• Today is: Friday, March 29, 2024

နေ့စဉ်သတင်းအကျဉ်း

ဖက်ဒရယ်ဂျာနယ်မြန်မာ ( နိုဝင်ဘာလ – ၁၆)

 

  • ကရင်နီပြည် ဒီးမော့ဆိုမြို့ နယ် အနောက်ဘက်ခြမ်းမှာ စစ်ရှောင်တွေနေထိုင်တဲ့ မူကြိုကျောင်းပေါ် လက်နက် ကြီးကျရောက်ပြီး စစ်ရှောင် မိသားစုတစ်စု လက်နက်ကြီးစထိမှန်ခဲ့ကာ ၅ နှစ်အရွယ်ကလေးငယ် တစ်ဦး သေဆုံးသလို ကလေးငယ်၂ ဦးနဲ့ လူကြီး ၆ ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့မှု ယမန်နေ့ (နိုဝင်ဘာလ ၁၅ရက်) ညနေ ပိုင်းအချိန်မှာ ဖြစ်ပွားခဲ့ပါတယ်။ “မနေ့ည ၅ နာရီခွဲအချိန်မှာလေ သုံးလုံး(လက်နက်ကြီး)  တောက်လျှောက် ကျ လာတယ်။ အိမ်ရှေ့ဘက်တစ်လုံး အိမ်ရှေ့ဘက်ကပ်လျက်ပဲ။ ပထမတစ်လုံးက အဲမှာကျတယ်။ နောက် တစ်လုံးက သူတို့အိမ်အကျော်အထွက်ပေါက် ဟိုးလိုမျိုးသွားကျသွားတယ်။ လမ်းမပေါ်မှာ သူတို့ထွက်ပြေးလို့ လည်း ထွက်ပြေးမယ်ပြောကြတယ်။ ထွက်မပြေးနဲ့တော့လို့ သူ့အဖေက ပြောတယ်ပေါ့နော။ ဒါပေမယ့် နောက်တစ်လုံးကျတော့ ဒီလိုမျိုး အိမ်ခေါင်မိုးမှာ ထိသွားတာ။ ခေါင်မိုးကို ထိသွားတော့ အထဲမှာနေတဲ့ လူအကုန်လုံးထိသွားတာလေ။” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ ၅နှစ်အရွယ်ကလေးငယ်ဟာ ဒဏ်ရာပြင်းထန်ရရှိခဲ့ပြီး  ဆေးရုံသွားတဲ့လမ်းတစ်ဝက်မှာ သွေးထွက်လွန်တာကြောင့်  သေဆုံးခဲ့ရတာဖြစ် တယ်လို့ ဆိုပါတယ်။

 

  • စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ နံနက် ငါးနာရီခွဲခန့်က မြစ်ကြီးနားမြို့ အူဗျစ်ကျေးရွာရှိ နေအိမ်တစ်အိမ်ကို ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။ မြစ်ကြီးနား – ဆွမ်ပရာဘွမ်ကားလမ်းမပေါ်ရှိ အူဗျစ်ကျေးရွာ အာလမ်စာသင်ကျောင်းအနီးတွင်ရှိသော ဒွမ်ရိန်မိသားစု နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် လူအင်အား ၅၀ ခန့် ဖြင့် ရောက်ရှိလာပြီး နေအိမ်ကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “အိမ်မိသားစု တွေ အကုန်လုံးကို နိုးပြီး ထွက်ခိုင်းပြီးတော့ အဲ့အိမ်ကို ဖြိုချပေးလိုက်တာလေ။ ပြီးတော့ အဲ့စစ်သားတွေကလေ အဖိုး အဖွားနှစ်ယောက်ကို အီကြာကွေး၊ ပေါက်စီ၊ ပလာတာတွေ ပြန်လာကျွေးသွားသေးတာ။ အဲ့စစ်သား တွေက အဲ့လိုပြောတာတဲ့ မင်းသားက မြို့မှာ ဗုံးလိုက်ခွဲ၊ လူလိုက်ဖမ်းလုပ်နေတာ မင်းတို့မသိဘူးလားဆိုပြီး ပြောတာတဲ့” ဟု ဆိုသည်။ ကာရာအိုကေဆိုင်တွင် ဖမ်းဆီးခံခဲ့ရသည့် ကေအိုင်အိုလူကြီးများနှင့် ဆက်စပ်သူ များကို စစ်ကောင်စီ က လိုက်လံဖမ်းဆီးနေကြောင်း ဖမ်းဆီးခံရသူများနှင့် နီးစပ်သူအမျိုးသားတစ်ဦးက ပြောသည်။

