• Today is: Wednesday, December 7, 2022

နွေဦးတော်လှန်ရေး၊ ဖက်ဒရယ်စနစ်နဲ့ ဒေသန္တရ စီမံအုပ်ချုပ်ရေး (စကားဝိုင်း အနှစ်ချုပ်)

နွေဦးတော်လှန်ရေး၊ ဖက်ဒရယ်စနစ်နဲ့ ဒေသန္တရ စီမံအုပ်ချုပ်ရေး (စကားဝိုင်း အနှစ်ချုပ်)

ဒေသန္တရ စီမံအုပ်ချုပ်ရေး ဆိုတာကို ဘာလဲ၊ ဒေသန္တရ ကိုယ်ပိုင်အစိုးရဆိုတာဘာလဲ၊ ဘယ်လိုကွာလဲ၊ ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုလို့ ရနိုင်မလဲ။ သူတို့ရဲ့ တာဝန်ဘာလဲ၊ ဘယ်လို ဝန်ဆောင်မှုမျိုးကိုပေးတာလဲ။

ဒေါက်တာ ပညာမွန်

ကျနော်တို့ မြန်မာနိုင်ငံမှာ ဘယ်လိုဖက်ဒရယ်ပုံစံမျိုးလိုအပ်သလဲဆိုတော့ အားလုံးလည်းသိပြီးဖြစ်ပါလိမ်မယ်။ ဒါပေမဲ့ ကျနော်အနည်းငယ် ရှင်းပြချင်တာကတော့ ဖက်ဒရယ်ဆိုတာကို ကျနော်တို့နိုင်ငံမှာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေက ၁၉၉၅ လို့ ပြောလို့ရတဲ့အချိန်ကစပြီးတော့ တော်တော်လည်းကို ဖက်ဒရယ်နဲ့ ပတ်သက် ပြီး လှုပ်ရှားလာခဲ့တယ်။ ဘယ်လိုပုံစံကိုပြောလဲဆိုတော့ Coming together ယူနစ်တွေကို ကိုယ့်ရဲ့အာဏာကို တည်ဆောက်ပြီးတော့၊ ယူနစ်တွေအားလုံးကိုစုပေါင်းပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ဖို့ ERO တွေအားလုံးကလိုလားကြတယ်။

မြန်မာအစိုးရအဆက်ဆက်က ဖက်ဒရယ်နိုင်ငံကို Top down ပုံစံနဲ့သွားချင် တယ်။ အစိုးရအဆက်ဆက်က ပြည်ထောင်စုအာဏာကို သူတို့ကချုပ်ကိုင်ထားတော့ ကျတဲ့လူတွေက သူတို့ဆီမှာ ကျနော်တို့ကို ဒီအာဏာပေးပါ၊ တာလေးခွဲဝေပေးပါဆိုပြီး သွားတောင်းနေရသလို ဖြစ်နေတယ်ပေါ့လေ။ ဒီဘက် ဦးသိန်းစိန် အစိုးရရော NLD အစိုးရရော အဲ့လိုပဲသွားခဲ့တယ်။ အမှန်ဆိုရင်တော့ ERO တွေသွားချင်တာက အာဏာ တွေကို ကိုယ့်ပြည်နယ်မှာ တည်ဆောက်ပြီးတော့ အာဏာတွေကို ဖက်ဒရယ်ပြည်ထောင်စုဆီ ဘယ်လိုခွဲဝေ ပေးမလဲဆိုတဲ့ပုံစံနဲ့ တည်ဆောက်ချင်တာပေါ့။

ဒီလိုနှစ်ဖက် ဖြစ်နေတော့ ကျနော်တို့ ဆွေးနွေးပွဲတွေ လုပ်နေရ တာပေါ့လေ။ ဖက်ဒရယ်နိုင်ငံကို ဘယ်လိုတည်ဆောက်ကျမလဲဆိုတဲ့ နှစ်ဖက်စလုံးရဲ့ သဘောတူညီမှုရတဲ့အခါမှာပဲ ကျနော်တို့နိုင်ငံက ဘယ်လိုဖက်ဒရယ်နိုင်ငံဖြစ်လာမလဲဆိုတာ ပိုသိရမှာပေါ့။

ဒေသန္တရက ဖက်ဒရယ်လို့ပြောနေတဲ့အဟာ ကျနော်တို့ ယူနစ်ကိုပဲအမြဲတမ်းဆွေးနွေးဖြစ်တာပေါ့လေ။ တကယ့် ဒေသန္တရအစစ်ကတော့ မဆွေးနွေးဖြစ်ခဲ့ဘူး။ ဒေသန္တရ အစိုးရကိစ္စပေါ်လာတာလည်းသိပ်မကြာဘူး။ ဖက်ဒရယ် ဒီမိုကရေစီ ချာတာ ဖြစ်လာပြီးတော့မှ အဲဒီမှာ ပါလာတယ်။ နွေဦးတော်လှန်ရေးဖြစ်လာပြီးတော့မှ ဒေသန္တရအစိုးရ ဆိုပြီးတော့ အတော်လည်း ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးလာတာပေါ့။

အရင်ကဆိုရင် ကျနော်တို့အပါအဝင် ဒေသန္တရကိစ္စကို သိပ်ပြီးတော့ သုဒသန မလုပ်ဖြစ်ခဲ့ဘူး။ ယူနစ်ကိုပဲ (State Constitution) ကိုပဲဦးတည်တယ်။ နောက်ပြီးတော့ ဖက်ဒရယ်ဖွဲ့စည်းပုံကိုပဲဦးတည်တယ်။ ဒါပေမဲ့ အခုကျနော်တို့ ဒေသန္တရ အစိုးရ ကိစ္စကို သုဒေသန လုပ်ဖို့အများကြီးရှိတယ် ဆိုတော့ ဒေသန္တရအစိုးရဆိုတာဘာလဲ မြို့နယ်ကအစိုးရလား၊ ခရိုင်အစိုးရလား၊ ကျေးရွာအဆင့်အစိုးရလားဆိုတာ မှန်တာတော့မှန်ပါတယ်။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုကြည့်ရင် ဒေသန္တရ အစိုးရဆိုတာမရှိဘူး။

