• Today is: Wednesday, December 7, 2022

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 85, November 18, 2022)

 

၁။ မူဆယ်မှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့တိုက်ပွဲဖြစ်လို့ အရပ်သားတစ်ဦး သေဆုံး
November 18, 2022
မူဆယ်မြို့နယ်၊ ကျင်စန်းကျော့ကုန်သွယ်ရေးလမ်းပိုင်းမှာ နိုဝင်ဘာလ ၁၆ ရက်နေ့ နေ့လယ်တစ်နာရီဝန်းကျင် လောက် က စစ်ကောင်စီတပ်နဲ့ကိုးကန့် MNDAA တပ်ဖွဲ့အကြားတိုက်ပွဲဖြစ်ပွားခဲ့လို့ အရပ်သားတစ်ဦးလက်နက်ကျည်ထိမှန်သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးနေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရသူ တွေဟာ မူဆယ် ၁၀၅ မိုင်နဲ့ ကျင်စန်းကျော့နယ်စပ်ကုန်သွယ်ရေးဂိတ်လမ်း တလျှောက်ကားလိုက်ပြင်တဲ့ လုပ်ငန်းလုပ်ကိုင် သူ တွေဖြစ်တယ်လို့ သိရပါတယ်။ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် (ကိုးကန့်) MNDAA တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ မုံးကိုးကနေ မူဆယ်ဘက်ကို ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

အလားတူလားရှိုးမြို့နယ်၊ နန်ပမ်ရွာအနီးမှာ နိုဝင်ဘာလ ၁၄ ရက်နေ့ကစတင်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်နဲ့ MNDAA တပ်ဖွဲ့ကြား စစ်ရေးတင်းမာခဲ့ပြီး နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၇ နာရီလောက်မှာတော့ တိုက်ပွဲစတင်ဖြစ်ခဲ့တယ် လို့ ပြောပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့က ၃၀ ၀န်းကျင် သေဆုံးခဲ့တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။ မူဆယ်နဲ့လားရှိုးမြို့နယ်ဟာ MNDAA တပ်ဖွဲ့အပြင် တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့TNLA ၊ ရခိုင့်တပ် တော် AA နဲ့ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KIA တပ်ဖွဲ့တွေလည်းလှုပ်ရှားရာဒေသဖြစ်ပါတယ်။ ဒီမြို့နယ် တွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားလေ့ရှိပါတယ်။

၂။ ကျောက်ဖြူတွင် ရဲ ၃ ဦး၊ လဝကဒုဦးစီး ၁ ဦးနှင့် ရှေ့နေ ၁ ဦးတို့ကို စစ်တပ်က ဖမ်းသွားပြီးနောက် အဆက်အသွယ်မရ ဖြစ်နေ
November 17, 2022
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ လဝကဒုဦးစီး ၁ ဦးနှင့် ရှေ့နေ ၁ ဦးတို့ကို စစ်တပ်က ဖမ်းသွားပြီး ၄ ရက်ကြာသည့်တိုင် သူတို့နှင့် အဆက်အသွယ်မရသေးသဖြင့် စိုးရိမ်နေရသည်ဟု မိသားစုများက ပြောသည်။ ဖမ်းဆီးခံရသူ များမှာ ကျောက်ဖြူမြို့မရဲစခန်းမှ ရဲတပ်ကြပ် မျိုးဝင်း (၃၆) နှစ်၊ ကျောက်ဖြူ လေကြောင်းရဲတပ်ဖွဲ့မှ ရဲတပ်ကြပ် မောင်မောင်အေး (၅၀) နှစ်ခန့်၊ ကျောက်ဖြူ ရေကြောင်း ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် ထက်ဝေလင်း (၄၀) နှစ်ခန့်၊ ကျောက်ဖြူမြို့နယ် လဝက ဒုဦးစီး ဒေါ် မကြည် (၄၄) နှစ်နှင့် တရားလွှတ်တော်ရှေ့နေ ဦးဦးဆန်းဝင်း (၄၅) နှစ် တို့ဖြစ်ကြသည်။ သူတို့သည် ပြီးခဲ့ သည့် နိုဝင်ဘာလ ၁၃ ရက်တွင် ကျောက်ဖြူအခြေစိုက် ၃၄ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ် သည်ဟု မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက “သူတို့ကို ၃၄ တပ်ထဲကိုပဲခေါ်သွားလား။ မြို့မစခန်းထဲမှာပဲ ရှိသလား။ စုံစမ်းမရသေးဘူး။ အဆက်အသွယ်မရသေးတော့ သူတို့ တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်တာပေါ့”ဟု ပြောသည်။ သူတို့ကို သူတို့၏ လုပ်ငန်းခွင်များနှင့် နေအိမ်တို့မှတဆင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟုလည်း မြို့ခံများကပြောသည်။ ကျောက်ဖြူတွင် ပြီးခဲ့သည့် အောက်တိုဘာလကလည်း မြေစာရင်းဦးစီးမှူးနှင့် ရုံးဝန်ထမ်း ၁ ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၂ ဦးနှင့် အုပ်ချုပ်ရေးမှူး ရုံးများမှ ဝန်ထမ်းအချို့ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့သည်ဟု မြို့ခံများက ပြောသည်။ ယင်းအနက် မြေစာရင်းရုံးမှ နှစ်ဦးသာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကျန်သူများမှာ ယနေ့အချိန်ထိ ပြန်လွတ်လာခြင်းမရှိသေးသလို မိသားစုများနှင့်လည်း အဆက်အသွယ်မရသေးကြောင်း သိရသည်။

၃။ ကလေးကင်ပွန်းတပ်ပွဲတွင်လက်နက်ကြီးကျရောက်မှုကြောင့် ကလေးငယ်နှင့်ပြည်သူ ၁၁ ဦးသေဆုံး
November 17, 2022
မောင်တောမြို့နယ်၊ လောင်းဒုံ(အုပ်စု)၊ ဂြစ်ချောင်းကျေး ရွာတွင် ကလေးကင်ပွန်းတပ်ပွဲကျင်းပနေစဉ် နိုဝင်ဘာ ၁၆ ရက် တွင် စစ်ကောင်စီ၏ နခခ(၇)မှ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်မှုကြောင့် ကလေးငယ်များအပါအဝင်အပြစ်မဲ့ပြည်သူ ၁၁ ဦး အစုလိုက်အပြုံလိုက်သေဆုံးပြီး လူ ၂၀ ကျော်ဒဏ်ရာရရှိကြောင်းသိရသည်။ နိုဝင်ဘာ ၁၆ ရက်မှာပင် စစ်ကောင်စီသည် ကျောက်တော်မြို့၊ ကန်စောက်အခြေစိုက် ခမရ(၅၃၉) တပ်ရင်းမှ ပစ် ခတ်တိုက်ခိုက်လိုက်သော လက်နက်ကြီး ကျည်ဆံသည် ကျောက်တော်မြို့နယ်၊ ချောင်းတူ ကျေးရွာအတွင်းကျရောက် ပေါက်ကွဲပြီး အသက် (၅၀) အ ရွယ် အရပ် သားပြည်သူ သုံးဦး သေဆုံးပြီး အခြားသုံးဦးမှာလည်း အပြင်းအထန်ဒဏ်ရာရရှိကြောင်းသိရသည်။ စစ်ကောင်စီသည် မည်သည့်တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းမျှမရှိပါဘဲ လက်နက်ကြီးများ၊ တိုက် လေယာဉ်များနှင့် ဒရုန်းများမှ တမင်တကာရည်ရွယ်ချက်ရှိရှိဖြင့် အပြစ်မဲ့ပြည်သူများ၊ ရပ်ရွာများရှိရာနေရာကိုပစ်ခတ် တိုက်ခိုက်နေခြင်းပြီး တရားသဖြင့် အသက်သေဆုံးသွားသော ပြည် သူလူထုအတွက် မဖြစ်မနေ လက်စားချေသွားမည်ဖြစ် ကြောင်း ရက္ခိုင့်တပ်တော် ( AA ) က သတင်းထုတ်ပြန်သည်။ စစ်ကောင်စီသည် စစ်ပွဲအတွင်း လိုက်နာ ရမည့် နိုင်ငံ တ ကာဥပဒေများကို ချိုးဖောက်၍ စစ်ရာဇဝတ် မှုများ၊ လူ သားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းများကိုပါ နေ့စဉ် ရက်ဆက် ပြောင်ပြောင်တင်းတင်း ကျူးလွန်ဖောက်ဖျက်လျက်ရှိကြောင်း AA က ဆိုသည်။

ယင်းအပြင် နိုဝင်ဘာ ၁၅ ရက်တွင် စစ်ကောင်စီ၏ စစ်တွေအခြေစိုက် ခမရ (၃၄၄) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ရမ်းကားပစ်ခတ်တိုက်ခိုက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာမှ အသက် (၃၄) နှစ်အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီးစထိမှန် ၍ ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် နိုဝင်ဘာလ ၁၄ ရက်တွင်လည်း မောင်တောမြို့နယ်၊ စစ်ကောင်စီ၏ ဘုရားတောင်ကုန်း၌ တပ်စွဲထားသော တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၁၀) နှင့် ဘူးသီးတောင်အခြေစိုက် စကခ (၁၅) မှနေ၍ တင်ဆက်/သ ရက် တောင်(မူဆလင်)ကျေးရွာကို လက်နက်ကြီးများဖြင့် တစ်နေ့လုံးနီးပါး မရပ်မနားအဆက်မပြတ် တောက် လျှောက်ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာများရှိလူနေအိမ်တချို့ ပျက်ဆီးဆုံးရှုံးခဲ့သည်။ စစ်ကောင်စီသည် AA စခန်းများ ရှိရာနေရာများသို့သာမက ရပ်ရွာများသို့ နေ့ရောညပါ ဗုံးကြဲတိုက်ခိုက်နေသဖြင့် အရပ်သားပြည်သူလူ သေဆုံးမှုဒဏ်ရာရရှိ သည့် အရေအတွက်မှာလည်း မြင့်တက် လျက်ရှိကြောင်း သိရသည်။

၄။ ဆပ်ပြာချောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရ
November 17, 2022
ဖားကန့်မြို့နယ် ဝှေ့ခါကျေးရွာအုပ်စု ဆပ်ပြာချောင်းတွင်နေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် PDF အဖွဲ့က ယနေ့နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီ ဘက်က ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။ ဆပ်ပြာချောင်း ဘုန်းကြီးကျောင်းဝင်းတွင် စစ်အင်အား ၆၀ ကျော်ခန့်ရှိနေစဉ် KIA က ဒရုန်းဖြင့် သွားရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။ “ဆပ်ပြာ ချောင်း ဘုန်းကြီးကျောင်းမှာရှိနေတဲ့ အဖွဲ့တွေကို ဒရုန်းနဲ့ သွားတိုက်ခဲ့တယ်။ စစ်သားတွေ ၅ ယောက်လောက်က သေတယ်လို့ ပြောတယ်။ ဒဏ်ရာရသွားတဲ့ သူတွေက သေချာမသိရဘူး။ KIA ဘက်ကတော့ သွားပစ်ပြီး ပြန်သွားတဲ့နောက်ပိုင်း လက်နက်ကြီး တွေနဲ့ ပြန်ပစ်ကြတယ်”ဟု ပြောဆိုသည်။

KIA အဖွဲ့ဘက်မှ ဒရုန်းဖြင့် သွားရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည့်နောက်ပိုင်း ဆပ်ပြာချောင်းရွာ ဘုန်းကြီးကျောင်း အတွင်း ရှိ စစ်ကောင်စီအဖွဲ့က KIA နှင့် PDF အဖွဲ့ရှိသည့်ဘက်သို့ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ၁ နာရီခန့်အကြာ အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဆက်လက်သိရသည်။ ပစ်ခတ်ခံရသည့် စစ်ကောင်စီအဖွဲ့သည် နိုဝင်ဘာလ ၁၅ ရက်နေ့ အင်းတော်ဘက်မှ ဖားကန့် ဝှေခါဘက်သို့တက်လာစဉ် ဖားကန့်မြို့နယ်အစပ် ညောင်ထောက်ကုန်းနေရာတွင် မွန်းလွှဲ ၁ နာရီ ဝန်းကျင်ခန့်တွင် KIA နှင့် PDF အဖွဲ့၏ ကြားဖြတ်တိုက်ခိုက်ခံရသည့်အဖွဲ့ဖြစ်သည်။ အဆိုပါ စစ်ကောင်စီအဖွဲ့သည် ဖားကန့် ဘက်သို့ စစ်အင်အားတိုးချဲ့ရန် တက်ခဲ့သည့် တပ်မ ၁၁ လက်အောက်ခံ ခလရ ၄၂ အဖွဲ့ဖြစ်ပြီး ဒရုန်းဖြင့်တိုက်ခိုက်ခံရ သော်လည်း လက်ရှိအချိန်အထိ ဆပ်ပြာချောင်းရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲနေထိုင်လျက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

၅။ ပင်လုံစာချုပ် အကောင်အထည်ဖော်နိုင်မှ နိုင်ငံရေးပြဿနာဖြေရှင်းနိုင်မည်ဟု RCSS/SSA ပြော
November 17, 2022
သျှမ်းပြည်အတွင်း ဖြစ်ပွားနေသည့် နိုင်ငံရေး ပြဿနာနှင့် ပဋိပက္ခများကို ၁၉၄၇ ပင်လုံစာချုပ် အကောင်အထည် ဖော်နိုင်မှ ဖြေရှင်းရာ ဖြစ်မည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့မှ ထုတ် ပြန်ထားသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ၁၉၄၇ ပင်လုံစာချုပ်ကို အကောင် အထည် ဖောင်ဆောင်ပြီး နိုင်ငံရေး ပြဿနာများ ဖြေရှင်းရန် အချက် အပါအဝင် အချက် ပေါင်း ၄ ချက်ပါရှိသည့် ထုတ်ပြန်ချက်ကို ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့စွဲဖြင့် ထုတ်ပြန် ကြေညာထားသည်။ ယင်းကဲ့သို့ ထုတ်ပြန်ကြေညာခြင်းနှင့် ပတ်သက်ပြီး လက်ရှိ နိုင်ငံရေးပြဿနာများသည် ပင်လုံစာချုပ် ကတိကဝတ်လမ်းစဥ်များနှင့် သွေဖီနေသည့် လုပ်ဆောင်ချက်များကြောင့်ဖြစ်ရကြောင်း RCSS/SSA ၏ ပြောရေးဆိုခွင့်ရှီသူ ဗိုလ်မှူးကြီး အုမ်ခေး က ပြောသည်။ “လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အကြပ်အတည်းတွေကို ဘက်စုံတောင့်စုံ စဥ်းစားကြည့်လိုက် ရင် အစောကတည်း ပင်လုံစာချုပ်ကို လျစ်လျူရှုထားလို့၊ ခေတ်အဆက်ဆက်က ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအားလုံးဟာ ပင်လုံ စာချုပ် ပင်လုံကတိကဝတ်တွေနဲ့ သွေဖီနေလို့ အခုချိန်ထိ နိုင်ငံရေးပြဿနာတွေနဲ့ မဖြေရှင်းနိုင်ပဲဖြစ်နေတာ” ဟု ဗိုလ်မှူးကြီး အုမ်ခေး က ပြောသည်။

