရမယ်ဆိုလို့ရှိရင်တော့ ကိုယ်တို့အချင်းချင်းကြားမှာ အမျိုးသားရင် ကြားစေ့ရေးဆိုတာရှိသလို နောင်အနာဂတ်မှာလည်းပဲ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးတွေအတွက်လုပ်လာတဲ့လူတွေအချင်းချင်း စကား မ ပြောလို့မရဘူး။ စကားကတော့ တချိန်ချိန် တနေ့နေ့မှာ ပြောရမှာဖြစ်တယ်။ ပြီးလို့ရှိရင် အန်တီရဲ့ စိတ်နေသဘောထား တွေကို ပြောရမယ် ဆိုလို့ရှိရင်လည်း တိုင်းပြည်နဲ့လူမျိုးအတွက် အလုပ်လုပ်ကြတဲ့သူ အားလုံးဟာဆိုလို့ရှိရင် အန်တီတို့ရဲ့ သားသမီးတွေ ဖြစ်တယ်။ ရှေ့က ခေါင်းဆောင်တွေလုပ်လို့ မအောင်မြင်ခဲ့တာကို နောက်ကလုပ်လာတဲ့သူတွေက လုပ်လို့ အောင်မြင် နိုင်တယ်။ အခုက လုပ်နေဆဲပဲဖြစ်တယ်။ ဘယ်သူမှလည်း မအောင်မြင်သေးဘူး။ လုပ်နေဆဲအနေအထားမှာ တယောက် ကို တယောက်၊ တဖွဲ့ကိုတဖွဲ့ နစ်နာအောင် မလုပ်သင့်ဘူး။ ဒါဆိုလို့ရှိရင် အမျိုးသားစည်းလုံးညီညွတ်ရေးကို အရမ်းထိခိုက်စေတယ်။ အဲလိုလုပ် ရပ်တွေကို ရှောင်ကြဖို့လိုတယ်လို့ ပြောချင်ပါတယ်။” ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ပါတီဟာ တနိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(အန်စီအေ)မှာပါဝင်လက်မှတ်ရေးထိုးထားသလို စစ်တပ်အာဏာသိမ်းပြီးနောက်မှာ စစ်ခေါင်း ဆောင်နဲ့ နေပြည်တော်မှာ နှစ်ကြိမ်တိုင်သွားရောက်တွေ့ဆုံခဲ့တဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် (ULA/AA) ကတော့ လက်ရှိ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

၁၃။ တနိုင်း လမုန်ကျေးရွာတွင် ပြည်သူ့စစ်ဖြစ် ရပ်တည်နိုင်ရေး ဦးရွှေမင်းအဖွဲ့များ ကြိုးပမ်းနေ
November 10, 2022
ဝိုင်းမော်မြို့နယ်တွင် အပြင်းအထန် ကန့်ကွက်မှုခံနေရသော ဦးရွှေမင်း ဦးဆောင်သော ပြည်သူ့စစ်အဖွဲ့သည် တနိုင်းမြို့ နယ် လမုန်ကျေးရွာ (Lamung)ဘက်တွင် ပြန်လည်ရပ်တည်နိုင်ရေး ကြိုးပမ်းနေသည်ဟု သိရသည်။ လီဆူ လူမျိုးအများစု နေထိုင်သည့် လမုန်ကျေးရွာဘက်သို့ ရွှေ့ပြောင်းမည်ဟု ဦးရွှေမင်းက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) သို့ တင်ပြတောင်းဆို ထားသည့်သတင်းကို ကြားသိရသည်မှာ တစ်လကျော်လာပြီဟု လမုန်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။ “ဦးရွှေမင်းကို ဝိုင်းမော်ဘက်က ပြည်သူတွေ မလိုလားလို့ ကန့်ကွက်ကြတော့ မပခ ကနေ နေရာရွှေ့ပြောင်းဖို့ လုပ်လာ ကြတာထင်တယ်။ သိရ သလောက် ဦးရွှေမင်း က ဒီတနိုင်းဘက်ကို ပြန်ပြီးအခြေစိုက်ဖို့ တောင်းဆိုထားတယ်တဲ့။ အဲ့ကြောင့် မြောက်ပိုင်းတိုင်းကနေ တနိုင်း ဒကစ ကိုပြောတယ်။ အခုအဲ့မှာရှိနေတဲ့ ပြည်သူ့စစ်အဖွဲ့က အလုပ်မလုပ်ဘူး စစ်ရေးလှုပ်ရှားတာတွေလည်းမရှိဘူး။ အင်အားလည်းနည်းတယ်။ အင်အားကြီးတဲ့ ရွှေမင်းအဖွဲ့ကို အဲ့ဘက်နေရာပြန်ချပေးမယ်”ဟု ညွန်းကြားထားကြောင်း ပြောဆို သည်။ လက်ရှိ လမုန်ကျေးရွာတွင် ဦးယောဘခေါ် (ခီဖာဝူ) ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့သည်လည်း ပြည်သူ့စစ်အင်အား ၂၀ ဝန်းကျင်ခန့်ဖြင့် စုဖွဲ့မှုရှိနေပြီး ၎င်းတို့ကို အင်အား ၈၀ ကျော်အထိ ရှိလာအောင် ပြန်လည်စည်းရုံးရန် စစ်ကောင်စီ တနိုင်းဒေသ ကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ)မှ လမုန်ပြည်သူ့စစ်ခေါင်းကို ညွှန်ကြားထားသည်ဟုလည်း သိရသည်။

ဦးယောဘ (ခီဖာဝူ) ကိုယ်တိုင် လမုန်ကျေးရွာဘက်သို့ ဦးရွှေမင်းဦးဆောင်သော အဖွဲ့များ ရောက်မလာနိုင်အောင် စစ်ကောင်စီ တနိုင်း ဒကစ မှ ညွန်ကြားသည့်အတိုင်း ၎င်း၏ပြည်သူ့စစ်တပ်တွင် လူအင်အားများလာအောင် စည်းရုံးရေးလုပ်ငန်း များ လုပ်ဆောင်နေသည်ဟု လမုန်ဒေသခံတစ်ဦးက ပြောသည်။ ဦးရွှေမင်း ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့သည် ၂၀၂၁ ခုနှစ် နိုဝင်ဘာ လဆန်းပိုင်းမှစတင်ကာ ဝိုင်းမော် မြို့ပြင် ဝူယာန်ကျေးရွာ ကားလမ်းမကြီးနဘေး နံနက်စျေးအထက် အုပ်ချုပ်ရေးရုံး ကပ်ယက်တွင် စခန်းတည်ဆောက်ခဲ့ပြီး ဖြတ်သန်းသွားလာသူများထံမှ ငွေကြေးကောက်ခံခဲ့သည်။ ဝူယာန်ပြည်သူ့စစ် (ဒေသ အခေါ် လီဆူပြည်သူ့စစ်) အဖွဲ့အနေဖြင့် ၁ နှစ် ကာလအတွင်း စစ်ရေးလှုပ်ရှားမှုများတွင် အောင်မြင်မှုမရှိသည့်အပြင် ဝိုင်းမော် ဒေသခံ ပြည်သူများ၏ ကန့်ကွက်မှုကြုံနေရသဖြင့် ဟူးကောင့်ချိုင့်ဝှမ်းဒေသ တနိုင်းဘက်သို့ ဖြစ်လာနိုင်သည်ဟု ဝိုင်းမော်ဒေသခံ အမျိုသားတစ်ဦးက ယခုလိုသုံးသပ်ပြောဆိုထားသည်။ “ပြည်သူ့စစ်အဖွဲ့တွေရှိလာလို့ ကျနော်တို့ အဖွဲ့အစည်းကြားနဲ့ လူမျိုးရေး ဆက်ဆံရေးတွေ ပိုခက်ခဲလာတယ်။ နေရာတိုင်းမှာ ခွဲခြားဆံဆက်တဲ့ ပြောဆိုမှုတွေ ပိုများလာတယ်။ အရင်တုန်းက နက်နက်နဲနဲ ရှိခဲ့တဲ့ အရာတွေလည်း အပေါ်ယံပေါင်းသင်းဆက်ဆံရေးတွေ ကြုံလာရတယ်။ အဲ့ဒါတင်မကဘူး သွားလာရေးတွေမှာလည်း အရမ်းခက်ခဲလာတယ်။ စစ်တပ်နဲ့ ရင်းနှီးတဲ့သူတွေအတွက်တော့ အခက်အခဲမရှိပေမယ့် သာမန်ပြည်သူတွေအတွက်တော့ ခွဲခြား ဆက်ဆံခံရတယ်”ဟု ပြောဆိုသည်။

