• Today is: Friday, March 29, 2024

ဟားခါးမြို့ပေါ် ရပ်ကွက် စစ်ကောင်စီလက်နက်ကြီးကျလို့ အရပ်သား ထိခိုက် သေဆုံးမှုဖြစ်

ဓါတ်ပုံ – CJ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၁၆

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်သို့ ယမန်နေ့ နိုဝင်ဘာ ၁၅ရက်၊ ညပိုင်း ၁၀နာရီခွဲခန့်က စစ်ကောင်စီ လက်နက်ကြီးကျည် ကျ ရောက် ပေါက်ကွဲလာလို့ အရပ်သား အသက်မပြည့်သေးတဲ့ လူငယ်လေး တစ်ဦး သေဆုံးပြီး၊ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ၁၄ နှစ် အရွယ် လူငယ်လေးဟာ ဟားခါးမြို့ပေါ်က မိုးဟိန်းသောက်ရေသန့် ကုမ္ပဏီ မန်နေဂျာရဲ့ သားဖြစ်ပြီး ဒဏ်ရာရရှိတဲ့ နှစ်ဦးကတော့ မိုးဟိန်းသောက် ရေသန့်ကုမ္ပဏီရဲ့ ဝန်ထမ်းနှစ်ဦး ဖြစ်တယ်လို့ ဒေသခံတွေက ချင်းသတင်းဌာန Zalen ကို ပြောပြထားတာပါ။

“ဖြစ်တဲ့နေရာက ချင်းခရစ်ယာန်ဓမ္မ တက္ကသိုလ်ကျောင်းနဲ့ သိပ်မဝေးဘူး။ အဲနေရာမှာ မိုးဟိန်းရေသန့် စက်ရုံရှိတယ်။ သူတို့ ၃ယောက်စလုံး ညစောင့် အိပ်ကြတယ်။ ၁၄ နှစ်အရွယ် ယောင်္ကျားလေးက နေရာမှာ ပွဲချင်းပြီး ဆုံးသွားတယ်။ ဝန်ထမ်းနှစ်ယောက်လည်း ဒဏ်ရာရကြတယ်၊ ဟားခါးဆေးရုံပို့ထားရတယ်” လို့ ပြောပြကြပါတယ်။

ကျောဘုတ်ရပ်ကွက်ထဲ ကျရောက်လာတဲ့ လက်နက်ကြီးဟာ ဟားခါး Rung Thang (ရွမ်တောင်) တပ်စခန်း စစ်ကောင်စီ ဗျူဟာမှူးထိုင်တဲ့ ၂၆၆ တပ်ရင်းဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ဖြစ်တယ်လို့ တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး သိရှိသူ မြို့ခံတဦးက ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပြပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တို့ဟာ ပွင့်လင်းရာသီ ရောက်လာတာနှင့်အညီ မြေပြင်စစ်အင်အား ထိခိုက် ဆုံးရှုံးမှု ကြီးမားလာတာကြောင့် ဝှေဟင် လေကြောင်းနှင့် လက်နက်ကြီးများကို အဓိကထားပြီး အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်လာနိုင်တယ်လို့ သူက ဆက်လက်သုံးသပ်ပြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း ဟားခါးမြို့အနီး နှီရ်လောန်းရွာထဲက ဒေသခံ အမျိုးသမီးတစ်ဦး စစ်ကောင်စီလက်နက်ကြီးကြောင့် သေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့သလို၊ အောက်တိုဘာလထဲမှာလည်း ဟားခါးနဲ့ အနောက်ဘက် ၁၅ မိုင်ခန့်အကွာ ဘုန်လွန်ရွာထဲက ကျောင်းထဲ စစ်ကောင်စီ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲလို့ သူငယ်တန်း အရွယ် ကလေးငယ် ယောက်ျားလေး နှစ်ဦး သေဆုံးပြီး မိန်းကလေး ငယ်တစ်ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ပါတယ်။