• Today is: Wednesday, April 24, 2024

နေ့စဉ်သတင်းအကျဉ်း

(နိုဝင်ဘာလ – ၂၀ ရက်)

 

 

  • ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ သီးဘွာလ်စခန်းကို စခန်းသိမ်း တိုက်ခိုက်ခဲ့ရာမှ စစ်ကောင်စီဘက်က စစ်သား ၃၀ ကျော်သေဆုံးတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ် ရေး တပ်ဖွဲ့ (CNO/CNDF) က သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၁၅ ရက် ကနေ ၁၉ ရက်အထိ ၅ရက်ကြာ စခန်းသိမ်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲမှာ CNDF ဘက်က ဒရုန်းနဲ့ အကြိမ် (၃၀၀)ကျော် ဗုံးကြဲတိုက်ခိုက် နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အနည်းဆုံး (၃၀) ကျော် သေဆုံးခဲ့ကာ အဲ့ဒီသေဆုံးသူတွေထဲမှာ အရာရှိ ပိုင်းတွေလည်းပါဝင်တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း ZFU/PDF-Zoland၊ CDM-Siyin နဲ့ ချင်းပူးပေါင်း ကာကွယ်ရေးတပ်ဖွဲ့ CJDC၊ CDF-Lautu စတဲ့အဖွဲ့တွေကလည်း ကူညီအားဖြည့်ပေးခဲ့ကြပြီး တိုက်ပွဲအတွင်း CNDF က ရဲဘော်(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

 

  • တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်တွင် ဆိုင်ကယ် စီးနင်းလာသည့် လူငယ်များကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်သောကြောင့် ၁၄ နှစ်အရွယ် လူယ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် လောင်းလုံးမြို့ပေါ် ပြည်သူ့ဆေးရုံကြီး အနီး၌ စစ်ဆေးရေး လုပ်ဆောင်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဆိုင်ကယ် စီးနင်းလာသည့် လူငယ်များကို အကြောင်းမဲ့ ပစ်ခတ် ဖမ်းဆီးခဲ့​ကြောင်း သိရသည်။ မွန်းလွဲ ၂ နာရီခန့်တွင် ဆိုင်ကယ် မောင်းနှင်လာသည့် လူငယ် ၂ ဦးကို အကြမ်း ဖက် စစ်တပ်က အကြောင်းမဲ့ လိုက်လံ ပစ်ခတ်စဥ် သဗျာကျေးရွာမှ လောင်းလုံးမြို့အတွင်းသို့ ဆိုင်ကယ်အတူ စီးနင်းလာသည့် မောင်နှမ ၂ ဦးလည်း ထိမှန်ခဲ့ပြီး အစ်ကိုဖြစ်သူ မောင်အောင်ဝေယံ (အသက် ၁၄ နှစ်)သည် ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း၊ ညိီမဖြစ်သူ မယွန်းပြည့်သဇင် (အသက် ၁၂ နှစ် )လည်း ကျည်ဆံ ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

  • ရှမ်းပြည်နယ်၊ ကျိုင်းတုံ-တောင်ကြီးကားလမ်း၊ မိုင်းကာတောင်ကုန်းအဆင်းမှာ မနေ့ နိုဝင်ဘာ ၁၉ ရက် က ခရီးသည်ကားတစ်စီး ချောက်အတွင်းထိုးကျပြီး ခရီးသည် ၂ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ ကျိုင်းတုံကနေ တောင်ကြီးဘက်ကိုလာတဲ့ ခရီးသည် အံစာတုံးအမျိုးအစားကားတစ်စီး အရှိန်မထိန်း နိုင်ဘဲ ပေ ၃၀၀ နက်တဲ့ ချောက်ထဲကို ထိုးကျခဲ့တာပဲ ဖြစ်ပါတယ်။ ယာဉ်တိမ်းမှောက်ခဲ့တဲ့အတွက် ယာဥ်မောင်းတစ်ဦးနဲ့ ခရီးသည်တစ်ဦး သေဆုံးကာ ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