“လက်ရှိ နိုင်ငံရေး ပြဿနာတွေက ၂၀၂၀ ရွေးကောက်ပွဲနဲ့ သက်ဆိုင်နေတယ် ဆိုတဲ့ဟာကို RCSS/SSA တစ်ဖွဲ့ တည်း အမြင်ပြောရရင် အကျယ်တဝင့်တော့ မှတ်ချက်မပြောလိုဘူး၊ အဓိကကတော့ SAC နဲ့ နိုင်ငံရေးပါတီတွေ၊ တတ်သိ ပညာရှင်တွေ၊ ဘက်ပေါင်းစုံက ပါဝင်ဆွေးနွေးညှိနှိုင်းမှသာလျှင် လက်ရှိနိုင်ငံရေးကို ဖြေရှင်းနိုင်မှာပါ ” ဟု ဗိုလ်မှူးကြီး အုမ်ခေးက ဆက်ပြော သည်။ လက်ရှိ အချိန်သည် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည် တပ်မတော် RCSS/SSA တပ်ဖွဲ့ အနေဖြင့် လည်း တိုင်းရင်းသားလက်နက်ကိုင်များ၊ အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးအဖြေရှာရန်အတွက် လက်ကမ်းကြိုဆို ကြောင်း ထုတ်ပြန်ကြေညာထားသည့် ကာလလည်းဖြစ်သည်။ ထို့ပြင်အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုလည်း နှစ်ကြိမ်တိုင် တက်ရောက်ခဲ့သည့် အဖွဲ့လည်း ဖြစ်သည်။

၆။ ရွာငံမြို့နယ် မီတာခမဆောင်သည့် အိမ်များမီတာဘောက်ဖြုတ်ခံရ
November 18, 2022
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့တွင် မီတာခမဆောင်သည့် အိမ်များကို စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာန မှ ဝန်းထမ်းများ က မီတာဘောက် လာရောက်ဖြုတ်ယူသွားကြောင်းသိရှိရသည်။ ယခု နိုဝင်ဘာလတွင် ရွာငံမြို့အတွင်း မီတာခ မဆောင်သည့်အိမ်များ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာန မှဝန်ထမ်းများက မီတာဘောက်ဖြုတ်ယူသည့်အပြင် လမ်းပေါ်က မီးတိုင်များကိုလည်း ဖြုတ်ယူသွားကြောင်း သိရသည်။ “ မီတာခ မဆောင်နိုင်တဲ့အိမ်တွေကို မီတာဘောက်တွေ လာဖြုတ်သွားပါတယ်။ ပြီးတော့ အခုကလည်း မီးတွေက ပုံမှန်မလာဘူး။ အိမ်ထဲက မီးသီးလုံးတွေလည်း လာဖြုတ်သွားတယ်။ လမ်းဘေးကို ဓာတ်တိုင်မီးတွေတောင် ဖြုတ်သွားတယ်” ဟု ရွာငံမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ ထိုအပြင် မီတာခ ကို ယခင်က ထမင်းချက် ၊ ရေမော်တာတင်သုံးရာတွင် တစ်လကို ၅ ထောင်သာကုန်ကျပြီး လက်ရှိမှာ တစ်လကို ၃ သောင်းထိ ပေးဆောင်ရကြောင်းသိရသည်။

မီတာပေါက်ကို မြို့ထဲတွင် ဖြုတ်ယူသည့်အပြင် ကျေးရွာဘက်က မီတာခမဆောင်သည့် အိမ်များကိုလည်း စစ်ကောင်စီ က ကျေးရွာတွင်း တာဝန်ရှိသူများကို မီတာပေါက်ကိလိုက်ဖြုတ်ယူခိုင်းကြောင်းသိရသည်။ “မြို့ထဲမှာလည်းဖြုတ်တယ်။ ကျေးရွာ တွေဘက်မှာလည်း လာဖြုတ်တယ်။ ကျေးရွာထဲက တာဝန်ရှိတဲ့သူတွေကို သူတို့က လှမ်းဖြုတ်ခိုင်းတာ။ မဆောင်တဲ့အိမ်တွေကို အကုန်လိုက်ဖြုတ်ခိုင်းတာ။ ပြီးတော့ အရင်ကထက်လည်း မီတာခက ဈေးကြီးလာတယ်” ဟု ရွာငံမြို့ ဒေသခံ အမျိုးသမီးတစ်ဦး က ပြောသည်။ ပြည်သူအများစုသည် စစ်အာဏသိမ်းအုပ်ချုပ်နေသည်ကို ကန့်ကွက်သည့်အနေဖြင့် မီတာခ အပါအဝင် အစိုးရကို ပေးဆောင်ရသည့် ဝန်ဆောင်ခများကို မပေးဆောင်ခဲ့ကြပေ။ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီများသည် လျှပ်စစ်မီးကို မကြာခဏဖြတ်တောက်သည့်အပြင် မီတာခများကိုလည်း ယခင်ကထက် အဆပေါင်းများစွာ ကောက်ယူမှုများရှိလာကြသည်။

၇။ သထုံမြို့နယ်မှာ စစ်ကောင်စီတပ်က သံချပ်ကားယာဉ်တန်းနဲ့ လှည့်လည် ပစ်ခတ်
November 17, 2022
စစ်ကောင်စီ ဒုတပ်ရင်းမှူး တိုက်ခိုက်ခံရတာကြောင့် သေဆုံးပြီးနောက် မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က သံချပ်ကားယာဉ်တန်းနဲ့ လှည့်လည်ပြီး ခြောက်လှန့်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၁၆ မနက်ပိုင်းကစပြီး သထုံမြို့နယ်အတွင်းမှာ သံချပ်ကားတွေ အပါအဝင် ကား ၁၃ စီးပါယာဉ်တန်းနဲ့ လှည့်လည်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တာပါ။ စစ်ကောင်စီရဲ့သံချပ်ကားယာဉ်တန်းဟာ ဒုတပ်ရင်းမှူး ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတဲ့ ဝင်းစိန်ကျေးရွာအနီးမှာ မိနစ် ၂၀ နီးပါးအကြာ လက်နက်ငယ်တွေနဲ့ ခြောက်လှန့် ပစ်ခတ် တာတွေလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်က ဝင်းစိန်ကျေးရွာပတ်ဝန်ကျင်းမှာ ခြောက်လှန့်ပစ်ခတ်မှုတွေလုပ် ဆောင်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေကို အရေးပေါ်ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ဝင်းစိန်ကျေးရွာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့က ဒေသခံပြည်သူ တစ်ဦးကို ဖမ်းဆီးပြီး ပြန်လာတဲ့ သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီ အမှတ်(၉) လေ့ကျင့်ရေးကျောင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးချစ်ဝင်းသူနဲ့ တပ်ဖွဲ့ဝင် ၃ ဦးဟာ သထုံမြို့နယ်(ပကဖ)အဖွဲ့ရဲ့ တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးထားပါတယ်။

၈။ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားပြီးသည့်နောက် ကျောက်ကြီးရှိစစ်ဘေးရှောင်နှစ်ထောင်ကျော် စားနပ်ရိက္ခာပြတ်လပ်နေ
November 17, 2022
ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့ နယ်အတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်က စစ်ကောင်စီတပ်စခန်း ၃ခုကို တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ ထိုးစစ်ဆင် လာ ၍ အနီးရှိ စစ်ရှောင်နေရသော ပြည်သူနှစ်ထောင်ကျော် သည် စားနပ်ရိက္ခာ အခက်အခဲ နှင့်ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ (၁၂) ရက်နေ့တွင် (KNLA)ပူးပေါင်းတပ်များသည် စစ်ကောင်စီ စခန်း ၃ ခုဖြစ်သည့် သံဆိပ်စခန်း၊ ဘောကထာနှင့် တုံးတံတားစခန်းတို့ကို တစ်ရက် အတွင်း တိုက်ခိုက်မှုဖြစ်စဉ်တွင် စစ်ကောင်စီ ဘက်က လက်နက်ကြီးအပြင် လေကြောင်း နှင့် တုန့်ပြန်တိုက်ခိုက်ခဲ့သည့်အတွက် အနီးအနားကျေးရွာရှိ ဒေသခံလူထု နှစ်ထောင် ကျော်ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပြီး လက်ရှိတွင် စားနပ်ရိက္ခာ အရေးပေါ်လို အပ်နေကြောင်း စစ်ရှောင်ကူညီသူတစ်ဦးက ယခုလို ပြောသည်။ ၎င်းက “အခုလက်ရှိကတော့ ဘယ်လိုဖြေရှင်းနေရလည်းဆိုတော့ လူထုအချင်းချင်း မျှပြီး စားနေရတာပေါ့။ စစ်ကောင်စီတပ်စခန်းကို တက်သိမ်းပြီးတဲ့နောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပေါ့။ လက်ရှိကျောက်ကြီးမြို့ နယ်မှာ စစ်ရှောင်(၈,၀၀၀)ထိရှိ တယ်။ တချို့တွေက ဘေးလွတ်ရာကို တိမ်းရှောင်တယ်။ တချို့တွေကတော့ မြို့တွေပေါ်ကို တိမ်းရှောင်တာရှိတယ်။ အခုလက်ရှိစစ်ရှောင်စခန်းမှာ စစ်ရှောင်၂၀၀၀ ကျော်က စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ကြုံတွေ့နေရတယ်။” ဟု ပြောသည်။

စခန်းသိမ်းတိုက်ပွဲအပြီး ကျောက်ကြီးမြို့နယ် အတွင်းရှိ ပဒဲကော၊ ဘောကထ၊ ကုန်းမြင့်သာယာ၊ ကော့ကြာသဲကား လမ်းမတစ်လျှောက်နှင့် ကျေးရွာများအတွင်းတိုက်ပွဲ များဆက်လက်ဖြစ်ပွားနေသောကြောင့် ဒေသခံကျေးရွာသားများ ရိက္ခာ မသယ်ယူရဲကြတော့ဘဲ စစ်ကောင်စီ၏ ဒရုန်းယာဉ်နှင့် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှု ကြောင့်လည်း ကျေးရွာအတွင်းရှိ လူနေအိမ်တချို့ ထိခိုက်ပျက်စီးမှုများရှိကြောင်း ဒေသခံများက ပြောသည်။ “၁၄ ရက်၊ ၁၅ ရက်နေ့မှာ စားနပ်ရိက္ခာစပြီး ပြတ်လပ်တယ်။ အဲ့ဒီနေ့မှာဆို တစ်ရက်စာ နှစ်ရက်စာ လောက်ပဲကျန်တယ်။ အခုက လက်ရှိရွာကိုလည်း ပြန်လို့မရဘူး။ တိုက်ပွဲကလည်း ဆက်ဖြစ်နေတော့ စားနပ် ရိက္ခာလာပို့ဖို့က အဆင်မပြေတော့ အစားအသောက် အခက်အခဲဖြစ်နေရတယ်။ နောက်တိုက်ပွဲဖြစ် တော့ လက်နက်ကြီးတွေက အိမ်တွေထိတယ်။ ပျက်စီးတာတွေရှိတယ်။ ရွာသူရွာသားတွေကတော့ ထိတာ မရှိသေးဘူး”ဟု စစ်ရှောင်ဒေသခံတစ်ဦးက ပြောသည်။

၉။ ကန်ပက်လက်မြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ဆေးဝါးနှင့် ရိက္ခာများ လိုအပ်
November 18, 2022
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့အကြားတိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်နေရသော စစ်ဘေးရှောင်ပြည်သူများ ဆေးဝါးနှင့် အခြေခံစား သောက်ကုန်များ လိုအပ် နေကြောင်းသိရသည်။ ကန်ပက်လက်မြို့နယ်အတွင်းက ဒေသခံပြည်သူ ၅ ထောင်ကျော်ခန့်သည် မကွေးတိုင်း ဆောမြို့နှင့် နီးစပ်ရာစစ်ဘေး ရှောင်စခန်းများတွင် ထွက်ပြေးခိုလာကြသည်မှာ တစ်ရွာခွဲကျော်လာပြီဖြစ်ကာ ဆေးရွားနှင့် အခြေခံစားသောက်ကုန်များ လိုအပ် နေကြသည်ဟု ကန်ပက်လက်မြို့နယ်က စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦးက ပြောသည်။ “စစ်ဘေးရှောင်တွေက ၂ နှစ်ဝန်း ကျင်ရှိပြီဆိုတော့ အဓိကတော့ ကျန်းမာရေးအတွက် ဆေးဝါးလိုအပ်တယ်၊ ဆန်၊ဆီ၊ဆား၊ နောက်ပြီး ကလေးတွေက တောထဲမှာ စာသင်ကြတော့ စာအုပ်၊ခဲတံတွေလိုအပ်ပါတယ်။ တချို့အဖွဲ့စည်းက ထောက်ပံ့ ပေမယ့် အချိတ်အဆက်က သိပ်နည်းနေသေး တယ်” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။

ကန်ပက်လက်မြို့နယ်တွင် စစ်ရေးအခြေအနေတင်းမာပြီး တိုက်ပွဲများမကြာခဏဖြစ်ပွားနေသည့်အတွက် စစ်ဘေး ရှောင် ပြည်သူများသည် နေရပ်မပြန်ရဲကြသေးပဲ စစ်ဘေးရှောင်စခန်းများတွင် ရေရှည်နေရဦးမည့် အခြေအနေမှာရှိ နေပြီး အလှူရှင်များလည်း ယခင်နှစ်များထက် တဖြည်းဖြည်းနည်းပါးလာနေသည့်အတွက် အခက်ကြုံနေကြရခြင်း ဖြစ်သည်။ ထို့အပြင် ဆောင်းရာသီရောက်လာပြီဖြစ်သောကြောင့် စစ်ဘေးရှောင်ပြည်သူများ အနွေးထည်၊ စောင်များလည်း လိုအပ်လျက်ရှိနေသည် ဟု စစ်ဘေး ရှောင်တစ်ဦးက ပြောသည်။ “တော်တော်အေးပြီး အနွေထည်ကတော့ မရှိဘူး တခုနဲ့တခုတော့တူမယ်မထင်ဘူး ကျွန်တော်တို့ကတော့ အနွေးထည်တော့မရကြသေးဘူး၊ တချို့Camp တွေက ရတဲ့သူတွေလည်းရှိရင်ရှိမယ်။ ကူညီပေးတာတော့ ရှိတယ် မလောက်နိုင်ဘူးပေါ့” ဟု စစ်ဘေး ရှောင်တစ်ဦးက ပြောသည်။ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်ရှောင်းနေရသည့် စစ်ရှောင်ပြည်သူများသည် ထန်းကုန်း၊ အောက်လှယ်၊ အညာကတင်း၊ ဘီးကုန်း စစ်ဘေးရှောင် စခန်းနှင့် ဆောမြို့တို့တွင် နေထိုင်နေကြသည်ဟု သိရသည်။

