• Today is: Wednesday, December 7, 2022

တစ်ဆို့နေသော ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဗမာနိုင်ငံတည်ဆောက်ရေးပြသာနာ၏ ထွက်ရပ်လမ်း

တစ်ဆို့နေသော ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဗမာနိုင်ငံတည်ဆောက်ရေးပြသာနာ၏ ထွက်ရပ်လမ်း

Khau MarkoBan – ခွန်းမားရ်ကိုဘန် (၁၉၉၀ခုနှစ် MPU အဖွဲ့ဝင်)

ပြည်ထောင်စုဗမာနိုင်ငံနှင့်နောက်ခံသမိုင်း။

ယနေ့ပြည်ထောင်စုဗမာနိုင်ငံသားများဖြစ်ကြသော ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ မြန်မာ၊ ရှမ်း၊ ရခိုင် စသည့် တိုင်းရင်းသားများသည် ရှေးပဒေသရာဇ် အုပ်စိုးခဲ့စဉ်ကတည်းက မိမိဘုရင်၊ စော်ဘွား၊ ဒူးဝါး၊ စောဖျား၊ စော်ကဲ၊ တောင်ပိုင်ရမ်အုပ်မင်းများ တင်မြောက်၍ ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်ကြဌန်း၊ကိုယ့်ဟော် နှင့် ထီးဖြူဆောင်း၊ ရွှေထီးဆောင်း၊ ရွှေဓါးလွယ်ကိုင်၊ ငွေဓါးလွယ်ကိုင် စသည့် အဆောင်ယောင်အမျိုးမျိုးဖြင့် သီးခြားလွတ်လပ်စွာ အုပ်ချုပ်နေထိုင်လာခဲ့ကြသည်။

ပဒေသရာဇ်မင်းများသည် အာဏာပြိုင်ကြရာမှ မင်းလက်နက်နိုင်ငံ ထူထောင်ရန် ကိုယ့်လူမျိုးအချင်းချင်း တိုက်ခိုက်သကဲ့သို့ အခြားလူမျိုးများနှင့်လည်း တိုက်ခိုက်ခဲ့ကြသည်။ ထိုသို့ အာဏာပြိုင်စစ်ပွဲများ တိုက်ခိုက်ကြသော်လည်း မင်းလက်နက်နိုင်ငံများ၊ မြို့ပြနိုင်ငံများ၊ တိုင်းငယ်ပြည်ငယ်များ ခေတ်ပြိုင်၍ ပေါ်ပေါက်ခဲ့သည်။ တခေတ်ပြီးတခေတ် ပေါ်ပေါက်ခဲ့သော်လည်း တည်တံ့ခိုင်မြဲမှုကားမရှိချေ။ မင်းလက်နက်နိုင်ငံများ တည်တံ့ခိုင်မြဲမှုမရှိခြင်းသည် အင်အားကြီးသူက အင်အားနည်းသူကို စစ်ရေးဖြင့် အနိုင်ကျင့်တိုက်ခိုက်၊ လုယက်၊ ဖျက်ဆီးသတ်ဖြတ်ပြီး မင်းလက်နက်နိုင်ငံ ထူထောင်ရန် အတင်းသွတ်သွင်းသည့် စစ်ဘုရင်စနစ်ဆိုး၏ စစ်အနိဌာရုံ ကြောင့်ဖြစ်သည်။ စစ်ဘုရင်ခေတ်ကာလ တလျှောက်လုံးတွင် တိုင်းရင်းသားများအချင်းချင်းစည်းလုံးစုစည်းကြပြီး ပြည်ထောင်စုအမျိုးသား စိတ်ဓါတ်အင်းအားဖြင့် ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံမျိုးမတည်ဆောက်နိုင်ခဲ့ပေ။

အဂ်လိပ်ကိုလိုနီခေတ်ကာလမှ လွတ်လပ်ရေးရရှိအချိန်အထိတိုင်းရင်းသားနယ်မြေများအနေအထား

(က) ပြည်ထောင်အဆင့်ရှိပြည်ထော‌င်များ ၅ ပြည်ထောင်။

(၁) Burma Proper ခေါ် ဗမာပြည်မ (အင်္ဂလိပ်အစိုးရတိုက်ရိုက်အုပ်ချုပ်သည်)

(၂) Federated Shan States ခေါ် ပြည်ထောင်စုရှမ်းပြည် (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ)

(၃) The Kachin Hill Tracts ကချင်တောင်တန်းဒေသ (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြ)

(၄) The Chin Hill District ချင်းတောင်တန်းဒေသ (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ)

(၅) သီးခြားလွတ်လပ်သောကရင်နီပြည် တို့ဖြစ်သည်။

 

(ခ) Part One ခေါ် ဇယား (၁) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေများ နှင့် Part Two (ခ) ဇယား (၂) နယ်မြေအစိတ်အပိုင်းများ (၆) ပိုင်း။

