• Today is: Tuesday, April 16, 2024

ညောင်လေးပင်ခရိုင် အတွင်းက စစ်ကောင်စီတပ်စခန်း (၃) လုံးကို KNLA ပူးပေါင်းအဖွဲ့က တစ်ရက်အတွင်း သိမ်းပိုက်ဖျက်ဆီးပြီး လက်နက်ခဲယမ်း အမြောက်အများလဲ သိမ်းဆည်းရ

ဓါတ်ပုံ – KNU

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၁၄

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၏ တပ်ရင်း (၇) နှင့် တပ်ရင်း (၉) တို့ပူးပေါင်းပြီး တပ်ရင်း (၇) နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ သံဆိပ်စခန်း၊ တပ်ရင်း (၉) နယ်မြေ အတွင်းရှိ ဘောကထာ စခန်းနှင့် တုံးတံတာစခန်းတို့ကို တစ်ရက်အတွင်း တိုက်ခိုက်ဖျက်ဆီး သိမ်းပိုက်ခဲ့တာပါ။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းအဖွဲ့တို့နှင့် တိုက်ခိုက်ရေးသုံး Droneအဖွဲ့တို့ က စစ်ကောင်စီတပ်စခန်းများကို နိုဝင်ဘာလ (၁၂) ရက် ၂၀၂၂ ခုနှစ် နံနက်ပိုင်း (၄) နာရီ အချိန်မှ စတင် တိုက်ခိုက်ခဲ့ပြီး နံနက်ပိုင်း (၁၁း၃၀) အချိန်မှာတော့ အဲဒီစခန်းသုံးလုံးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၁) ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ စာရင်းကို စီစစ် အတည်ပြုနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်စခန်း(၃)ခုက သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းများဟာ MA အမျိုးစားသေနတ် (၈) လက်၊ ကျည်ဆံ (၃၀၇၀) တောင့်၊ 9mm (၂) လက်၊ 81mm (၁) လက်၊ 81mm ကျည် (၆၈) လုံး၊ 60mm အရှည် (၁) လက်၊ 60mm အတို (၄) လက်၊ 60mm ကျည် (၁၁၃) လုံး၊ RPG-7 (၁) လက်၊ RPG-7 ကျည် (၇၇) လုံး၊ လက်ပစ်ဗုံး (၂၈) လုံး၊ Short Gun (၁) လက်၊ Short Gun ကျည် (၈၈) တောင့်၊ M14 ခြေနင်းမိုင်း (၁၀) လုံး၊ တိုက်မိုင်း (၁၀) လုံး၊ ကျည်ဘောက် (၂၇) ခုနှင့် မိုင်းရှာစက် (၁) ခု တို့ဖြစ်ပါတယ်။

အဲဒီစစ်ကောင်စီစခန်းများကို ရှင်းလင်းစဉ်အချိန်မှာ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် အကြိမ် (၂၀) ခန့် တိုက်ခိုက်မှု များပြုလုပ်ခဲ့တာကြောင့် စခန်းအတွင်းရှိ ပစ္စည်းများကို သယ်ယူနိုင်ဖို့ ခက်ခဲမှု တချို့ရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူ စစ်ကောင်စီတပ်ဟာ စခန်းသိမ်းခံရပြီးနောက်တွင် အရပ်သားပြည်သူလူထုများကို ပစ်မှတ်ထားပြီး လေကြောင့်ဖြင့် (၁၀) ကြိမ်ခန့် အနီးဝန်းကျင်ကျေးရွာများ အတွင်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်လာတာကြောင့် အရပ်သားပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သလို အရပ်သားနေအိမ်တချို့လဲ ထိခိုက်ပျက်စီးမှုများရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ညောင်လေးပင်ခရိုင်ထဲက ပြည်သူလူထုကို စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်ခဲ့လာလို့ ကျေးရွာအုပ်စု (၃) အုပ်စု၊ ကျေးရွာပေါင်း (၁၈) ရွာမှ ပြည်သူလူထုပေါင်း (၂) သောင်းကျော်မှာ အသက်ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

အာဏာသိမ်းမှုအလွန်တွင် ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင် ခရိုင် တပ်မဟာ (၃) နယ်မြေများအတွင်းက စစ်ကောင်စီတပ်၏ တပ်စခန်း (၇) လုံးကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့မှ တိုက်ခိုက်ဖျက်ဆီးခဲ့ ပါသေးတယ်။