၁၀။ နိုင်ငံတကာဖိအားလျော့ပါးအောင် နိုင်ကျဉ်းလွှတ်ပေးခြင်းနည်းဖြင့် စစ်ကောင်စီ မျှားလာဟုဆို
November 17, 2022
အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံရေးအကျဉ်းသားတချို့ကို လွတ်ငြိမ်းခွင့်ပေးခြင်းနည်းဖြင့် နိုင်ငံတကာဖိအား လျော့ ပါးလာအောင် စတင်ကျင့်သုံးပြီဟု နိုင်ငံရေးသုံးသပ်သူတချို့က ပြောသည်။ နိုဝင်ဘာ ၁၁ ရက်နေ့၊ အာဆီယံထိပ်သီး အစည်း အဝေးက မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက် ၁၅ ရပ်ထွက်ပေါ်လာပြီးနောက် ယနေ့တွင် စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသား တချို့ ကို လွတ်ငြိမ်းခွင့်ပြုသည့်အပေါ် ယင်းသို့ အကဲဖြတ်ကြခြင်းဖြစ်သည်။ “အခုပြန်လွှတ်တဲ့အထဲမှာ နိုင်ငံတကာ အသိုင်းအဝိုင်းက ပြန်လွှတ်ပေးဖို့အကြိမ်ကြိမ်တောင်းဆိုခဲ့တဲ့ ဒေါ်စု စီးပွားရေးအကြံပေး ရှောင်တာနယ် တို့၊ အင်္ဂလန်သံအမတ် ကြီးဟောင်းတို့ ဂျပန်လူငယ် ဒါရိုက်တာတို့ ပါလာတယ်ဆိုတာ နိုင်ငံတကာဖိအားတွေလျော့ကျလာအောင် အရင်တုန်းက သန်းရွှေ ရဲ့လုပ်နည်း လုပ်ဟန်ကို ပြန်ကျင့်သုံး လာတာ”ဟု ရန်ကုန်အခြေစိုက်နိုင်ငံရေးသုံးသပ်သူတစ်ဦးက ပြောသည်။ သို့သော်၊ အကြမ်းဖက် စစ်ကောင်စီ၏ ယခုလုပ်ရပ်ကြောင့် နိုင်ငံတကာဖိအားများ လျော့ပါးလာမည်မဟုတ်ကြောင်း ၎င်းက ကောက်ချက်ချသည်။

ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးကလည်း အာဆီယံမူ ၅ ရပ်၏ အဓိကအချက်များဖြစ်သည့် မြန်မာ့ အရေး သက်ဆိုင်သူအားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးအဖြေရှာရေးနှင့် အကြမ်းဖက်မှုများချက်ချင်းရပ်ရေးဆိုသည့်အချက်ကို ရှောင်လွှဲကာ ၂၀၂၃ ရွေးကောက်ပွဲ ရည်မှန်းချက်ဆီအရောက်ချီရန် နိုင်ငံရေးအကျဉ်းသားတချို့ လွှတ်ပေးခြင်းနည်းဖြင့် စစ်ကောင်စီ က ကြိုးစားလာခြင်းဟု ဆိုသည်။ “မင်းအောင်လှိုင်က သူ့အာဏာတည်မြဲရေးကလွဲပြီး ဘာစေတနာမှမရှိဘူးဆိုတာ အားလုံးမျက်မြင်ပဲ။ သူက အာဆီယံအနေနဲ့ NUG နဲ့တွေ့မှာကို သေမလောက်ကြောက်နေပြီ။ ဖနွမ်းပင်ထိပ်သီး အစည်းအဝေး တွေမှာ နိုင်ငံ တကာခေါင်းဆောင်တွေ ငေါက်ငမ်းတာလည်း ခံခဲ့ရပြီးပြီ။ အဲဒါကြောင့် နိုင်ကျဉ်းနည်းနည်းပြန်လွှတ်ပြီး ရမလား လို့ မျှားကြည့်တာ”ဟု ၎င်းကပြောသည်။ အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံရေးအကျဉ်းသားတချို့ကိုပြန်လွှတ်ပေးသော်လည်း ပြည်သူအပေါ် သတ်ဖြတ်ကာ ပြည်သူ့နေအိမ်မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက်လုပ်ရပ်ကို မလျှော့တမ်းဆက်လုပ်နေမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ ယနေ့တွင် အကျဉ်းသား၊ အကျဉ်းသူ ၅၇၇၄ ဦးကို လွတ်ငြိမ်းခွင့်ပေးကြောင်း အကြမ်းဖက် စစ်ကောင်စီကကြေညာထားသည်။

၁၂။ ကရင်နီပြည်တွင် စစ်ကောင်စီမှ ဒရုန်းတိုက်ခိုက်မှုများ ပိုမိုအသုံးပြုလာနိုင်
November 18, 2022
ကရင်နီပြည်က တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်ရန် စစ်ကောင်စီမှ ဗုံးသီးတပ်ဒရုန်းများပိုမို အသုံးပြုလာနိုင် ကြောင်း ကရင်နီပြည်အစိုးရ ကာကွယ်ရေးဌာနက နိုဝင်ဘာလ(၁၆)ရက်နေ့မှာ ပြောဆိုပါတယ်။ ကရင်နီပြည်တွင်း စစ်ကောင်စီ မှ ဗုံးသီးတပ်ဒရုန်းများ အသုံးပြုတိုက်ခိုက်နေတဲ့ အခြေအနေနဲ့ပါတ်သက်ပြီး ကရင်နီပြည်အစိုးရ ကာကွယ်ရေးဌာန ဒု-ဝန်ကြီး ခူဒယ်နီယာယ်က အခုလိုပြောပါတယ်။ “သူတို့က ဒရုန်းတွေကိုစမ်းသပ်အသုံးပြုနေပြီဆိုတော့ လုပ်လာနိုင်ဖွယ်ရှိတယ်။ ဘာဖြစ် လို့လဲဆိုတော့ သူတို့က မြေပြင်စစ်ထွက်နိုင်တဲ့တပ်က မရှိသလောက်ရှိနေပြီ။ သူတို့တပ်စခန်းမှာပဲနေထိုင်တာ အခြေချတာများ နေပြီ။ နောက်ပြီးတော့ အဲဒီလိုစစ်ဆင်ရေးမျိုး။ နောက်လုံခြုံရေး လမ်းစရိတ်တွေ သူတို့ထွက်တာ နည်းနေတော့ နောက်ပိုင်းမှာ တော့ ဒရုန်းတွေနဲ့ အသုံးပြုနိုင်ခြေရှိတယ်။” ပြီးခဲ့တဲ့နိုဝင်ဘာလ ၉ ရက်နေ့က ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းတစ်နေရာမှာ စစ်ကောင်စီမှ ဗုံးသီးတပ်ဒရုန်းနဲ့ လာရောက်ပစ်ခတ်တာရှိခဲ့ပါတယ်။ လွိုင်ကော်အရှေ့ခြမ်းကျေးရွာတွေမှာလည်း စစ်ကောင်စီက ဒရုန်းနဲ့ ကင်းထောက်တာတွေ နေ့စဉ်လုပ်နေပြီး ဗုံးသီးတပ်ဒရုန်းနဲ့ တိုက်ခိုက်တာတွေလည်း ရှိနိုင်တယ်လို့ လွိုင်ကော်အရှေ့ ဖက်ခြမ်း စစ်ရှောင်ကူညီသူတစ်ဦးက သုံးသပ်ပြောပြပါတယ်။

“ဒရုန်းဗုံးနဲ့ ပစ်တယ်ဆိုတာကတော့လေ ပစ်ရင်လည်း ပစ်မယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့က တော့ ပစ်တာကိုလည်း မတွေ့ရသေးဘူး။ ပစ်လား မပစ်လားတော့ တပ်အပ်မပြောတတ်သေးဘူး။ တခါတလေကျတော့ ခဏက ပြောသလိုမျိုး လက်နက်ကြီး ထွက်တဲ့အသံမကြားပဲနဲ့ ဒုန်း လာကျသွားတာမျိုးတော့ ရှိတော့ရှိတယ်ပေါ့။ အဲ့ဒါတော့ ၂ လုံး ၃ လုံး လောက်တော့ရှိတယ်ပေါ့။ အဲ့ဒါလည်း ဒရုန်းဗုံးလို့ ပြောလို့ရမလား။ ဒါမှမဟုတ် လွိုင်ကော်ဖက်ကနေ ပစ်လာတဲ့ဟာလာ။ အဲ့လိုမျိုးလည်း မပြောတတ်ဘူးလေနော။ ထွက်သံတော့ မကြားပဲနဲ့ ကျတဲ့ဟာမျိုးတွေ တော့ ရှိတယ်ပေါ့။ အဲ့ဒါတော့ ဒရုန်းဗုံး လား ဒါမှမဟုတ်လည်း အဝေးကနေ ပစ်တဲ့ဟာလား မသိဘူးပေါ့။ ၅၃၀ ကနေပစ်တယ်ဆိုရင် ကျနော်တို့တော့ အနည်းဆုံး ထွက်သံတော့ကြားတယ်။ ကျသံလည်း ကြားတယ်ဆိုတဲ့ဟာမျိုးတွေပေါ့။ ” လို့ လွိုင်ကော်အရှေ့ဖက်ခြမ်း စစ်ရှောင်ကူညီသူ တစ်ဦးက ပြောပါတယ်။ လက်ရှိ ကရင်နီပြည်တွင်းက တော်လှန်ရေးအင်အားစုတွေဖက်ကလဲ စစ်ကောင်စီကို တော်လှန် တိုက်ခိုက်ရာမှာ ဗုံးသီးတပ်ဒရုန်းများအသုံးပြုနေတာလည်းရှိနေပါတယ်။

၁၃။ စစ်ကောင်စီ ရိက္ခာပို့ကားအား ကရင်နီတပ်ပေါင်းစု တိုက်ခိုက်ရာ ကားပျက်စီးပြီး စစ်သားများသေဆုံး
November 18, 2022
ကရင်နီပြည်(ကယားပြည်နယ်)အတွင်း၌ လက်နက်နှင့် ရိက္ခာပို့ကားအား တိုက်ခိုက်ခဲ့သည်ဟု ယနေ့တွင် ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု KRU က ဖော်ပြထားသည်။ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)လှုပ်ရှား စစ်မျက်နှာ ဖြစ်သော ကုန်းသာကျေးရွာအတွင်း ဖြတ်သန်းသွားလာခဲ့သော စစ်ကောင်စီ လက်နက် ၊ ရိက္ခာပို့ကားအား KRU တပ်ဖွဲ့မှ မိုင်းဖြင့် တိုက်ခိုက် ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း၌ စစ်ကားတစ်စီးပျက်စီးသွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးခဲ့သည်ဟု KRUက ထုတ်ပြန်သည်။ ထိုတိုက်ခိုက်မူအတွင်း၌ စစ်ကောင်စီတပ်မှ အင်အား အလုံးအရင်းဖြင့် အလျင်အမြန် ရောက်ရှိလာခဲ့သော ကြောင့် KRU တပ်ဖွဲ့အနေဖြင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရသည်။ အဆိုပါ စစ်ဆင်ရေးအတွင်း၌ KRUတပ်ဖွဲ့ဝင်များ ထိခိုက်မှုတစ်စုံ တစ်ရာ မရှိခဲ့ဟု Karenni Revolution Union (KRU) က ဖော်ပြထားသည်။

၁၄။ နောင်ချိုမြို့နယ် မန္တလေးPDF နှင့် စစ်ကောင်စီတို့ စစ်ရေးတင်းမာနေဆဲ
November 18, 2022
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်- ပြင်ဦးလွင်မြို့ကြား မန္တလေး PDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားပြီး နောက်ပိုင်း စစ်ရေးတင်းမာနေလျက်ရှိကြောင်းသိရှိရသည်။ ယခု နိုဝင်ဘာလအတွင်းတွင် စစ်ကောင်စီတို့ဘက် စစ်ဆေးထိုးဆင် လာပြီး ထိတွေ့မှုတွေရှိလာပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ “ အခုတော့ စစ်ရေးတင်းမာနေတယ်။ တိုက်ပွဲမဖြစ်တာ၂ ရက်ရှိနေပြီ။ တိုက်ပွဲဖြစ်ပွားတာက နောင်ချိုမြို့နယ် နဲ့ ပြင်ဦးလွင်ကြားမှာဖြစ်တာ။ သူတို့ဘက်ကနေ စစ်ဆေးလုပ်ပြီး ထိတွေ့မှု တွေရှိလို့ တိုက်ပွဲဖြစ်ပွားခဲ့တာ” ဟု မန္တလေး PDF ကိုမိုးကြိုးက ပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်တွင် စစ်ကောင်စီ နှင့် မန္တလေး PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ဘက်မှ ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ “ ဒီနေ့ထိတော့ တိုက်ပွဲပြန်မဖြစ် သေးဘူး။ ၁၆ ရက်နေ့တုန်းကပဲဖြစ်တာ။ သူတို့ဘက်ကတော့ ခန့်မှန်းခြေ အင်အား ၁၀၀ ကျော်လောက်စစ်ရေးထိုးလာတာ။ ကျနော်တို့ဘက်တော့ ရဲဘော် ၄ ဦး ဒဏ်ရာအနည်းငယ်ရလာကြတယ်။ မစိုးရိမ်ရဘူး” ဟု အထက်ပါ မန္တလေး PDF မှ ရဲဘော်မိုး ကြိုးက ပြောသည်။ အလားတူ နိုဝင်ဘာ ၈ နှင့် ၉ ရက်တွင်လည်း စစ်ကောင်စီနှင့် မန္တလေး PDF တို့တိုက်ပွဲဖြစ်ပွားခဲပြီး စစ်ကောင်စီဘက်မှ အရာရှိအဆင့် တစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