  • ရခိုင်ပြည်၊ စစ်တွေမြို့ ပလုတ်တောင်၊ ရဲနွယ်စုရပ်ကွက်၊ မြို့နယ်သစ်တောရုံးအနောက်တွင် ရှိသည့် နေအိမ် တစ်လုံးကို မူးယစ်ဆေးဝါးသုံးစွဲနေသည့် လူငယ်တစ်စုက မီးရှို့သွားကြောင်း ရပ်ကွနေထိုင်သူများက ပြော သည်။ အဆိုပါ ရပ်ကွက်၏ မြို့နယ်သစ်တောအနောက်တွင်ရှိသည့် လူမနေထိုင်သော လုံးချင်းနေအိမ် တစ်လုံးဖြစ်ပြီး ၎င်းနေအိမ်မှာ မူးယစ်ဆေးဝါးသုံးစွဲလေ့ရှိသည့် လူငယ်အများစုလာရောက်လာတက်ပြီး မူးယစ် ဆေးဝါးသုံးစွဲခြင်း၊ အရက်သေစာများသောက်သုံးခြင်းအား လုပ်လေ့ ရှိသည့် နေရာလည်းဖြစ်ကြောင်း ရပ်ကွက်နေထိုင်သူများကပြောသည်။ ယင်းလူငယ်များသည် ယနေ့ နိုဝင်ဘာ ၂၀ ရက်နေ့ မနက်က ၉ နာရီက တစ်ကြိမ် အဆိုပါနေရာသို့ မူယစ်ဆေးဝါးများသုံးစွဲရန် ရောက်ရှိလာပြီး နေလယ်ပိုင်း ၁ နာရီကျော်ခန့်တွင် နောက်ထပ် လူငယ်များ ရောက်ရှိလာကာ သုံးနာရီအချိန်ခန့်တွင် နေအိမ်အားမီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း ရပ်ကွက်နေထိုင်သူများက ပြောသည်။

 

  • ကရင်ပြည်နယ်၊ ဖာပွန်မြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စခန်းများကို KNLA တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဉ်ထံမှ သိရသည်။ နိုဝင်ဘာလ ၁၈ ရက်နေ့ ဖာပွန်မြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ၏ လယ်တိုးတပ်စခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ရှောင်တခွင်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၁၇ ရက်နေ့က နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မ တော်၊ အမှတ် ၅ တပ်မဟာ လက်အောက်ရှိ တပ်ရင်း(၁၀၂)မှ ရဲဘော်များက အကြမ်းဖက် စစ်တပ်နှင့် BGF နယ်ခြားစောင့် တပ်များ စခန်း ချထားသည့် သက်ဖိုးကလိုးစခန်းကို ဝင်ရောက် စီးနင်းခဲ့ပြီး စစ်သားနှင့် BGF-နယ်ခြားစောင့်တပ်သား ၅ ဉီးသေဆုံးပြီး ၇ ဉီး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

  • ကလေးမြို့နယ်အတွင်း စစ်ရေးတင်းမာနေတာကြောင့် ကလေး-တမူးလမ်းမကြီးကို ဒီနေ့ကစပြီး ၇ ရက် အတွင်း ဖြတ်သန်းသွားလာခွင့် တားမြစ်ထားပါတယ်။ “ကလေးမြို့နယ်အတွင်း လက်ရှိစစ်ရေး ဆက်လက် တင်းမာနေမှုအခြေအနေများအရ ကလေး-တမူး လမ်းမကြီးအား ထပ်မံ၍ ယခု ရက်သတ္တပတ် (၇) ရက် အတွင်း အများပြည်သူ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုကြပါရန် မေတ္တာရပ်ခံ ထပ်မံ သတိပေးအပ်ပါသည်” လို့ ကလေးမြို့နယ် PDF က ထုတ်ပြန်ပါတယ်။ သတိပေးချက်ကို မလိုက်နာဘဲ ဖြတ်သန်းသွားလာရင် ဖြစ်ပေါ်လာနိုင်တဲ့ လုံခြုံရေးအန္တရာယ်နဲ့ နောက်ဆက်တွဲအကျိုးဆက်ကို သတိပြု စေလိုတယ်လို့လည်း အသိပေးပါတယ်။