ဒေသန္တရအစိုးရဆိုတာ အဲ့ဒီဒေသမှာ ရှိတဲ့ ပြည်သူလူထုက ရွေးကောက်တင် မြှောက်ရတယ်။ သူတို့ရဲ့အာဏာကို ပြည်နယ်ကနေပြီးတော့ ခွဲဝေပေးရမယ်၊ သူတို့မှာ အာဏာရှိတယ်။ ဘာလုပ်ပိုင်ခွင့်ရှိလဲဆိုတော့ သူတို့ရထားတဲ့အာဏာကို ဥပမာအနေနဲ့ ပြောရရင် ကျနော်တို့ မွန်ပြည်နယ်မှာ မုတုံမြို့နယ်အစိုးရဆိုပါစို့၊ အကယ်၍ မုတုံမြို့အစိုးရကိုကြည့်လိုက်ရင် အဲ့ဒီ မုတုံမြို့ရဲ့ စည်ပင်ကောင်စီပဲဖြစ်ဖြစ်၊ စည်ပင်ရဲ့အုပ်ချုပ်ရေးနေရာလို့ပဲပြောပြော အဲ့ဒီအုပ်ချုပ်ရေးအဖွဲ့တွေကို ဒေသမှာရှိတဲ့ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ရတယ်။ ပြီးတော့ သူတို့ရဲ့လုပ်ပိုင်ခွင့်ကို ပြည်နယ်ကနေသတ်မှတ်ပေးထားရမယ်။

ဖွဲ့စည်းပုံကနေ သတ်မှတ်ထားတာ၊ ရွေးကောက်ထားတဲ့ အစိုးရရှိမှသာ ဒေသန္တရအစိုးရလို့ပြောလို့ရတယ်။ လက်ရှိ ၂၀၀၈ ကိုပဲကြည့်ကြည့်၊ အရင်က အစိုးရအဆက်ဆက်ကိုပဲကြည့်ကြည့် အုပ်ချုပ်ရေးမှူးတွေကို ဘယ်သူက ခန့်သလဲ၊ နေပြည်တော်ကနေခန့်တယ်။ NLD အစိုးရလက်ထက်မှာလည်း ပြည်ထဲရေးက ပြည်ထောင်စုဝန်ကြီးဌာန အောက်မှာပဲ။ ပြည်ထောင်စုဝန်ကြီးက ခန့်ထားတဲ့ အုပ်ချုပ်သူတွေဖြစ်နေတယ်။ ဒါက ဒေသန္တရအုပ်ချုပ်ရေး မဟုတ်ဘူး။ ဘာအစိုးရလဲဆိုတော့ နေပြည်တော်အစိုးရဖြစ်တယ်။ သို့သော် သူတို့က ဒေသန္တရမှာလာပြီး အုပ်ချုပ် တယ်။ ဆိုတော့ တကယ့် ဒေသန္တရအစိုးရဆိုတာ ပြည်သူလူထုကို တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ အနီးစပ်ဆုံး အစိုးရ ဖြစ်ရမယ်။

ဒေသန္တရအစိုးရက ဘာတွေဝန်ဆောင်မှုပေးလည်းဆိုတော့ ဖွဲ့စည်းပုံနဲ့ဦးတည်တာပေါ့လေ၊ ဒေသန္တရအစိုးရကို ဖွဲ့စည်းပုံက ဘာတွေပေးထားလဲပေါ့။ ဥပမာ- အမေရိကန်မှာဆိုရင်တော့ ဒေသန္တရအစိုးရက ပညာရေး ကဏ္ဍကို အပြည့်အဝလုပ်ဆောင်ခွင့်ရှိတာပေါ့လေ။ တခြား မြေယာနဲ့ပတ်သက်တဲ့ မြေခွန်ကိစ္စတွေ၊ ပြည်သူရဲ ကိစ္စတွေပေါ့။ 

ဒေသန္တရအစိုးရကို သူ့ရဲ့ဝိဒေသ သုံးခု တရားဝင်မှုရှိရမယ်။ တရားဝင်မှုဆိုတာဘယ်ကလာလဲဆိုတော့ ရွေးကောက်ပွဲကလာတယ်။ ဖက်ဒရယ်နိုင်ငံ၊ ဒီမိုကရေစီနိုင်ငံမှာပဲဖြစ်ဖြစ်ပေါ့။ လုံခြုံရေးတပ်ဖွဲ့ဖြစ်ဖြစ်၊ ပြည်သူ့ရဲ ဖြစ်ဖြစ် ရှိတယ်။ တခုက ဝန်ဆောင်မှုပေါ့၊ အခုနကပြောတဲ့ မြေခွန်၊ အိမ်ခွန်၊ ခြံခွန်၊ ပညာရေး စသည်ပေါ့။

ဆရာ မနားကီး

မြေပြင်အခြေအနေနဲ့ သီအိုရီ အရ ကွဲပြားမှုရှိတယ်။ သီအိုရီအရဆိုရင် ဒေသန္တရအုပ်ချုပ်ရေး Local Government ရဲ့ သဘောတရားအရ နိုင်ငံတစ်နိုင်ငံရဲ့ ကွဲပြားခြားနားတဲ့ သီးခြားဖြစ်တည်နေတဲ့ ဒေသ၊ မြို့၊ ရွာ လိုဖြစ်မယ်။ နယ်မြေဒေသတစ်ခုလည်းဖြစ်မယ်။ အဲ့ဒီဒေသတွေမှာ အောက်ခြေအဆင့်ထိ ယန္တရားတစ်ခုလည်ပတ်နိုင်အောင် တည်ဆောက်ထားတဲ့အစိုးရ၊ တနည်းပြောရရင် ဖက်ဒရယ်ရဲ့ တတိယအလွှာအစိုးရဆိုပြီး ခေါ်လေ့ရှိတယ်။ ဒါကို ဒေသန္တရအုပ်ချုပ်ရေး Local Government လို့ခေါ်ပါတယ်။ ဘာလို့တာလိုအပ်လဲဆိုတော့ ဒေသန္တရအုပ်ချုပ်ရေးက ပြည်သူနဲ့အနီးစပ်ဆုံးဖြစ်တယ်။

ပြည်သူနဲ့ပိုပြီးထိတွေ့ရတဲ့အစိုးရဖြစ်တယ်။ ပြည်သူရဲ့ဘလိုအပ်ချက်တွေကို အနီးစပ်ဆုံး ဖြည့်ဆည်းပေးနိုင်မဲ့၊ ထိထိရောက်ရောက်အကြိုးပြုနိုင်မဲ့ အုပ်ချုပ်ရေးယန္တရား အစိုးရဖြစ်တယ်။ ဖက်ဒရယ်ဆိုတဲ့ သဘောတရားကလည်း နိုင်ငံတစ်နိုင်ငံမှာ မတူညီတဲ့ သဘောတရား၊ မတူကွဲပြားမှုတွေများပြားတဲ့ နိုင်ငံလိုမျိုး၊ မျိုးနွယ်စု လူမျိုးစုတွေများပြားတဲ့နိုင်ငံလိုမျိုး ထူးခြားတဲ့ ဝိဒေသရှိတဲ့ နိုင်ငံလိုမျိုး နောက်ပြီး ပထဝီအနေအထားအရ ခြားနားတဲ့ သွင်ပြင်လက္ခဏာနယ်မြေတွေကို များသောအားဖြင့် သီအိုရီအရ သတ်မှတ် လေ့ရှိတယ်။ ဘာလို့လဲဆိုတော့ ဗဟိုရဲ့လက်လှမ်းမှီမှုမရှိတဲ့အနေအထားမှာ ဒါကတော့ ဖက်ဒရယ် စနစ်ကောင်းကို တည်ဆောက်တဲ့အခါမှာ သီအိုရီအရ ချဉ်းကပ်လေ့ရှိပါတယ်။