၁၅။ အရပ်သားတွေ ပစ်မှတ်ထား တိုက်ခိုက်ခံရမှုအပေါ် ကရင်နီအတိုင်ပင်ခံကောင်စီရှုတ်ချ
November 18, 2022
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်တွေကို အဓိကထား တိုက်ခိုက်နေတဲ့အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) က နိုဝင်ဘာလ ၁၈ ရက် ဒီနေ့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု ကြောင့် ရှမ်းပြည်တောင်ပိုင်းနဲ့ ကယားပြည်နယ်အတွင်းမှာ ငါးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရပြီး ၂၈ ဦးဒဏ်ရာရခဲ့ သလို နေအိမ် အလုံး ၅၀ ကျော် ပျက်စီးခဲ့ရတယ်လို့ KSCC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းမှာ ၁၅ ရက်အတွင်း လက်နက်ကြီးကြောင့် အရပ်သား ၁၂ ဦး ထိခိုက် ဒဏ်ရာရခဲ့ပြီး နေအိမ် (၂၈) လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ဒီးမော့ဆိုမြို့နယ်အတွင်းမှာတော့ ကလေးငယ် တစ်ဦး သေဆုံးပြီး ရှစ်ဦးဒဏ်ရာရခဲ့သလို နေအိမ် (၁၃) လုံးအထိ ပျက်စီးထားတယ်လို့ ဆိုပါတယ်။ဖရူဆိုမြို့နယ်အတွင်းမှာ နေအိမ် သုံးလုံးနဲ့ ရှမ်းပြည်တောင်ပိုင်းမှာ ဖယ်ခုံမြို့မှာ နေအိမ်ခုနစ်လုံး ပျက်စီးခဲ့ပြီး အရပ်သား ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီဘက် လက်နက်ကြီးအသုံးပြုပြီး အရပ်သားပစ်မှတ်တွေကို အခုလို တိုက်ခိုက်နေတာဟာ လူ့အခွင့်အရေးနဲ့ စစ်ရာဇဝတ်မှုကို ချိုးဖောက်နေတာဖြစ်လို့ နိုင်ငံတကာသံတမန်တွေ အနေနဲ့ နှုတ်ဆိတ်မနေဘဲ အရေးယူ ဆောင်ရွက်မှုတွေပြုလုပ်ပေးဖို့ တိုက်တွန်းတယ်လို့ KSCC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၁၆။ သိန္နီမြို့နယ်ယာဉ်တိုက်မှုဖြစ် လူ ၃ ဦးသေဆုံး
November 17, 2022
သျှမ်းပြည်မြောက်ပိုင်းသိန္နီမြို့နယ် ချောင်းဆာကျေးရွာအနီး ယာဉ်တိုက်မှုဖြစ်ပွား၍ လူ ၃ ဦးသေဆုံး ကြောင်းသိရသည်။ နိုဝင်ဘာလ ၁၇ ရက် နံနက် ၆ ဝန်းကျင် ပြည်ထောင်စုလမ်းမကြီး ကားလမ်းပေါ်ရှိ ရေပူဂိတ် အကျော်တွင် ၆ ဘီးကားတစ်စီးက ၁၂ ဘီးကားတစ်စီးကို နောက်ကနေ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိရာ ၆ ဘီးကားပေါ်မှ အမျိုးသားနှင့် အမျိုးသမီးတစ်ဦး သေဆုံး သွားခဲ့ကြောင်း အနိုင်းမဲ့ကုသိုလ် လူမှုကူညီရေးအသင်းမှသိရသည်။ “ မနက်အစောမှာက မြူ၊ မှိုင်းတွေနဲ့ ပြည့်နေတယ်ဆို တော့ ယာဉ်ကြီးကိုမတွေ့မိတာလားတော့ မသိဘူး။ ၆ ဘီးကားပေါ်က အမျိုးသားနဲ့ အမျိုးသမီး တစ်ယောက်တော့ ပွဲချင်းပြီး သွား တယ်။ တစ်ယောက်ကတော့ ဆေးရုံမှာဆုံးသွားတယ်”ဟု ၎င်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိတစ်ဦးကပြောသည်။ ယာဥ်တိုက် မှု ဖြစ်ပွားပြီးနောက် ၆ ဘီးကားပေါ်မှ မေ့စေ့ကွဲပြီး ထိခိုက်ဒဏ်ရာရသူ တစ်ဦးကို သိန္ဒီပြည်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်မှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။ ယခုလ အတွင်း သိန္နီမြို့တွင် ယာဥ်တိုက်မှု ၃ကြိမ်ထက်မနည်း ဖြစ်ပွား နေသဖြင့် ယာဥ်မောင်းများအနေဖြင့် သတိထားသွားလာကြရန်လည်း လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူကပြောသည်။

၁၇။ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ရေး ပြည်သူများပါဝင်ရန် အမျိုးသားနေ့တွင် DYC တိုက်တွန်း
November 18, 2022
၁၀၂ နှစ်ပြည့် အမျိုးသားနေ့အတွက် ပေးပို့သည့် ဒီမိုကရက်တစ်လူငယ်ကောင်စီ၏ သဝဏ်လွှာတွင် အာဏာရှင်စနစ် နိဂုံးချုပ်ပေးနိုင်ရန် နှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ရန်အတွက် ပြည်သူများ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပါဝင်ကြရန် တိုက်တွန်းထားသည်။ ပြည်သူလူထု ဆင်းရဲဒုက္ခများမှလွတ်မြောက်၍ ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ရေးသည် အဓိကကျပြီး အရေးကြီးသည့်တာဝန်တစ်ရပ်ဖြစ်သည့်အပြင် ပြည်သူလူထု၏အာဏာအား မတရားသဖြင့်လုယူနေသည့် ဖက်ဆစ်ဝါဒီများကိုတွန်းလှန်၍ ပြည်သူအားလုံးပါဝင်သည့် နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ် ဖော်ဆောင်ရေးသည် တမျိုးသားလုံး နှင့် ဆိုင်သည့် အမျိုးသားရေးဖြစ်သည်ဟုလည်း သဝဏ်လွှာ၌ ဖော်ပြထားသည်။ အဆိုပါသဝဏ်လွှာ၏ ဖော်ပြချက်ထဲတွင် Professional Army ဟု ကြွေးကြော်ထားသည့် အကြမ်းဖက်စစ်အုပ်စုသည် လက်တွေ့တွင် Problems Army အဖြစ် ပြည်သူများ က သတ်မှတ်ထားပြီး အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည့် လူငယ်လူရွယ်များကို ညှင်းပမ်းနှိပ်စက်သတ်ဖြတ်ခြင်းဖြင့် စက်ဆုပ်ရွံ့ရှာဖွယ် ကောင်းသည့် ဖက်ဆစ်စနစ် ကျင့်သုံးလျှက်ရှိနေသည်ဟု ထည့်သွင်းရေးသားထားသည်။

ထို့အပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရေးဟူသည့် အမျိုးသားအောင် ပွဲနေ့ ဦးတည်ချက်တွင် ရေးသားထားသော် လည်း တိုင်းရင်းသားဒေသများသို့ လက်နက်ကြီးငယ်များ ပစ်ခတ်ခြင်း၊ ရဟတ်ယာဉ် လေကြောင်းသုံးပစ်ခတ်ခြင်းများ၊ သတ်ဖြတ်ခိုးယူခြင်းများ ပြုလုပ်လျှက်ရှိ သည်ဟုလည်း ဒီမိုကရက်တစ်လူငယ်ကောင်စီက ပြောဆိုထားသည်။ အမျိုးသားရေးသည် အမျိုးဘာသာ၊ သာသနာအပေါ် အစွန်းရောက် ယုံကြည်မှု၊ အတ္တဝါဒီ မဟုတ်ဘဲ ပြည်ထောင်စုအတွင်းရှိ ရဟန်းရှင်လူပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်နှင့် လုံခြုံလွတ်လပ်စွာ အသက်ရှင်နေထိုင်ခြင်းတို့ ဖြစ်ပြီး အမျိုးသားနေ့၏ အနှစ်သာရသည် ပြည်သူလူထုအား မတရားသည့်နည်းလမ်း၊ မတရား သည့်ဥပဒေ စသည်တို့ဖြင့် ဖိနှိပ် ချုပ်ချယ်မှု၊ အကြမ်းဖက်မှုတို့အား အာဏာဖီဆန် နိုင်ငံရေးအံတုသည့်နေ့လည်းဖြစ်ကြောင်းလည်း ၎င်းသဝဏ်လွှာတွင် ဖော်ပြ ထားသည်။ မြန်မာနိုင်ငံတွင် တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြပြီး မြန်မာ သက္ကရာဇ် ၁၂၈၂ ခုနှစ်၊ ထိုနေ့သည် ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုအားဖြင့် တက္ကသိုလ် ကျောင်းသားများက သပိတ်မှောက် ဆန့်ကျင်ခဲ့သည့်နေ့ဖြစ်သည်။

၁၈။ မောင်တောဒေသတွင် ဆန်နှင့်ကုန်စျေးနှုန်းများမြင့်တက်နေသောကြောင့် ပြည်သူများဒုက္ခရောက်
November 17, 2022
မြန်မာစစ်တပ်က ကုန်းလမ်း၊ရေလမ်းကို တင်းကျပ်စွာပိတ်ဆို့ထားပြီးနောက် ရခိုင်ပြည်၊မောင်တောနှင့် ဘူးသီး တောင်မြို့နယ်တွင် ဆန်၊စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်စျေးနှုန်းများ အဆမတန် စျေးနှုန်းမြင့်တက်လျက် ရှိကြောင်း သိရ သည်။ အဆိုပါ မြို့နယ်များတွင် ပြီးခဲ့သည့် အောက်တိုဘာလတွင် ပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် ငွေ ၈ သောင်း ခွဲကျပ်ရှိ ခဲ့ရာမှ လက်ရှိတွင် ငွေ ၁၅၀၀၀၀ ကျပ်အထိ စျေးနှုန်းမြင့်တက်လျက်ရှိသည်။ ဧည့်မထဆန်ဆိုလျှင်လည်း တစ်အိပ်လျှင် ငွေကျပ် ၅ သောင်းကျော်ရှိခဲ့ရာမှ ငွေကျပ် ရှစ်သောင်းကျော်အထိ မြင့်တက်လာသည်ဟု ဒေသခံများထံက သိရသည်။ “ဆန်စျေးနှုန်းတွေက တအားတက်နေပါတယ်။ အဲလောက်တက်နေရင် ပြည်သူလူထုကလည်း စားရေး သောက်ရေး အခက်အခဲတွေ ဘယ်လိုဖြစ် နေမလဲ စဉ်းစားကြည့်ပါလေ။ အသွားအလာကလည်း ကန့်သတ် ထားတယ်ဆိုတော့ တစ်ရွာမှာမရှိလို့ တခြားတစ်ရွာကို သွားဝယ်မယ်ဆိုရင်တောင် အခက်အခဲနဲ့ ကြုံနေရ ပါတယ်“ ဟု မောင်တောဒေသခံ ဦးခင်မောင်က ပြောသည်။

ထို့ပြင် ဆီသန့်တစ်လီတာလျှင်လည်း ယခင်က ငွေကျပ် ၅၀၀၀ ကျပ်ရှိခဲ့ရာမှ လက်ရှိတွင် ၇၀၀၀ ကျပ်အထိ စျေးနှုန်းမြင့် တက်နေသည်။ ဓာတ်ဆီတစ်လီတာလျှင်လည်း ယခင်ရက်ပိုင်းက ငွေကျပ် ၄၀၀၀ ကျပ်ရှိခဲ့ရာမှ လက်ရှိတွင် ငွေကျပ် ၅၀၀၀ အထိစျေးနှုန်းမြင့်တက်နေကြောင်း ဒေသခံတစ်ဦးထံက သိရသည်။ “ထမင်း၊ ဟင်း၊ ငါးဆိုတာက မစားလို့မဖြစ်ပါ။ တခြားဟာ တွေ မစားရင်လည်း ရပါတယ်။ ဆန်၊ ဆီ၊ ကြက်သွန်တွေ စျေးမတက်ဖို့ လိုပါတယ်။ ကိုယ့်ပြည်ကထွက်တဲ့ ပစ္စည်းတွေကအစ စျေးတက်နေလို့ အဆင်မပြေပါ။ ဝန်ထမ်းတွေတောင်မှ ဒီလိုခက်ခဲနေရရင် လက်လုပ်လက်စားတွေဆိုရင် စဉ်းစားကြည့်ပါ။ သူတို့ ပိုပြီးခက်ခဲပါ လိမ့်မယ်”ဟု ဘူးသီးတောင်မြို့နယ်မှ ပညာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။ မြန်မာစစ်တပ်သည် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်စသည့်မြို့နယ်များကို ကုန်းလမ်း၊ရေလမ်းမှ သွားလာခွင့် ပိတ်ဆို့ထားသောကြောင့် အဆိုပါဒေသ တွင်းတွင် ကုန်စည်ပြတ်တောက်မည့်အရေးနှင့်ရင်ဆိုင်နေရသည်။ ထို့ပြင် လက်ကျန်ကုန်ပစ္စည်းများမှာလည်း စျေးနှုန်းအဆ မတန် မြင့်တက်နေသောကြောင့် ဒေသခံများအခက်တွေ့ နေရခြင်းဖြစ်သည်။ “ လူတိုင်းခက်ခဲကြပါတယ်။ တစ်ရက်လုပ်မှ တစ်ရက်စားရတဲ့ လူတွေဆို ပိုဆိုးပါတယ်။ နေ့တိုင်း အဲဒီစားဝတ်နေရေးကိစ္စကိုပဲ ဦးတည်ပြီး ဖြေရှင်းနေကြရပါတယ်။ အရင်ကနဲ့ စာရင် ပစ္စည်းတွေက အကုန်စျေးတက်လာတော့ လူတိုင်းကြုံရပါတယ်၊ အဲဒီအခက်အခဲတွေကို။ လမ်းဖွင့်ပေးရင် လူတိုင်းလည်း ပိုပြီးအဆင်ပြေကြမယ်။ ကုန်စျေးနှုန်းတွေလည်း ငြိမ်လာပါလိမ့်မယ် “ ဟု မောင်တောမြို့ပေါ်မှ ဒေသခံတစ်ဦးက ပြောသည်။