 

  • ရှမ်းမြောက် တန့်ယန်းမြို့နယ် မန်ကောင်းမူးကျေးရွာအုပ်စု လွယ်ကန့်ရွာမှာ နေထိုင်တဲ့ ၆ နှစ်အရွယ် ကလေး ငယ် တစ်ဦးဟာ အရိုးပျော့ပြီး စကားမပြောတတ်တော့သလို လမ်းမလျှောက်နိုင်တဲ့ဝေဒနာ ခံစားနေရပါတယ်။ အဆိုပါ ကလေးဟာ မွေးရာပါမဟုတ်ပဲ ၃ နှစ်ကျော်အရွယ်မှာ ဖျားနာရာ ရိုးရာဆေးဝါးနဲ့ ကုသပြီးနောက် စကား လည်းမပြောနိုင်ဘူးလို့ မိခင်ဖြစ်သူက ပြောပါတယ်။ မိုင်းအိုက်လော့ ဆေးကုသပေးဖို့အတွက် ပါဝင်ကူညီလိုသူ တွေအနေနဲ့ ဖုန်း 09-899 826 834 (K-Pay, Wave Pay)သို့ ဆက်သွယ်နိုင်ပါတယ်။

 

  • နို၀င်ဘာ ၁၅ ရက်နေ့ ည ၁၀ နာရီခွဲခန့်က ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်သို့ စကစ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အသက် ၁၄ နှစ်အရွယ် Shalom Van သေဆုံးပြီး မိုးဟိန်း‌သောက် ရေသန့် ကုမ္ပဏီ၀န်ထမ်း ၂ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။ “ဖြစ်တဲ့နေရာက Chin Christian University နဲ့ သိပ်မဝေးဘူး။ အဲနေရာမှာ မိုးဟိန်းရေသန့်စက်ရုံရှိတယ်။ သူတို့ ၃ ယောက်စလုံး ညစောင့် အိပ်ကြတယ်။ ၁၄ နှစ်အရွယ် ယောင်္ကျားလေးကနေရာမှာ ပွဲချင်းသေသွားတယ်။ နှစ်ယောက်လည်း ဒဏ်ရာရကြတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ သေဆုံးသွားသော Shalom Van သည် မိုးဟိန်းသောက်ရေသန့်ကုမ္ပဏီ မန်နေဂျာရဲ့ သားဖြစ်တယ်လို့သိရှိရပြီး ဒဏ်ရာရရှိသော ၀န်ထမ်းနှစ်ဦးကို ဟားခါးဆေးရုံးသို့ ဆေးကုသ ပေးလျှက်ရှိကြောင်း သိရှိရသည်။

 

  • ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဝမ္မသူးတိုက်နယ်ဆေးရုံ၌ ဆေးဝါးကုသမှုနှင့် ဆေးဝါးပစ္စည်းများကို ကူညီ ပံ့ပိုးနေသည့်ဟုဆိုကာ ဖမ်းဆီးခြင်းခံထားရသည့် CDM ဆရာဝန်ဒေါက်တာ မင်းဇော်ဦး(ခ) နေမျိုးဦး (မန္တလေး ဆေးတက္ကသိုလ် ခွဲစိတ်ဌာနမှ ကထိက)၊ ကုတင်- ၃၀၀ သင်ကြားရေး ဆေးရုံမှသူနာပြုဆရာမ ကြည်သဒ္ဒါဖြူ၊ ယွန်းနန္ဒာထွန်း နှင့် မန္တလေးဗဟိုအမျိုးသမီးဆေးရုံမှ သူနာပြုဆရာမ ပိုးသန္တာအောင် တို့ လေးဦးအနက် ဆရာမပိုးသန္တာအောင် သည် စစ်ကြောရေးတွင် သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။ ၎င်းတို့ လေးဦးကို အောက်တိုဘာလ ၂၉ ရက် ညပိုင်းတွင် မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ အမှတ် (၁၃)နေအိမ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

