• Today is: Thursday, April 18, 2024

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲဟာ ၎င်းတို့အာဏာရှင် စစ်အုပ်စု၏ တရားဝင်ရေးရရှိရေး ဆောင်ရွက်ခြင်းတာဖြစ်တယ်လို့ KNU ဆို

ဓါတ်ပုံ – KNU

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၁၃

စစ်ကောင်စီက ၂၀၂၃ ခုနှစ်မှာ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲဟာ အာဏာရှင် စစ်ကောင်စီ၏ တရားဝင်မှု ရရှိရေးကိုတာ ကြိုးပမ်းတဲ့ဖြစ်စဉ် ဖြစ်တာကြောင့် အာဏာရှင်ကို တရားဝင်ဖြစ်စေမည့် ဆောက်ရွက်မှုများကို အားပေးမှာ မဟုတ် ဘူးလို့ KNU ခေါင်းဆောင်များက လူထုတွေ့ဆုံဆွေးနွေးပွဲမှာ ပြောဆို လိုက်တာပါ။

“တပ်မတော်ဟာ အရပ်သားအစိုးရထံမှ အာဏာသိမ်းလိုက်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဟာလည်း ပျက်သွားပြီးဖြစ်တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို နားလည် တတ်ကျွမ်းတဲ့ ပညာရှင်များ ကလည်း တပ်မတော်မှ အာဏာသိမ်းလိုက်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပျက်ဆီးသွားခဲ့ပြီး ဖြစ်တယ်၊ ဒါ့ကြောင့် ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲဟာ အာဏာသိမ်း စစ်ကောင်စီမှ တရားဝင်မှုရရှိရေးအတွက်ကြိုးပမ်းခြင်းသာ ဖြစ်တယ်၊ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည်အသက်သွင်း ခြင်း သာ ဖြစ်တာကြောင့် မိမိတို့အနေဖြင့် ဒီမိုကရေစီကျင့်စဉ် နည်းလမ်းကို လက်ခံသော်လည်း အာဏာရှင်ကို တရားဝင်ဖြစ်စေမည့် ဆောင်ရွက်မှုများတို့ကို အားမပေးမှာ မဟုတ်ဘူး”လို့ နိုဝင်ဘာလ ၁၁ ရက်နေ့က လှိုင်းဘွဲ့မြို့တကောကျေးရွာမှာ ပြုလုပ်ခဲ့တဲ့ လူထုတွေ့ဆုံပွဲကနေ KNU ခေါင်းဆောင်များက KNU ရဲ့ သဘောထားကို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အဲဒီ လူထုတွေ့ဆုံ ဆွေးနွေးပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့က  ဖားအံခရိုင်၊ လှိုင်းဘွဲ့မြို့ တကောကျေးရွာမှာ ပြုလုပ်ခဲ့တာပါ။

လူထုတွေ့ဆုံပွဲမှာတော့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်း၊ တွဲဘက် အထွေထွေ အတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ၊ ဗဟိုအမြဲတမ်း ကော်မတီဝင် ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေး တို့တက်ရောက်ခဲ့ကြသလို KNU/KNLA PC ဒုဥက္ကဌ ဗိုလ်ချုပ် ဒေါက်တာနော်ကပေါ်ထူး၊ BGF ဥက္ကဌ ဗိုလ်ချုပ်စောထွန်းလှိုင်၊ ဘာသာရေး ခေါင်းဆောင်များ ဖြစ်ကြတဲ့ မဲဆမိတ် ကျောင်းတိုက် ဆရာတော် အရှင်စန္ဒာရ၊ နှစ်ခြင်းခရစ်ယာန်သိက္ခာတော်ရ ဆရာတော် စောဆာစေးဖေါ နှင့် ကရင် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ မန်းအောင်ပြည်စိုး တို့မှလည်း သဘာပတိ အဖွဲ့ဝင်များအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြတယ်လို့ KNU သတင်းထုတ်ပြန်ထားပါတယ်။

လူထုတွေ့ဆုံ ဆွေးနွေးပွဲမှာတော့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်ကောင်စီ အာဏာသိမ်းမှုအလွန် (၂) နှစ်နီးပါးကာလ လက်ရှိနိုင်ငံရေးအခင်း အကျင်းအောက်တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ နိုင်ငံရေးရပ်တည်ချက်၊ ဦးတည်ချက်၊ နိုင်ငံရေးလမ်းစဉ်၊ လုပ်ငန်းစဉ်များ နှင့် နိုင်ငံရေးဆိုင်ရာ ချဉ်းကပ်မှု တို့ကို တက်ရောက်ကြတဲ့ ခေါင်းဆောင်များက အသိပေးရှင်းလင်း ဆွေးနွေးပေးခဲ့သွားခဲ့ပြီး ကရင်လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့်လည်း ကရင်အမျိုးသား စည်းလုံးညီညွတ်ရေးဆိုင်ရာနှင့် ပတ်သက်ပြီး အားပေးစကားတိုက်တွန်း ပြောဆိုကြသလို၊ ကေအဲန်ယူ၏ နိုင်ငံရေးဦးဆောင်မှုကို မဏ္ဍိုလ်ပြုလျက် ပြန်လည် ပူးပေါင်းလုပ်ဆောင်သွားရန် လမ်းညွှန်ပြောကြားခဲ့တာလို့ သိရပါတယ်။