Part One နယ်မြေသည် မိမိကိုယ်ပိုင်အုပ်ချုပ်ရွေးချယ်ခန့်ထားပိုင်ခွင့်ရှိပြီး Part Two နယ်မြေသည် အဂ်လိပ်ဘုရင်ခံက အုပ်ချုပ်သူခန့်ထားပြီး ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ရှိသည်။ အဂ်လိပ်အုပ်ချုပ်သော ဗမာပြည်မ အစိုးရ ဝင်ရောက်စွက်ဖက်ခွင့်မရှိပေ။ဘုရင်ခံ၏အဆုံးအဖြတ် အတည်ဖြစ်သည်။

 စစ်ကိုင်းတိုင်းမြောက်ပိုင်း ယခင်ချင်းတွင်းဒေသတဆက်တစပ်တည်း တည်ရှိသော     နယ်မြေများ၊

(၁)Part One နှင့် Part Two နယ်မြေများ စုစည်းထားသည့် ကသာစီရင်စု (ဝန်းသိုနယ်၊ ကောလင်းနယ်၊ဗန်းမောက်နယ်၊ပင်လယ်ဘူးနယ်)                      ကလေးနယ်၊ ဆင်ကလင်းခမ်းတီးနယ်၊ ဟုမ္မလင်းနယ်၊ သောင်သွပ်နယ်၊ ဆောမရခေါ်နာဂနယ်များ၊ အထက်ချင်းတွင်း နှင့် ဟူးကောင်းဒေသများ နယ်များ ပါဝင်သည်။(ယင်းနယ်မြေသည်ကျယ်ပြန့်ပြီး ရှမ်း၊ နာဂ၊ ကူကီးချင်း လူမျိုးစုများ နိုင်ငံရေး အမြင်တိုးတက်လာပါက လူမျိုးစုများပြည်နယ်အဖြစ် သတ်မှတ်ရန် တောင်တန်းဒေသစုံစမ်းရေးအဖွဲ့ က လျာထားသတ်မှတ်ခဲ့သည်။ သို့ဖြစ်ပါ၍ ယနေ့အချိန်တွင်  ပြည်သူ့ဆန္ဒစုံစမ်းပြီး ပြည်နယ်အဖြစ် လျာထားသင့်သည်)

(၂) Part Two နယ်ဖြစ်သောမြစ်ကြီးနား၊ဗန်းမော်ခရိုင်သည် ကချင်ဒူးဝါးကိုယ်ပိုင်အုပ်ချုပ်ရဒေသအတွင်း ကျရောက်သဖြင့် ကချင်ပြည်နယ်တွင် ပါဝင်သည်။

(၃) “ဝ” စော်ဘွားနယ်မြေများဖြစ်သည့် (ယင်းနယ်မြေတွင်နေထိုင်သော ဝ စော်ဘွားများ နိုင်ငံရေးအမြင် တိုးတက်လာပါကတောင်တန်းဒေသစုံစမ်းရေးအဖွဲ့မှအမျိုးသားပြည်နယ်အဆင့် သတ်မှတ်ပေးသင့်ကြောင်း သဘောထားချမှတ်ထာခဲ့သည်၊ယနေ့ ဝ အမျိုးသားသည်နိုင်ငံရေးအမြင် တိုးတက်လာပြီး ပြည်နယ်လက္ခဏာပြည့်ဝပြီးဖြစ်ပါ၍ ပြည်နယ်အဖြစ်သတ်မှတ်သင့်သည်)

(၄) ပျဉ်းမနား၊ တောင်ငူအရှေ့တောင်တန်းဒေသ (ကိုယ်ပိုင်အုပ်ချုပ်ခွင်ရရှိသော စာဟွားခေါ် တောင်ပိုင် တောင်စားမင်း၊စော်ကဲမင်းနယ်မြေများဖြစ်သည်။ (ပြည်နယ်နှစ်ခု တဆက်တစပ်တည်း နေထိုင်သည့် လူမျိုးတမျိုးသည် ပြည်နယ်တခုတည်းအတွင်း စုစည်းပါဝင်နိုင်ရန် ပြည်သူ့ ဆန္ဒခံယူသင့်သည်)

(၅) Part One နယ်မြေဖြစ်သော သံလွင် District ခေါ် ဖါပွန်နယ်၊ Part Two နယ်မြေများဖြစ်သော  ကြာအင်းနယ်၊ ကော့ကရိတ်နယ်၊ မြဝတီနယ်၊ ဖါးအံနယ်၊ ရွှေကျင်ခရိုင်ခွဲဖြစ်သောကျောက်ကြီး၊ ထန်းတပင် ၊ ရွှေကျင်နယ် တို့ဖြစ်သည်။ (အထက်ပါဖါပွန်၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ မြဝတီနယ်များသည် ကရင်ပြည်နယ် ထဲပါဝင်ပြီး ရွှေကျင်ခရိုင်ခွဲနယ်မြေသည် ပြည်သူ့ ဆန္ဒခံယူသင့်သည်။)

(၆) Part One နယ်မြေဖြစ်သည့် ရခိုင်တောင်တန်းဒေသ ခေါ် ပလက်ဝဒေသ

(လက်ရှိချင်းပြည်နယ်ပါဝင်သည်)

 

(ဂ) တောင်ပေါ်စခန်းမြို့များ

(၁) တောင်ကြီးမြို့ (ယခုရှမ်းပြည်တွင်ပါဝင်သည်)