 

  • ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် ကန်စောက်တောင်ပေါ်တွင် အခြေစိုက်ထားသည့် ၅၃၉ တပ်ရင်းမှ လက်နက် ကြီးပစ်ခတ်မှုကြောင့် ချောင်းတူကျေးရွာမှ ဒေသခံ ၃ ဦးသေဆုံးသွားပြီး ၃ ဦးထိခိုက် ဒဏ်ရာရရှိထားကြောင်း ဒေသခံများကပြောသည်။ သေဆုံးသွားသူ ၃ ဦးမှ ဦးခင်မောင်ကြီး၊ ဦးအောင်ကြီးမောင်၊ ဦးဖြူသာထွန်း တို့ဖြစ် ကာ လက်ရှိဒဏ်ရာရရှိထားသူများမှာ ဒေါ်ဝေသာစိန်၊ မအေးနုယဥ် နှင့် မောင်မောင်ဌေး တို့ဖြစ်သည်။ ယခုကဲ့သို့ လက်နက်ကြီးပစ်ခတ်ခြင်းမှာ တိုက်ပွဲဖြစ်ပွားမှုတစ်စုံတစ်ရာမရှိဘဲ ရုတ်တရက်ကျေးရွာသို့ ဦးတည် ကာ ပစ်ခတ်လာခြင်းဖြစ်သည်ဟု ချောင်းတူကျေးရွာသား တစ်ဦးကပြောသည်။

 

  • ရခိုင်ပြည်၊ မောင်တောမြို့နယ် ဂြိတ်ချောင်းကျေးရွာတွင် ယနေ့ နိုဝင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းခန့်က စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးများကျရောက်လာမှုကြောင့် ကျေးရွာအတွင်း သေဆုံး၊ ဒဏ်ရာ ရသူများရှိခဲ့ကြောင်း ကျေးရွာသားများကပြောသည်။ လက်နက်ကြီးမှာ အရေအတွက်အားဖြင့် ၃ လုံးခန့် ကျရောက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၁၀ ဦးရှိကာ ဒဏ်ရာရသူ ၂၇ ဦးထိရှိပြီး ယင်းအထဲတွင် ဒဏ်ရာပြင်းထန် သည့် ၅ ဦးစိုးရိမ်ရသည်အနေထားရှိကြောင်း ဂြိတ်ချောင်းကျေးရွာသားတစ်ဦးက ပြောသည်။ “လက်နက်ကြီး ကျည်က ၃ လုံးလောက်တော့ကျတယ်။ သေတာက ၁၀ ယောက်။ အမျိုးသား ပိုများတယ်။ ဒဏ်ရာရတာက ၂၇ ယောက်ရှိတယ်။ ဒဏ်ရာရတဲ့ ၅ ဦးက အရမ်းကို စိုးရိမ်းရတယ်”ဟုပြောသည်။ လက်ရှိတွင် သေဆုံး၊ ဒဏ်ရာ ရသူများကို မောင်တောဆေးရုံသို့ ပို့ဆောင်ထားပြီး ကျေးရွာသားများလည်း ကြောက်လန့်ပြီး တစ်ခြား ကျေးရွာ များသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျေးရွာသားများကပြောသည်။

 

  • တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စုမှ ပျူစောထီးအဖွဲ့ဝင်တစ်ဦးကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း DGRF အဖွဲ့က ပြောသည်။ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာမှ ပျူစောထီး  အသက် ၄၀ ကျော်အရွယ် ထွန်းထွန်းနိုင် သည် ကျောက်ဆင်ရွာလမ်းပိုင်းတစ်နေရာတွင် သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ကျည်ဆန် ၆ ချက်ထိမှန်ကာ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

 

  • စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နဂါးပေါက်ရွာကို ညအချိန် မီးတင်ရှို့နေသည့် စစ်တပ် စစ်ကြောင်းကို မဟာမိတ် PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး  စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ် CDSOM အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုနွေဦးက ပြောဆိုသည်။ နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၇ နာရီ ကျော် ခန့်က မြောင်မြို့နယ်၊ နဂါးပေါက်ရွာကို မီးရှို့နေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို CDSOM အဖွဲ့ အပါအဝင် မဟာမိတ် PDF တပ်ပေါင်းစုများက  ညတွင်းချင်း ကျေးရွာအတွင်းသို့ ဝင်ရောက် တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

 

  • မန္တလေး၊ မတ္တရာမြို့နယ်တွင် စစ်ကား ၃ စီး မိုင်းဆွဲခံရပြီး စစ်ကောင်စီ တပ်သား ၂၀ ဦးသေဆုံးကြောင်း နတ်ဆိုး (မြေအောက် တော်လှန်ရေးတပ်ဖွဲ့)မှ တာဝန်ရှိသူ တစ်ဦးက​ ပြောဆိုသည်။ နိုင်ဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၃ နာရီ ၁၅ မိနစ်တွင် မတ္တရာမြို့နယ် မန်းကျည်း ကုန်းရွာနှင့် တောင်ကန်ရွာ အကြားတွင် ပျူစောထီးနှင့် စစ်သား များ အင်အား ၉၀ ခန့် လိုက်ပါလာသော စစ်ကား ၃ စီးကို နတ်ဆိုးတပ်ဖွဲ့ အပါအဝင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

  • အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် စစ်ကောင်စီတပ်က အင်အားအလွန်အကျွံသုံးပြီး စီးနင်းရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PDF )စခန်း ၇ ခုအထိ စွန့်လွှတ်လိုက်ရပြီ ဖြစ်ကြောင်း တမူးမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။ အိန္ဒိယနိုင်ငံမှတဆင့် မြန်မာနိုင်ငံအတွင်းသို့ လက်နက်များသယ်ဆောင် ရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ် အင်အား ၇၀၀ ဝန်းကျင်အနက်မှ ၄၀၀ ခန့်သည် စစ်ကြောင်းများခွဲကာ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့စခန်းများကို နိုဝင်ဘာ ၁၅ ရက် နှင့် ၁၆ ရက်တို့တွင် စီးနင်းမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

 

  • ရှမ်းမြောက် တန့်ယန်းမြို့နယ် နမ့်ဖလေးကျေးရွာက အသက်(၇၅)နှစ်အရွယ် အဖွားတစ်ဦး ဗိုက်မှာ အကြိတ်မာ ဖြစ်ပြီး ဆေးကုသဖို့ ငွေကြေးအကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက ယာနိုင်ဦး ဆိုသူဟာ ရောဂါဝေဒနာကို ခံစားနေရပြီး ဆေးရုံဆေးခန်း မပြဖူးသေးသလို ဆေးကုသမှု ခံယူချင် ပေမယ့် ငွေကြေးမတတ်နိုင်တာကြောင့် မပြနိုင်ခဲ့ဘူးလို့ ရွာမှာတာဝန်ကျတဲ့ ကိုယ်ထူကိုယ်ထ ကျောင်းဆရာမ တစ်ဦးက ပြောပါတယ်။ ယာနိုင်ဦးဟာ ထမင်းစားလို့မရပဲ စားမိတာနဲ့ ဗိုက်အရမ်းပူလာပြီး ဗိုက်နာနေတာ ကြောင့် အိပ်ယာထဲမှာသာ လှဲနေရတယ်လို့ သိရပါတယ်။ ၎င်းအတွက် ပါဝင်ကူညီလိုသူတွေအနေနဲ့ ဖုန်း 09-895 288 635 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

 

  • တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်က မြို့မရဲစခန်း အပါအဝင် ဌာနဆိုင်ရာ ရုံးစိုက်ရာ နေရာများတွင်  ယနေ့  နေ့လယ်ပိုင်းက တော်လှန်ရေး လူငယ်များ သွားရောက် ဆန္ဒပြ ခဲ့ကြောင်း သိရ သည်။ “မတရားမှုကို ဆန့်ကျင် မယ်၊ အမှန်တရား အတွက် ခွပ်ဒေါင်းတွေ သေရဲတယ်” ဆိုသည့် စာသားများ ကိုင်ဆွဲပြီး ဆန္ဒပြခဲ့ကြခြင်းဖြစ် ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူများထံက သိရသည်။ ယင်း ဆန္ဒပြပွဲကို အကြမ်းဖက်စစ်ကောင်စီလက်အောက် ခံ တပ်သားများက ပစ်ခတ်ဖြိုခွင်းရန် ရောက်ရှိ လာခဲ့သော်လည်း  အချိန်မီ လူစုခွဲနိုင်ခဲ့၍ ထိခိုက်မှု မရှိကြောင်း သိရသည်။