 

  • ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ တွင် အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားကြောင်းသိရသည်။ တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း အားခေရွာတွင် နေထိုင်သူ အသက် (၆၄)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် ၎င်း၏ နေအိမ်တွင် ယနေ့  ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၂၀)ရက်နေ့ နံနက်(၁၀)နာရီ ဝန်းကျင်အချိန်က ကြိုးဆွဲချသေဆုံးနေခြင်း ဖြစ်ကြောင်းသိရသည်။ အဆိုပါ အမျိုးသမီးသည် မည်သည့်အကြောင်းကိစ္စကြောင့် ကြိုးဆွဲသေဆုံးသည်ကို မသိရသော်လည်း ၎င်း၏ ရုပ်အလောင်းအား ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းက နေအိမ်ကနေ တာချီလိတ်ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေး ပြီးနောက် ဆေးရုံ၏ စစ်ဆေးမှုပြီးသည့်အခါ နာရေးပြုလုပ်ရန်အတွက် နေအိမ်သို့ ကူညီပို့ဆောင်ပေးထား ကြောင်း သိရသည်။

 

  • မိုးညှင်းမြို့နယ် လျှပ်စစ်ရုံးအနီး နဲ့ ဘုရားသုံးဆူအနီးမှာ နိုဝင်ဘာ ၁၉ ရက်နေ့ ညခြောက်နာရီကျော်အချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။  “ လျှပ်စစ်ရုံးနဲ့ ဘုရားသုံးဆူကြားမှာ ပေါက်ကွဲတာတဲ့ ၊ အသံမိုင်း လို့ လဲပြောတယ်၊ ဒရုန်းနဲ့လာချတာလို့လည်းပြောတယ်၊ သေချာမသိသေးဘူး၊ လူထိတာတွေ တော့မရှိဘူး”​ လို့ မိုးညှင်းမြို့ခံတစ်ဦးက ပြောပြပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီးခြင်းခြင်းမှာပဲ လျှပ်စစ်ရုံးအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ သေနတ်သံတွေလည်း ထွက်ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။​ နိုဝင်ဘာ၂၀ ရက်နေ့မှာ ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာအနီးတဝိုက်က နေအိမ်တွေကို စစ်ကောင်စီတပ်တွေက စုံစမ်းမေးမြန်းမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

 

  • တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျေးရွာစျေးတစ်ခုတွင် တော် လှန်ရေး လူငယ် များပူးပေါင်း၍ နိုဝင်ဘာ (၂၀)ရက်နေ့နံနက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင် ရေးနှင့် ဒီမိုကရေစီ လှုပ်ရှားမှု၏ စည်းရုံးရေး လက်ကမ်း စာစောင် များဖြန့်ဝေကာဟောပြော ဆန္ဒပြကြသည်။

 

  • ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် “စစ်တပ် ထုပ်ကုန် မှန်သမျှ စစ်ကိုင်းတိုင်းမှာ မရှိစေရ” စာတန်း ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • သံဃသမဂ္ဂမှ ဆရာတော်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် “ငြိမ်းချမ်းမှုမရှိတဲ့ အာဏာရှင်စနစ် အောက်က လွတ်မြောက်နိုင်ဖို့ အသိတရားနဲ့ ရုန်းကန်ထွက်ကြဖို့လိုတယ်” ခေါင်းစဥ်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေးတွင် ပြည်ကြီး တံခွန် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “ကျွန်ဇာတ်သွင်းနေသူ တော်လို့မဟုတ်ဘူး။ ကျွန်ခံချင်တဲ့သူတွေ လူအ,လူညံ့တွေ ပျော်နေလို့ ဒီပွဲက ကြာနေတာ။ အတူရုန်းထွက်ပေးကြပါ” ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