၁၄။ သံတောင်ကြီးမှာ စစ်ကောင်စီတပ်ခန်း တိုက်ခိုက်ခံရပြီးနောက် ဒေသခံ လေးဦးအဖမ်းခံရ
November 11, 2022
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ အမှတ် (၁) ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ရေတာစခန်းကုန်း နိုဝင်ဘာလ ၉ ရက် မနေ့မနက် ၄ နာရီခွဲလောက်က တိုက်ခိုက် ခံရပြီးနောက် အမှတ် (၁) ရပ်ကွက်က ဒေသခံ လေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဖမ်းခံရသူတွေဟာ အသက် ၄၀ အရွယ် စောထူးဂေ၊ အသက် ၂၅ အရွယ် စောကလိုဒို၊ အသက် ၃၇ အရွယ် စောသာကလိုနဲ့ အသက် ၂၇ နှစ်အရွယ် ကိုကျော်ဝင်းတို့ ဖြစ်ပြီး စစ်ကောင်စီတပ်သားတွေက နေအိမ်တွေကို မွှေနှောက်ရှာဖွေပြီးနောက် တန်ဖိုးရှိ ပစ္စည်းတွေကိုပါ ယူဆောင်သွားကြတယ်လို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “မနေ့က တိုက်ပွဲဖြစ်တော့ ကြောက်ကြောက်နဲ့ ပြေးကြတာ ဘာမှမပါကြဘူးလေ။ အဲဒါ ဒီနေ့ ပြန်ယူဖို့ ခွင့်တောင်းပြီး ပြန်တာပေါ့လေ။ တချို့အိမ်တွေထဲမှာဆို ပစ္စည်းတွေ ဖွထားကြတယ်။ ကိုယ့်အိမ်မှာဆိုလည်း ပိုက်ဆံတွေ၊ ရွှေတွေတချို့ မရှိတော့ဘူး။ တံခါးတွေလည်း ရိုက်ဖျက်ပြီးဝင်သွားတာ။ ရပ်ကွက်ထဲဝင်တဲ့သူ တချို့ကိုလည်း စခန်းကုန်းပေါ်ကနေ လှမ်းပစ်တာတွေလည်းရှိတယ်။ ထိတော့မထိပါဘူး” တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပြီးနောက် အဲဒီရပ်ကွက်မှာ နေထိုင်တဲ့ လူပေါင်း ၃၀၀ ခန့် ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

၁၅။ PDF ထောက်ပံ့သည်ဆိုကာ နန်းမားဒေသခံ အမျိုးသမီး ၂ ဦးကို စစ်ကောင်စီဖမ်းဆီး
November 11 , 2022
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နန်းမားကျေးရွာမှ အရပ်သားပြည်သူ အမျိုးသမီး ၂ ဦးကို KPDF ထောက်ပံ့သည်ဟု ဆိုကာ စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၁၀ ရက်နေ့ ညပိုင်း နန်းမား ကျေးရွာ အလယ်တောရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၀ နှစ်အရွယ် ဒေါ်ယဉ်ယဉ်တင် နှင့် ဒေါ်ညိုလေးတို့ ၂ ဦးအား KPDF ထောက်ပံ့သည်ဟု စွပ်စွဲ၍ ၎င်းတို့၏ နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု နန်းမားကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ”မနေ့က ညနေပိုင်းလောက်မှာ ဖမ်းသွားတာ သူကအိမ်မှာ ဝက်ကိုအစာကျွေးနေတာ အဲ့ချိန်စစ်သားတွေ ကားနဲ့ ရောက်လာပြီး ဖမ်းခေါ်သွားတယ်။ ဘယ်ကို ခေါ်သွားတယ်ဆိုတာတော့ မသိရဘူး” ဟု ပြောသည်။ ဒေါ်ယဥ်ယဥ်တင်သည် အိမ်ထောင်သည် အမျိုးသမီးဖြစ်ပြီး ဝက်မွှေးမြူရေးလုပ်ကိုင်သူဖြစ်ကြောင်းသိရပြီး ဒေါ်ညို‌လေး ခေါ်သူသည်လည်း အိမ်ထောင် သည် အမျိုးသမီးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသည့် အဆိုပါ အမျိုးသမီး၂ ဦးကို လက်ရှိချိန်ထိ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေး သည့်အပြင် မိသားစုဝင်များနဲ့လည်း အဆက် အသွယ်မရသေးကြောင်းသိရသည်။ ”အိမ်မှာကျန်နေတဲ့သူ့မိသားစုဝင် တွေကို တော့ ဘာမှနောက်ယှက်တာမရှိဘူး ဒေါ်ယဉ်ယဉ်တင် သူ့တစ်ယောက်ထဲကိုပဲ ဖမ်းသွားတယ်။ သူက ဝက်မွေးပြီးအေးအေး ဆေးဆေးနေတတ်သူပါ ဘယ်လိုလုပ်ပြီး ဖမ်းခံထိတာလည်းတော့မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ ထိုနည်းတူ ပြီးခဲ့ သော စက်တင်ဘာလ ၂၈ ရက်နေ့တွင်လည်း PDF အဖွဲ့ကို ထောက်ပံ့သည်ဟုဆိုကာ နန်းမားမြို့မရပ်ကွက် ကားလမ်းမကြီး နဘေးတွင် နေထိုင်သည့် အသက် ၃၀ နှစ်အရွယ် ဘကြီးမုံ(ခ) ဦးသန်းစိုး၏ နေအိမ်ကို ဘက်ဟိုးများဖြင့် ဖြိုချဖျက်ဆီးခံခဲ့ရသည်။

၁၆။ ပစ်ခတ်မှုကြောင့် တိမ်းရှောင်နေကြသော သံတောင်ကြီးမြို့ခံ စစ်ရှောင်များ၏ ပစ္စည်းများ ခိုးယူဖျက်ဆီး ခြင်းခံရ
November 11, 2022
ကရင်ပြည်နယ် သံတောင်ကြီးမြို့တွင် နိုဝင်ဘာလ (၉)ရက်နေ့ဖြစ်ပွားခဲ့သော စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့-PDF ပူးပေါင်းတပ်များပစ်ခတ်မှုကြောင့် ရှောင်တိမ်းကြရ သော ရပ်ကွက်တွင်းနေထိုင်သူများ၏ နေအိမ်အတွင်းရှိ ပစ္စည်းများ ခိုးယူဖျက်ဆီးခြင်းခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ (၉)ရက်နေ့ နံနက်(၄)နာရီအချိန်တွင် သံတောင်ကြီးမြို့၊ (၁) ရပ်ကွက်ရှိ ဘုရင့်နောင် စစ်သင်တန်း ကျောင်း၏ လုံခြုံရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ရပြီးနောက် စစ်ကောင်စီတပ်မှ လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်မှုများ လုပ်ဆောင်သည့်အတွက် ရပ်ကွက်နေပြည်သူ ၃၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ရခြင်းဖြစ်သည်။

အဆိုပါပစ်ခတ်မှုတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးကျရောက်၍ နေအိမ်တစ်လုံးမီး လောင်ပျက်စီးသွားပြီး စစ်တပ် က ရပ်ကွက်အတွင်း နေအိမ်တံခါးများကို ဖျက်ဆီး၍ အိမ်အတွင်းမှ ပစ္စည်းများအားမွှေနှောက်ရှာဖွေကာ ပိုက်ဆံနှင့်ရွှေထည် ပစ္စည်းများ ယူဆောင်သွားကြောင်း ဒေသတွင်းနေထိုင်သူတစ်ဦးက ယခုလိုပြောသည်။ ” ပစ်ခတ်မှုတွေဖြစ်လို့ အိမ်ပြန်မနေရဲဘဲ ရှောင်တိမ်းနေရတာ အယောက် (၃၀၀) လောက်ရှိနေပါပြီ။ စစ်တပ်ကတော့ ပြန်လာနေလို့ရတယ်ပြောပေမဲ့ ဘယ်သူမှပြန် မနေရဲကြလို့ ကိုယ့်ဆွေမျိုးနီးစပ်ရာတွေမှာ သွားနေရတယ်ပေါ့နော်။ ကျမတို့ပစ္စည်း ယူဖို့ခဏပြန်တာ အိမ်တွေထဲကို ဝင်မွှေထား တာတွေ့တယ်။ ပိုက်ဆံနဲ့ရွှေ လက်စွပ်တွေ လည်းပါသွားတယ်။ အခုလောလောဆယ် အဲ့ဒီစခန်းကိုသွားတဲ့ လမ်းကို ပိတ်ထား ပါတယ်။ ဘယ်သူမှပေးမဖြတ်ပါဘူး။ တွေ့တာနဲ့ပစ်မယ်လို့ပြောတယ်။” ဟု ၎င်းက ဆိုသည်။ ယခု နောက်ဆုံးရရှိထားသော သတင်းများအရ သံတောင်ကြီးမြို့တွင် ဆန်အိတ်များ ဝယ်ယူတင်ဆောင်လာကြသော ဒေသခံကားများအား မြို့တွင်းသို့ ဖြတ်သန်းခွင့်မပြုဘဲ မြို့အဝင်အထွက်ဂိတ်တွင် ရပ်နားခိုင်းထားပြီး စစ်တပ်မှညနေငါးနာရီကျော်လျှင် အိမ်အပြင်မထွက်ရ အမိန့် ထုတ်ပြန်ထားကြောင်း မြို့တွင်းနေထိုင်သူများက ပြောသည်။

၁၇။ ကျောက်မဲခရိုင်ရဲ ဗုံးပေါက်ကွဲမှု ရဲဝန်ထမ်းများပါဝင်နေ ဟုဆို
November 11, 2022
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ နိုဝင်ဘာ ၈ ရက် ခရိုင်ရဲတပ်ဖွဲ့ ဗုံးပေါက်ကွဲမှုဖြစ်စဥ်သည် စစ်ကောင်စီလက် အောက် ရဲတပ်သားများ ပါဝင်ပတ်သက်နေသည်ဟု သိရသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုတွင် ရဲတပ်သား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ပြီး၊ ကျောက်မဲမြို့နယ် အတွင်း နယ်မြေလုံခြုံမှုမရှိသည်ကိုပြသချင်သည့် သဘောဖြင့် ပြုလုပ်ခြင်းဖြစ်သည် ဟု ရဲတပ်ဖွဲ့နှင့် နီးစပ် သည့်အသိုင်းအဝန်းက ပြောသည်။ စစ်ကောင်စီ လက်အောက်ခံရဲတပ်သားများကို လက်ရှိနိုင်ငံရေးပဋိပက္ခဖြစ်ပွားသည့် နယ်မြေ သို့ပြောင်းရွှေ့ရန် အမိန့်ကျလာတိုင်းမှာ ယခုကဲ့သို့ ဗုံးပေါက်ကွဲမှုကို ပြုလုပ်ခဲ့သည်။ “ အဲဗုံးပေါက်ကွဲတာက သူတို့ ဖန်တီး ပြီးလုပ် တာ။ ဘာလို့လဲဆိုတော့ သူတို့က အခု စစ်ကိုင်းတို့ တိုက်ပွဲဖြစ်တဲ့ နေရာကို မပြောင်းချင်ဘူးလေ။ အဲကြောင့်အခု ဒီမြို့မှာလဲ ငြိမ်းချမ်းမှုမရှိဘူးလို့ ပြချင်တာ။ ဒီလိုတော့ပြပြီးတော့ မပြောင်းရအောင်လို့ လုပ်ကြတာပေါ့” ဟု ရဲနှင့်နီးစပ်သည့် အမျိုးသား တစ်ဦးက ပြောသည်။