 

  • တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ ကံပေါက်ဒေသတွင် “ Failed law & Failed Education “လှုပ်ရှားမှုတစ်ခု နိုဝင်ဘာလ ၁၆ ရက်မနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။ ထို့အပြင် ရန်ကုန်မြို့နှင့်အခြားမြို့များမှာ နိုဝင်ဘာလ ၁၂ ရက် ကစပြီး တော်လှန်ရေး အင်အားစုတွေက Failed Law လှုပ်ရှားမှုပြုလုပ်ကာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို သပိတ်မှောက်ကြရန်နှင့် တော်လှန်ရေးအသိ သတိရှိကြရန်ဆန္ဒထုတ်ဖော်မှုများ ဆောင်ရွက် လျက်ရှိသည်။

 

  • ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း လူထု ဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ရန်ကုန်တွင် ဗကသ ကျောင်းသားများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် “အမျိုးသား ခွပ်ဒေါင်း အလံတော်အား အမြင့်မားဆုံး လွှင့်ထူကြ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ခြေမှုန်းကြ” စာတန်း ကိုင်ဆောင် ကာ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေး ချီတက်ဆန္ဒပြခဲ့ကြောင်းသိရသည်။ အဆိုပါ ချီတက် ဆန္ဒပြပွဲကို မရမ်းကုန်းမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရန်ကုန်ရဲ့သူပုန်များ သပိတ် ကော်မတီ-YRSC၊ ပုဇွန်တောင် ဗိုလ်တထောင်လူငယ်များ သပိတ်ကော်မတီ(PBYSC)၊ သင်္ဃါန်းကျွန်းမြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ (လသယအကသ)၊Burma Youth Revolutinory Force (BYRF) ၊ဗမာ့လူငယ်ကွန်ရက်(ဗ.လ.က) သပိတ် အင်အားစုများပူးပေါင်း၍သပိတ်ရန်ကုန်မြို့တစ်နေရာတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ ဦးဆောင်ကာ ယနေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ “အမှန်တရား အားမကောင်းသေးတဲ့အချိန်မှာ ကိုယ်က တောင့်ခံနိုင်ရမယ်။ ပင်ပန်းတယ် ဖိအားဒဏ်မခံနိုင်ဘူးဆိုပြီး အလျှော့ပေးမယ်ဆိုရင် ရေရှည်မှာတိုင်းပြည် အတွက်မကောင်းနိုင်ဘူး” စာတန်းကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် “အနာဂတ် တွေကို ဘောင်ခတ်ပြီး ဖိထားချင်တဲ့ အာဏာရှင် စနစ်ဆိုးကို ရိုက်ချိုးပစ်ရမှာက အနာဂတ်ရှိသူတိုင်းရဲ့ တာဝန် ပဲ” ခေါင်းစဉ်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်းသိရသည်။

 

  • မုံရွာ-အရာတော် လမ်းပိုင်းရှိ အနောက်မြောက်တိုင်း မြို့တော် မုံရွာမြို့အဝင် ဆိုင်းဘုတ်ရှေ့တွင် ၁၀၂ နှစ် ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအဖြစ် ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက်ဆန္ဒပြခဲ့ကြောင်သိရသည်။ ချီတက်ဆန္ဒပြပွဲတွင် “လူထုအားနဲ့ ပြည်သူ့အာဏာကို တိုက်ယူ ကြ” စာတန်းကိုင်ဆောင်ပြီး အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီနှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များအတူ ပူးပေါင်းပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