(၂) လားရှိုးမြို့ ။                                                                                                                                   

(၃) လွိုင်လင်မြို့။                                                                                                                  

(၄) လွိုင်မွေမြို့။                                                                                                                    

(၅) ကလောမြို့ (ဗမာပြည်မနှင့်ရှမ်းပြည်နယ်စပ်ဖြစ်ပြီးပြည်သူ့ဆန္ဒ ခံယူခဲ့သဖြင့် ရှမ်းပြည်ထဲပါဝင်သည်။)

(၆) ပြင်ဦးလွင်(ခ)မေမြို့ (ပြည်သူ့ဆန္ဒခံယူသင့်သည်)

(၇) သံတောင်မြို့ (ကရင်ပြည်နယ်ထဲပါဝင်သည်)

ဤသည်မှာ အဂ်လိပ်ကိုလိုနီခေတ်ကာလတွင် တိုင်းရင်းသားနယ်မြေများအမျိုးအစား ၃ မျိုး အနေအထား အချက်အလက်မှန်ဖြစ်သည်။ အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာတွင် တိုင်းရင်းသားများသည် ပြည်နယ် ရသင့်ရထိုက်သူများ၊ ပြည်နယ်သစ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသများ၊ လူမျိုးငယ် (ဉပမာ-ဆလုံလူမျိုး၊ သက်လူမျိုး) ယဉ်ကျေးမှု၊အခွင့်အရေးကာကွယ်ရန် အမျိုးသားနယ်မြေများကို တည်ဆောက်ပေးရမည်။ လူမျိုးတစ်မျိုး ဒီမိုကရေစီအခြေခံကျဆုံးဖြစ်သော လူမျိုးတမျိုးသည် လူဦးရေအသင့်အတင့်နှင့်  နယ်မြေအကျယ် အဝန်းအတော်အတန်ရှိပြီး  ပြည်နယ်နှစ်ခုတွင်တဆက်ဆစပ်တည်း နေထိုင်သည့်လူမျိုးကိုလည်း ပြည်နယ် တခုတည်းအတွင်း ပါဝင်ခွင့်ကိုစီမံပေးရမည်ဖြစ်သည်။ 

 

လွတ်လပ်ရေးကြိုးပမ်းကာလ

ဒုတိယကမ္ဘာစစ်အပြီး အတ္တလန်တိတ်စာချုပ်အရ တကမ္ဘာလုံးရှိ ကိုလိုနီတိုင်းပြည်များအား လွတ်လပ်ရေးပေးရမည့် အချိန်ကာလမှာ ဗမာပြည်မ၊ ရှမ်းပြည်၊ ကချင်ပြည်၊ ချင်းပြည်တို့သည် သီးခြားလွတ်လပ်ရေး ရယူပိုင်ခွင့်ရှိသည်။ နှစ်ပြည်သုံးပြည်ပူးပေါင်းပြီး လွတ်လပ်ရေးရယူပိုင်ခွင့်ရှိသည်။ ဉပမာ ပြင်သစ်လက်အောက်ခံ (ကန်ဘူးချား၊လော၊ ဗီယက်နမ်နိုင်ငံများ) သို့သော် ဗိုလ်ချုပ်အောင်ဆန်းနှင့်ရှမ်း၊ ကချင်၊ ချင်းတိုင်းရင်းသားများတို့သည် အမြော်အမြင် ကြီးမားစွာဖြင့် တိုင်ပင်ဆွေးနွေးအပေးအယူ ပြုလုပ်ကြပြီးမှ မိမိတို့သီးခြားတည်ရှိသော နယ်မြေ (၄) ပြည်ထောင်၏ အချုပ်အခြာအာဏာကို ကိုယ်စားပြုကြပြီး ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။

ပင်လုံစာချုပ်လက္ခဏာ (၂)ရပ်မှာ

(၁) အနိုင်အရှုံးစာချုပ်မဟုတ်ပါ၊ တန်းတူရည်တူစာချုပ်ဖြစ်သည်။

(၂) လူမျိုးကိုကိုယ်စားပြုစာချုပ်မဟုတ်ပါ၊ ပြည်ထောင်များအချုပ်အချာ အာဏာပိုင်ကို အသီးသီး ကိုယ်စားပြုပြီး ချုပ်ဆိုထားသော စာချုပ်ဖြစ်သည်။

ရှမ်းပြည်ထောင်သည်စော်ဘွားကိုယ်ပိုင်အုပ်ချုပ်နယ်မြေပေါင်း(၃၃)နယ်ရှိသဖြင့် ပင်လုံစာချုပ်တွင် (၁၄) ဦး လက်မှတ်ရေးထိုးသည်။ ကချင်ပြည်ထောင်၊ ချင်းပြည်ထောင်သည်လည်း ဒူးဝါးနယ်မြေများ၊ တောင်ပိုင်ရမ်အုပ်မင်းနယ်မြေများသဖြင့် ကချင် (၆) ဦး၊ ချင်း (၃) ဦးပါဝင်လက်မှတ်ရေးထိုးကြသည်။