ထို့ကြောင့် သက်ဆိုင်ရာ အထက်မှ အမိန့်တခုခုကျလာတိုင်းမှာ ကျောက်မဲမြို့အတွင်း ဗုံးပေါက်ကွဲမှု နှင့် သေနတ်ပစ် ဖောက်မှုများပြုလုပ်လေ့ရှိသည်။ ထို့အပြင် ယခုလ (နိုဝင်ဘာ ၉)ရက် မွန်လွဲပိုင်း ဗုံးပေါက်ကွဲမှု အပြီးတွင်လည်း လူငယ် (၂)ဦးကို စစ်ကောင်စီ ဘက်တော်သားများက ကွင်ဆင်ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။ “လူငယ် ၂ ယောက် ဖမ်းဆီးခံရတာတော့ ဟုတ်တယ်။ ဘယ်သူလဲ၊ ဘယ်ရပ်ကွက်မှာနေလဲဆိုတာတော့ မသိဘူး။ ဗုံးပေါက်ကွဲမှုနဲ့လည်း သက်ဆိုင်မှုတော့ ရှိမရှိတော့မသိဘူး” ဟု ကျောက်မဲမြို့ အသက် ၅၀ ဝန်ကျင်းအမျိုးသားတစ်ဦးက ပြောသည်။ ဖမ်းဆီးခံရသည့် လူငယ်၂ ဦးသည် စစ်ကောင်စီက မန္တလေး သို့ ပစ္စည်းတင်ပို့သည့် ကား စစ်ဆေးပြီး မသင်္ကာသည့် အထုတ်တွေ့ရှိသောကြောင့် ထိုအထုတ်ပိုင်ရှင်ကို ဖုန်းဆက်ခေါ်ပြီး ဖမ်းဆီးလိုက်ကြောင်း ကျောက်မဲမြို့ဒေသခံတစ်ဦးကပြောသည်။ လက်ရှိကျောက်မဲမြို့နယ်ထဲတွင် နိုင်ငံရေးနှင့်တက်ကြွလှုပ်ရှား သူ ၆ ဦး ဖမ်းဆီးခံထားရပြီး သံသယဖြင့် ၁၀ ဦးဝန်းကျင်က ဖမ်းဆီးခံထားရကြောင်းသိရသည်။

၁၈။ ဖားကန့်သို့ ဆန်တင်ပို့နိုင်ရေး စစ်ကောင်စီနှင့် ညှိနှိုင်း‌သော်လည်း တားမြစ်ခံထားရဆဲ
November 10 ,2022
ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့သို့ ဆန်တင်ပို့နိုင်ရေးအတွက် စစ်ကောင်စီတပ်ထံ ဆန်ကုန်သည်များ ရက်ပေါင်း ၂၀ ကြာ ညှိနှိုင်းခဲ့သော်လည်း ခွင့်ပြုမိန့်မရသေးကြောင်း သိရှိရသည်။ ဖားကန့်မြို့နယ်သို့ ဝင်ရောက်နိုင်ရန် စောင့်ဆိုင်းနေသည့် ဆန်ကားအစီးရေ ၇၀ ကျော်အထိ နန့်ယားစစ်ကောင်စီဂိတ်တွင် ပိတ်မိနေကြောင်း ဖားကန့်သို့ ဆန်တင်ပို့သည့် ဆန်ကုန်သည် အမျိုးသားတစ်ဦးက ပြောသည်။ ”ပိုက်ဆံပေးဝင်လို့လည်းမရဘူး ငိုယိုတောင်းပန်ပြီးပြောရင် တောင်လုံးဝကို မဝင်ခိုင်းဘူး။ အခု တချို့ဆန်းကားတွေဆို စောင့်နေတာကြာတော့ပြန်လှည့်သွားကြတယ်”ဟု ပြောသည်။ လက်ရှိ ပိတ်မိနေသည့် ဆန်ကားများမှာ ၁၂ ဘီး ယာဉ်များဖြစ်ပြီး ကားတစ်စီးလျှင် ဆန်အိတ် ၃၀၀ ကျော်ထိ တင်ဆောင်ထားသောကြောင့် ပိတ်မိနေသည့် ဆန်အိတ် အရေအတွက်မှာ အိတ် ၂၀၀၀၀ ကျော်အထိရှိမည်ဟု သုံးသပ်နေကြသည်။ ယင်းပိတ်မိနေသည့် ဆန်အိတ်များကို ဖားကန့်မြို့ နယ်အတွင်းသို့ အလျှင်အမြန် တင်ပိုနိုင်ရေးအတွက် ဆန်ကုန်သည်များကလည်း စစ်ကောင်စီနှင့် ဆက်လက်ဆွေးနွေးနေဆဲဖြစ် ပြီး ယနေ့ထိ ဖြတ်ခွင့်မရသေးသောကြောင့် ဒေသခံများ စားသောက်ရေး ပိုမိုကြပ်တည်းလာကြောင်း ဒေသခံများထံမှ သိရသည်။

”ဆန်းစျေးကတော့ တက်နေတုန်းပဲ။ လက်ကျန်ရှိတဲ့သူတွေကထိန်းပြီးမျှရောင်းပေးနေတာ ပေါ်ဆန်းမွှေးဆိုအရင်က ၈ သောင်း အခု ၁၂၀၀၀၀ အထိတက်သွားပြီ တခြားဆန်တွေလည်းအရင်က ၅သောင်း ၆ သောင်းတန်တွေက အခု ၈သောင်း ၉ သောင်းအထိတက်သွားပြီ တချို့ဆိုဗျာ မရှိတဲ့လူဆိုရင် ဆန်ပြုတ်ပြုတ်ပြီးပဲသောက်နေကြတာ အဲ့လိုခြေနေထိဖြစ်နေပြီ ကျနော် တို့ မြင်တွေ့နေရတယ်”ဟု ဖားကန့်မြို့နေ အမျိူးသားတစ်ဦးက ပြောသည်။ ဖားကန့်ဒေသတွင် ဆန်ပြတ်လပ်စပြုနေပြီဖြစ်ပြီး လက်ရှိအခြေအနေတိုင်း ဆန်စျေးနှုန်းများ တက်သွားမည်ဆိုပါက ဖားကန့်ဒေသခံများ စားသောက်ရေး ပိုမိုကြပ်တည်းလာနိုင်ပြီး အငတ်ဘေးကြုံတွေ့နိုင်ကြောင်း ဒေသခံများကဆိုသည်။

၁၉။ ကြာအင်းဆိပ်ကြီးမြို့တွင် လုယက်မှုဖြစ်စဉ်များ ပိုမိုဖြစ်ပွားနေ
November 10, 2022
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့တွင် ယခုတလော လုယက်မှုဖြစ်စဉ်များ ပိုမိုဖြစ်ပွားနေသည့်အတွက် မြို့ပေါ် သွားလာသူ နည်းပါးလာသည်ဟု မြို့ခံများကပြောဆိုကြသည်။ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှုတို့ သည် မြို့လယ်၊ ရပ်ကွက် လမ်းကြားများတွင် ပိုမိုအဖြစ်လာသောကြောင့် ဒေသခံပြည်သူများအနေဖြင့် အပြင်မ ထွက်ရဲကြတော့ သည့်အနေအထားဖြစ်နေသည်ဟု အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ယခုလိုပြောသည်။ “အရင်တုန်းကဆိုရင် ခိုးမှုပဲကြားဖူး တယ်။ ဆိုင်ကယ်နဲ့ ပိုက်ဆံအိတ်လုပြီးမောင်းပြေးတာ ဒီနှစ်ထဲမှာပဲ ကြားနေရတယ်။ ဈေးထဲမှာတော့ မြို့ပေါ်ကလူတွေ အသွား အလာတော်တော်နည်းလာကြတယ်။ မနေ့ကဆို လေးသိန်းလောက်ပါသွားတယ် လုခံထိတာ၊ ဖြစ်လိုက်ရင်လည်းနေ့လည် နေ့ခင်းဘက်တွေလေ။ လူများတဲ့အချိန်တောင် ပိုက်ဆံအိတ် ကိုလုနေပါတယ်ဆို ညဘက်တွေဆို ဘယ်သူကထွက်ရဲတော့မလဲ” ဟု ပြောသည်၊၊