  • လက်ပံတောင်းတောင်ဒေသ လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် “ကျောင်းသားထုအားဖြင့် စစ်ကျွန်ပညာရေးကို မြေမြှုပ်ကြ” အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • တန့်ဆည်မြို့နယ် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အမျိုးသားနေ့ အကြို အဖြစ် စစ်ကျွန်ပညာရေး အမြစ်ပြတ်စေရန်နှင့် စစ်အာဏာရှင်စနစ် အပြီးတိုင် နိဂုံးချုပ်စေရန် “ကျောင်းသားထု အားဖြင့်စစ်ကျွန်ပညာ​ရေးကိုမြေမြှုပ်ကြ” စာတန်းကိုင်ဆောင်ကာ ချီတက်သပိတ်မှောက်ခဲ့ကြောင်းသိရသည်။

 

  • ဇေယျာတိုင်းရဲ့ ၅/ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် စစ်ကျွန် ပညာရေး အလိုမရှိကြောင်း ချီတက် သပိတ်မှောက်ခဲ့သည်ဟု သိရသည်။

 

  • စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ်၌ ယနေ့ နိုဝင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို ပြည်သူများမှ စုပေါင်းထောက်ခံကြောင်းနှင့် “စုပေါင်းအားဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်စို့ ” “ဖိနှိပ်ခံတို့လွတ်မြောက်ဖို့ တရားမျှတမှုအတွက် သွေးစည်းစို့”ဟု ကြွေးကြော်၍ စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း စုပေါင်း ဆန္ဒပြခဲ့ကြသည်။

 

  • ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် စစ်ကျွန် ပညာရေး အလိုမရှိကြောင်း ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်စစ်ကြောင်းမှ အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး တောင်ယာ သပိတ်ကို တောင်သူလယ်သမားပြည်သူများနှင့် အတူ ဆန္ဒပြပြုလုပ်ခဲ့ကြသည်။

 

  • ကနီ-ယင်းမာ လမ်းပိုင်းပေါ် ကနီမြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် နိုဝင်ဘာ ၁၆ ရက် ယနေ့တွင် ၆၁၅ ရက်မြောက်အဖြစ် ချီတက်ဆန္ဒပြကြသည်။

 

  • ဒီနေ့ နိုဝင်ဘာ ၁၆ ရက်နေ့ နေ့လည်ပိုင်း ၁ နာရီ ၄၀ မိနစ်ဝန်းကျင်မှ စစ်ကောင်စီတပ်ရဲ့ကား မိုင်းဆွဲ တိုက်ခိုက် ခံရပြီးနောက် တစ်ဖက်သတ်လက်နက်ကြီးရမ်းသန်းပစ်ခတ်လို့ လမ်းမပေါ်မှာ ကားပြင်နေတဲ့ ဝက်ရှော့သမား ၁ ဦးသေဆုံးသွားခဲ့ပြီး ၁ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ ၁၀၅မိုင်ကနေ ကျင်စန်းကျော့ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီကားဟာ ဘုရားကွင်းနားလေးမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး လက်နက်ကြီး တစ်ဖတ် သတ်ပစ်ခတ်ခဲ့လို့ အဲအနီးမှာ ကားပြင်နေတဲ့ နေရာတစ်ဝိုက်မှာ ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

 

  • မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ဘူတာလမ်းရှိ စစ်ဗိုလ်ချုပ်များ နေထိုင်ရာ ဗိုလ်ချုပ်ရွာခေါ် ဗိုလ်ချုပ်များ၏ အိမ်ရာရှေ့ရှိ ဆိုင်ခန်းနှင့်တိုက်ခန်း ၂၀၀ ကျော်ကို ယခု နိုဝင်ဘာလ အကုန်အပြီး ဖယ်ရှားရန် စစ်တပ်က အမိန့် ထုတ်လာကြောင်း ဆိုင်ခန်းပိုင်ရှင်တချို့က ပြောဆိုသည်။ ပြင်ဦးလွင်တွင် စည်ပင်သာယာရေးကော်မတီက ဆောက်လုပ်ထားသည့် ဆိုင်ခန်းနှင့်တိုက်ခန်းများ၊ ဆောက်လုပ် ရေးဝန်ကြီးဌာနက ဆောက်လုပ်ထားသည့် ဆိုင်ခန်းနှင့် တိုက်ခန်း စုစုပေါင်း ဆိုင်ခန်း ၂၀၀ ကျော်ကို စစ်ဗိုလ်ချုပ်များ နေထိုင်ရာ အိမ်ရာရှေ့ဖြစ်နေသည့် အတွက် လုံခြုံရေးအရ အတင်းအကျပ် ဖယ်ရှားခိုင်းခြင်းဖြစ်ပြီး ဆိုင်ခန်းနှင့် တိုက် ခန်းများသည် နှစ် ၃၀ နီးပါး ရှိလာပြီဖြစ်ကာ NLD အစိုးရလက်ထက်တွင် အုံနာဘုတ်များထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ သို့ရာတွင် ယခု လ အကုန်တွင် ဆိုင်ခန်းအားလုံးကို ဖယ်ရှားရန် စစ်တပ်ဘက်က အမိန့်ထုတ်လာခြင်းဖြစ်ကြောင်းသိရှိရသည်။