Burma Proper ခေါ် ဗမာပြည်မနယ်မြေသည် မြန်မာ၊ ကရင်၊ မွန်၊ ရခိုင် လူမျိုးအများစု နေထိုင်ကြသည့် နယ်မြေဖြစ်ပြီးအုပ်ချုပ်ရေးတခုတည်း တည်ရှိသည်။ ဗမာပြည်မနယ်မြေတွင် တည်ရှိသော မြန်မာ၊ ကရင်၊ မွန်၊ ရခိုင် နိုင်ငံရေးအဖွဲ့အစည်း အာလုံး ဖဆပလ(အဖွဲ့ချုပ်) တပ်ပေါင်းစုကြီး ပါဝင်ကြသည်။ ထို့အပြင် ဗမာပြည်မ ယာယီကြားကာလ အစိုးရကက်ဘိနက်အဖွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းက ဝန်ကြီးချုပ်အဖြစ် ဦးဆောင်သည့်အစိုးရအဖွဲ့၌ ကရင်အမျိုးသားခေါင်းဆောင်ဖြစ်သော စောဘဦးကြီး၊ သထုံဦးလှဖေ၊ ရခိုင်အမျိုးသားဦးအောင်ဇံဝေ၊ မွန်ခေါင်းဆောင်များ၊ မြန်မာအမျိုးသားခေါင်းဆောင်များအာလုံး ပါဝင်ကြသည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းဝန်ကြီးချုပ်အနေဖြင့် ဗမာပြည်မအစိုးရကိုယ်စား လက်မှတ်ရေးထိုးသည်မှာ လူမျိုးကိုယ်စားပြုမဟုတ်ပါ၊ ဗမာပြည်ထောင်ကို ကိုယ်စားပြုခြင်းဖြစ်ကြောင်း နိုင်ငံရေးနားလည်သူတိုင်း သိရှိပေသည်။

ပင်လုံစာချုပ်လက္ခဏာ  အနှစ်သာရ (၃) ချက်။

(၁) ပြည်ထောင် (၄) ပြည်ထောင်တပြိုင်တည်းလွတ်လပ်ရေးရယူရန်

(၂) လွတ်လပ်ရေးရရှိပြီးပါက အမျိုးသားပြည်ထောင်များ တန်းတူရည်တူကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝ ရှိသော ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတည်ဆောက်ရေး

(၃) ခွဲထွက်လိုသည့်အချိန်ခွဲထွက်ပိုင်ခွင့်ရှိရန် စသည်တို့ဖြစ်သည်။ ပြည်ထောင်

(၄) ပြည်ထောင်တပြိုင်တည်း လွတ်လပ်ရေးရယူရန်အနှစ်သာရဖော်ပြရခြင်းသည် ပြည်ထောင်စု စတင်တည်ထောင်လာသည့်သမိုင်းကြောင်းကို ပြည်ထောင်ဖြင့်စတင်တည်ထောင်လာကြောင်းကို နိုင်ငံရေးအရ အလေးအနက်တည်ရှိစေလိုခြင်း ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တိုင်းရင်းသားခေါင်းဆောင်များတို့သည် ပင်လုံစာချုပ်တွင်  ပါဝင်လက်မှတ် ရေးထိုးကြသည့် ခေါင်းဆောင်များအားလုံးသည် လွတ်လပ်ရေးဗိသုကာ၊ ဖခင်ကြီးများဖြစ်ကြောင်းကို တပြေးညီ ဦးစွာလက်ခံ ထားရှိရပေမည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များချုပ်ဆိုထားသည့် ပင်လုံစာချုပ် အခြေခံမူများနှင့် အနာဂတ်ဖယ်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဉပဒေရေးဆွဲနိုင်ရန် ချမှတ် ထားသော အခြေခံမူများနှင့် ကျောရိုးများ

(က) ပင်လုံစာချုပ်အခြေခံမူများ                                                                                                   ပင်လုံစာချုပ်အဓိက အခြေခံမှုများ (၅) ချက်အနက်အရေးကြီးသည့်အချက်များမှာ                                                                             (၁) ပြည်ထောင် (၄) ပြည်ထောင်သည် တပြိုင်တည်းလွတ်လပ်ရေးရယူရန်

(၂) ပြည်ထောင်များသည် အမျိုးသားများတန်းတူရည်တူဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်

(၃) ခွဲထွက်လိုပါက ခွဲထွက်ခွင့်ရှိရန် စသည့်အချက် ၃ ချက်ပင်ဖြစ်သည်။

အနာဂတ်ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် အခြေခံမူများ၊ ကျောရိုးများက အပိုင်း(၃)ခု ချမှတ်ထားသည်။