  • မြိုင်မြို့နယ်တွင် ဒေသခံပြည်သူများက ပခုက္ကူခရိုင်တပ်ရင်း – ၆ (MVRF) တပ်ခွဲ(၁) ထံသို့ မြေပဲများ၊ ဆီများ စသည့် စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးခဲ့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။ MVRF တပ်ရင်းမှလည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျရှုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားပါမည်ဟု “ ကတိပြု” ကြောင်း၊ တော်လှန်ရေးအတွက် ပါဝင်ပေးကြပါသော ဓမ္မဘက်တော်သားပြည်သူများအားလုံး ဘေးကင်းကြပါစေဟု ဆုတောင်းမေတ္တာပို့သ ခဲ့ကြောင်းသိရသည်။

 

  • လက်ပံတောင်းတောင် ဒေသ လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် “ဖက်ဆစ်ယန္တရားကိုဖြိုဖျက် ပြည်သူ့ယန္တရားကိုတည်ဆောက်” စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြခဲ့​ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်းအတွင်း ဇေယျာတိုင်းရဲ့ ၅/ လူထုသပိတ်စစ်ကြောင်း က ပြည်သူလူထု တော်လှန်ရေး သွေးမအေး စေရန်နှင့် အာဏာသိမ်းစစ်အုပ်စုနှင့်ဆက်စပ်သည့် ထုတ်ကုန်များကို အသုံးမပြုကြရန် ယနေ့ နိုဝင်ဘာလ(၂၀)ရက်နေ့ ညနေပိုင်း လှည့်လည်ဆန္ဒပြခဲ့ကြသည်။ ဇေယျာတိုင်းရဲ့ ၅/ လူထု သပိတ် စစ်ကြောင်းသည် လှည့်လည်ဆန္ဒပြရင်း အာဏာသိမ်းစစ်အုပ်စုနှင့်ဆက်စပ်သည့် ထုတ်ကုန်များကို အသုံး မပြုကြရန်အတွင် ကုန်စုံဆိုင်အနီးများတွင် လက်ကမ်းစာရွက်များ ဖြန့်ဝေခြင်း ကပ်ထားခြင်းများပါ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

 

  • အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် နိုဝင်ဘာ ၂၀ ရက် ယနေ့တွင် ၆၁၉ ရက်မြောက် အဖြစ် ကျေးရွာတွင်း စုပေါင်း ဆန္ဒပြ ပွဲ အပြင် ပုသိမ် မုံရွာ လမ်းမထက်တွင်ပင် ချီတက်ဆန္ဒပြကြသည်။

 

  • ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် မြသွေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး သပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင် မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အားမာန်သစ် လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် “ဖက်ဆစ်ယန္တရား ကို ဖြိုဖျက် ပြည်သူ့ယန္တရားကို တည်ဆောက်” စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာနှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ လိပ်ရကုန်းကျေးရွာကို အကြမ်း ဖက်စစစ်ကောင်စီတပ်များက ယနေ့နံနက်ပိုင်း မီးတင်ရှို့နေကြောင်း ဒေသခံများက  ပြောဆိုကြသည်။ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မတ္တရာမြို့နယ်၊ သုံးဆယ်ပေး ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ် ပွားခြင်းမရှိဘဲ ဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ နေအိမ် များကို မီးတင်ရှို့နေခြင်းဖြစ်ကြောင်း၊ သုံးဆယ်ပေး ကျေး ရွာတွင် အိမ်ခြေ ၈၀၀ ကျော်၊ အိမ်ထောင်စု ၂၀၀၀ ကျော်နေထိုင်ကြပြီး စစ်ကြောင်း ဝင် ရောက်လာခြင်းကြောင့် ပြည်သူများ ထွက်ပြေးနေရကြောင်း သိရှိရသည်။