မြို့တွင်းဖြစ်ပွားသည့် လုယက်မှုများနှင့်ပတ်သက်၍ ရဲစခန်းကို တိုင်ကြားခဲ့သော်လည်း အရေးယူဆောင်ရွက်ခြင်းမရှိ ကြောင်း ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ ရပ်မိရပ်ဖိတစ်ဦးက ယခုလို ပြောသည်။ “တချို့ကတော့ရဲတိုင်ကြတယ်၊ တချို့ကတော့ရဲ မတိုင်ကြတော့ဘူး တိုင်လည်းဘာမှမထူး ဘူးလေ။ အလုပ်ရှုပ်မခံကြတော့ဘူး။ ရဲတွေကတော့ပြောတာပေါ့၊ ဆောင်ရွက်ပေး မယ်ပြီးတော့ ဒီတိုင်းပဲ”ဟု ၎င်းကပြောသည်၊၊ ယခုကဲ့သို့ ခိုးဆိုးလုယက်မှုများပြားလာရသည်မှာ ဒေသတွင်း ကုန်စျေးနှုန်းများ အဆမတန်တက်လာခြင်းနှင့် တစ်ရက်ထက်တစ်ရက် စားဝတ်နေရေး ပိုမိုကြပ်တည်းလာ ခြင်းတို့ဖြစ်နိုင် သည်ဟု မြို့ခံများက ပြောဆိုကြသည်။ ကြာအင်းဆိပ်ကြီးမြို့နှင့် အလားတူ စစ်ကောင်စီတပ်မှ လုံခြုံရေးတင်းကြပ် စွာချမှတ်ထား သည့် ဖားအံ၊ လှိုင်းဘွဲမြို့၊ ကော့ကရိတ်မြို့နှင့် မြဝတီမြို့တွင်းသာမက ကျေးလက်ဒေသ ကျေးရွာများတွင်လည်း လုယက်မှု၊ ခိုးမှုများပိုမိုများ ပြားလာသည်ဟု သိရှိရသည်။

၂၀။ စစ်တွေတွင် အမျိုးသား ၁ ဦး ပြန်ပေးဆွဲ‌ခံရပြီးနောက် သတ်ဖြတ်ခံခဲ့ရ
November 11, 2022
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အသက် ၃၀ ကျော်အရွယ် အမျိုးသားတယောက်ကို အမည်မသိ အဖွဲ့က နိုဝင်ဘာ ၈ ရက် မှာ ပြန်ပေးဆွဲသွားပြီး မိသားစုဝင်တွေဆီက ငွေကျပ်သိန်း ၅၀ တောင်းခံပြီးနောက် အဲဒီအမျိုးသားကို သတ်ဖြတ်ခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ပြန်ပေးဆွဲ ဖမ်းဆီးခံရသူဟာ စစ်တွေမြို့၊ လမ်းမတော်တောင်ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၃၀ အရွယ် ဦးဇော်သူရထွန်း ဖြစ်ပြီး ပျောက်ဆုံးနေတာ ၃ ရက်လောက်ကြာပြီးနောက် အမည်မသိအဖွဲ့တခုက သူ့ကို ကျပ်သိန်း ၅၀ နဲ့ ရွေးယူဖို့ မိသားစုဝင်တွေဆီ ဖုန်းဆက်သွယ်လာပြီးမှ အခုလို အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ မိသားစုဝင်တဦးက “သူပျောက်နေတာက နိုဝင်ဘာ ၈ ရက်နေ့ကတည်းက ပျောက်နေတာ။ သူ့ကိုဖမ်းသွားတဲ့အဖွဲ့က မနေ့က ကျမတို့ဆီ ဖုန်းဆက် တယ်။ သိန်း ၅၀ ပေးရင် လွှတ်မယ်လို့ပြောတယ်။ ကျမတို့က ပေးမယ်လို့ပြောတယ်။ ဘယ်နေရာကို လာပေးရမလဲ မေးတော့ ပြန်မပြောဘူး။ ဒီနေ့ (နိုဝင်ဘာ ၁၀ ရက်) မနက် ၁၀ နာရီကျော်မှာ သူ့အလောင်းကို လမ်းမတော်မြောက် BOC ဖောင်တော်အနီး ရေထဲမှာ အသေတွေ့ရတာ။”လို့ပြောပါတယ်။

သတ်ဖြတ်ခံခဲ့ရသူရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ ၁၀ ရက် မနက် ၁၀ နာရီကျော်က လမ်းမတော်မြောက် BOC ဖောင်တော် အနီး ချောင်းထဲမှာ စစ်တွေမြို့အခြေစိုက် ရွှေရောင်မေတ္တာ ပရဟိတ လူမှုကူညီရေးအသင်းက တွေ့ရှိခဲ့တာပါ။ ပြန်ပေးဆွဲခံရပြီး အသတ်ခံရသူဟာ နိုဝင်ဘာ ၇ ရက်က စစ်တွေမြို့ အဓိဋ္ဌာန်ကျောင်းတိုက်မှာ ရဟန်းခံထားတဲ့ ရဟန်းတပါးဖြစ်ပြီး ရဟန်းဘဝနဲ့ ပြန်ပေးဆွဲခံခဲ့ရတာလို့ မိသားစုဝင်တွေက ပြောပါတယ်။ အဆိုပါ ပြန်ပေးဆွဲလူသတ်မှုကို မိသားစုဝင်တွေက စစ်တွေမြို့မ အမှတ် ၂ ရဲစခန်းမှာ တိုင်တန်းထားပေမဲ့ ရဲတပ်ဖွဲ့က တရားခံတွေ ဖော်ထုတ်ရရှိရေးအတွက် ဘယ်လိုဆောင်ရွက်နေတယ်ဆိုတာကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။ စစ်တွေမြို့မှာ အခုလိုမျိုး ဖမ်းဆီး ပြန်ပေးဆွဲ ငွေတောင်းခံပြီး သတ်ဖြတ်ခံရတာ ပထမဆုံး အကြိမ် ဖြစ်တယ်လို့ စစ်တွေဒေသခံတွေဆီက သိရပါတယ်။

၂၁။ လားရှိုးသို့ ပန်းရံအလုပ် လုပ်ဖို့ ထွက်သွားတဲ့ နမ္မတူမြို့ခံ အမျိုးသားတစ်ဦး ပျောက်ဆုံးနေ
November 10, 2022
ရှမ်းမြောက် နမ္မတူမြို့ ရပ်ကွက်(၈)နေ ဦးလှတင်နဲ့ ဒေါ်ခင်အေးရဲ့ သားဖြစ်သူ စိုင်းလှသိန်း (၃၅ နှစ်)ဟာ နိုဝင်ဘာ ၅ ရက် မနက် ၁ဝ နာရီမှာ လားရှိုးမြို့သို့ ပန်းရံ အလုပ်လုပ်ဖို့ ဆိုင်ကယ် (Canda)နဲ့ ထွက်သွားရာကနေ အဆက်အသွယ် ပြတ်တောက်သွားတာ ၅ ရက်ရှိပြီလို့ မိသားစုဝင်ဆီကတဆင့် သိရပါတယ်။ စိုင်းလှသိန်းရဲ့ ညီဖြစ်သူက “အစ်ကိုက နမ္မတူနဲ့ လားရှိုးကြားမှာပဲ ပျောက်မယ်။ ဖုန်းလည်း ဆက်လို့မရ ပိတ်ထားတယ်။ အရင်ကဆို လားရှိုး ရောက်တာနဲ့ အိမ်မှာ ဖုန်းပြောခဲ့ တယ်။ အခုဆိုရင် အချိန်ငါးရက်ဆိုတော့ အစ်ကိုဘာဖြစ်သွားပြီလဲတောင် မသိဘူး။ ကျနော်တို့လည်း စုံစမ်းကြည့်ပြီ။ လားရှိုး လမ်းတကြောမှာ မတွေ့ဘူးပေါ့နော်။ အရမ်းလည်း စိတ်ပူမိတယ်” လို့ ပြောပါတယ်။

စိုင်းလှသိန်းဟာ တခြားသူတွေနဲ့ ရန်ငြိုးရန်စရှိသူ မဟုတ်တာကြောင့် အခုလို အဆက်အသွယ် ပြတ်တောက်သွားတဲ့ အတွက် မိသားစုဝင်တွေက စိတ်ပူနေတယ်လို့ ပြောပါတယ်။ နမ္မတူ-လားရှိုး လမ်းတကြောမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေဖြစ်တဲ့ ကချင်တပ်မတော် (KIA)၊ ရှမ်းတပ်မတော် (SSPP)၊ တအာင်းတပ်မတော် (TNLA)နဲ့ စစ်ကောင်စီအပြင် ၎င်းရဲ့ လက်အောက်ခံဖြစ်တဲ့ ပြည်သူ့စစ်တို့ သွားလာလှုပ်ရှားတဲ့ နယ်မြေဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခ နှစ်စဥ်ဖြစ်ပွားနေတဲ့ ဒေသပဲ ဖြစ်ပါတယ်။ စိုင်းလှသိန်းကို တွေ့ရှိသူတွေအနေနဲ့ ဖုန်း 09-429 634 836 သို့ ဆက်သွယ်ပေးကြဖို့ မိသားစုဝင်ဘက်က တောင်းဆို ထားပါတယ်။