အပိုင်း (၁) အင်္ဂလိပ်အစိုးရကိုယ်စားလှယ် ရီး(စ်)ဝီလျံဦးဆောင်ပြီး ဖဆပလအစိုးရကိုယ်စားလှယ်၊ ရှမ်း၊ ကချင်၊ ချင်းကိုယ်စားလှယ်ခေါင်းဆောင်များပါဝင်သော တောင်တန်းဒေသများအထူစုံစမ်းစစ်ဆေးရေး ကော်မတီလုပ်ငန်း၏ ၁၉၄၇ခု မတ်လ ၁၈ ရက်နေ့မှ ၁၉၄၇ခု ဧပြီလ ၂၁ ရက်နေ့အထိ တစ်လနှင့်သုံးရက် တိုင်တိုင် နယ်မြေခေါင်းဆောင်များတို့နှင့်အချိန်ယူတွေ့ဆုံမေးမြန်းပြီး စုံစမ်းရေးကော်မတီမှ တွေ့ရှိဖော်ပြချက်များကို ၁၉၄၇ခု ဧပြီလ ၂၁ ရက်နေ့တွင် တင်ပြနိုင်ခဲ့သည်။ (ထူးခြားသည့် ကော်မှရှင်တင်ပြချက်တွင် ချင်းတွင်းဒေသကို လောလောဆယ်မတိုးတက်ခင် ဗမာပြည်မအစိုးရအုပ်ချုပ်ရေး လက်အောက်တွင်လည်းကောင်း၊ ဝ စော်ဘွားနယ်များလောလောဆယ် မတိုးတက်ခင် ရှမ်းပြည်အစိုးရအုပ်ချုပ်ရေး လက်အောက်တွင်ထားရှိရန်ဖော်ပြထားသည်။ (ယင်းအသေးစိတ်ကို   ပင်လုံစိတ်ဓါတ်သည်မှ ပင်လုံသစ်ဆီသို့ စာအုပ်တွင်လေ့လာနိုင်သည်)

                                                                                                                       

အပိုင်း(၂) ဖွဲ့စည်းပုံအခြေခံဉပဒေရေးဆွဲရန် ဖဆပလအဖွဲ့ချုပ်က အခြေခံမူနှင့် ကျောရိုးချမှတ်ခြင်း

ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်တက်ရောက်သည့် တိုင်းပြုပြည် ပြုလွှတ်‌တော်ကဲ့သို့သော ရန်ကုန်မြို့၊ဂျူဗလီခန်းမ၌  ၁၉၄၇ခု မေလ၁၆ရက်နေ့မှ ၂၃-၂၄ ရက်နေ့ထိ ကျင်းပသော တိုင်းပြုပြည်ပြု ဖဆပလညီလာခံသဘင်တွင် အဆို (၁၄) ခုတင်သွင်းသည့်အပေါ် ဖဆပလ၏ပဏာမညီလာခံက သဘောတူလက်ခံချမှတ်ထားခဲ့သည်။

 

အခန်း(၁)နိုင်ငံဖွဲ့စည်းပုံ

ပုဒ်မ (၁) ဗမာနိုင်ငံတော်ကို လွတ်လပ်သောအချုပ်အခြာအာဏာပိုင်သမ္မတနိုင်ငံ ဟူ၍ ကြေညာရမည်။

ပုဒ်မ (၂ -က) ဆိုခဲ့ပြီးသော လွတ်လပ်ပြီးသော အချုပ်အခြာ အာဏာပိုင်သမ္မတနိုင်ငံတော်တွင်-

 (က) ဗမာပြည်ဝန်ကြီးအဖွဲ့ က အုပ်ချုပ်သောဗမာပြည်မပြည်ထောင်။

 (၁) ဟုမ္မလင်းခရိုင်ခွဲ

(၂) ဆင်ကလိန်းခန္တီး

(၃) သောင်သွတ်

(၄) ဆွမ္မရာနယ်

(၅) နဂတောင်တန်းများ

(၆) သံလွင်ခရိုင်                                                                                                                      

(၇) ကန်ပက်လက်ခရိုင်ခွဲ

(၈) ရခိုင်တောင်တန်းဒေသ ဟူ၍ ခေါ်ဝေါ် သောဒေသများ

 

(ခ) ပြည်ထောင်စု ရှမ်းပြည်ထောင်။

(ဂ) ကချင်တောင်တန်းဒေသများပြည်ထောင်။

(ဃ) ကန်ပက်လက်ခရိုင်ခွဲမပါသော ချင်းတောင်တန်းဒေသများပြည်ထောင်။

(င) ကရင်နီပြည်ထောင် တို့ပါဝင်သော   ပြည်ထောင်စုနိုင်ငံတော်ဖြစ်ရမည်။ 

ပုဒ်မ(၃-က) အောက်ပါဂုဏ်အင်္ဂါများရှိသော ပြည်သူပြည်သားများအား ပြည်ထောင်စု ပြည်နယ် အဆင့်အတန်းကို ပေးအပ်ရမည် ။(ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်သစ်များဖော်ထုတ်ခြင်း)

(၁) ပထဝီအနေအထားအရ နယ်နိမိတ် အထင်အရှားရှိခြင်း

(၂) မြန်မာစကားနှင့် မတူသော ဘာသာစကားတစ်မျိုး တည်ရှိခြင်း

(၃) ယဉ်ကျေးမှု တစ်မျိုးတည်းရှိခြင်း

(၄) ရာဇဝင်အစဉ်အလာ တစ်မျိုးတည်းရှိသော လူစုရှိခြင်း

(၅) စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူး နှင့် စီးပွားရေးလုံလောက်မှုတို့ရှိသော လူစုရှိခြင်း