၁၉။ လေကြောင်းရန်ကြောင့် သေ့ဘောဘိုးဒေသစစ်ရှောင် ၁,၄၀၀ ကျော် သောင်ရင်းမြစ်ဘေးသို့ ရွှေ့ပြောင်းခိုလှုံနေရ
November 17, 2022
မြဝတီတောင်ဘက်ရှိ သေ့ဘောဘိုး စစ်စခန်းအား ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရန် လုပ်ဆောင်နေသည့် စစ်ကောင်စီ စစ်ကြောင်းများ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် သေ့ဘောဘိုးဒေသစစ်ဘေးရှောင် ၁,၄၀၀ ကျော် သောင်ရင်းမြစ်ဘေးနေရာသို့ ရွှေ့ပြောင်း နေထိုင်ခိုလှုံနေကြရကြောင်း သိရှိရသည်။ ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များက စစ်ကောင်စီမှ နှစ်ပေါင်း ၃၀ ခန့် သိမ်းပိုက်အခြေချ ထားခဲ့သည့် သေ့ဘောဘိုးစခန်းအား ပြည်လည်သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်မှ ပြန်လည်သိမ်းပိုက်နိုင်ရန် ယခု ရက်ပိုင်းအတွင်း ပိုမိုတိုက်ခိုက်လာနေသည့်အတွက် ယာယီစစ်ရှောင်စခန်းမှ စစ်ရှောင်များ နေရာရွှေ့ပြောင်းရှောင်တိမ်းနေကြရ ကြောင်း သေ့ဘောဘိုးရွာသားက အခုလို ပြောသည်။ “အခုက နေ့တိုင်း ပစ်ခတ်နေတာ၊ စစ်တပ်ကသေ့ဘောဘိုးရွာထိပ်က သူတို့ အရင်နေတဲ့ စခန်းကို ပြန်တိုက်ယူနေတာကြောင့် ကရင်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတယ်။ သေ့ဘောဘိုးရွာ သောင်ရင်းမြစ် ကမ်းနားအပေါ်က ယာယီစစ်ရှောင်တဲတွေမှာ လူမနေရဲကြတော့ဘူး၊ သေ့ဘောဘိုး တောနော်အထက်တန်းကျောင်းသား ကလေးတွေလည်း နေရာခွဲပြီးနေနေကြရတယ်။ လေယာဉ်က အချိန်မရွေးလာဗုံးကြဲမှာ လူတိုင်းကြောက်နေကြရတယ်၊ ”ဟု သေ့ဘောဘိုး ကျေးရွာသားတစ်ဦးက ပြောသည်။

လက်ရှိ အခြေအနေတွင် စစ်ကောင်စီတပ်များဘက်မှ ဆုံဆည်းမြိုင်ကျေးရွာဘက်မှလည်းကောင်း၊ ဝေါလေလမ်းပိုင်း မြွေ ၃ ကောင်ဘုရားကုန်း၊ ဘလယ်ဒိုကျေးနယ် တောင်ကုန်း၊ ဖလူးဘုရားကုန်းဘက်မှ လက်နက်ကြီးများ အတွဲလိုက်ပစ်ခတ် သည့် ရော့ကက်ဒုံးများဖြင့် နေ့/ည ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။ ထို့အပြင် မြေပြင် စစ်ကြောင်း ၂ ခုဖြင့် ယခုနို၀င်ဘာလကုန် မတိုင်မီ ပြန်လည်သိမ်းပိုက်နိုင်ရန် စစ်ဆင်ရေး စီမံချက် ဖြင့် တိုက်ခိုက်လုပ်ဆောင်နေမှုအား KNLA ပူးပေါင်းတပ်များမှ တန်ပြန်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်များ အထိ အခိုက်အကျအဆုံးများရှိနေကြောင်း စစ်ရေးနယ်မြေသတင်းအရင်းအမြစ်က ပြောသည်။ “စစ်တပ်က လူတွေထိတယ်၊ သေတယ်၊ ဒဏ်ရာရကြတယ်၊ သူတို့ ပြန်ဆုတ်လိုက်တက်လာလိုက် လုပ်တယ်၊ အတွဲလိုက် ဒုံးတွေနဲ့ ပစ်တယ်။ သူတို့စစ်တပ် ဒဏ်ရာရကြသူတွေကို မြ၀တီဘက် ပြန်သယ်ဖို့ ကလည်းမဖြစ်၊ ဝေါလေဗျူဟာမှာကလည်း ဆရာ၀န်မရှိဆိုတော့ ဝေါလေကမ်း ကူး ပြီး ထိုင်းဆေးရုံဘက်ကို အရပ်သားပုံစံနဲ့ ဆေးရုံပို့ပြီး ကုတာတွေရှိတယ်။ ဒီလမကုန်ခင် သေ့ဘောဘိုးကို ရအောင်သိမ်းရ မယ်ဆိုပြီး တိုက်နေတာဆိုတော့ အပစ်အခတ်ကနေ့တိုင်းတော့ ဖြစ်နေတယ်”ဟု KNLA စစ်ရေး နယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။ လတ်တလောတွင် KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေတွင် မြဝတီတောင်ဘက် သေ့ဘောဘိုး ဒေသအပါအဝင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာသည့်အတွက် စစ်ဘေးရှောင် ယာယီစခန်းများတွင် နေထိုင်ခိုလှုံကြသည့် စစ်ရှောင်များသည် ထိုင်း-မြန်မာနယ်စပ်သောင်ရင်းမြစ်ဘေးဝါးတောများအကြား ရွှေ့ပြောင်းနေထိုင်ခိုလှုံနေကြရကြောင်း သိရသည်။

၂၀။ စစ်ရှောင်တွေရဲ့ ဝါးတဲတွေ ပိုးထိုးတာကြောင့် အသစ်ပြုပြင်ဆောက်လုပ်ဖို့လိုအပ်နေ
November 17, 2022
ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်း စစ်ဘေးရှောင်တွေဆောက်လုပ်နေထိုင်ကြတဲ့ ဝါးတဲအိမ်တွေဟာ ပိုးထိုးတာ ကြောင့် အသစ်ဆောက်လုပ် ဖို့ လိုအပ်နေပေမယ့် အခက်အခဲ ရှိနေကြတယ်လို့ စစ်ဘေးရှောင် တွေကပြောပါတယ်။ “စစ်ရှောင် တာကြာပြီ၊ ဟိုးအရင် ကခုတ်ထားတဲ့ဟာတွေက တစ်နှစ်ကျော်လာပြီဆိုတော့ ဝါးတွေက အဆင်မပြေတော့ဘူး၊ ချတွေတအား စားတော့ ဟိုစာ(အမှုန်) တွေကျတယ်။ တဲတိုင်းလိုလိုက။” လို့ ဒီးမော့ဆိုဒေသခံ စစ်ဘေးရှောင်လူငယ်တစ်ဦးကပြောပါတယ်။ လက်ရှိမှာ စစ်ရှောင်စခန်းတွေမှာ လူများလာတာကြောင့် ဝါးတဲ ကို အသစ်ဆောက်လုပ်ဖို့ အတွက် ဝါးတွေရှာရ ခက်လာသလို၊ ကုန်ကျမယ့် ငွေကြေးအခက်အခဲကြောင့် ဝါးတဲတွေကို အသစ်မဆောက်လုပ်နိုင်ကြသေးဘူးလို့ လည်း ဆိုပါတယ်။ “ကျမတို့ ဟာဆို ချတွေအကုန်လုံးစားကုန်တယ်။အကုန်လုံးပဲ။ အပေါ်က ဝါးတွေဆို ချတွေစားထားတာ ဖြူဖွေးနေတာပဲ။ ကျမတို့ ညအိပ် ရင် ဆင်မပြေတော့ဘူး။ ဘေးကလူကို ကြည့်လိုက်ရင် မျက်နာတွေလည်းဖြူ ၊ ခေါင်းတွေကလည်း ဖြူ။ ကျမတို့ ထမင်းအိုးတွေဆို တခုခုနဲ့ ဖုံးအုပ်ထားရတယ်။ တကယ်လို့ မဖုံးရင် ကျဝင်ကုန်တယ်။ တစ်ရက်ကို ၁၀ ခါလောက်လှည်လည်း အ့တိုင်းပဲ။ အကုန်လုံး ကဆွေးကုန်တယ်”လို့ စစ်ရှောင်အမျိုးသမီး တစ်ဦးက ပြောပါတယ်။

တစ်နှစ်ကျော် စစ်ဘေးရှောင်နေရတဲ့ အတွက် အလှူရှင်တွေကိုသာ မျှော်ကိုးပြီး နေထိုင်နေရတဲ့ စစ်ရှောင်တွေ ဟာ နောက်ထပ်အိမ်တစ်လုံးကို ပြန်လည် တည်ဆောက်ဖို့က သူတို့ အတွက် အခက်အခဲ များစွာ ရှိပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ဖို့ ဝင်ငွေ မရှိကြတဲ့ အပြင် သစ်တွေ ဝါးတွေကို ခုတ်ဖို့ ဓားတွေ လွှ တွေ စုံစုံလင်လင် မရှိတာတွေကြောင့် တော်တော် ဒုက္ခ ရောက်တယ်လို့ စစ်ရှောင်နေတဲ့ အသက် ၄၀ အရွယ် အမျိုးသား တစ်ဦးက ပြောပါတယ်။ “ကျနော်တို့ ဓားတွေဘာတွေလည်း အစုံမရှိတော့။ လွှတွေလည်းမရှိဘူး။သူများဟာ သွားငှားမယ်ဆိုရင်လည်း ခဏနေကြရင် သူကလည်းလို ကိုကလည်းလို အ့လိုမျိုး တွေပေါ့။ အရမ်း ဒုက္ခရောက်တယ် ဓားတွေဘာတွေ အစုံမရှိတော့”လို့ စစ်ရှောင်နေတဲ့ အသက် ၄၀ အရွယ်အမျိုးသားတစ်ဦးက ပြောပါတယ်။ ကရင်နီ လူမျိုးတို့ရဲ့ ရိုးရာအရ ဝါးတွေကို အောက်တိုဘာလ မှာခုတ်ယူအသုံးပြုရင် ဝါးကို ပိုးထိုးတာ သက်သာ တယ်လို့ သိရပါတယ်။ ဝါးခုတ်ချိန်မဟုတ်ပဲ ဝါးတွေကို ခုတ်ပြီး အသုံးပြုကြရတာမို့ ဝါးတွေ တော်တော်များဟာ ဆွေးတာတွေ၊ ပိုးထိုး တာတွေနဲ့ကြုံတွေ့နေကြရပါတယ်။

၂၁။ ဘားအံမြို့နယ်မှာ လက်နက်ကြီးကြောင့် အရပ်သား သုံးဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ
November 18, 2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ နိုဝင်ဘာလ ၁၇ ရက်၊ မနေ့ညနေ ၅ နာရီလောက်က BGF တပ်က ပစ်ခတ်မှုကြောင့် မိကရင်ရွာနဲ့ ကော့ဖျံရွာကြားမှာ စပါးရိတ်နေတဲ့ အရပ်သား သုံးဦး လက်နက်ထိမှန်သေဆုံးပြီး တစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီအရပ်သား လေးဦးဟာ စပါးရိတ်သိမ်းပြီး တဲပေါ်နားနေစဉ်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခံခဲ့ ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။ “တိုက်ပွဲလည်းရှိလို့တော့မဟုတ်ဘူး။ ဒီဘက်ရွာမှာက တိုက်ပွဲ လည်း မဖြစ်ဘူး။ အဲဒါကို လာပစ်သွားတာ။ တစ်ယောက်က ကောဖျံရွာသား၊ နှစ်ယောက်က မိကရင်ရွာက မောင်နှမနှစ်ယောက် နေရာတင် သေဆုံးသွားတာ။ ရွာထဲကလူတွေက အခုဆို ကြောက်နေကြတယ်။ အခြေအနေတွေက ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာ မသိသေးပါဘူး” သေဆုံးသူတွေအထဲမှာ ပထမတန်းကျောင်းသူတစ်ဦး၊ အသက် ၂၅ နဲ့ အသက် ၃၀ အရွယ် အမျိုးသား နှစ်ဦးဖြစ်ပြီး အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးကတော့ ခြေထောက်မှာ ဒဏ်ရာအပြင်းအထန် ရရှိတာကြောင့် ဆေးကုသမှု ခံယူနေရတယ်လို့ သူကပြောပါတယ်။ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဒေသခံတွေက BGF တွေရဲ့ ပစ်ခတ်မှုလို့ပြောဆိုခဲ့ပါတယ်။ ကုလ သမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေ အရ ကရင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခ တွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ပေါင်း ၈၉,၄၀၀ ကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။

၂၂။ ရွာငံမြို့တွင် အသက်မပြည့်သေးသည့် လူငယ် ၂ ဦး ဖမ်းဆီးခံရ
November 18, 2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၊ အလယ်ချောင်ကျေးရွာအနီးမှာ နိုဝင်ဘာ ၁၆ ရက် မနက် ၆ နာရီလောက်က ဆိုင်ကယ်နဲ့ ဈေးဝယ်သွားတဲ့ လူငယ်နှစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတဦးက “ဖမ်းခံရတဲ့ ကလေးနှစ်ယောက်က မောင်နှမတွေပါ။ အသက်က ၁၅ နှစ်ဝန်းကျင်ပဲ ရှိသေးတယ်။ မနက်အစော ဈေးဝယ်သွားရင်း ဖမ်းခံရတာလို့ကြားတယ်။ ဘာကြောင့်ဖမ်းခံရတာလဲ မသိဘူး။ တချို့ကလည်း လက်နက်တွေပါလို့ ဖမ်းခံရ တာလို့ပြောနေကြတာပဲ။ ကျနော့်အနေနဲ့ အတိအကျမသိပေမဲ့ ဒီကလေးတွေက အသက်တောင် မပြည့်သေးတာ ဘာနားလည် သေးမှာလဲ။ ပြီးတော့ သူတို့တွေက မိဘနဲ့အတူ တောင်သူ လုပ်စားနေကြတာ” လို့ ပြောပါတယ်။ အဖမ်းဆီးခံလိုက်ရတဲ့ ကလေး ငယ်နှစ်ဦးမှာ အလယ်ချောင်ရွာကဖြစ်ပြီး ဘာကြောင့် ဖမ်းဆီးခံရတယ် ဆိုတာနဲ့ ဘယ်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးပါဘူး။ ရွာငံမြို့မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဖမ်းဝရမ်းထုတ်ခံထား ရတဲ့သူတွေကို ဖမ်းဆီးနိုင်ဖို့အတွက် ကင်းပုန်းများချကာ လမ်းသွားလမ်းလာတွေကို စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

၂၃။ နေရပ်ပြန် နေထိုင်သူ အရပ်သားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး
November 18, 2022
ကရင်နီပြည် ဒီးမော့ဆိုမြို့ သေးဆူလဲရွာသစ်ကျေးရွာမှာ နိုဝင်ဘာလ ၁၆ရက်နေ့ နေ့လည်ပိုင်းကအသက် ၃၉နှစ်အရွယ် ဦးဖဲဘူး မိုင်းနင်းမိပြီးနောက် လွိုင်ကော်ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် ဆေးရုံရောက်တဲ့အချိန် သေဆုံးသွားခဲ့တယ်လို့ မိသားစုဝင် တစ်ဦးက ပြောပါတယ်။ ဦးဖဲဘူးဟာ နေရပ်ပြန်နေတာ သုံးရက်ရှိပြီဖြစ်ပြီး နေအိမ်တွေခြုံထူနေတဲ့အတွက် သန့်ရှင်းရေးတွေ ပြုလုပ်နေရင်း မိုင်းနင်းမိသွားတာဖြစ်ပါတယ်။ “သူနင်းမိတဲ့ မိုင်းအမျိုးအစားကတော့ သူများနဲ့မတူဘူး။ ခါတိုင်းသူများနင်းမိရင် သူများခြေတောက်ပြတ်တာလောက်ပဲ နည်းနည်းပါးပါးပွန်းပဲ့တာတွေတော့ရှိတယ်လေ။ အခုခါကျတော့ သူနင်းမိတဲ့ မိုင်းအမျိုး အစားကတော့ သူ့ခြေတောက်လည်း ပြတ်သွားတယ်ပေါ့နော။ မျက်နှာတွေကလည်း တစ်ဖက်က လုံးဝပျက်သွားတယ်။ နောက် ရင်ဘတ်ကိုလည်း လုံးဝထိသွားတာ။ ရင်ဘတ်ကလည်း ဝင်ပြီးတော့ ဘယ်ဘက်ကနေ ပေါက်သွားတာ သူ့သူငယ်ချင်းတွေက ပြောပြတာပေါ့နော။ လက်ရှိ သူ့ကို စစချင်းတွေ့တဲ့ သူတွေပေါ့နော။” လို့ မိသားစုဝင် တစ်ဦးက ပြောပါတယ်။