ဒေသခံတွေရဲ့ ရိုးရာထုံးဓမ်း အစဉ်အလာကို အခြေခံပြီး ဥပဒေရေးဆွဲပြဌာန်းရာမှာည်း ဒီဒေသန္တရအစိုးရက အင်မတန်ကိုအရေးပါအရာ ရောက်တယ်။ တစ်ကမ္ဘာလုံးက ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့နိုင်ငံလိုဟာမျိုးမှာလည်း နေရာစီမံခန့်ခွဲတဲ့အပိုင်းမှာ ဗဟိုကလက်လှမ်း မမှီတာတွေ မများကြီးရှိတယ်။ ဆိုတော့ ဒေသန္တရအုပ်ချုပ်ရေး Local Government ကပဲ ဒါကို အကောင်အထည် ဖော်နိုင်မှာဖြစ်ပါတယ်။

ဒေသန္တရအစိုးရကတော့ ဒေသန္တရအုပ်ချုပ်ရေးနယ်မြေတွေမှာ ပြည်သူတွေကို ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် ဒေသခံတွေက ရွေးချယ်တဲ့ ကိုယ်စားလှယ်များနဲ့ စီမံခန့်ခွဲပြီး ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ ဥပမာ- ပညာရေး၊ စီးပွားရေး၊ မြေယာစီမံခန့်ခွဲတဲ့ နေရာလိုဟာမျိုးမှာ ဒေသန္တရအစိုးရက အနီးကပ်စီမံပေးလေ့ရှိတယ်။

ဒါကလည်း နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်းအများကြီးသက်ဆိုင်တယ်။ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံလည်း တူညီမှုမရှိဘူး။ နိုင်ငံရဲ့ ဖွဲ့စည်းပုံပေးထားချက်အရ လုပ်ဆောင်ခဲ့ကြရတာဖြစ်တယ်။ တချို့နိုင်ငံဆို စံနမှုနာယူဖို့ အများကြီးရှိပါတယ်။

Local Governance အမျိုးအစားဘယ်နှမျိုးရှိသလဲ။ စနစ်ကျတဲ့ ဒေသန္တရ စီမံအုပ်ချုပ်ရေးကို တည်ဆောက်ထား နိုင်မယ်ဆိုရင် ဘယ်လိုအကျိုး ပြုနိုင်မလဲ

ဆရာ မနားကီး

ပုံမှန်အားဖြင့် ကျနော်လေ့လာထားသမျှတော့ Local Government ဟာ ၄ မျိုးလောက်တော့ရှိတယ်ပေါ့လေ၊ စီရင်စုနယ်မြေတွေကိုအခြေခံပြီးဖော်ဆောင်တာရှိတယ်၊ ကျေးရွာ မြို့နယ်တွေကိုအခြေခံဖော်ဆောင်တာရှိတယ်၊ အထူးခြားတဲ့သွင်ပြင်လက္ခဏာရှိတဲ့ဒေသ၊ နောက်တခုက ပညာရေးကဏ္ဍနဲ့ဖော်ဆောင်တဲ့ ကိစ္စရပ်တွေရှိတယ် ဆိုတာကို တွေ့ရှိရတယ်။ ဒါကလည်း ဖက်ဒရယ်စနစ်ကို ကောင်းမွန်စွာတည်ဆောက် လည်ပတ်နိုင်ဖို့အတွက် ဒေသန္တရအခြေခံလိုအပ်ချက်တွေ အများကြီးတွန်းပို့ပေးတာပေါ့လေ။

ဗဟို နဲ့ ပြည်နယ် နဲ့ ဒေသန္တရ အစိုးရ သုံးရပ်က လှိမ်လှိမ်ဖြစ်နေဖို့လိုတာပေါ့။ ဒေသန္တရအခြေနေကို ဗဟို၊ ပြည်နယ်က လက်လှမ်းမမှီနိုင်တဲ့ အချိန်ခါ၊ အခြေနေကို စဉ်းစားပြီးတော့ ဒေသန္တရအစိုးရဆိုတာကို နယ်မြေဒေသအလိုက် လိုအပ်ချက်အရ စုစည်းဖွဲ့စည်း ကြရပါတယ်။ အလားတူပဲ ဗဟိုကပဲတိုက်ရိုက် ကွပ်ကဲတဲ့စနစ်နဲ့ဆိုရင် ဒေသန္တရအတွက် ထူးခြားတဲ့အသွင်ပြင် လက္ခဏာရှိတဲ့၊ ဝိဒေသလက္ခဏာရှိတဲ့နယ်မြေတွေအတွက်၊ လူမျိုးတွေအတွက် အကျိုးဖြစ်ထွန်းစေမဲ့ ကိစ္စရပ်တွေ ကို ဒေသန္တရအစိုးရကပဲ ဖြည့်ဆည်းနိုင်မှာဖြစ်ပါတယ်။

ဖက်ဒရယ်စနစ်နဲ့ တပြည်ထောင်စနစ်က ဒေသန္တရ စီမံအုပ်ချုပ်ပုံက ဘယ်လိုကွာခြားမှု ရှိပါသလဲ?

ဒေါက်တာ ပညာမွန်

ဒေသန္တရအစိုးရက ဖက်ဒရယ်နိုင်ငံမှာလည်းရှိတယ်။ Unity နိုင်ငံတွေမှာလည်းရှိတယ်။ မရှိတာက တကယ့် အာဏာရှင်စနစ် စစ်အစိုးရအုပ်ချုပ်တဲ့နိုင်ငံတွေမှာတော့ မရှိဘူးပေါ့လေ။ ဒီမိုကရေစီနိုင်ငံ ဥပမာ- ထိုင်းနိုင်ငံ မှာလည်း ဒေသန္တရအစိုးရရှိပါတယ်။ အခုနကပြောသလို လုံခြုံရေးကိစ္စလည်း တာဝန်ယူနိုင်တယ်၊ တရားဝင်မှုရှိ တယ်ဆိုရင် Unity ပဲဖြစ်ဖြစ်၊ ဖက်ဒရယ်ပဲဖြစ်ဖြစ်ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဖက်ဒရယ်ကို သွားမယ်ဆိုရင် ပိုပြီးလိုအပ်တာပေါ့။ ဥပမာ- အန္ဒိယလို ဖက်ဒရယ်ဆိုရင် ဒေသန္တရအစိုးရက လုပ်ပိုင်ခွင့်တွေကို ဖက်ဒရယ် Constitution ထဲမှာ သူတို့ထည့်ထားတယ်။