 

  • မန္တလေးမြို့တွင် စစ်တပ်က နှစ်ပေါင်းများစွာ ပြည်သူများနေထိုင်ခဲ့ကြသည့် ရပ်ကွက်များ၊ အိမ်ရာများကို ကျူးကျော်ဟု အမည်တပ်၍ စိတ်ထင်သလို ဖျက်ဆီးနေမှုများ များပြားနေကြောင်း မန္တလေးမြို့ခံများက ပြောဆိုသည်။ စစ်တပ်နှင့်ဝန်ကြီးဌာနများက ၎င်းတို့၏ မြေများဖြစ်သည်ဟုဆိုကာ ရပ်ကွက်နှင့်အိမ်ရာများကို ဖျက်ဆီးနေသကဲ့သို့ ပျူစောထီးနှင့်အုပ်ချုပ်ရေးမှူးများကလည်း ပြည်သူများနေထိုင်သည့် ရပ်ကွက်နှင့် နေအိမ် များကို ကျူးကျော်ဟုဆိုကာ စစ်တပ်နှင့်ပူးပေါင်း၍ ဖျက်ဆီးမှုများ ရှိနေကြောင်း သိရှိရသည်။ နိုဝင်ဘာလ ၁၅ ရက်နေ့၊ မန္တလေး ၄၉ လမ်းမပေါ် ၊ ရွှေမန်းလမ်း ဇီးအုပ်ကျေးရွာ အမှတ် ၂ ရပ်ကွက်ကို ကျူးကျော်ဟုဆိုကာ မြေကော်စက်များဖြင့် ဖြိုချဖျက်ဆီးသွားကြောင်း၊ ပြည်သူများမှာ မိမိတို့၏ နေအိမ်များမှ ပစ္စည်းများပင် သယ် ယူ ရွှေ့ပြောင်းချိန် မရရှိခဲ့ကြောင်း သိရှိရသည်။

 

  • PDF(Kalay) တပ်ရင်း ၁၂ ၏ အမျိုးသမီး ဆေးတပ်သား မချင်းချင်းနှင့် ရဲဘော် ကိုမောယာ၊ ကိုပွီးယာတို့ သုံးဦး ကျဆုံးခြင်း တစ်နှစ်ပြည့် အောက်မေ့သတိရ ဂုဏ်ပြုခြင်းအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ PDF(Kalay) တပ်ရင်း ၁၂ က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ၊ ၁၆ ရက် နံနက်ပိုင်းက PDF (Kalay) တပ်ရင်း-၃ က ရဲဘော်များ ရှေ့တန်းထွက်နေချိန် PDF(Kalay) တပ်ရင်း ၁၂ (ထိုစဉ်က တပ်ရင်း ၃ လက်အောက်ခံတပ်ခွဲတစ်ခု)၏ စခန်းကို ဝင်ရောက်စီးနင်းခံခဲ့ရလို့ စခန်းအတွင်း နေမကောင်းဘဲ အနားယူနေ တဲ့ PDF ရဲဘော် ၂ ဦးနှင့် ဆေးတပ်ဖွဲ့ အမျိုးသမီး ၁၀ ဦး တို့ စစ်ကောင်စီ၏ ဝင်ရောက်စီးနင်းခြင်း ခံရတာပါ။