သေးဆူလဲရွာသစ်ကျေးရွာဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလအတွင်း ကရင်နီပြည်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ အချိန်က စပြီး အနီးအနားက ရွာတွေဆီ စစ်ရှောင်လိုက် ကျေးရွာပြန်လိုက်နဲ့ လယ်ယာလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ကြပါတယ်။ စစ်ကောင်စီ တပ်သားတွေဟာ ရွာထဲမှာ တပ်စွဲထားတာ ရှိသလို အဲဒီကျေးရွာရှိ နေအိမ် တစ်ဝက်ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ လက်ရှိမှာတော့ လက်နက်ကိုင် အဖွဲ့အစည်းတချို့က နေရပ်ပြန်နေထိုင်ဖို့ တိုက်တွန်းနေတဲ့အတွက် ဒေသခံတချို့ နေရပ်ပြန် နေကြတာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ အတွင်း မိုးဗြဲကနေ နန်းမယ်ခုံတကြော စစ်ကောင်စီ စစ်ကြောင်းထိုးလာတဲ့ အချိန်ကစပြီး ကျေးရွာမှာ နေထိုင်လို့မရတော့ဘဲ ရွာလုံးကျွတ် စစ်ဘေးရှောင်ခဲ့ကြရတာ လက်ရှိအချိန်ထိဖြစ်ပါတယ်။

၂၄။ ဖားကန့်အကျဉ်းထောင်နှစ်ခုမှ နိုင်ငံရေးအကျဉ်းသား ၂၂ ဦး လွတ်မြောက်
November 17, 2022
စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယနေ့ နေ့လယ်ပိုင်းက ဖားကန့်အကျဉ်းထောင်နှစ်ခုမှ လွတ်မြောက်လာသူ များတွင် နိုင်ငံရေးအကျဉ်းသား ၂၂ ဦး ပါဝင်ကြောင်းသိရသည်။ လုံးခင်းအုပ်စု၊ မှော်ပုံ(မဒဲယန်) အကျဉ်းထောင်မှ ပုဒ်မ ၅၀၅(က) ဖြင့် ပြစ်ဒဏ်ချမှတ်ခံရသည့် အမျိုးသား ၁၁ ဦး လွတ်မြောက်လာပြီး အခြားအမှုဖြင့်လေးဦး စုစုပေါင်း ၁၅ ဦးပြန်လည်လွတ် မြောက်လာကြောင်း သတင်းရင်းမြစ်တစ်ဦးကပြောသည်။ “၅၀၅ နဲ့က အကုန်ပြန်လွတ်လာတယ်။ ကျန်မာရေးကတော့ အကုန်လုံး အဆင်ပြေပါတယ်ခင်ဗျ။ တခြားအမှု လေးမှုက ကျောက်မှုတို့၊ ခိုးမှုတို့၊ ရဲမှုတို့၊ ရဲစီးတို့ပေါ့နာ်” ဟုပြောသည်။

အဆိုပါအကျဉ်းထောင်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)ဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် အမျိုးသားသုံးဦး ကျန်ရှိနေသေးကြောင်း သူကဆက်ပြောသည်။ အလားတူ ဖားကန့်မြို့ အကျဉ်ထောင်မှလည်း ပုဒ်မ ၅၀၅(က) ဖြင့် အမျိုးသား ၁၁ ဦး ပြန်လည်လွတ်မြောက်လာကြောင်း အခြားဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “မရှီကထောင် (ရပ်ကွက်)ဘက်က ဖမ်းခံရတဲ့ ၁၁ ယောက်ပြန်လွတ်လာတာ။ ၅၀၅ (က) အမျိုးသမီးမပါဘူး။ အကုန်အမျိုးသားတွေပဲ။ အမျိုးသမီးကတော့ အကျဉ်းထောင်ထဲမှာ တစ်ယောက်မှမရှိတော့ဘူး” ဟုပြောသည်။တစ်နိုင်ငံလုံးတွင် စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ် မြောက်လာသူ အကျဉ်းသားစုစုပေါင်း ၅၇၇၄ ဦး ရှိပြီး ကိုမြအေး၊ ဒေါက်တာ မျိုးညွန့်၊ ရွှေညဝါ ဆရာတော်၊ စာရေးဆရာ မောင်သာချိုတို့ပါဝင်ကြောင်းသိရသည်။

၂၅။ ရခိုင်တွင် လမ်းပိတ်ထားသဖြင့် ကျောင်းသား၊ကျောင်းသူများ တက္ကသိုလ်တက်ရန်အခက်အခဲရှိနေ
November 17, 2022
ရခိုင်ပြည်မြောက်ဘက်ခြမ်းတွင် စစ်ကောင်စီက ကုန်းလမ်း၊ရေလမ်းမှ သွားလာခွင့်ပိတ်ပင်ထားသဖြင့် ကျောင်းသား၊ ကျောင်းသူများမှာ စစ်တွေမြို့သို့လာရောက်ပြီး တက္ကသိုလ်တက်ရန် အခက်အခဲရှိနေကြသည်ဟုသိရသည်။ နိုဝင်ဘာလ ၁၀ ရက်နေ့ကစတင်ကာ နေ့သင်တန်းများ ဖွင့်လှစ်သော်လည်း ဘူးသီးတောင်၊မောင်တော၊ ရသေ့တောင်၊ ပေါက်တော၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့မှ တက္ကသိုလ်ကျောင်းသားကျောင်းသူများမှာ ကျောင်းတက်ရန် အခက်အခဲဖြစ်နေကြခြင်း ဖြစ်သည်။ ယခင်က စစ်တွေ -ပုဏ္ဏားကျွန်းကားလမ်းဖွင့်သော်လည်း နိုဝင်ဘာလ၁၀ ရက်နေ့မှစ၍ သွားလာခွင့်ကို စစ်ကောင်စီမှ ပိတ်ပင် ထားသောကြောင့် ကျောင်းတက်ရန် အခက်အခဲ ဖြစ်နေသည်ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ မင်းကန်ကျေးရွာမှ ကျောင်းသူတစ်ဦးက ပြောသည်။ “စစ်တွေ -ပုဏ္ဏားကျွန်း ကားလမ်းကို ပိတ်ထားတာကြောင့် ကျောင်းတက်ဖို့အခုထိမသွားရသေးပါ။ ပြီးရင် ကျမတို့ ရွာနားက တန်ခိုး၊ကျော်ဇံ ရွာတွေမှာလည်း စစ်သားတွေရှိတာ‌ကြောင့် မသွားရဲဘူး။ရေကြောင်းလမ်းက သွားမယ်ဆိုရင်လည်း စစ်တွေဝင်ဝမှာ Navy ရှိတာကြောင့် မသွားရဲပါဘူး။ ကားလမ်းဖွင့်မှပဲ ကျောင်းတက်ဖို့သွားရမှာပါ။ ကျောင်းသားသမဂ္ဂကိုတော့ အကြောင်းကြားထားပါတယ်”ဟု သူကပြောသည်။

ထို့အတူမြောက်ဦးမြို့နယ်မှ ကျောင်းတက်ရန်လာသည့် ကျောင်းသူတစ်ဦးမှာလည်း စစ်တွေ- ပုဏ္ဏားကျွန်း ကားလမ်း ပိတ်ထားသောကြောင့် ကျောက်တော်၌ နေထိုင်နေရကာ ရွာပြန်မည်ဆိုသော်လည်း ရွာသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုရှိသောကြောင့် မပြန်ရဲဟု ကျောင်းတောင်ကျေးရွာမှ ပထမနှစ်ကျောင်းသူတစ်ဦး ကပြောသည်။ “မြောက်ဦးနယ် ဘက်ကနေ စစ်တွေကို ကျောင်းတက်ဖို့လာတာပါ။ ရွာကိုပြန်မယ်ဆိုရင်လည်း ရွာမှာက အခြေ အနေမကောင်းဘူး။ ရွာမှာလည်း ဟိုတစ်နေ့ကမှ လက်နက်ကြီးကျပြီး လူတွေဒဏ်ရာရတာ။ ရွာကိုပြန်ဖို့ကလည်း အဆင်မပြေ။ စစ်တွေကိုသွားမယ်ဆိုတော့ လည်း ကားလမ်းပိတ်ထားတဲ့အတွက်ကြောင့် ကျောက်တော်မှာနေနေရတာ ၆ ရက်လောက် ရှိပါပြီ။ ကားလမ်းဒီနေ့ဖွင့်မယ်ဆိုပြီး ဖွင့်လည်းမဖွင့်ဘူး။ ဒီမှာပိုက်ဆံတွေကလည်း အရမ်းကုန်နေပြီ”ဟုသူကပြောသည်။ ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာနှင့် ကိုးတန်ကောက် အနီးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ်ဘက်မှ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင် ကုန်းလမ်း၊ရေလမ်းကို ပိတ်ပင်ခဲ့သည်။ လက်ရှိတွင် စစ်တွေမှ အဆိုပါ ဒေသသို့ ပြေးဆွဲနေသည့် အမြန်ရေယာဥ်များကိုလည်း ပြေးဆွဲခွင့်ပိတ်ပင်ထားသည်။ ထို့ကြောင့် ကျောင်းလာရန် အခက်အခဲရှိနေသည်ဟု ဆိုကြသည်။

၂၆။ ဆီဆိုင်မြို့နယ် စစ်ရှောင် နာတာရှည်ရောဂါသည်များ ဆေးဝါးကုသရန် အကူအညီလိုအပ်
November 18, 2022
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းရှိ ကယားပြည် (ကရင်နီ) စစ်ရှောင်များထဲမှ နာတာရှည်ရောဂါသည်များ ဆေးဝါးကုသခံ အကူအညီလိုအပ်နေကြောင်းသိရသည်။ နာတာရှည်ရောဂါဖြစ်သည့် ဆီးချို၊ သွေးတိုး၊ လေးဖြတ်နာရောဂါ၊ နှလုံး ရောဂါ၊ ကျောက်ကပ်ရောဂါ နှင့် ကင်ဆာရောဂါ ခံစားနေရသူဆေးဝါးကုသခံရန် အရေးပေါ် အကူညီလိုအပ်နေကြောင်း စစ်ရှောင် ကော်မတီဝင်တစ်ဦးကပြောသည်။ ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်ဦးရေ(တစ်ထောင်) ဝန်းကျင်ရှိရာ ထိုထဲတွင် နာတာရှည် ရောဂါ သည်များသည် (၃၀၀) ဝန်းကျင်ခန့်ရှိပြီး လက်ရှိ ရောဂါခံစားနေရာမှ ဆေးဝါးကုသရန် ငွေရေးကြေးရေး ပြသာနာနှင့် ရင်ဆိုင်နေ ရသည်။ “ သက်ကြီးရွယ်အို အသက် (၆၀-၇၀) တွေက တော်တော်များပါတယ်။ သူတို့မှာလည်း နာတာရှည် ရောဂါ ဖြစ်တဲ့ ဆီးချို၊ သွေးတိုး၊ လေးဖြတ်နာရောဂါ၊ ကင်ဆာရောဂါတို့ ခံစားနေရတာ။ ဆေးဝါးကုသဖို့ကတော့ အလှူရှင်မရှိသ လောက်ပဲ။ ဆေး ဝယ်သောက်လို့မရဘူးဗျာ။ ရှိတဲ့အလှူရှင်ဆီတွေနားကပဲ အကန့်အသတ်နဲ့ ဆေးဝယ်သောက်ရတယ်။ ပုံမှန် ဆေးမသောက်ရဘူး၊ ပိုက်ဆံရှိသလို ဝယ်သောက်ရတယ်။ မရှိရင် ဆေးမသောက်ရဘူးပေါ့ “ ဟု ၎င်းကော်မတီဝင် တစ်ဦးက ပြောသည်။

ကင်ဆာရောဂါ၊ လေးဖြတ်နာရောဂါနှင့် ဆီးချိုရောဂါ ခံစားနေရသူ အချို့သည် ဆေးဝါးကုသရန် လုံလောက်မှု မရှိ သောကြောင့် ယခု ၂၀၂၂ ခုနှစ် ကာလပတ်လုံးမှာ ၈ ဦးဝန်းကျင် နာတာရှည်ရောဂါဖြင့် သေဆုံးသွားကြောင်း သိရသည်။ “ တချို့ က ဒီမှာသေရမှန်းသိလို့ မသေချင်ဘူးတဲ့ ကိုယ့်နေရပ် မွေးရပ်မြေမှာဘဲ သေမယ်ဆိုပြီး ပြန်သွားတဲ့ သူတွေလည်းရှိတယ်။ ကင်ဆာရောဂါသည် ခံစားနေပြီး နောက်ဆုံးအဆင့်ရောက်နေတဲ့ သူတွေလည်း ဆေးရုံမှာ ဆေးကုသခံယူနေရတယ်။ ပုံမှန် ဆေးဝယ်သောက်လို့ မရတော့ ရောဂါပြင်းမှ ဆေးရုံကိုပို့ရတယ်။ ကျနော်တို့မှာလည်း အလှူမရှိသလောက်နဲ့ ရှုံးကန်ပြီး ကူညီနေ ရတယ် “ ဟု ၎င်းကောာ်မတီဝင်တစ်ဦးက ဆက်ပြောသည်။ လက်ရှိ နာတာရှည်ရောဂါ ခံစားနေရသူများက ဆေးဝါးကို ပုံမှန် ဝယ် သောက်ခြင်း မရသဖြင့် ရောဂါခံပြင်းမှ သာလျှင် ဆေးရုံတွင် ဆေးဝါးကုသခံယူရကြောင်း သိရသည်။