တခြားဖက်ဒရယ်နိုင်ငံ အမေရိကန်နိုင်ငံကိုကြည့်မယ်ဆိုရင် ပြည်နယ် ကိုပဲ ပေးထားတယ်။ ပြည်နယ်ရဲ့လုပ်ပိုင်ခွင့်အာဏာက ဘာလဲဆိုတော့ သူတို့က Local Government ကို ဖွဲ့စည်းပိုင်ခွင့်ရှိရတယ်။ ကျနော်တို့ ဖက်ဒရယ်ကို ဆွေးနွေးတဲ့အခါမှာ တော်တော်လည်းကို အရေးကြီးကိစ္စရပ် တခုပေါ့။ Local Government ကို ဘယ်သူ ဖွဲ့စည်းပိုင်ခွင့်ရှိသလဲ၊ ဖက်ဒရယ်အစိုးရက ဖွဲ့စည်းပိုင်ခွင့်ရှိသလား မဟုတ်ရင် ပြည်နယ်အစိုးရက ဖွဲ့စည်းပိုင်ခွင့်ရှိသလား၊ အကယ်၍ ပြည်နယ်အစိုးရကလုပ်ပိုင်ခွင့်ရှိမယ်ဆိုရင် Local Government ဒေသန္တရအစိုးရရဲ့ လုပ်ပိုင်ခွင့်ကို ပြည်နယ်ဖွဲ့စည်းပုံထဲမှာ ပြဌာန်းထားရမယ်။

ဒေသန္တရဆိုင်ရာလို့ပြောရင် မြန်မာပြည်အခြေအနေအရ နယ်မြေ (ပထဝီ) အကျယ်အဝန်း သတ်မှတ် ချက်ကို ဘယ်လို သတ်မှတ်သင့်လဲ

ဆရာ မနားကီး

ဖက်ဒရယ်စနစ်မှာ အုပ်ချုပ်ရေးအလွှာ သုံးလွှာရှိပါတယ်။ ဒေသန္တရအစိုးရကိုတော့ တတိယအလွှာလို့ တင်စား ခေါ်ဝေါ်ကြတယ်။ ဗဟိုနဲ့ ပြည်နယ် ကြားက အာဏာခွဲဝေမှုရှိသလို၊ ပြည်နယ် နဲ့ ဒေသန္တရကြားထဲမှာ အာဏာခွဲဝေ မှုရှိရတယ်။ ဒေသန္တရအစိုးရဟာ ပြည်နယ်တည်ဆောက်တဲ့အခန်းကဏ္ဍအရေးကြီးတဲ့ထဲမှာ ပါဝင်သလို ဖက်ဒရယ် ပြည်ထောင်စုအရေးမှာလည်း မရှိမဖြစ် အခြေခံရမဲ့ ဒေသန္တရအစိုးရတစ်ရပ်ဖြစ်ပါတယ်။

ဖက်ဒရယ်စနစ်မှာ ကြတော့ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးတို့က သူ့နေရာနဲ့သူ ထိုက်သင့်တဲ့ သူ့ရိုးရာယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ နည်းလမ်း ထုံးဓမ်းအစဉ်အလာမှာ အခြေခံပြီးတော့ ဥပဒေပြုလျှက်ရှိတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ ဆိုရင် ဗဟိုကဥပဒေပြုလိုက်တဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ ဒေသန္တရတရပ်ရယ်လို့ဖြစ်လာပြီဆိုရင် သူ့ရဲ့လိုအပ်ချက်တွေကို အခြေခံရမယ်။

တပြည်ထောင်စနစ်မှာလည်း ဒေသန္တရဆိုတာမျိုးကိုမြင်ရတယ် သို့သော်လည်း ဖက်ဒရယ်ရဲ့ ဒေသန္တရနဲ့ ကွဲပြားတာက ဗဟိုရဲ့ ခွင့်ပြုချက်၊ ဗဟိုက ခွင့်မပြုတဲ့ကိစ္စရပ်ကို ဒေသန္တရမပြောနဲ့ ပြည်နယ်အဆင့် မှာ တောင် ကျနော်တို့လုပ်လို့မရပါဘူး။ ဥပမာ- ကျနော်တို့မြန်မာနိုင်ငံရဲ့ အနေအထားကိုကြည့်မယ်ဆိုရင် ဗဟိုရဲ့ ထိန်းချုပ်မှုအောက်မှာဘဲ ခေတ်အဆက်ဆက် နေလာခဲ့ရတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းပြီး နောက်ပိုင်းမှာ လည်း ၂၀၀၈ အောက်ကနေပဲ သွားရတယ်။

ကျနော်တို့ မြန်မာပြည်ကို အိမ်မက်မက်တဲ့အခါမှာ ဖက်ဒရယ် ဖက်ဒရယ်လို့ပြောတဲ့အချိန်မှာ ဖြစ်နေတဲ့ တစ်ပြည်ထောင်စနစ်ကို ဘယ်လိုအသွင်ပြောင်းမလဲ တကယ့်တကယ် မြန်မာပြည်မှာ ဖက်ဒရယ်လိုအပ်လားဆိုတဲ့ အပေါ်မှာ များစွာအခြေခံရပါလိမ့်မယ်။ ဆိုတော့ နှစ်ပေါင်းများစွာ တစ်ပြည်ထောင်စနစ်နဲ့သွားလာတဲ့အခါမှာ အလုပ်မဖြစ်ဘူး။

မြန်မာပြည်မှာ နိုင်ငံရေး ပဋိပက္ခက လွတ်လပ်ရေး ကြီးနဲ့အတူပေါက်ဖွားလာတဲ့ လက်နက်ကိုင်လမ်းစဉ်ကြီးဟာ အခုထိမချုပ်ငြိမ်းနိုင်ဘူး။ ဆိုတော့ ဖက်ဒရယ် စနစ်ကျင့်သုံးရမယ့် နိုင်ငံမျိုးမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၇၀)ကျော် တစ်ပြည်ထောင်စနစ်ကိုကျင့်သုံးလာတဲ့အခါမှာ လုံးဝကို အဆင်မပြေတာတွေ့ နေရတယ်။ အရိုးစွဲနေတဲ့ တချို့ဖက်ဒရယ်ကို နားလည်တတ်ကျွမ်းပါတယ်ဆိုတဲ့ သူတွေတောင်မှ မကြာခန ရောမှားပြီးတော့ ပြောလေ့ရှိတယ်။