(၆) လူဦးရေအတော်အတန်ရှိခြင်း

(၇) သီးခြားပြည်ထောင်စုဒေသတခုအဖြစ်ဖြင့် မိမိ၏ကိုယ်ပိုင်ထင်းရှားချက်အတိုင်းနေလိုသောဆန္ဒရှိခြင်း

(ခ) ကိုယ်ပိုင်အုပ်ချုပ်ရမည့် နယ်အဆင့်အတန်းကို အထက်ပါဂုဏ်အင်္ဂါများ နည်းများမဆို ရှိပါသော်လည်း စီးပွားရေးလုံလောက်မှု ချို့တဲ့နေသော ပြည်သူပြည်သားများအားပေးအပ်ရမည်။

(ဂ) လူမျိုးစု ပြည်နယ်အဆင့်အတန်းကို နည်းများမဆို သီးခြားဘာသာစကားရှိခြင်း၊ ထိုဘာသာစကားကို အတော်အသင့်အားဖြင့် တစုတပေါင်းတည်းပြောဆိုသော ဒေသရှိခြင်း၊ မိမိ၏ကိုယ်ပိုင်ထင်ရှားချက်အတိုင်း နေလိုသောဆန္ဒရှိခြင်းမှတပါး အထက်ပါအားလုံးသော ဂုဏ်ရည်များ၌ ချို့တဲ့နေသော ပြည်သူပြည်သားများအား ပေးအပ်ရမည်။

(ဃ) တိုင်းရင်းသားလူနည်းစုအခွင့် အရေးများကို –

အခန်း(၁) လူမျိုးများအားဖြင့်လည်းကောင်း၊ ဘာသာစကားအားဖြင့်းလည်းကောင်း၊ ယဉ်ကျေးမှု အားဖြင့်လည်း‌ကောင်း၊ ရာဇဝင်အစဉ်အလာဖြင့်လည်းကောင်း လူများစုနှင့် ကွဲပြားခြားနား၍  ဗမာတပြည်လုံးဖြစ်စေ၊ အဖွဲ့ဝင်ဒေသတခုခု၌ ဖြစ်စေရှိသော လူဦးရေအားလုံးတွင် အနည်းဆုံး ၁၀ပုံ ၁ပုံ မျှလူဦးရေ ရှိသော လူတစ်စုအား ရရှိနိုင်စေရန် ဝန်ခံချက်ပြုရမည်။

အခန်း(၂) မူလအခွင့်အရေးများ

အခန်း(၃) နိုင်ငံတော်ဝါဒ၏ ရည်ရွယ်ချက်သဘောတရားများ

အခန်း(၄) ပြည်ထောင်စုဗမာနိုင်ငံတော်သမ္မတ

အခန်း(၅) ပြည်ထောင်စုဥပဒေပြုအဖွဲ့

အခန်း(၆) ပြည်ထောစုအုပ်ချုပ်ရေးအဖွဲ့

အခန်း(၇) ပြည်ထောင်စုဥပဒေအဖွဲ့

အခန်း(၈) ပြည်ထောင်စုပြည်နယ်

အခန်း(၉) ကိုယ်ပိုင်အုပ်ချုပ်ရပြည်နယ်

အခန်း(၁၀)လူမျိုးစုပြည်နယ်အုပ်ချုပ်ရေးအရာရှိ

အခန်း(၁၁)တိုင်းရင်းသားလူနည်းစုများ

အခန်း(၁၂)ခွဲထွက်နိုင်သောအခွင့်အရေး

အခန်း(၁၃)နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း

အခန်း(၁၄)စပ်ကူးမတ်ကူးကာလနှင့် သက်ဆိုင်သောပြဌာန်းချက်များ

မှတ်ချက်။ ။အထက်ဖော်ပြပါ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး တိုင်းပြုပြည်ပြုလွတ်တော်ကဲ့သို့ သဘောတူချမှတ်ထားသောနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဉပဒေရေးဆွဲရာတွင် အခြေခံထားရှိရမည့်မူများ၊ ကျောရိုးများ အခန်း(၁၄)ခန်း ချမှတ်ထားခဲ့သည်။ ယင်းအနက် အခန်း (၂)မှ(၁၄)အထိ ခေါင်းစဉ်များကိုသာ ဖော်ပြထားသည်။ အခန်း(၂)သည် ပြည်သူပြည်သားများ ဒီမိုကရေစီအခြေခံလူ့အခွင့်အရေးများအတွက် ပြည့်စုံစွာချမှတ်ထားသည်။ အဓိကအရေးကြီး သောအခြေခံမူများ၊ အခြေခံကျောရိုးများ ပါဝင်သည့် အခန်း(၁)နှင့်ပတ်သက်၍ အခန်းအပြည့် ဖော်ပြပြီး အောက်ပါအတိုင်း ရှင်းလင်းဖော်ပြပါသည်။                                                                                   

ရှင်းလင်းချက်။ ။ အခန်း(၁) ဖွဲ့စည်းပုံ ပုဒ်မ(၁)သည် နိုင်ငံအဆင့်အတန်းနှင့်နာမည် ကို ဖော်ပြထားသည်။