၂၂။ နန့်ယားပြည်သူ့စစ်ဂိတ်တွင် ဂိတ်ဖွင့်/ပိတ်ချိန် ပြောင်းလဲ သတ်မှတ်ခြင်းကြောင့် ခရီးသွားပြည်သူများအခက်တွေ့၊ ကုန်တင်ကား အစီးရေ (၁၀၀) ခန့်လည်း ပိတ်မိနေ
November 10, 2022
မြစ်ကြီးနား – ဖားကန့်လမ်းပေါ်ရှိ နန့်ယား ပြည်သူ့စစ်ဂိတ်မှာ ဂိတ်ဖွင့်/ပိတ်ချိန်တွေကို ပြောင်းလဲသတ်မှတ်လိုက်တာ ကြောင့် ခရီးသွားပြည်တွေနဲ့ ဒေသခံပြည်သူတွေ အခက်အခဲကြုံနေရတဲ့ အပြင် ကုန်တင်ကား အများအပြား ပိတ်မိနေတယ်လို့ သိရပါတယ်။လက်ရှိမှာတော့ ကားသေးတွေကို ဖြတ်သန်းခွင့် ပြုထားပေမယ့် ကုန်တင်ကားကြီးတွေကိုတော့ တားထားဆဲဖြစ် တဲ့အတွက် ကုန်တင်ကား အစီးရေ တစ်ရာနီးပါး ပိတ်မိနေတယ်လို့ ဖားကန့်ကနေ မြစ်ကြီးနားကို ပြန်လာတဲ့ ကားသမား တစ်ဦး က ပြောပါတယ်။ ” နန့်ယားဂိတ်က မပိတ်ပါဘူး။ ကားကြီးကတော့ မဖြတ်ဘူး။ ကျွန်တော်တို့ လိုင်းကားတွေကိုတော့ ဖြတ်ခိုင်း ပါတယ်။ ဆီတင်တဲ့ကားတွေတော့ ပိတ်မိနေတုန်းပဲ တစ်ရာကျော်လောက်တော့ရှိတယ်။ ကားကြီး ၁၂ ဘီးကားတွေလေ။ ဆီတင် ကားလို့တော့ထင်တာပဲ မိုးကာအုပ်ထားတော့ မသိဘူး ” လို့ အထက်ပါ ကားဆရာက ပြောပါတယ်။

နန့်ယားပြည်သူ့စစ်ဂိတ်မှာ အရင်က ညနေပိုင်း(၆) နာရီမှာဂိတ်ပိတ်ပြီး မနက် (၇) နာရီမှာ ဂိတ်ပြန်ဖွင့်ပေမယ့် မနေ့ ကစပြီး ညနေ (၅) နာရီကနေ မနက် (၈) နာရီထိ ဂိတ်ပိတ်ချိန် ပြောင်းလဲသတ်မှတ်လိုက်ပြီး ရွာခံတွေကိုလည်း ဖြတ်သန်းသွား လာခွင့် ပိတ်ထားတယ်လို့ နန့်ယားကျေးရွာ ဒေသခံတစ်ဦးကလည်း ပြောပါတယ်။ ” အရင်ကဆို ရိုးရိုး ရွာသားတွေ စျေးသွား စျေးလာတွေ၊ ဆိုင်ကယ်နဲ့ ခြေကျင်နဲ့ လူတွေကိုဆိုအမြဲတန်းဖြတ်လို့ရတယ်။ မနေ့မနက်ကနေတော့ ဘယ်သူ့ကိုမှလည်း မဖြတ် ခိုင်းတော့ဘူး။ လုံးလုံးကို ပိတ်လိုက်တာ။ ” လို့ ဒေသခံက ဆိုပါတယ်။ နမ့်ယာဂိတ်မှာ ဆန်နဲ့ စက်သုံးဆီ သယ်ယူခွင့်ကို အရင်က တည်းက ပိတ်ထားတာဖြစ်ပြီး ဖားကန့်မြို့နယ် KIA တပ်မဟာ (၉)၊ အနန့်ပါဒေသမှာ အောက်တိုဘာလ (၂၃) ရက်နေ့ ညက စစ်ကောင်စီကနေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဆေးဝါးသယ်ယူခွင့်ကိုလည်း ထပ်မံပိတ်ပင်လိုက်ပြီး စစ်ဆေး မေးမြန်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

၂၃။ သွေးစွန်းငွေနဲ့ စစ်ကောင်စီဆောက်မယ့် ဟော်နန်းသစ်ကို သပိတ်မှောက်ကြဖို့ သျှမ်းကျောင်းသားများ သမဂ္ဂ တိုက်တွန်း
November 10, 2022
ရှမ်းပြည်နယ် အရှေ့ပိုင်းက ကျိုင်းတုံဟော်နန်း ဖြိုချဖျက်ဆီးခံရခြင်း (၃၁) နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ သွေးစွန်းငွေနဲ့ စစ်ကောင်စီ တည်ဆောက်မယ့် ဟော်နန်းသစ်ကို သပိတ်မှောက်ကြဖို့ သျှမ်းကျောင်သားများ သမဂ္ဂ (Tai Students’ Union) က တိုက်တွန်း နှိုးဆော်ပါတယ်။ ရှမ်းပြည်သူတို့ရဲ့ သမိုင်းအမွေအနှစ် တစ်ခုဖြစ်တဲ့ ကျိုင်းတုံ ဟော်နန်းကြီးကို လူမျိုးကြီးဝါဒနဲ့ အာဏာရူး တစ်စုက ဖြိုချဖျက်ဆီးခဲ့ပြီး မနေ့ နိုဝင်ဘာ ၉ ရက်နေ့က ဟော်နန်း ဖြိုချဖျက်ဆီးခံရခြင်း (၃၁) နှစ်မြောက် နှစ်ပတ် လည်နေ့ဖြစ်တယ်လို့ TSU က ထုတ်ပြန်ပါတယ်။ စစ်အာဏာရှင်တွေဟာ သမိုင်းဖျောက်ဖျက်ဖို့ ကျိုင်းတုံ ဟော်နန်း အသစ်ကို မူလနေရာမှာ တည်ဆောက်နေတာ မဟုတ်ဘဲ နေရာသစ်မှာ တည်ဆေက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

စစ်အာဏာရှင်တွေက အတုအယောင် ဟော်နန်းတွေကို ပြန်လည်တည်ဆောက် ပေးနေပေမယ့် ရှမ်းပြည်ရဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ ပြည်သူတွေကတော့ အမှန်တရားနဲ့ တရားမျှတမှု ပျောက်ဆုံးနေဆဲလို့ ဖော်ပြပါတယ်။ ဟော်နန်းအသစ်ကို စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နီးစပ်တဲ့ AMAZING Groups ရဲ့ပိုင်ရှင် အောင်မျိုးမင်းဒင် က တည်ဆောက်မှာ ဖြစ်တယ်လို့ TSU က ဖော်ပြပါတယ်။ ကျိုင်းတုံဟော်နန်းသစ် တည်ဆောက်မှုကို ဆန့်ကျင်ရမှာ ဖြစ်သလို ဟော်နန်း ပြန်လည် တည်ဆောက်ရေး ဦးဆောင်သူ စစ်ကောင်စီ အကြံပေး ဒေါက်တာဒေါ်ယဉ်ယဉ်နွယ်နဲ့ အောင်မျိုးမင်းဒင် စတဲ့ လူပုဂ္ဂိုလ်တွေ၊ AMAZING Groups ရဲ့လုပ်ငန်းတွေဖြစ်တဲ့ AMAZING Hotal Group၊ Adventure Myanmar Travel Tour နဲ့ Min Din Construction လုပ်ငန်းတွေကို သပိတ်မှောက်ဖို့ သျှမ်းကျောင်းသားများ သမဂ္ဂ (TSU) က တိုက်တွန်းထားပါတယ်။

၂၄။ ကွတ်ခိုင်မြို့နယ် တောထဲ ဟင်းရှာရာမှ မြွေကိုက်ခံရသူများလာ
November 10, 2022
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် တောထဲသို့ ဟင်းရှာထွက်သည့်သူနှင့် စပါးရိတ်သည့် ပြည်သူများ မြွေကိုက်ခံရမှု များပြားလာကြောင်းသိရသည်။ နိုဝင်ဘာလ ၈ ရက် မနက်ပိုင်း ၉ နာရီဝန်းကျင်တွင် နမ့်ဖတ်ကာနေ အသက် ၄၁ နှစ်ရှိ ဦးလောရွှေက လယ်ထဲ စပါးရိတ်နေစဥ် မြွေကိုက်ခံရပြီး ကွတ်ခိုင်ပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသ နေရကြောင်း နီးစပ် သူ ဆွေမျိုးတစ်ဦးက ပြောသည်။ “စပါးရိတ်နေတဲ့အချိန် ဘယ်ဘက်လက်ကို မြွေကိုက်ခံရတာပါ၊ သူကမြွေကိုက်ခံရတယ်လို့ အော်လိုက်တော့ အနီးမှာ ရှိတဲ့သူတွေက မြွေကိုလိုက်ဖမ်းပြီး အဲ့မြွေနဲ့အတူ ကွတ်ခိုင်ဆေးရုံကို ပို့ပေးကြတာ၊ ဆေးရုံရောက်တော့ မြွေဆိပ်က တော်တော်ပျံ့နေပြီ၊ သွေးတွေလည်းအန်တယ်။ ဆီးသွားရင်တောင် သွေးပဲဖြစ်နေတာ”ဟု မြွေကိုက် ခံရသူ၏ ဆွေမျိုး တစ်ဦးက ပြောသည်။ မြွေကိုက်ခံထားရသည့် နေရာတွင် ညိုမည်းယောင်ကိုင်းနေပြီး သွေးအန်နေသည့်အတွက် အရေးပေါ် သွေးသွင်းရန် အကူအညီ လိုအပ်နေကြောင်း သတင်းသိရသည်။