တစ်ပြည်ထောင်စနစ်နဲ့ နှစ်ပေါင်းများစွာ သွားနေတဲ့ အခါ ဖက်ဒရယ်စနစ်တည်ဆောက်မယ်ဆိုရင် ဘယ်အခြေခံကနေပြီးတော့ သွားမလဲဆိုတာကို ကောင်းစွာနားလည် ဖို့လိုမယ်။ ဖက်ဒရယ်စနစ်ကို တည်ဆောက်ပြီဆိုရင် တစ်ပြည်ထောင်စနစ်မှာ ဘာလုပ်လို့ ဘယ်လိုမျိုး အစဉ်မပြေခဲ့လဲဆိုတာကို ကျနော်တို့ ဖက်ဒရယ်အသွင်နဲ့ပြန်ပြီးတော့ ဥပေဒပြု ရေးဆွဲကျင့်သုံးရမှာဖြစ်ပါတယ်။

နိုင်ငံရေး ပဋိပက္ခပေါင်းများစွာနဲ့ ရှင်သန်လာနေတဲ့ မြန်မာပြည်သူ/သား အားလုံးရဲ့စိတ်ထဲမှာ ဒီအသွင်ကူးပြောင်း ရေးကို ဒီတော်လှန်ရေးနဲ့အတူသယ်ဆောင်သွားဖို့ စိတ်ဆန္ဒရှိနေတာကို တွေ့ရတယ်။ ဒါပေမဲ့ အခြေခံလိုအပ်ချက် ကတော့ ကျနော်တို့မှာ အများကြီးရှိပါသေးတယ်။ တချို့ကတော့ ဖက်ဒရယ်ခြေလှမ်းပေါ်ရောက်နေပြီလို့ပြော နေကြတယ်။ တကယ့်တကယ် တချို့သောခေါင်းဆောင်ပိုင်းတွေက ဖက်ဒရယ်ကို ဘယ်လိုခြေလှမ်းမလဲဆိုတဲ့ခါ ညာခြေအရင်လှမ်းရမယ့်အချိန်မှာ ဘယ်ခြေကိုအရင်လှမ်းပြီး ခြေလှမ်းမှားတာကိုတွေ့ရတော့ အရမ်းလည်း ဝမ်းနည်းစရာကောင်းတာပေါ့လေ။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ သမိုင်းကို အခြေခံပြီးသွားရမှာဖြစ်တယ်။

သမိုင်းကို အခြေခံပြီးမှသာလျှင် ကျနော်တို့ရဲ့ နိုင်ငံရေးစနစ်ကို ကူးပြောင်းသွားရမှာဖြစ်ပါတယ်။ အဲ့ဒါကိုနားလည်ပြီးမှ မြန်မာနိုင်ငံမှာ ဖက်ဒရယ်စနစ်ကို ဘယ်လိုပုံပမ်းသဏ္ဍာန်နဲ့ တည်ဆောက်မလဲ၊ မြန်မာပြည်ရဲ့လိုအပ်ချက်က ဒေသန္တရအစိုးရမြောက်များစွာလိုအပ်ပါတယ်။

တချို့တွေက ဒေသန္တရစနစ်ကို နိုင်ငံရေးတည်ငြိမ်မှသာ ဖော်ဆောင် လို့ရမယ်ဆိုတဲ့ ပြောဆိုယူဆချက်တွေလည်းရှိပါတယ်။ ဆိုတော့ ကျနော်တို့သွားမှာက ဖက်ဒရယ်ဖြစ်တယ်။ ဒါကြောင့် တော်လှန်ရေးနဲ့အတူ ယန္တရားတည်ဆောက်မှုကလည်း ဖက်ဒရယ်ရဲ့ပုံပမ်းသဏ္ဍာန်နဲ့သွားရမှာဖြစ်ပါ တယ်။ သို့မှသာလျှင် ကျနော်တို့ရဲ့ အနာဂတ် ဖက်ဒရယ်လမ်းခရီးဟာ ဖြောင့်ဖြူးပြီးတော့ ကျနော်တို့ ရည်မှန်းတဲ့ ပန်းတိုင်ကို တဖြည်းဖြည်းနဲ့ ရောက်သွားပါလိမ့်လို့ပဲ ရှုမြင်ပါတယ်။

 လက်ရှိတော်လှန်ရေးကာလ၊ ကြားကာလမှာ Local Government (ဒေသန္တရအစိုးရ) အဆင့်ကို ပုံမှန်ကာလ ရောက်မှ ပိုစနစ်ကျအောင် စဉ်းစားဖို့လိုတယ်ဆိုတဲ့ ယူဆချက်မျိုးရှိကြတာ၊ ဒီအယူအဆအပေါ် ဘယ်လိုအမြင် ရှိပါသလဲ။ 

ဒေါက်တာ ပညာမွန်

လက်ရှိနွေဦးတော်လှန်ရေးအောက်က တည်ဆောက်နေတဲ့ Local Government ပဲပြောပြော၊ ပြည်နယ်အစိုးရပဲ ပြောပြောပေါ့။ Local Government ဆိုလို့ရှိရင်တော့ ပိုပြီးသဘာဝကျပါလိမ့်မယ်။ အခု ကျနော်တို့ တွေ့ထားတာ တွေက ကရင်နီပြည်ရဲ့ ကိစ္စလေးတခု ကျနော်တို့လုပ်ခဲ့တယ်။ ဘာဖြစ်လို့ ကရင်နီပြည်ကို ရွေးလိုက်လဲဆိုတော့ နွေဦးတော်လှန်ရေးဖြစ်ပြီးတော့ သူတို့က ကရင်နီပြည်နယ်တစ်ခုလုံး အာဏာသိမ်း စစ်အစိုးရကို တွန်းလှန်ခဲ့တယ်။

တွန်းလှန်ပြီးတော့ သူတို့ Local Government ကို ဘယ်လိုတည်ဆောက်မလဲဆိုတာကို ကျနော်တို့ လေ့လာတယ်။ သူတို့ဘယ်လိုတည်ဆောက်သလဲဆိုတော့ အစိုးရတရပ်ကိုထူထောင်ဖို့က တရားဝင်မှု၊ တရားဝင်မှုလို့ပြောတဲ့အခါ ရွေးကောက်တင်မြှောက်ဖို့လို့ပြောပေမဲ့၊ အားလုံးပါဝင်ရေးလည်း အရေးကြီးတယ်။

ပြည်နယ်အစိုးရ တရပ်ကို ဖွဲ့စည်းမယ်ဆိုရင် အဲ့ဒီပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားလူမျိုးအားလုံး၊ အဖွဲ့အစည်းအသီးသီး၊ နိုင်ငံရေးပါတီ အသီးသီး ပါဝင်ဖို့လိုတယ်ပေါ့လေ။ ဆိုတော့ ကျန်တဲ့ ပြည်နယ်တွေထက်စာရင် ကရင်နီပြည်က KSCC မှာ အားလုံးပူးပေါင်းနေတာတွေ့ရတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေ၊ အမျိုးသမီး၊ လူငယ်၊ နိုင်ငံရေးပါတီ အားလုံး ပါဝင်ပြီးတော့ ကရင်နီအစိုးရဖွဲ့စည်းဖို့ ကြိုးစားနေတယ်။