ပုဒ်မ(၂)(က၊ခ၊ ဂ၊ ဃ၊ င) သည် လက်ရှိပြည်ထောင် ၅ ခု ဖြင့် ပြည်ထောင်စု အဖွဲ့ဝင်ပြည်ထောင်များကို လျာထားသည်။

ပုဒ်မ(၃)(က) သည် ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်သစ်များ အဆင့် ပေးအပ်ရမည့် အချက်၊ ဂုဏ်အင်္ဂါရပ်များ(၇) ချက်ကို ဖော်ပြထားသည်။ အထက်ဖော်ပြပါ ဂုဏ်အင်္ဂါရပ်များ(၇)ချက်သည် ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်များလျာထားပြီးသော ရှမ်း၊ ကရင်နီ၊ ကချင်၊ ချင်း အမျိုးသားများ အတွက် မဟုတ်ကြောင်း၊ အဆိုပါ ရှမ်း၊ ကချင်၊ ကရင်နီ၊ ချင်းတိုင်းရင်းသားများသည် မြန်မာစကားနှင့် တူမတူ မေးစရာမလို၊ ဖြေစရာမလိုကြောင်း ရှင်းလင်းပေသည်။ မြန်မာစကားနှင့် မတူသော ဘာသာ တမျိုးတည်းရှိခြင်းဖော်ပြထားသည်မှာ ဗမာပြည်မတွင် အတူတကွ နေထိုင်ကြပြီး ပင်လုံစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းမပြုနိုင်သော ရခိုင်၊ မွန်၊ ကရင် အမျိုးသားများအတွက် ပြည်နယ်သစ်များ ဖော်ပြထားခြင်း ဖြစ်ကြောင်း ထင်ရှားပါသည်။ သို့ဖြစ်၍ ရခိုင်၊ မွန်၊ ကရင်အမျိုးသားများအတွက် တပြိုင်တည်း ပြည်ထောင်စု အဖွဲ့ဝင်အမျိုးသားပြည်များအဖြစ်ဖော်ထုတ်ပေးရမည်။ ထို့အတူ မြန်မာလူမျိုးသည်လည်း ပင်လုံစိတ်ဓာတ်အရ အခြားတိုင်းရင်းသားများနှင့်  အဆင့်အတန်းတူညီသဖြင့် မြန်မာလူမျိုး အတွက်ကိုလည်း ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည် တစ်ခုအဖြစ်တပြိုင်တည်း ဖော်ထုတ်ရမည်ဖြစ်သည်။

 ထို့အပြင် ပုဒ်မ(၃) ပုဒ်မခွဲ (ခ၊ဂ၊ဃ) တွင် ကျန်ရှိသည့် နယ်မြေများတွင် နေထိုင်ကြသော လူမျိုးစု များအတွက်ကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်များ၊ လူမျိုးစုပြည်နယ်များ အဆင့်အတန်း၊ ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသများ၊ အမျိုးသား နယ်မြေများ ဟူ၍ အခိုင်အမာချမှတ် ထားပြီးဖြစ်ပေသည်။

အပိုင်း(၃) ဖွဲ့စည်းပုံအခြေခံဉပဒေရေးဆွဲရန် တိုင်းပြုပြည်ပြုလွတ်တော်ကအခြေခံမူများချမှတ်ခြင်း

ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခု၊ဇွန်လ (၁၆)ရက်နေ့တိုင်းပြုပြည်ပြုလွတ်တော်ပထမညီလာခံတွင် ဖွဲ့စည်းပုံအခြေခံဉပဒေရေးဆွဲရာ၌ ထားရှိရမည့်အခြေခံမူ(၄)ချက်နှင့် လမ်းညွန်ချက်(၇)ချက် အဆိုကိုတင်သွင်းပြီး ညီလာခံက တညီတညွတ်တည်း သဘောတူညီချက် ချမှတ်ခဲ့သည်။  

အခြေခံမူများ(၄)ချက်

(၁) လွတ်လပ်သောနိုင်ငံဖြစ်ရမည်။(Independence)

(၂) အချုပ်အခြာအာဏာပိုင်ရမည်။ (Sovereignty)

(၃) ဒီမိုကရေစီသမ္မတနိုင်ငံ ဖြစ်ရမည်။ (Republic)