၂၇။ ဖားကန့်တွင် စစ်တပ်က မှောင်ခိုကျောက်မျက်တူးခွင့်နှင့် လောင်စာဆီသယ်ခွင့်ပြု
November 18, 2022
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီက သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ထားပြီး ပြည်သူ တွေကို လောင်စာဆီသယ်ယူခွင့်မပေးဘဲ မှောင်ခိုကျောက်ခိုးတူးနေတဲ့ ကုမ္ပဏီတွေကိုတော့ စစ်တပ်က တရားမဝင် လောင်စာဆီ တင်ပို့ခွင့်ပြုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်မြို့နယ် ကျောက်စိမ်းတွင်းဒေသကို စစ်ကောင်စီလက်အောက်ခံ နယ်မြေခံတပ်မက လောင်စာဆီတင်ပို့ခွင့်တွေ စက်ဘာလကုန်ပိုင်းကစပြီး ပိတ်ပင်ခဲ့တာ တလနီးပါးရှိပြီ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေသုံးမယ့် လောင်စာဆီကားတွေကိုတော့ ဖားကန့်အထိ မတက်ခိုင်းဘဲ နန့်ယားကနေ ပိတ်ထားပေမဲ့ ကျောက်ခိုးတူး တဲ့ ကုမ္ပဏီကားတွေသယ်တဲ့ ဆီနဲ့ ယမ်းတွေကိုတော့ ခွင့်ပြုပေးထားတာကြောင့် ပြည်သူတွေအနေနဲ့ သွားလာရေးတွေမှာ ဆီ ပြတ်လပ်နေပြီး အခက်အခဲတွေ့နေတယ်လို့ ဆီကားမောင်းနှင်သူတယောက်က ပြောပါတယ်။ စစ်ကောင်စီက အာဏာသိမ်းပြီး နောက် ဖားကန့်ဒေသမှာ ကျောက်မျက်တူးဖော်တာတွေ ရပ်တန့်ထားဖို့ အကြိမ်ကြိမ်စာထုတ် တားမြစ်ထားပေမဲ့ လက်ရှိ မြေပြင် မှာတော့ နေ့ရောညပါ တရားမဝင် ခိုးတူးဖော်နေကြတာတွေရှိတယ်လို့ အမည်မဖော်လိုတဲ့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ဖားကန့်မြို့မှာ စက်သုံးဆီ အရောင်းဆိုင်ပေါင်း ၂၀ နီးပါးရှိပေမဲ့ ဆီပြတ်လပ်မှုကြောင့် အားလုံးနီးပါး ပိတ်ထားကြပြီး ဆိုင် တချို့ကတော့ 92 ဓာတ်ဆီတမျိုးတည်းကိုပဲ တဂါလန် ၂၂,၀၀၀ နဲ့ ရောင်းချနေရပါတယ်။ကျောက်စိမ်း လုပ်ကွက်တွေမှာတော့ တရက်ကို လောင်စာဆီဂါလန်ပေါင်း သိန်းချီ အသုံးပြုနေပြီး တရားမဝင် ကျောက်စိမ်းတူးဖော်မှုတွေကို ဆက်လက်လုပ်ကိုင် နေကြပါတယ်။ ဒါ့အပြင် ဖားကန့်မြို့နယ်မှာ စစ်ကောင်စီက သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ထားတာကြောင့် အခြေခံစားသောက်ကုန်တွေကအစ ကုန်ဈေးနှုန်းတွေလည်း အဆမတန်တက်နေပါတယ်။ စစ်ကောင်စီက အမျိုးမျိုးကန့်သတ် နေတာကြောင့် ဖားကန့်မြို့နယ်မှာ အခြေစိုက်တဲ့ တရားဝင် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတွေကတော့ စားနပ်ရိက္ခာ၊ ဆေးဝါး နဲ့ စက်သုံးဆီသယ်ယူပို့ ဆောင်တာတွေကို ရပ်နားထားကြပါတယ်။ ဖားကန့်မြို့နယ်မှာ အများပြည်သူ အသုံးပြုတဲ့ အင်တာနက် တွေကို စစ်ကောင်စီက ဖြတ်တောက်ထားတာလည်း နှစ်နဲ့ချီ ရှိနေပြီဖြစ်ပါတယ်။

၂၈။ စစ်တွေမြို့ ဘုန်းကြီးကျောင်းများက ဖမ်းဆီးသွားသည့် ကျောင်းသား ၉ ဦး ရဲစခန်းတွင် မရှိတော့၍ မိသားစုဝင်များ စိုးရိမ်နေ ၊ စစ်ကြောရေးသို့ ယူဆောင်သွားဟုဆို
November 17, 2022
ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့က ရခိုင်ပြည်၊ စစ်တွေမြို့ ဓညဝတီရပ်ကွက်အတွင်းရှိသည့် ဘုန်းတော်ကြီးကျောင်းများ တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် တက္ကသိုလ်ကျောင်းသား ၉ ဦး ရဲစခန်းတွင် မရှိတော့၍ မိသားစုဝင်များ စိုးရိမ်နေကြသည်။ အဆိုပါကျောင်းသားများကို စစ်ကောင်စီတပ်သားများကဖမ်းဆီးခဲ့ပြီးနောက် စစ်တွေမြို့အမှတ်(၁) ရဲစခန်း တွင် ထိန်းသိမ်းထားခဲ့ရမှ နိုဝင်ဘာလ ၁၆ ရက်နေ ညနေပိုင်းက ရဲစခန်းမှလွဲပြောင်းသွာပြီဟု ရဲအရာရှိတစ်ဦး က မိသားစုဝင်များ အား အသိပေးလာခြင်းဖြစ်သည်။ လက်ရှိတွင် အဆိုပါကျောင်းသားများ မည်သည့်နေရာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယူဆောင်သွားသည်ကို မသိရဘဲ သတင်းအစအန တစ်စုံတစ်ရာမရရှိသောကြောင့် မိသားစုဝင်များမှာ စိုးရိမ်စိတ်များ မြင့်တက် နေကြသည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။”ကျောင်းသား ၉ ယောက်ကို ဖမ်းထားတဲ့နေ့ကတည်းက စစ်တွေအမှတ်(၁) ရဲစခန်းမှာ ထိန်းသိမ်းထားခဲ့ပြီးတော့ ဘုန်းကြီးကျောင်းက သူတို့အတွက် ထမင်းတွေ၊ အဝတ်တွေကို ပို့ခွင့်ရခဲ့သေးတယ်။ မနေ့က ညနေက နေပြီးတော့ ရဲစခန်းက ဒီမှာမရှိတော့ဘူး ဆိုပြီးပြောလာတယ်။ ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာလည်း မသိရဘူး။ မိသားစုတွေကလည်း ဘယ်မှာမှန်းမသိရတော့ တော်တော်လေးကို စိုးရိမ်နေကြတယ်”ဟုပြောသည်။

ဘုန်းကြီးကျောင်းများမှ ဖမ်းဆီးခံရသူများ ပုဏ္ဏားကျွန်းမြို့နယ် မြသောက်၊ ပဲစိနန်းကျေးရွာ၊ ကျောက်တော်မြို့နယ် ခွဆုံ တို့မှ အသက် ၂၀ ကျော်အရွယ် မောင်အောင်လင်းစိုး၊ မောင်ဘိုအောင်ခင်၊ မောင်အောင်ငြိမ်း၊ မောင်စိုးမင်း၊ မောင်ဇော်လှိုင်ဦး၊ မောင်ကံစိုး တို့အပါဝင် တခြား ၃ ဦးမှာလည်း တက္ကသိုလ်ကျောင်းသားများဖြစ်ကြသည်။ အဆိုပါနေ့များက စစ်ကောင်စီတပ် သားများ ဝင်ရောက်ရှာဖွေမှုပြုလုပ်ခဲ့သည့် ဘုန်းတော်ကြီးကျောင်းများမှာ မင်္ဂလသုခကျောင်းတိုက်၊ တေဇရာမကျောင်းတိုက်၊ ဂန္ဓာရုံကျောင်းတိုက်နှင့် အသောကရာမ ကျောင်းတိုက်တို့ဖြစ်ကြောင်း ဖြစ်ကြသည်။ အဆိုပါ ကျောင်းသားများအား အပြစ်ရှိ သည်ဟု ယူဆပြီး တရားစွဲဆိုထားလျှင်လည်း ရဲစခန်းမှ မိသားစုများအား တွေ့ဆုံခွင့်ပေးစေချင်သည်ဟု ဖမ်းဆီးခံရသည့် မိသားစုဝင်တစ်ဦးက ပြောသည်။ “ကျွန်တော်တို့က အဲဒီ ကလေးတွေကို အပြစ်ရှိတယ်လို့ ယူဆပြီး တရားစွဲဆိုချင်တယ်ဆိုရင် လည်း ရဲစခန်းမှာ ထားပြီး မိသားစုဝင်တွေနဲ့ တွေ့ခွင့်ပေးစေချင်တယ်။ အခုက ဘယ်ကိုယူသွားလို့ ဘာလုပ်နေကြမှန်မသိတော့ တော်တော်လည်းကို စိုးရိမ်ရတယ်။ သူတို့တွေက တက္ကသိုလ်တက်နေကြတဲ့ ကျောင်းသားလေးတွေသာဖြစ်တဲ့အတွက် ဥပဒေနဲ့ အညီမျှမျှတတလေးတွေဖြစ်လာစေချင်တယ်”ဟုပြောသည်။

၂၉။ ဗန်းမော် သတ္တုတွင်းဝန်ကြီးနှင့် ဆွေမျိုးတော်စပ်သူ ပိုင်ဆိုင်သည့် ရွှေဖောင်မှ လွဲပြီး ကျန်ရွှေဖောင်များကို မီးရှို့ဖျက်ဆီး
November 18, 2022
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ဘူးတောင်းကျေးရွာအနီး ဧရာဝတီ မြစ်ကမ်းတွင် ရွှေ‌ဖောင် စက်လှေ ၁၀ စီးအနက် ဗန်းမော်သတ္တုတွင်းဝန်ကြီး၏ ညီမပိုင်ဆိုင်သည့် ရွှေဖောင်စက် ၃ စီးမှ လွှဲ၍ ကျန် ၇ စီးကို စစ်ကောင်စီက မီးရှို့ဖျက်စီး ပေးလိုက် ကြောင်း ရွှေဖောင်စက်လှေ နှင့် နီးစပ်သူများထံမှ သိရသည်။ အဆိုပါ ရွှေဖောင်စက်လှေများအား နိုဝင်ဘာလ ၁၄ ရက်နေ့ ဖမ်းဆီး သွားပြီးနောက် ပြန်လည်ရွေးယူနိုင်ရန် စက်လှေပိုင်ရှင်များ သွားရောက်ညှိနှိုင်းသော် လည်း ခွင့်မပြုဘဲ နိုဝင်ဘာလ ၁၅ ရက်နေ့ တွင်မီးရှို့ပေးလိုက်ကြောင်းသိရသည်။ “သူတို့စစ်တပ်နဲ့နီးစပ်တဲ့စက်လှေ ၃ စီးဘဲချန်ထားပေးတယ်လို့ပြောတယ်။ ကျန်တာတော့ အားလုံးမီးရှို့လိုက်ပြီတဲ့“ဟု ရွှေဖောင်စက်လှေနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ရွှေဖောင် စက်လှေ ဖမ်းဆီးသည့် စစ်ကောင်စီ တပ်များမှာ ခလရ ၂၆ နှင့် ခလရ ၃၁၉ တပ်တို့ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အဆိုပါရွှေဖောင် စက်လှေ လာရောက် ဖမ်းဆီးချိန် ရွှေဖောင်စက်‌လှေတွင် အလုပ်လုပ်ကိုင်နေသည့် လူငယ်တစ်ချို့နှင့် စင်းခန်းတံတားနားမှလူငယ်များ စုစုပေါင်း လူငယ် ၄၀ ဝန်းကျင်ကိုလည်း စစ်တပ်က ဖမ်းဆီးသွားကြောင်း သိရသည်။

ကချင်ပြည်နယ် ဧရာဝတီမြစ်ကြောင်းတစ်‌လျှောက်‌ ရွှေတူးဖော်မူများအား စစ်ကောင်စီတပ်မှ အာဏာမသိမ်းခင် ယခင် အစိုးရ လက်ထက်တွင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရံဖန်ရံခါ ဖမ်းဆီးမှုများ ရှိခဲ့သော်လည်း အာဏာသိမ်းပြီး နောက်တွင် ဖမ်းဆီးခြင်း မရှိသည့်အတွက် ရွှေတူးဖော်မှုပိုများလာခဲ့သည်။ ထိုကဲ့သို့ ရွှေတူးဖော်မှုများကို အာဏာသိမ်းပြီးနောက် တစ်နှစ် ကျော်အထိ ဖမ်းဆီးခြင်းမပြုခဲ့ဘဲ ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်ကာ မြစ်ဆုံ၊ တန်ဖရဲ၊ အူဗျစ်‌ဘက်မှ ရွှေဖောင်အစီး ၂၀ ကျော်ကိုလည်း ဖမ်းဆီးမီးရှို့ဖျက်ဆီးပေးခဲ့ကြောင်း သိရသည်။

၃၀။ နမ္မတူ စစ်ရှောင်အချို့နေရပ်ပြန် နေထိုင်စားသောက်မှု အဆင်မပြေ
November 17, 2022
သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ် ကြူဆော့ စစ်ဘေးရှောင်စခန်းမှ နေရပ်သို့ ပြန်သွားသည့် စစ်ဘေးရှောင် ပြည်သူ များသည် နေထိုင်စားသောက်ရေး အတွက် အဆင်မပြေကြောင်းသိရသည်။ နမ္မတူမြို့နယ် ကြူဆော့စစ်ဘေးရှောင် စခန်းသို့ စစ်ရှောင်ရောက်သည့် ပြည်သူများအနက် မန်နားကျေးရွာမှ အိမ်ထောင်စု ၁၀ စု၊ မန်မိုင်ကျေးရွာမှ အိမ်ထောင်စု ၁၃ စု တို့က နေရပ်ပြန်သွားပြီး လက်ရှိတွင် နေထိုင်စားသောက်ရေးအတွက် ခက်ခဲနေကြောင်း ဒေသခံအမျိုးသား တစ်ဦးကပြောသည်။ ထိုပြန်သွားသည့် မန်နားကျေးရွာ၊ မန်မိုင်ကျေးရွာသည် နမ္မတူမြို့နယ် ကြူဆော့စစ်ဘေးရှောင်စခန်းနှင့် မိုင် ၃၀ ခန့် ဝေးကွာ သည်။ “ထွေအုပ်တွေဘက်က နေရပ်ပြန်ဖို့ အကြိမ်ကြိမ် လာပြောနေတော့ အဲ့စစ်ရှောင်တွေလည်း နေရပ်ပြန်သွားတယ်၊ အခု နေရပ်ပြန်သွားတဲ့သူတွေ တချို့က သူတို့ အိမ်တွေ ပျက်စီးလို့ တဲအရင်ဆောက် ပြီး အိမ်ကို ပြင်ရတာတွေ၊ စားဝတ်နေရေး အတွက် သူများဆီ လယ်ယာ အငှားလိုက်ရတာတွေ ရှိတယ်”ဟု နမ္မတူမြို့ အသက် ၃၀ ဝန်းကျင် ဒေသခံ အမျိုးသားကပြော သည်။ စစ်ဘေးရှောင် များသည် လွန်ခဲ့သည့် ၂၀၁၆ ခုနစ်တွင် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့ဖြစ်ပွားသည့် တိုက်ပွဲကြောင့်ထွက်ပြေးခဲ့သည့် သူများဖြစ်သည်။