ပြီးတော့တချိန်ထဲမှာပဲ KNPP၊ KNDP ရော သူတို့ အုပ်ချုပ်နေတဲ့ နေရာဒေသတွေမှာ ဒေသန္တရအုပ်ချုပ်ရေး Local Government အစိုးရတရပ်ဖြစ်ဖို့ သူတို့ကြိုးပမ်း နေတယ်။ သူတို့ရဲ့စိန်ခေါ်မှုက ဘာရှိလဲဆိုတော့ လုံခြုံရေးကိစ္စဖြစ်တယ်၊ လုံခြုံရေးမပေးနိုင်ဘူးဆိုရင် ဝန်ဆောင်မှု လည်း မပေးနိုင်ဘူးဖြစ်နေတယ်။ တရားဝင်မှုဆိုတာပြောစရာမလိုဘူး သူတို့ရထားပြီးဖြစ်တယ်။ သူတို့အုပ်ချုပ်တဲ့ ဒေသက ပြည်သူတွေက သူတို့ကိုထောက်ခံကြတဲ့အခါ ဒါက တရားဝင်မှုပဲဖြစ်ပါတယ်။

အရေးကြီးတာက အခုနက ပြောသလို လုံခြုံရေးပဲဖြစ်တယ် သူတို့အုပ်ချုပ်တဲ့ဒေသကို ဘယ်လောက်ထိ လုံခြုံရေးပေးနိုင်မလဲပေါ့။ လုံခြုံမှု ပြောလိုက်တဲ့အခါမှာ ဘယ်သူ့ကိုအရင်လုံခြုံမှုပေးရမလဲဆိုတော့ အမျိုးသမီးနဲ့ကလေးပဲဖြစ်တယ်။ ကျနော်တို့ ဒေသန္တရအစိုးရဖွဲ့စည်းတဲ့အခါမှာ အမျိုးသမီးနဲ့ကလေး တွေရဲ့ လုံခြုံရေးက အရေးအပါဆုံးဖြစ်ပါတယ်။ နောက်တခုက ဝန်ဆောင်မှုပေါ့ ပညာရေး ပဲဖြစ်ဖြစ်၊ ကျန်းမာရေးပဲ ဖြစ်ဖြစ်ပေါ့။ ဒါကတော့ ကရင်နီပြည်တခုတည်း မဟုတ်ဘူး တနိုင်ငံလုံးက တော်လှန်ရေးအဖွဲ့အစည်းတွေ သူတို့အုပ်ချုပ်တဲ့ နေရာဒေသအားလုံးလည်းပါတယ်။

ဆရာ မနားကီး

တချို့တချို့သော နေရာတွေမှာ Local Government တည်ဆောက်တဲ့အခါမှာ ဒီဂျူရီ နဲ့ ဒီဖက်တို ကို ပေါင်းစပ်ပြီး တည်ဆောက်တာလည်းရှိတယ်။ တချို့နေရာတွေမှာကျတော့ ဒီဖက်တို ပါဝါနဲ့ပဲ Local Government ကို တည်ဆောက်တာရှိတယ်။ ချင်းတောင် မှာကတော့ တော်တော်များများရည်ရွယ်ချက်ကတော့ Local Government မှာပဲဖြစ်တယ်။ သူ့ရဲ့အောက်မှသာ ဝန်ဆောင်မှုတွေပေးဖို့ လမ်းစဉ်တွေချမှတ်ထားတာတွေ့ရတယ်။

တော်လှန်ရေး ကာလဖြစ်တဲ့အခါမှာ အချို့သော အခက်အခဲမျိုးဆုံသောကြောင့်မို့လို့ ယန္တရားမလည်ပတ်နိုင်တာတွေတော့ ရှိတာပေါ့လေ။ တချို့သောနေရာဒေသ တွေမှာကတော့ ထင်ထားတာထက်ပိုကောင်းနေတာလည်းတွေ့တယ်။ တကယ်လို့ ဒီ Local Government ကို ရည်ရှည် ဖက်ဒရယ်ပြည်ထောင်စုကိုသွားမယ်ဆိုရင် အပေါ်က ဖက်ဒရယ်ရဲ့သဘောသဘာဝအရ သွားရမှာဖြစ်တယ်။ အပေါ် သဘောတရားကို မျက်ချေပျက်သွားဖို့ဆိုလိုတာ မဟုတ်ပေမဲ့ ဒီတော်လှန်ရေးကာလမှာ Local ကို အားကောင်းအောင်တည်ဆောက်နိုင်လို့ရှိရင် ကျနော်တို့ သွားချင်တဲ့ အရွေ့ကို တဖြည်းဖြည်းနဲ့ ပြည်နယ်အဆင့်မှာသော်လည်း၊ တစ်ပြည်လုံးအဆင့်မှာသော်လည်းကောင်း ဖောင်ဆောင်သွားနိုင်မယ်လို့ ယုံကြည်တာပေါ့လေ။

အခုက အစိုးရနှစ်ရပ်ပုံစံဖြစ်နေတာပေါ့လေ၊ တကယ့်တကယ် Local Government ကိုတည်ဆောက်မယ်ဆိုရင် ကျနော့်အယူအဆရအကြံပြုရမယ်ဆိုရင်တော့ ဒီအစိုးရနှစ်ရပ်ကို သွားပြီးစဉ်းစားလို့ရှိရင် ကျနော်တို့ရဲ့ Local Government တည်ဆောက်မှုဟာ ရှေ့တိုးသင့်သလောက်မတိုးနိုင်ဘူး။ ဆိုတော့ နှစ်ကာလကြာရှည်စွာ တစ်ပြည်ထောင်စနစ်မှာနေလာတော့ ဒီတော်လှန်ရေးကာလမှာတောင်မှ Local Government ကို မတည်ဆောက်နိုင်ခဲ့လို့ရှိရင် လက်ရှိအခြေနေလိုမျိုး Local Government ပဲပြောပြော၊ တစ်ပြည် လုံးအနေနဲ့ ဖက်ဒရယ်ပဲပြောပြော၊ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပဲပြောပြော၊ ကွန်ဖက်ဒရေးရှင်း ပဲပြောပြော ဒီချိန်မှာ အခွင့်ကောင်းဖြစ်ပါတယ်။

