• Today is: Saturday, April 20, 2024

ဖားကန့် SKY KTV သောက်စားနေတဲ့ စစ်ကောင်စီဗိုလ်ကြီး ၁ ဦးအပါအဝင် ၅ ဦးပစ်သတ်ခံရ၊ ၃ ဦး ထိခိုက်မှုရှိ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၁၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့ လုံးခင်းရပ်ကွက်က SKY KTV မှာ သောက်‌စားနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကို KIA/ PDF ပူးပေါင်းတပ်ဖွဲ့က သွားရောက်ပစ်ခတ်လို့ ဗိုလ်ကြီး ၁ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများထံက သိရပါတယ်။

“သူတို့အခန်းမှာ စားသောက်သီချင်းဆိုနေတဲ့အချိန် လာပစ်သွားတာလို့ သိရတယ်။ ပစ်သတ်ခံရတဲ့သူက ဒီထက်များနိုင်တာလို့ပြောတယ် သတင်းပေါက်ကြားရမှာစိုးလို့ အလောင်းတစ်ချို့အမြန်လာသယ်သွားတယ်ပြောတာဘဲ” လို့ လုံးခင်း ဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပြထားတာပါ။

ပစ်သတ်ခံသည့် စစ်ကောင်စီဗိုလ်ကြီးမှာ ခလရ ၇၆ မှ ဗိုလ်ကြီးဇော်ဝေစိုးဖြစ်ပြီး ကျန် ၄ ဦးမှာ တပ်ကြပ်၊တပ်သား အဆင့်ရှိသူများဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဖားကန့်မြို့နယ်အတွင်း အောက်တိုဘာ ၁၀ ရက်နေ့ကလည်း ဖားကန့်မြို့နယ်ရဲစခန်းမှ နယ်ထိန်းတစ်ဦးပစ်သတ်ခံရသည့်အပြင် သြဂုတ်လ ၃ ရက်နေ့တွင်လည်း ဆိပ်မူကျေးရွာ မှော်ရှန်ရပ်ကွက်တွင် ရဲမှူးကိုကိုလွင်နှင့် ရဲအုပ်တစ်ဦးတို့ပစ်သတ်ခံခဲ့ရပါသေးတယ်။

ဒါ့အပြင် အောက်တိုဘာ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင်လည်း ဖားကန့် ကျောက်စိမ်းတောင်တံတား၌ ရဲနှစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားသည့်ဖြစ်စဉ်များရှိခဲ့ပြီး နိုဝင်ဘာလ ၁၇ ရက်နေ့ညတွင်လည်း ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာအုပ်စုရှိ ယူမာကျေးရွာတွင် စစ်ကောင်စီရဲအရာရှိတစ်ဦးနှင့်အတူ ၂ဦး ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။