စစ်ဘေးရှောင်စခန်းတွင် (၆)နှစ်သာနေထိုင်ခဲ့ရပြီး လက်ရှိ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံအုပ်ချုပ်ရေးမှူး များ၏ အတင်းအဓမ္မနေရပ်ပြန်ခိုင်းမှုကြောင့် ပြန်သွားရသူများဖြစ်သည်။ ထိုနေရပ်ပြန်သည့်အခါတွင်လည်းတစုံတရာ ထောက်ပံ့ မှုမရှိသလို စစ်ဘေးရှောင်များအတွက် ပြန်လည်နေရာချထား ပေးရေးလည်းမရှိကြောင်း၊ ထိုကျေးရွာတွင်လည်း ဌာနဆိုင်ရာများ လည်း မရှိသေးကြောင်း သိရသည်။ “ လယ်ယာတွေအိမ်တွေ ၆ နှစ်လောက်စွန့်ခဲ့ရတော့ လယ်တွေက မြေလွတ် မြေရိုင်းလိုပဲ။ အိမ်တွေဆိုရင်လည်း လူမနေတော့ ပျက်စီးနေပြီ။ ဒါတွေကို ဘယ်သူမှ တာဝန်ယူပြီးပြန်မလုပ်ပေးဘူး။ ပြန်ဆိုတဲ့ စကားလုံးပဲ ပြောပြီး အတင်းပြန်ခိုင်းတာ” ဟု စစ်ဘေးရှောင်ကိုကူညီပေးနေသည့် အသက် ၅၀ ကျော် အမျိုးသားတစ်ဦးကပြောသည်။

နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်များသည့် လက်ရှိမှာ အလုပ်အကိုင်မရှိသဖြင့် စားသောက်ရန်လည်း ခက်ခဲနေကြောင်း သိရသည်။ “ ပြန်သူအတွက်တော့ ကျမစိတ်ပူတာ မြေမြုပ်မိုင်းကိစ္စပဲ။ မြေမြုပ်မိုင်းတွေက ရှိနေသေးတော့ တောထဲမှာ စားစရာ တွေသွားရှာရင် မိုင်းနင်းမိမှာကြောက်တယ်။ တောင်ပေါ်ကလူတွေက ရိုးကြတယ်။ ပြန်ဆိုရင်လည်းပြန်ကြတာပဲ။ ကိုယ့်အိမ် ကိုယ့်ဒေသမှာပဲ နေချင်ကြတဲ့သူတွေလေ။ အဖက်ဖက်ကတော့ စိုးရိမ်နေရတဲ့အခြေအနေပါပဲ”ဟု စစ်ရှောင်ကူညီပေးနေသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

၃၁။ အနာဂတ်အတွက် လမ်းပြမြေပုံရေးဆွဲ အကောင်အထည်ဖော်နေကြောင်း NUG ပြော
November 18, 2022
နိုဝင်ဘာ ၁၀ ရက်ကနေ ၁၃ ရက်နေ့ထိ ကမ္ဘောဒီးယားနိုင်ငံမှာ ပြုလုပ်တဲ့ ၄၀ နဲ့ ၄၁ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးမှာပါဝင်တဲ့ ခေါင်းဆောင်တွေထံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက သဝဏ်လွှာ တစ်စောင် ပေးပို့ခဲ့ပါတယ်။ အဲဒီသဝဏ်လွှာမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အခြားသော သက်ဆိုင်သူတွေက တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ရိုဟင်ဂျာတွေ အပါအဝင် မြန်မာနိုင်ငံသားတွေအတွက် အခွင့်အရေးနဲ့ အားလုံးပါဝင်နိုင်တဲ့ ကတိကဝတ်တွေပေါ် အခြေခံပြီး မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် လေးနက်တဲ့ လမ်းပြမြေပုံရှိနေပြီလို့ ဖော်ပြထားပါတယ်။ ရိုဟင်ဂျာ အပါအဝင် မြန်မာပြည်သူအားလုံးကို ပံ့ပိုးကူညီမှုနဲ့ အကာအကွယ်တွေကို NUG က တိုးချဲ့ ဆောင်ရွက်နေကြောင်းနဲ့ ဒေသတစ်ခုလုံးရဲ့ အကျိုးစီးပွားအတွက် အဲဒီလမ်းပြ မြေပုံကို ပံ့ပိုးပေးဖို့လည်း အာဆီယံကို တောင်းဆို တယ်လို့ ဒူဝါလရှီးလက တောင်းဆိုထား ပါတယ်။ ဒီလမ်းပြမြေပုံကို အကောင်အထည်ဖော်ဖို့ အာဆီယံက ကူညီသင့်ကြောင်း (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က တိုက်တွန်းပါတယ်။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ရေးဆွဲပြီး ပြည်သူ့ညီလာခံက အတည်ပြုထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အနာဂတ် နိုင်ငံရေးလမ်းပြမြေပုံဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

စစ်ကောင်စီဘက်ကလည်း အာဏာသိမ်းချိန်ကစလို့ အချက် ငါးချက်ပါတဲ့ ရှေ့လုပ်ငန်းစဉ် ငါးရပ်နဲ့ အကောင်အထည် ဖော် ဆောင်ရွက်မယ်လို့ ကြေညာထားပါတယ်။ အဲဒီအထဲမှာ ရွေးကောက်ပွဲကော်မရှင်ကို အသစ်ဖွဲ့တာ၊ ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေး ထိန်းချုပ်ရေး လုပ်ဆောင်တာ၊ ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်တာနဲ့ အရေးပေါ် ကာလပြီးရင် ရွေးကောက်ပွဲ အသစ် ပြန်ကျင်းပမယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။ စစ်ကောင်စီ အဆိုပြုထားတဲ့ ရွေးကောက်ပွဲဟာ အတုအယောင်နဲ့ တရားဝင် မဟုတ်တာ ကြောင့် မြန်မာနိုင်ငံနဲ့ ဒေသတွင်း မတည်ငြိမ်မှုတွေ ပိုကြီးမားလာစေပြီး အဲဒီရွေးကောက်ပွဲ ကို အာဆီယံ က လက်မခံဘဲ ပယ်ချဖို့ အလေးအနက် မျှော်လင့်ကြောင်း ဒူဝါလရှီးလရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ NUG နဲ့ စစ်ကောင်စီ တစ်ဘက်နဲ့တစ်ဘက် ယုံကြည်မှုရှိရင်တော့ ညှိုနှိုင်းဆွေးနွေးအဖြေရှာ လို့ ရပေမယ့် နှစ်ဖက်စလုံးက သွားချင်တဲ့ လမ်ကြောင်းတွေ မတူရင်တော့ မြန်မာ့နိုင်ငံရေး ဟာ ခက်ခဲလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း က သုံးသပ်ပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကတော့ နှစ်ဖက်လုံးက လမ်းပြ မြေပုံတွေ ရေးဆွဲထားပြီး ဘယ်လောက်ထိထိရောက်ရောက် အ‌ကောင်အထည် ဖော်နိုင်မလဲဆိုတာတော့ စောင့်ကြည့်ရဦးမယ်လို့ ပြောပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရကတော့ စစ်ကောင်စီကို ဖြုတ်ချပြီး NUCC က ရေးဆွဲတဲ့ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အသွင်းကူးပြောင်းရေးကာလ အစိုးရဖွဲ့မယ်၊ အဲဒါပြီးရင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြီး ပြည်သူ့ဆန္ဒနဲ့ အညီ အတည်ပြုမယ်လို့ ပြောထားပါတယ်။ အဲဒီနောက်မှာတော့ လွပ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပြီး ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ဖို့ အဆင့်ဆင့် လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပါတယ်။

၃၂။ မြစ်ကြီးနားထောင်က ပြန်လွတ်သူ ၇၀ မှာ နိုင်ငံရေးအကျဉ်းသား ခုနစ်ဦးသာပါဝင်
November 18, 2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဉ်းထောင်ကနေ နိုဝင်ဘာ ၁၇ ရက်နေ့က စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ် လာတဲ့ အကျဉ်းသား ၇၀ ကျော်ထဲမှာ နိုင်ငံရေး ပုဒ်မတွေနဲ့ ထောင်ကျခံနေရသူ ခုနစ်ဦးသာ ပါဝင်တယ် လို့ ပြန်လွတ်လာသူတွေ နဲ့ နီးစပ်သူတွေက ပြောပါတယ်။ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ – ၅၀၅ – က နဲ့ အကျဉ်းချခံနေကြရတဲ့ ဦးချစ်၊ ကိုကြည်စိုး၊ ကိုတင်မင်းထွန်း၊ ကိုဆန်းကျော်ဦး၊ ကိုဂျက်မား၊ ကိုဝေနဲ့ ကိုပြည့်ဖြိုးအောင် (ကိုပြည့်) တို့ဖြစ်ပြီး သူတို့ဟာ လွတ်ရက်စေ့ဖို့ လပိုင်းသာ ကျန်တော့တယ်လို့ လွတ်မြောက်လာသူတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ “ကိုပြည့်တို့ဆို လာမယ့်နှစ် အစောပိုင်းမှာ လွတ်ရက်စေ့ပြီလို့ သိထားတာ။ အခုတော့ စောပြီး ပြန်လွတ်လာတာပေါ့။ လွတ်တဲ့သူ ၇၀ ကျော်ပဲ အဲဒီထဲမှာ နိုင်ကျဉ်း ခုနစ်ဦး ပဲပါတာ။ ကျန်တာတွေက ခိုးမှု၊ ဆေးမှု တခြားဟာ တွေပေါ့” အဲဒီနိုင်ငံရေး အကျဉ်းသား တွေဟာ အာဏာသိမ်း စစ်ကောင်စီကို မထောက်ခံကြောင်း ဆန့်ကျင်ဆန္ဒပြမှုတွေကြောင့် နေအိမ်တွေမှာ အသီးသီးဖမ်းဆီးခံခဲ့ရ သူတွေဖြစ်တယ်လို့ သူက ပြောပါတယ်။ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ခံဝန်ကတိထိုးခိုင်းပြီး လွှတ်လိုက်တာလို့ လည်း ပြောပါတယ်။ မြစ်ကြီးနားအကျဉ်းထောင်ကနေ လွတ်ငြိမ်းခွင့်ပေးတဲ့အထဲမှာ ကချင်ပြည်နယ်ထဲက NLD ပါတီဝင်တွေ၊ NLD ပြည်နယ် အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ မပါဝင်ပါဘူး။
*****
၃၃။ လက်နက်ကြီးကျည်ထိမှန်ခဲ့သည့် မောင်တော ဂြစ်ချောင်းကျေးရွာမှ ခုနှစ်တန်းကျောင်းသားတစ်ဦးထပ်မံသေဆုံး
November 18, 2022
မောင်တောမြို့နယ် ဂြစ်ချောင်းမြိုကျေးရွာမှ လက်ကြီးကျည်ထိမှန်ခဲ့သည့် ဒဏ်ရာရသူများအထဲက နောက်ထပ် ခုနှစ် တန်း ကျောင်းသားတစ်ဦး သေဆုံးသွားခဲ့သဖြင့် ယနေ့ထိ သေဆုံးသူ (၁၂) ဦးရှိသွားပြီးကြောင်း သတင်းရရှိသည်။ သေဆုံးသွား သူမှာ ခုနှစ်တန်းကျောင်းသား မောင်ငွေပိုင် (၁၆)နှစ်ဖြစ်ပြီး ယနေ့နိုဝင်ဘာလ ၁၈ ရက် ညည့်တစ်နာရီခွဲခန့်က စစ်တွေပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူစဉ် သေဆုံးသွားကြောင်း ၎င်းအားကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။ “ညည့် တစ်နာရီခွဲမှာ သေဆုံးသွားပါတယ်။ သူကခန္ဓာတစ်ခုလုံး ဒဏ်ရာရထားတာပါ။ မနေ့က ဒီကိုလာတုန်းကလည်း သတိတောင်မရ ပါဘူး။ အစ်ကို လူနာစောင့်နဲ့ အတူ မနေ့က တစ်နာရီခွဲလောက်က စစ်တွေဆေးရုံကို ရောက်ပါတယ်။ ဒီနေ့ မနက် အစောကြီး ဆုံးသွားပါပြီ” ဟုပြောသည်။

မောင်တောမြို့နယ်တွင် မြိုလူမျိုးများနေထိုင်သည့် ဂြစ်ချောင်းကျေးရွာသို့ အနီးအနားရှိ ကြိမ်ချောင်း နယ်ခြားစောင့် တပ် နခခ(၇) က ပစ်ခတ်လိုက်သည့် လက်နက် ကြီး ကျည်ကျရောက်၍ ဒဏ်ရာရခဲ့သည့် လူဦးရေ ၂၀ ကျော်အထဲက ခုနှစ်တန်း ကျောင်းသားတစ်ဦးဖြစ်သူ မောင်ငွေပိုင် ထပ်မံ သေဆုံးသွားခဲ့ပြီး နောက်ထပ် ခုနှစ်တန်းကျောင်းသား မောင်အီးယောင် (၁၅)နှစ် သည်လည်း စစ်တွေပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်၊ စစ်ကောင်စီတပ် ကြိမ်ချောင်း နခခ (၇)မှ လက်နက်ကြီး ဖြင့် ဂြစ်ချောင်းမြိုရွာထဲသို့ ပစ်ခတ်မှုကြောင့် ၁၀ နှစ် အောက် ကလေး ငယ် သုံးဦးအပါအဝင် ဒေသခံ ၁၁ ဦးသေဆုံးသွားခဲ့ပြီး လူ ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါကျေးရွာမှ လက်နက် ကြီး ကျည်ကျရောက်မှုကြောင့် ဒဏ်ရာရရှိခဲ့သူများသည် မောင်တောမြို့ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေပြီး မောင်တော ကြိမ်ချောင်းဗျူဟာမှ တာဝန်ရှိသူများသည် ဂြစ်ချောင်းရွာသားများနှင့် ယမန်နေ့ကတွေ့ဆုံခဲ့ပြီး အဆိုပါပစ်ခတ်မှု ၎င်းတို့လက်ချက်မဟုတ်ဘဲ AA မှ ပစ်ခတ်မှုဖြစ်ကြောင်းကို ပြောကြားခဲ့ပြီး သေဆုံးဒဏ်ရာ ရသူများကိုလည်း ဆန်နှင့်ငွေကျပ် ၅ သိန်းစီ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။