ကျနော်တို့ တော်လှန်ရေးအောင်မြင်မယ်မအောင်မြင်းဆိုတာထက် Local Government ကိုတည်ဆောက်ပြီး ကျနော်တို့ သွားချင်တဲ့ အမျိုးသားတည်ဆောက်ရေး ချင်းဆိုလည်း ချင်းအမျိုးသားတည်ဆောက်ရေး၊ ရခိုင်ဆိုလည်း ရက္ခိတလမ်းစဉ်ပေါ့၊ မွန်ဆိုလည်း မွန် သူ့လမ်းစဉ်နဲ့သူ တည်ရှိကြပြီးသားဖြစ်ပါတယ်။ အဲ့ဒီကနေမှတဆင့် ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်ကြနိုင်မှာ ဖြစ်ပါတယ်။ ဆိုတော့ အောက်ခြေအခြေခံက အရေးကြီးတာက Local Government ပဲဖြစ်ပါတယ်။

Local Government ကို တော်တော်များများ ERO တွေရဲ့ထိန်းချုပ်မှုအောက်မှာ တည်ဆောက်နေတာလည်းရှိပါတယ်။ တကယ့်တကယ် ဒီယန္တရားကို ရေရှည်တည်ဆောက်ဖို့ဆိုရင် အတိုင်းတာတစ်ခုထိ ERO ဖြစ်ဖြစ် PDF ဖြစ်ဖြစ် CDF ဖြစ်ဖြစ်သာက လက်နက်ကိုင်တွေဖြစ်တယ်။ မဖြစ်မနေ လက်နက်ကိုင်တွေရဲ့လွှမ်းမိုးမှုတွေရှိနိုင်ပါတယ်။

တော်တော်များ Local Government တည်ဆောက်တဲ့ဒေသတွေမှာလည်း လက်နက်ကိုင်ခေါင်းဆောင်တွေကပဲ တော်လှန်ရေး လက်နက်ကိုင်ရင်းနဲ့ ဒီယန္တရားကိုတည်ဆေက်ကြမယ်ဆိုတဲ့ အယူအဆနဲ့ Local Government အိုင်ဒီယာကိုဖော်ဆောင်ကြတယ်။ တဖြည်းဖြည်းနဲ့ တချို့သောနေရာတွေမှာ Local Government မှာ အရပ်ဖက် က လူတွေပါလာတာလည်းတော်တော်များများရှိလာတယ်။ အဓိကတော့ ပေါ်လစီ ကျနော်တို့ ဘယ်လမ်းကြောင်း ကိုသွားနေလဲဆိုတဲ့ ပေါ်လစီပေါ်မှာ အခြေခံရပါမယ်။

မူဝါဒချမှတ်ထားတာမရှိဘဲနဲ့ စန်းတဝါးဝါးနဲ့သွား နေမယ်ဆိုရင် အချိန်တန်လို့ရှိရင် ပဲ့ထိန်းမှုမရှိရင် ခြေကုန်လက်ပန်းကျပြီးတော့ နဂိုထက်ဆိုးတဲ့ အခြေနေကို ရောက်သွားနိုင်တယ်။ ဆိုတော့ Local Government ကိုတည်ဆောက်ချင်းဟာ ဒေသအသီးသီး လူမျိုးအသီးသီးရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုဖန်တီးပြီး ဖက်ဒရယ်ပြည်ထောင်စုတခုကို တည်ဆောက်ရာလည်းရောက် ပါတယ်။

လက်ရှိ တော်လှန်ရေးကာလ၊ ကြားကာလမှာ ဘယ်လို Local Government ( ဒေသန္တရအစိုးရ) ပုံစံမျိုးကို ပုံဖော်သင့်သလဲ

ဒေါက်တာ ပညာမွန်

အနာဂါတ် ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်ရင်ပဲဖြစ်ဖြစ်၊ အခု NUG ရဲ့ Local Government ကို တည်ဆောက်ရာမှာပဲဖြစ်ဖြစ် ဖက်ဒရယ်ဖွဲ့စည်းပုံက ကျင့်သုံးရမှာပဲ။ လက်ရှိကြားကာလမှာလည်း ဖက်ဒရယ် ဖွဲ့စည်းပုံကို ကျင့်သုံးဖို့လိုပ်ပါတယ်။ အနာဂါတ်မှာလည်းသုံးရမှာပဲလေ အဲ့တာကဘာလဲဆိုတော့ အာဏာခွဲဝေမှု (Power sharing) ပါပဲ။ ဒေသန္တရအစိုးရ (အောက်ခြေအစိုးရ) ဖွဲ့စည်းပေးရမယ်။

အောက်ခြေအစိုးရကို NUG ကပဲ အားလုံးဦးဆောင်ပြီးတော့ ကိုယ်တိုင် ဖွဲ့စည်းပေးတာက မသင့်တော်ဘူး။ ဒီအချိန်မှာ ဖက်ဒရယ်ရဲ့သဘော သဘာဝ ကို ကျင့်သုံးမယ်ဆိုရင်တော့ အကောင်းဆုံးအချိန်ဖြစ်တယ်။ ကရင်နီပြည်ပုံစံ သူတို့က တကယ့် ဒေသန္တရအစိုးရ ထူထောင်နေတယ်။ ဒါကို NUG က သွားပြီးတော့ ကျနော်တို့ ဖွဲ့စည်းပေးရမယ်။ ပြီးတော့ ကျနော်တို့ရဲ့ ဥပဒေ တွေကိုလိုက်နာရမယ်။ ကျနော်တို့ရဲ့ လူတွေကို တာဝန်ခံရမယ် ဆိုတာမျိုးတော့ မဖြစ်သင့်ဘူးပေါ့။

ကျနော်တို့ တကယ့် ဖက်ဒရယ်နိုင်ငံဖြစ်လာမယ်ဆိုရင် ဖက်ဒရယ်နိုင်ငံအတွက် ပြင်ဆင်ဖို့ အချက်အလက်တွေက ဘာလဲဆိုရင် အခုနက ကျနော်ပြောသလိုပဲ ပြည်နယ်ဖွဲ့စည်းပုံကို ရေးဆွဲတဲ့အခါမှာ ဒေသန္တရအစိုးရရဲ့ ကဏ္ဍကိုထည့်သွင်းဖို့ လိုတယ်။ ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲနေတဲ့ အဖွဲ့အစည်းတွေအများကြီးရှိတယ်။ သူတို့ရဲ့ ရေးဆွဲမှုပုံစံကိုလေ့လာဖို့ လိုတယ်၊ ဆွေးနွေးဖို့လိုတယ်။ ပြည်နယ်ဖွဲ့စည်းပုံထဲမှာ ဒေသန္တရအစိုးရကို ဘယ်လိုထည့်ရမလဲ၊ ဘယ်ကဏ္ဍ ထားရမလဲဆိုတာကို များများလုပ်ပေး ဖို့လိုပါတယ်။