အဆိုပါ အမျိုးသားကို ကိုက်သည့်မြွေသည် အစိမ်းရောင်ဖြစ်ပြီး အမြီးပိုင်းတွင် အနီရောင်သန်းနေကြောင်း အထက်ပါ ဆွေမျိုးက ဆက်ပြောသည်။ “သူ့ကိုကိုက်တဲ့မြွေက သာမာန်ကြည့်လိုက်ရင် အဆိပ်မရှိတဲ့ မြွေစိမ်းလိုမျိုးပဲ၊ ဒါပေမဲ့ သေချာကြည့် ရင်တော့ ခန္ဓာကိုယ်ထက် ခေါင်းက နည်းနည်းကြီးတယ်၊ အမြီးမှာလည်း အနီရောင်သန်းနေတယ်၊ မြွေစိမ်းမြီးနီလို့ ခေါ်တယ်လို့ သိရတယ်၊ တော်တော်အဆိပ်ပြင်းတဲ့မြွေတဲ့” ဟု ၎င်းက ပြောသည်။ လက်ရှိတွင် မြွေကိုက်ခံရသည့် အမျိုးသားသည် တစ်နေ့ လုပ်တစ်နေ့စားသာ ဖြစ်ကြသည့်အတွက် နောက်ထပ်သွေးအလှူရှင်နှင့်အတူ ဆေးဖိုးဝါခ ကူညီထောက်ပံ့ပေးမှုလည်း လိုအပ်နေ ကြောင်း သိရသည်။ အလားတူပင် ပြီးခဲ့သည့် အောက်တိုလာအတွင်းတွင်လည်း မော်ဟစ်ကျေးရွာမှ အမျိုးသားတစ်ဦး တောထဲ ဟင်းရှာထွက်စဥ် မြွေကိုက်ခံရပြီး ဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူနေစဥ် သေဆုံးသွားခဲ့သည့် ဖြစ်စဥ် ဖြစ်ပွားခဲ့ကြောင်း လည်း သိရသည်။ “မြွေကိုက်ဒဏ်ရာကို ရေခဲ တွေကပ်တာမျိုးတွေ မလုပ်သင့်ပါဘူး၊ အနာပေါ်ကို တင်းကျပ်စွာ ကြပ်စည်းခြင်းက သွေးကြောကို ပိတ်သွားစေလို့ အကိုက်ခံရတဲ့ နေရာကို သွေးမရောက်တော့ အဲ့နေရာက သွေးခဲပြီး ခြေလက်ဆိုရင် ဖြတ်ရတဲ့ အထိ ဖြစ်နိုင်တယ်” ဟု အထက်ပါ ပရဟိတက ပြောသည်။ ကွတ်ခိုင်မြို့နယ်အတွင်း အောက်တိုဘာမှစတင်ပြီး ယနေ့အချိန်ထိ မြွေကိုက်ခံသည့်သူ ၅ ဦးရှိပြီး၊ ထိုထဲမှ ၂ ဦးသေဆုံး သွားကြောင်း သိရသည်။

၂၅။ ရခိုင်တွင် မိုးစပါးအထွက်နှုန်း တစ်ဧကကို တင်း ၂၀ ခန့်ကျဆင်း
November 10, 2022
ရခိုင်တွင် ၂၀၂၁၊ ၂၀၂၂ ခုနှစ် မိုးစပါးအထွက်နှုန်းများမှာ ၁၀ စုနှစ်အတွင်း ၁ ဧကကို တင်း ၂၀ ခန့်ကျဆင်းသွားကြောင်း ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂမှ စာရင်းကောက်ယူထားချက်များအရ သိရသည်။ လယ်ယာလုပ်ကိုင်သူများမှာ နိုင်ငံရေးအခြေနေများကြား သွင်းအားစုများ စျေးကြီးခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်းတို့ကြောင့် ပုံမှန်ထက် စပါးအထွက်နှုန်း လျော့ကျမှုနှင့် ကြုံလျက်ရှိကြခြင်းဖြစ်သည်။ ထိုသို့သောအခြေနေမျိုးတွင် ဆယ်စုနှစ်အတွင်း စာရင်းကောက်ယူထားချက်များ အရ ပြီးခဲ့သည့်နှစ်နှင့် ယခု နှစ်တို့တွင် ၁ ဧကကိုစပါးတင်း ၄၀ နှင့် ၄၅ တင်းကြားသာထွက်ရှိသည်ဟု ရခိုင်ပြည်နယ် တောင်သူ လယ်သမားသမဂ္ဂအသင်းမှ ဥက္ကဋ္ဌ ဦးကျော်ဇံမှ ပြောသည်။ “ရခိုင်မှာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား အထက်ပိုင်းတွေက စပါးအထွက်နှုန်းများတယ်။ ဒီနှစ်တွေအတွင်းမှာတော့ ၁ ဧကကို တင်း ၄၀-၄၅ ကြားလောက်ပဲထွက်တယ်။ ၁၀ စုနှစ်တစ်ခု အတွင်းနဲ့ ယှဥ်ရင် ဒီ ၂ နှစ်တာအတွင်းမှာ ၁ ဧကကို စပါးတင်း ၂၀ လောက် အထွက်နှုန်းကျသွားတယ်” ဟုပြောသည်။ ရက္ခိုင့် တပ်တော်နှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်မာနေသည့် လက်ရှိအနေအထားတွင်လည်း ရခိုင်မှ စပါးစိုက်တောင်သူများမှာ စပါးရိတ်သိမ်းချိန်တွင် စပါးများရိတ်သိမ်းနိုင်မှုမရှိသည့် အခြေနေမျိုးတွင်လည်းရှိနေကြသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက မင်းပြားကြပ်စင်တံတားအနီးမှ ဖလောင်းပြင်ကျေးရွာသား ၂ ဦးပိုင်ဆိုင်သည့် လယ်ဧကအချို့ကို စစ်ကောင်စီတပ်သားအချို့ပိုင်ရှင်ခွင့်ပြုချက်မရှိဘဲ ရိတ်သိမ်းမှုရှိခဲ့သည်။ ယင်းအပြင် အောက်တိုဘာလ တတိယအပတ်အတွင်းကလည်း ပုဏ္ဏားကျွန်း ၅၅၀ တပ်ရင်းနှင့် နီးကပ်သည့် လယ်ဧကမှ လယ်ပိုင်ရှင်များကို စပါးခင်းသို့ မလာ ရန် စစ်ကောင်စီ တပ်သားများကခြိမ်းခြောက်မှုတို့ ပြုလုပ်ခဲ့သည်။ ရသေ့တောင်မှ လယ်သမားတစ်ဦးက ရိတ်သိမ်းချိန်တန်နေ သည့် လယ်ဧကများမှာ တပ်နှင့်နီးကပ်နေသည့်အတွက် ရိမ်သိမ်းရန်စိုးရိမ်လျက်ရှိနေပြီး နှစ်ဖက်တင်းမာမှုအခြေနေများကြောင့် လည်း မရိတ်သိမ်းနိုင်ဘဲဖြစ်နေရသည်ဟု ပြောသည်။ “ဟိုတလောကလည်း စပါးရိတ်တုန်းမှာ နှစ်ဖက်အခြေနေတင်းမာလို့ လယ်တွေကိုဒီအတိုင်းထားခဲ့ရတယ်။ လယ်တွေကတပ်နဲ့နီးရင် ပိုမသွားရဲဘူး။ ရှိစုမဲ့စုရင်းထားရတာတွေက ဖြစ်ချင်ရာဖြစ် ဒီအ တိုင်းထားလိုက်ရတော့မယ့်အခြေနေမျိုးဖြစ်နေတယ်” ဟုပြောသည်။ “အဓိကကတော့ တပ်နဲ့နီးတာရယ်။ ခြိမ်းခြောက်မှုတွေရှိ တာရယ်။ တိုက်ပွဲအခြေနေတွေရယ်ကြောင့်ပေါ့။ ဧကအတိအကျကိုတော့မရနိုင်သေးဘူး။ အများဆုံးကတော့ ဘူးသီးတောင်နဲ့ ရသေ့တောင်ဖက်တွေမှာများတယ်။ အဲ့ဖက်မှာက လက်နက်ကြီးကနေ့တိုင်းလိုလို ပစ်နေတာဆိုတော့ ပိုစိုးရိမ်ကြတယ်။ မြောက်ဦးမှာ တော့ လင်းမြွေတောင်ဝန်းကျင်တစ်ဝိုက်လောက်ပဲ ကျန်တဲ့မြို့တွေမှာလည်း အနည်းအကျည်းလောက်ပဲရှိပါတယ်” ဟုပြောသည်။

၂၆။ တောင်လေးလုံးမှ နိုင်/ကျဉ် နှစ်ဦး ပြန်လွှတ်လာ
November 10, 2022
သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် တောင်လေးလုံး အကျဥ်းထောင်တွင် ပြစ်ဒဏ်ချမှတ်ခံရသည့် နွေဦးတော် လှန်ရေးမှ နိုင်ငံရေး အကျဉ်းသား နှစ်ဦး ပြန်လည်လွှတ်မြောက်လာကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက် တွင် တောင်ကြီးမြို့မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ ဖြစ်ကြသည့် ၈၈ ကျောင်းသားဟောင်း၊ နိုင်ကျဉ်းဟောင်း ဖြစ်သူ ကိုမြင့်ဌေး (ခ) ကိုလယ်ကျော် နှင့် ပြည်သူ့ပါတီမှ ကိုဝင်းကို တို့က ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။ “ဖမ်းဆီးခံရ ပြီး တစ်နှစ်နီးပါးအကြာမှာ ထောင်ဒဏ် ၂ နှစ် အမိန့်ချခံရတယ်၊ နှစ်ယောက်စလုံးပေါ့၊ အခုတော့ပြစ်ဒဏ်မစေ့သေးပေမဲ့ ပြစ်ဒဏ် လျော့ပေါ့မှုနဲ့ပြန်လွှတ်လာတယ်၊ တခြား နိုင်ငံရေးအကျဥ်းသားတချို့လည်း ဒီရက်ပိုင်းမှာ ပြန်လွှတ်လာဖို့ရှိတယ်လို့ သတင်း သိရတယ်” ဟု တောင်ကြီးမြို့နယ်မှ ရှေ့နေတစ်ဦးက ပြောသည်။