 

  • ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုကို စစ်တပ်က တပ်ပိုင် မြေ ကျူးကျော်သည်ဟု ဆိုကာ ဖျက်သိမ်းခိုင်းနေသည့် ရပ်ကွက် ၅ ခု၊ အိမ်ခြေ ၁၀၀၀၀ နီးပါးတွင် ဘုန်းကြီးကျောင်း ၆၀ ခန့် ပါဝင် နေပြီး နိုဝင်ဘာလ ၂၂ ရက် နေ့ အပြီးဖျက်သိမ်းရန် စစ်တပ်က ထပ်မံ ခြိမ်းခြောက်လာကြောင်း ဒေသခံများ က ပြောသည်။ မူလက စစ်တပ်က နိုဝင်ဘာလ ၁၈ ရက်နေ့ နေအိမ်များ ဖျက်သိမ်းရန် အမိန့် ထုတ်ခဲ့သော် လည်း ရပ်ကွက် ၅ ခုမှ ပြည်သူအများစုက ဖျက်သိမ်းပေးခြင်း မရှိဘဲ အခြေအနေကို စောင့်ကြည့်ကြကြောင်း၊ ထို့ကြောင့် နိုဝင်ဘာလ ၂၂ ရက်နေ့ စစ်တပ်က အပြီး ဖျက်သိမ်းပေးရန် ထပ်မံ ဖိအားပေးလာကြောင်း သိရှိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ၊ လိပ်ရကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက် မီးရှို့ဖျက်ဆီးရာ အိမ်ခြေ ၃၀ ကျော် မီးလောင်ပြာကျသွားကြောင်း ဒေသခံများက ပြောဆိုသည်။ ခင်ဦးမြို့နယ်တွင် လှည့်လည်နေသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ရွှေဘိုမြို့နယ်၊ လိပ်ရကုန်း ကျေးရွာ အတွင်းသို့ ဝင်ရောက်စခန်းချကြောင်း၊ ယင်းနောက် နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်း စစ်ကြောင်း ပြန်လည် ထွက်ခွာချိန်တွင် နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ၊ စစ်ကြောင်းသည် ခင်ဦးမြို့ နယ် ထဲသို့ ပြန်လည် ထွက်ခွာချိန်တွင် စစ်သားများ သောက်စားမူးရူးအိပ်ထားသည့်နေရာများ၊ မိုင်းထိ ၍ သေဆုံး ဒဏ်ရာရ စစ်သားများကိုဆေးကု သထားသည့် ဆေးထိုးအပ်၊ သွေးစများအပြင် စစ်သားများ၏ အသုံးအဆောင်များကို တွေ့ရှိရကြောင်း ဒေသ ခံများက ပြောသည်။

 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အရက်ထွက်ဝယ်သည့် စစ်ကောင်စီတပ်သားများ မိုင်းခွဲခံရပြီး တစ်ဦး သေကာ နှစ်ဦးဒဏ်ရာရ သွားကြောင်း ဒေသကာကွယ်ရေးတပ်ထံမှ သိရသည်။ ရွှေဘိုမြို့နှင့် (၇) မိုင် အကွာ တွင်ရှိသည့် ဆိပ်ခွန်ကျေးရွာအုပ်စုအတွင်းရှိ ရဲစခန်းတွင်အထိုင်ချတပ်ဆွဲထားသည့် စစ်ကောင်စီတပ်သားနှင့် ရဲ(၈)ဦး နိုဝင်ဘာလ(၁၉)ရက်ရက်နေ့၏ ညနေပိုင်းက အရက်ဝယ်ထွက်လာစဥ် အဝေးထိန်းမိုင်း (၂) လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းတိုက်ခိုက်မှုကို C&T SHWEBO (LDF)နှင့် ရွှေဘိုမြို့နယ် (ပကဖ)တိုက်နယ် (၂)အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။