ဆရာ မနားကီး

နိုင်ငံရေးပဋိပက္ခတွေမှာ ကျနော်တို့ မလိုချင်တဲ့ကာလတွေကို ကျော်ဖြတ်ရမှာပေါ့လေ၊ အဲ့အထဲမှာမှ အရင့်အရင်က ဖွဲ့စည်းပုံရဲ့ချည်နောင်မှုကြောင့်မို့ ကျနော်တို့ အိမ်မက်မက်လို့မရတဲ့ မက်လို့ခက်တဲ့ အိမ်မက်ကိုလည်း ကျနော်တို့ မက်လို့ရပြီပေါ့လေ။ ဆိုတော့ ဒီအချိန်က အဆိုးထဲက အကောင်းကို ကျနော်တို့ ခြေလှမ်းကြရမှာဖြစ်ပါတယ်။ တချိန်ကဆိုရင် ဖက်ဒရယ်ဟာ မြန်မာပြည်တစ်ပြည်ထောင်အစိုးရရဲ့ ရန်သူလည်းဖြစ်ခဲ့တယ်။

ဖက်ဒရယ်ဆိုတာ ခွဲထွက်ဖို့၊ ပုန်ကန်ဖို့ဆိုတဲ့ သဘောသရားတွေ ရှုမြင်ခဲ့ကြတယ်။ ERO/EAO တွေရဲ့ သဘောသဘာဝကို အဲ့သလို သုံးသပ်ကြတယ်။ တကယ့်တကယ်မှာ ကျနော်တို့ တိုင်းရင်းသားဒေသတွေမှာ ဖက်ဒရယ်နဲ့သွားမှအဆင်ပြေ မယ်ဆိုတာကို နားလည်ကြတယ်။ ကျနော်တို့ရဲ့အစိုးရကို ကျနော်တို့ ကိုယ်တိုင်ရွေးကောက်ရမယ်၊ ဖော်ဆောင်ရ မယ် ကျနော်တို့ရဲ့ အရှိတရားကို အခြေခံပြီးမှသာလျှင် ကျနော်တို့ကို စီမံခန့်ခွဲမယ့်အစိုးရကို ဖော်ဆောင်ရမယ်။ ကျနော်တို့ဒေသနဲ့လိုက်လျောညီထွေတဲ့ ဥပဒေတွေကိုပြန်ဌာန်းရမယ်။

ကျနော်တို့ရဲ့ ရိုးရာယာဉ်ကျေးမှုတွေကို သိမ်းထိန်းမယ်ဆိုတဲ့ ယူဆချက်တွေဟာ ဖက်ဒရယ်စနစ်ကိုတည်ဆောက်မှ သာလျှင် အကောင်အထည်ဖော်လို့ရမှာ ဖြစ်တယ်။ လက်ရှိ တော်လှန်ရေးကာလ ကြားကာလလို့ပဲခေါ်ခေါ် မဖြစ်မနေ အသွင်ပြောင်ရမဲ့ ကာလကို ကြုံတွေ့ရပါလိမ့်မယ်။ အဲ့တော့ ဒီကာလမှာ ကြိုတင်တည်ဆောက်မထားလို့ ရှိရင် ကျနော်တို့ (စစ်ကြီးပဲတိုက်နေ လို့မရဘူး) သီအိုရီအရလည်း ပြန်လည်ထူထောင်ရေးကာလကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့မဖြစ်လာနိုင်ရင် တောင်မှ အချို့သောနေရာတွေမှာ ဒီကာလကို ကျနော်တို့ ဖြတ်သန်း သွားရပါမယ်။

Local Government ကို အားကောင်းအောင် တည်ဆောက်ဖို့လိုတယ်။ ပြည်သူလူထုရဲ့ ယုံကြည်မှု ရရှိအောင် မူဝါဒမှန်မှန်နဲ့ သိတတ် ကျွမ်းကျင်တဲ့သူတွေက ဦးဆောင်ပြီး ကြိုးစားကြရမှာဖြစ်ပါတယ်။ အလားတူပဲ NUG အစိုးရကလည်း ဖက်ဒရယ် ဆိုတဲ့အသုံးအနှုန်းကို သုံးလာပြီဆိုတော့ ဘာပဲဖြစ်ဖြစ် NUG အနေနဲ့ အောက်ခြေက တည်ဆောက်နေတဲ့ ယန္တရား ပေါ်မှာ ဒေသန္တရအစိုးရ၊ ပြည်နယ်အစိုးရတည်ဆောက်တဲ့နေရာမှာ ဝင်ရောက်ပြီး မစွက်ဖက်သင့်ဘူး။ ဘာလို့လဲဆိုတော့ တော်လှန်ရေးကာလကြီးကို ဖြတ်သန်းနေတဲ့အချိန်မှာ မြန်မာပြည်ရဲ့ အမျိုးသားညီညွတ်ရေး အစိုးရပါဆိုပြီး ခေါင်းစဉ်ကြီးတတ်ပြီး အောက်ခြေထိကို စီမံခန့်ခွဲမှုလုပ်မယ်၊ ဝင်ရောက်စွက်ဖက်မယ်ဆိုရင် ကျနော်တို့ ဖက်ဒရယ်ဆိုတဲ့ ဝေါဟာရကို နားမလည်ရာကျတယ်။

ဒေသန္တရအစိုးရကို သွားပြီးစဉ်းစားမယ်ဆိုရင် NUG အနေနဲ့ နည်းပညာအထောက်အကူပေးဖို့လိုတယ်။ ငွေရေးကြေးရေးအားဖြင့် အထောက်အကူပေးဖို့လိုတယ်။ နောက် အရေးကြီးဆုံးက အသိအမှတ်ပြုဖို့လိုတယ် ဒါဟာ ဒီကာလမှာ တည်ဆောက်ရမဲ့ ဒေသန္တရအစစ်အမှန်ပဲ ဖက်ဒရယ်ပြည်ထောင်စုကိုသွားမဲ့လမ်းစပဲဆိုပြီး NUG ကို၌ကိုယ်က သွားဖို့လိုတယ်။ ဆိုတော့ ကျနော့် အနေနဲ့က တော့ အနာဂါတ်အသွင်ကူးပြောင်းရေးကာလပဲပြောပြော ဘယ်လိုအခြေအနေမျိုးပဲကြုံလာကြုံလာ ဒေသန္တရ အစိုးရ အားကောင်းမှုသည်သာလျှင် ပြည်နယ်အစိုးရကို ပိုပြီးအားကောင်းစေမယ်၊ ဖက်ဒရယ်ပြည်ထောင်စုကို ပိုပြီးတော့ပီပင်စေမယ်လို့ပဲ ပြောလိုပါတယ်။

မှတ်ချက်။  ။ ဆရာမ Rosalinn Zahau ၊ ဆရာ စိုင်းထွန်းအောင်လွင် တို့သည် အရေးပေါ် ကျန်းမာရေး ကိစ္စကြောင့်

မပါဝင်နိုင်ခဲ့ပါ။