စစ်ကောင်စီမှ နိုင်ငံတော်အာဏာသိမ်းယူ ပြီးနောက် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမြင့်ဌေး (ခ) ကိုဘယ်ကျော် ကို ဖေဖော်ဝါရီလ ၉ ရက်တွင် လည်းကောင်း၊ ပြည်သူ့ပါတီမှ ဦးဝင်းကို ကို ဖေဖော်ဝါရီလ ၁၀ ရက်တွင် လည်းကောင်း ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ဖမ်းဆီးခံရပြီးနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ၎င်းတို့နှစ်ဦးကို ထောင်တွင်းတရားရုံး၌ပင် ထောင် ဒဏ် ၂ နှစ်စီ ချမှတ်ခြင်းခံရပြီး ယခု ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်တွင် ပြန်လွတ်လာခြင်းဖြစ်ကြောင်း ရှေ့နေ က ဆက်ပြော သည်။ ကိုဘယ်ကျော်၊ ကိုဝင်းကိုတိုနှင့်အတူဖမ်းဆီးထိန်းသိမ်းခံထားရသည့် ၈၈ မျိုးဆက် ကျောင်းသားဟောင်း ၊ နိုင်ကျဉ်း ဟောင်း ဖြစ်သည့် တောင်ကြီးခရိုင် NLD အတွင်းရေးမှူးဟောင်းဖြစ်သူ ဦးညီညီရွှေ နှင့် ဦးမောင်ဖြူ (NLD ရပ်ကျေး ဥက္ကဌ )တို့က ထောင်ဒဏ် (၂) နှစ်စီ ချမှတ်ခံခဲ့ရပြီး တောင်လေးလုံး၊ အကျဉ်းထောင်တွင်း ရှိနေဆဲဖြစ်ကြောင်း သိရသည်။

၂၇။ အကြွေးများသည့် မူဆယ်မြို့ ပြည်သူ့စစ် တစ်ဦး အဆုံးစီရင်
November 11, 2022
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြိုန့ယ်တွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် တစ်ဦးသည် အကြွေးများပြီး မဆပ်နိုင်သည့်အတွက် စိတ်ဓာတ်ကျကာ ကိုယ့်ကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်လိုက်ကြောင်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက် မနက်ပိုင်း ၉ နာရီကျော်ဝန်းကျင် မူဆယ်မြို့ရှိ ကွတ်ခိုင်ပြည်သူ့စစ်တပ်ဖွဲ့ဝင် တစ်ဦးသည် ၎င်းနေထိုင်သည့် စခန်းရှိ အိပ်ခန်းတွင် ကိုယ့်ကိုယ် ကို ကြိုးဆွဲချ စီရင်ခဲ့ကြောင်း နီးစပ်သူ တစ်ဦးကပြောသည်။ “မူဆယ်မြို့မှာ လှုပ်ရှားတဲ့ ကွတ်ခိုင်ပြည်သူ့စစ်တပ်ဖွဲ့ဝင်လို့ သိရ တယ်၊ အိပ်ခန်းထဲမှာပဲ ကိုယ့်ကိုယ်ကို ကြိုးဆွဲချ လိုက်တာ၊ အရင်ကလည်း လောင်းကစားဝိုင်းက အကြွေးတွေကြောင့် စိတ်ညစ် တယ်လို့ မကြာခဏပြောဖူးတယ်၊ အခုလည်း အဲ့ဟာတွေကြောင့် စိတ်ဓာတ်ကျပြီး လုပ်တာလို့ ထင်တယ်” ဟု နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါ သေဆုံးသူ ပြည်သူ့စစ်တပ်ဖွဲ့ဝင်သည် အသက် ၂၀ ကျော်ရှိ မိုင်းယိုင်ဝီ ဆိုသူဖြစ်ပြီး မန်တုံမြို့နယ် နားအော် ကျေးရွာမှ ဒေသခံဖြစ်ကြောင်းလည်း သတင်းသိရသည်။

“ကျနော်တို့ကို ဖုန်းဆက်အကူအညီ တောင်းလာလို့ ရောက်သွားတဲ့အချိန် ၉ နာရီကျော်လောက်တော့ ရှိပါပြီ။ အဲ့နောက် တော့ ဆေးရုံကိုပို့တယ်၊ ဆေးရုံကနေ ရင်ခွဲရုံကို ပို့တယ်၊ ဘာကြောင့် သေရတယ် ဆိုတာတွေတော့ ကျနော်တို့ မသိပါဘူး” ဟု ဂရုဏာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။ မူဆယ်မြို့နယ်သည် မြန်မာ – တရုတ် နယ်စပ်မြို့ ဖြစ်သည့်အတွက် ကုန်သည် စီးပွားရေး လုပ်ငန်းရှင်များနှင့် လောင်းကစားဝိုင်းများ ပေါများသည့် မြို့ဖြစ်သည့် အပြင် ပြည်သူ့စစ် အဖွဲ့အစည်းများ လည်း ပေါများသည့် မြို့လည်း ဖြစ်ကြောင်း သိရသည်။

၂၈။ ဗန်းမော်တွင် ၄ ရက်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ် ၂၀၀ ကျော် ဖမ်းဆီးခံရ
November 10 , 2022
ဗန်းမော်မြို့တွင် စစ်ကောင်စီက ၄ ရက်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ် အစီး ၄၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။ နိုဝင်ဘာ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ စုစုပေါင်း ၄ ရက် ဆက်တိုက် ဗန်းမော်မြို့တွင် ဖမ်းဆီးမှုပြုလုပ်ခဲ့သည်ဟု ဗန်းမော်မြို့တွင်း အမျိုးသမီးတစ်ဦးက ပြောသည်။ ”အရင်နေ့က ဖမ်းတဲ့ နေရာတွေမှာပဲဖမ်းတာ။ ၈ရက်နေ့ကတော့ နောင်ခိုရပ်ကွက်ဘက်မှာ ပိုပြီး ဖမ်းတယ်။ ပထမနေ့ကတော့ မနက် ၈ နာရီ ကနေ ညနေ သုံးနာရီထိဖမ်းတယ်။ နောက်ဆုံး ၃ ရက်နေ့ ကတော့ အချိန်ပြည့်တော့ မဟုတ်ဘူး မနက်ပိုင်း ၁၁ နာရီလောက်ထိဖမ်းပြီး ညပိုင်းအသွားအလာများတဲ့ချိန်ပြန်ဖမ်းတာ။ နေ့ခင်းတော့မဖမ်းဘူး”ဟုဆို သည်။ စစ်ကောင်စီက ဗန်းမော်မြို့တွင်း၌ လိုင်စင်မဲ့ဆိုင်ကယ်များ ဖမ်းဆီးရာတွင် ဗန်းမော် ၂ မိုင်ရပ်ကွက်၊ နောင်ခိုရပ်ကွက်၊ ဗန်းမော် ၅ မိုင် လမ်းမကြီးနဲ့ ၂ မိုင် ရပ်ကွက်တို့ရှိ လူသွားလူလာများသည့်လမ်းမကြီးများတွင် ပိတ်ဆို့ကာဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံထားရသော ဆိုင်ကယ်များအနက် စစ်ကောင်စီနှင့် နီးစပ်သည့် ပြည်သူများ၏ ဆိုင်ကယ်များကိုသာ ပြန်ရွေး ခိုင်းကြောင်း ဒေသခံများထံ မှ စုံစမ်းသိရှိရသည်။ ”ကျ‌နော်တို့ သိရတာကတော့ ပြည်သူတွေဟာကတော့ ပြန်မပေးသေးဘူးလို့ သိရတယ်။ သူတို့ရဲတို့ ထွေအုပ်တို့ပေါ့ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေဟာတော့ ပြန်ပေးတယ်။ ပြီးတော့ စစ်ကောင်စီ နဲ့ ဆက်နွယ်တဲ့ ပြည်သူတွေပေါ့ သူတို့ဟာတော့ ၂ သိန်း နဲ့ ပြန်ရွေးထခိုင်းတယ်တဲ့” ဟု ဒေသခံ အမျိုးသား ၁ ဦးက ပြောသည်။ စစ်ကောင်စီက ယခုကဲ့သို့ လိုင်စင်မဲ့ ဆိုင်ကယ်များကို စိစစ် ဖမ်းဆီးနေမှုကြောင့် ဗန်းမော်မြို့တွင်း ပြည်သူများ အသွားအလာ ခက်ခဲနေကြောင်း သိရသည်။

၂၉။ အောင်ပန်း သွေးလှူရှင်အသင်းခေါင်းဆောင်နှင့် အဖွဲ့ဝင် (၄)ဦးကို တောင်လေးလုံးထောင်ပို့
November 11, 2022
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ သွေးလှူရှင်အသင်းခေါင်းဆောင် ကိုတရုတ်ကြီး နှင့် ၎င်း၏ အဖွဲ့ဝင်(၄)ဦးကို တောင်လေးလုံးထောင်သို့ ပို့ဆောင်လိုက်ပြီးဖြစ် ကြောင်းသိရသည်။ ယခု နိုဝင်ဘာလ ပထမပတ်အတွင်း ကိုတရုတ်ကြီးကို မိသားစုဝင်များက အောင်ပန်းရဲစခန်းသို့ သွားရောက်တွေ့ဆုံခဲ့ပြီးနောက်မှာ စစ်ကောင်စီမှ လုံခြုံရေးအရဟုဆိုပြီး ၎င်းကို တောင်လေးလုံးသို့ ပို့ဆောင်လိုက်ကြောင်း အောင်ပန်းမြို့မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ သူကို လုံခြုံရေးအရဆိုပြီး တော့ တောင်လေးလုံးထောင်ကိုပို့လိုက်ပြီ။ သူမိသားစုဝင်တွေက သွားလို့ဆိုပြီးတော့ ပို့လိုက်တာပါ။ ဒီလအတွင်းထဲမှာပို့လိုက် တာ။ သူအဖွဲ့ဝင်သားတွေလည်းပါမယ်ထင်တယ်”ဟု အောင်ပန်းမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ကိုတရုတ်ကြီး ကို လက်ရှိမည်သည့်အမှုဖြင့် ဖမ်းဆီးထားကြောင်း မသိရှိရသေးသော်လည်း ၎င်း၏ ဖုန်းထဲတွင် PDF ကို ထောက်ပံ့ပေးထားသည့် အချက်လက်ကိုတွေ့ရှိထားသည်ဆိုပြီး ဖမ်းဆီးသွားခြင်းဖြစ်သည်။

“ သူကိုတောင်လေးလုံးထဲမှာပဲ စစ်ဆေးမယ်တဲ့။ အခုထိတော့ ဘာအမှုနဲ့ ဖမ်းထားလဲမသိရဘူး။ ဘာပုဒ်မနဲ့လည်း မသိရသေးဘူး။ သူတို့ (စစ်ကောင်စီ) တွေက စစ်ဆေးတဲ့အခါမှာ သူဖုန်းထဲမှာ PDF တွေကို ထောက်ပံ့ထား တာတွေ့တယ်တဲ့” ဟု ကိုတရုတ်ကြီးနှင့် နီးစပ်သူက ပြောသည်။ ကိုတရုတ်ကြီး နှင့် ၎င်းအဖွဲ့ဝင်များကို စစ်ကောင်စီက အောက်တိုဘာ ၁၀ ရက် ည ၅ နာရီဝန်းကျင်တွင် လာရောက် ဖမ်းဆီးသွားကြောင်း သိရသည်။ လက်ရှိအောင်ပန်းမြို့သည် ဖမ်းဆီးမှုနည်းပါးလာသော်လည်း စစ်ဆေးမှုက တင်းကြပ်နေဆဲ ဖြစ်ကြောင်း သိရသည်။ “ အောင်ပန်းမှာက အခုတလောစစ်ဆေးမှုကတော့ တင်းကြပ်နေဆဲဖြစ် တယ်။ ဖမ်းဆီးတာတွေတော့ သိပ်မရှိတော့ဘူး။ ပြီးတော့အခုက မီးတွေခနခနပျက်တယ်” ဟု အောင်ပန်းမြို့ ဒေသခံတစ်ဦးက ပြောသည်။

၃၀။ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက ရွာသားများအား အစုလိုက်သတ်ဖြတ်သည့် အထောက်အထားများ တွေ့ရှိ
November 11, 2022
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် ပလုံတွီကျေးရွာဘက်တွင် စစ်ကောင်စီတပ်ဖွဲ့က အရပ်သားပြည်သူများအား အစုလိုက်သတ်ဖြတ်ကာ မီးရှို့ထားသည်ဟုယူဆရသော အထောက်အထားများတွေ့ရှိရသည်ဟု CDF-Mindat က ယနေ့ ထုတ်ပြန်သည်။ အင်အား ၁၂၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် နိုဝင်ဘာလ ၇ ရက်နေ့က မင်းတပ်မြို့နယ် ပလုံတွီကျေးရွာ ကိုဝင်စီး၍ ဒေသခံရွာသားတစ်ယောက်ကိုပစ်သတ်ကာ ရွာခံများနှင့် စစ်ဘေးရှောင်ပြည်သူအယောက် ၄၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်း ဆီးခဲ့သည်ဟု သိရသည်။ နိုဝင်ဘာလ ၇ ရက် ၁၂ နာရီခွဲခန့်တွင် CDF-Mindat က အနီးကပ်တိုက်ခိုက်မှုနှစ် ကြိမ်ပြုလုပ်ခဲ့ရာ တွင် စစ်ကောင်စီဘက် က ၂ ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် ရွာခံနှင့် စစ်ဘေးရှောင်ပြည်သူများအား ဓားစာခံ အဖြစ် ဖမ်းဆီးထားသည့်အတွက် စစ်ဆင်ရေးဆက်လုပ်ရန်အခက်အခဲရှိခဲ့သည်ဟု CDF-Mindat ကဆိုသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ဓားစာခံအဖြစ်ဖမ်းဆီးခံရသူများထဲမှ (ယောအမျိုးသား) ၇ ဦးကို လက်ပြန်ကြိုး တုပ်၍ အခြားနေရာ သို့ခေါ်ဆောင်သွားခဲ့ပြီး အဆိုပါ ၇ ဦးအနက် ၆ ဦးမှ ယနေ့ချိန်ထိအဆက်သွယ်မရပျောက်ဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ စစ်ကောင်စီတပ်ဖွဲ့များ ထီးလင်းမြို့ဘက်သို့ တပ်ဆုပ်သွားသည့်အချိန်တွင် ခေါ်ဆောင် သွားခဲ့သည်ဟု CDF-Mindat ထံမှသိရ သည်။ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့များ ပလုံတွီကျေးရွာမှ ထီးလင်းမြို့သို့တပ်ဆုပ်သွားပြီးနောက် CDF-Mindat တပ်ဖွဲ့မှ နယ်မြေရှင်းလင်း ရေးဝင်ရောက်ခဲ့သည့်အချိန်တွင် ပြည်သူများ မီးရှို့သတ်ဖြတ်ခံထားရသည့် အထောက် အထားများတွေ့ရှိခဲ့ကြသည်ဟု CDF-Mindat ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။ “မနေ့က ညနေပိုင်း လောက် မှာ နယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန်မှာ လူအစုလိုက်အပြုံလိုက်သတ်ပြီးမီးရှို့ထား တဲ့နေရာတွေ့တယ်။ ကျနော်တို့ဆက် စုံစမ်း လိုက်တော့ ဖမ်းသွားတဲ့ ၇ ယောက်ထဲက တစ်ယောက်ပဲ ထီးလင်းကိုပါသွားတယ်၊ ကျန်တဲ့ ၆ ယောက်က ရက်ရက်စက်စက် နှိပ်စက်ပြီး သတ်ဖြတ်သွားတယ်လို့ယူဆရတယ်၊ အဲ့နေ့က ချင်းအမျိုးသား တစ်ဦးသေတယ် ထွက်ပြေးသွားတဲ့သူထဲမှာ ပျောက် နေတဲ့သူ ၂ယောက်ရှိတယ်၊ ယောနယ်က ၆ ယောက်ရယ် အားလုံး (၉) ယောက်ပေါ့နော်၊ ဒီမှာရက်ရက်စက်စက်သတ်ဖြတ်ပြီး မီးရှို့တယ်လို့ ယူဆတယ် စကစတွေက အကုန်လုံးမီးရှို့ပြီး တာတောင် အရိုးတွေကို စေ့စေ့ညက်ညက်ကျေအောင်ထုပစ်ခဲ့တယ်။ လူမဆန်တဲ့ လုပ်ရပ်တွေကို အများကြီးလုပ်နေ တယ်” ဟု CDF-Mindat ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။ ပလုံတွီကျေးရွာသည် ချင်းပြည်နယ်နှင့် မကွေးနယ်စပ်တွင်တည်ရှိပြီး အိမ်ခြေ နှစ်ဆယ်ဝန်းကျင်၊ ဒေသခံနှင့် စစ်ဘေးရှောင်လူဦးရေ ခန့်မှန်းခြေ (၅၀ ) ဝန်းကျင်ရှိသည်ဟု သိရသည်။ ပလုံတွီကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လူမဆန်စွာမီးရှို့ သတ်ဖြတ်ခံရသည့်ပြည်သူများ၏ ကျန်ရစ်သူမိသားစု များနှင့်အတူ ထပ်တူဝမ်းနည်းကြောင်း CDF-Mindat ၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၃၁။ ဟားခါးမြို့နယ်အတွင်း ခရစ်စမတ် ညစာစားပွဲနှင့် ဘုရားကျောင်းပြင်ပအလှဆင်ခြင်းများ မပြုလုပ်ရန် ထုတ်ပြန်
November 11, 2022
ယခုနှစ် ခရစ်စမတ်ပွဲတော်နှင့် နှစ်သစ်ကူးပွဲတွင်လည်း အသင်းတော်အလိုက် ညစာစားပွဲနှင့် ဘုရားကျောင်းပြင်ပ အလှ ဆင်ခြင်းများ မပြုလုပ်ကြရန် ဟားခါးခရစ်ယာန်ဂိုဏ်ပေါင်းစုံမိတ်သဟာယအဖွဲ့ (HTCMF) က ယနေ့တွင် ထုတ်ပြန်လိုက်ပါ တယ်။ ခရစ်စမတ်နေ့နှင့် နှစ်သစ်ကူးနေ့တွင် မိမိနှင့်သက်ဆိုင်သည့် ဘုရားကျောင်းများတွင် ဝတ်ပြုအစည်းအ‌ဝေးသာ ကျင်းပ ရန်၊ ဘုရာကျောင်းဆိုင်းဘုတ်နှင့်အတွင်းပိုင်းမှအပ ကျောင်းပြင်ပအလှဆင်ခြင်းများမပြုလုပ်ကြရန်၊ မိမိအိမ်ကို အလှဆင်ရာ တွင်လည်း အိမ်တွင်းပိုင်းသာအလှဆင်ကြရန် HTCMF ထုတ်ပြန်ချက်မှာ အသေးစိတ်ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ကစပြီး ဟားခါးမြို့တွင် ခရစ်စမတ်ပွဲတော်နှင့် နှစ်သစ်ကူးညစာစားပွဲများကို ရပ်ဆိုင်းခဲ့ပါတယ်။

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။