(၄) ပြည်ထောင်စုနိုင်ငံဖြစ်ရမည်။ (Union State) ဟု သဘောတူချမှတ်ထားသည်။

မှတ်ချက်။ ။အထက်ဖေါ်ပြပါအခြေခံမူ(၁)နှင့်(၃)သည် ကနေဒါ၊ ဩစတေးလျနိုင်ငံကဲ့သို့ ဒိုမီနီယံ အစောင့်အရှောက်ခံနိုင်ငံ လက်မခံဘဲ လုံးဝလွတ်လပ်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိရ မည်ဟုသတ်မှတ်ထားသည်။ အခြေခံမူ(၃)သည် ပြည်သူလူထု၏ ဒီမိုကရေစီအခွင့်အရေးကို ဖော်ဆောင်ပေးသော ပြည်သူ့လွတ်တော်တရပ်နှင့် အမျိုးသားပြည်နယ်များတန်းတူရေးကို ဖော်ဆောင်ပေးသောအမျိုးသားလွတ်တော်တရပ်ထားရှိပြီး ထပ်တူဉပဒေပြုအာဏာသတ်မှတ် ထားခြင်းဖြင့် တိုင်းရင်းသားတန်းတူရေးကို ထိန်းညှိထားပေးခြင်းဖြစ်သည်။ အခြေခံမူ(၄)သည် တပြည်ထောင်မဟုတ်၊ ပြည်မနှင့်ပြည်နယ်များ ဖားတပိုင်းငါးတပိုင်းပြည်ထောင်စုမဟုတ်ဘဲ ပြည်ထောင်စု စစ်စစ်နိုင်ငံကို တည်ထောင်ရမည်ဟု အတိအလင်းချမှတ်ထားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြုပြည်ပြုလွတ်တော်ပထမညီလာခံတွင် ဖွဲ့စည်းပုံအခြေခံဉပဒေရေးဆွဲ ရာ၌ အခြေခံရမည့် အခြေခံမူ(၄)ချက်နှင့် လမ်းညွန်ချက်(၇)ချက်နှင့်တကွ တင်ပြပြီး ညီလာခံက တခဲနက်အတည် ပြု ချမှတ်ခဲ့သည်။

မှတ်ချက်။  ။ ဗိုလ်ချုပ်လမ်းညွန်(၇)ချက်နှင့် ရှင်းလင်းချက်များကို ပင်လုံစိတ်ဓါတ်သည်မှ ပင်လုံသစ်ဆီသို့ စာအုပ်တွင် လေ့လာနိုင်ပါသည်။

အကယ်၍သာ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များတို့သည် အမျိုးသားတန်းတူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖယ်ဒရယ်ပြည်ထောင်စုသမတနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဉပဒေရေးဆွဲရာတွင် အခြေခံထားရှိရမည့်မူများ၊ အခြေခံကျောရိုးများကိုအခိုင်အမာချမှတ်ထားခဲ့ပြီးဖြစ်သည်။ အကယ်၍ ဗိုလ်ချုပ်အောင်ဆန်းနှင့်တိုင်းရင်းသားခေါင်းဆောင်များ ချမှတ်ပေးထားသည့် အခြေခံမူပါအတိုင်း စစ်မှန်သောဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုသမတနိုင်ငံတော်ကို တည်ဆောက်မည်ဆိုပါက နှစ်ပေါင်း ၇၄ နှစ် ကျော်ကာလ၌ ယနေ့ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ကမ္ဘာ့နိုင်ငံတကာအလယ်တွင် ငြိမ်းချမ်းသာယာဝ ပြောသော နိုင်ငံတော်အဖြစ် ဂုဏ်ယူဝင့်ကြွားစွာ တည်ရှိနေမည်ဖြစ်သည်။

ဤသည်မှာ ပြည်ထောင်စုဗမာနိုင်ငံတည်ဆောက်ရေးနောက်ခံသမိုင်းအမှန်ဖြစ်သည်။

အပိုင်း-၂ ပြည်ထောင်စုဗမာနိုင်ငံနှင့်ဖွဲ့စည်းပုံအခြေခံဉပဒေပြသာနာများ

၁၉၄၇-ခုနှစ် ဖွဲ့စည်းပုံအခြေခံဉပဒေနှင့် ဖွဲ့စည်းပုံအခြေခံဉပဒေပြသာနာ

ဗိုလ်ချုပ်အောင်ဆန်းနှင့်တိုင်းရင်းသားခေါင်းဆောင်များတို့သည် အမျိုးသားများတန်းတူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖယ်ဒရယ်ပြည်ထောင်စုသမ္မတနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဉပဒေရေးဆွဲရာတွင် အခြေခံထားရှိရမည့်မူများ၊ အခြေခံကျောရိုးများကို အခိုင်အမာချမှတ်ထားခဲ့ပြီးဖြစ်သည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းကျဆုံးသွားပြီးသည့်နောက် တိုင်းပြည်၏ကံကြမ္မာ ငင်သွားသည်ဟုဆိုရပေမည်။ ဖဆပလ ဥက္ကဌဝန်ကြီးချုပ်ဖြစ်လာသူ ဦးနုသည် ပင်လုံစိတ်ဓါတ်အခြေခံမူလမ်းစဉ်အပေါ် သွေဖယ်အားနည်းသွားရာမှ ဦးနုသည် ဉာဏ်နီဉာဏ်နက်သုံးပြီး ဦးချန်ထွန်းအား ဟန်ပြအနေဖြင့် အိန္ဒိယနိုင်ငံသို့ ဖွဲ့စည်းပုံအခြေခံဉပဒေကို လေ့လာစေပြီး (၂)လအတွင်း အပြီး ရေးဆွဲရန်တာဝန်ပေးအပ်ခဲ့သည်၊ အိန္ဒိယနိုင်ငံဖွဲ့စည်းပုံအခြေခံဉပဒေ လေ့လာရန်အကြောင်းမရှိပါ။ အမေရိကန်နှင့်အခြားနိုင်ငံများ ဖွဲ့စည်းပုံအခြေခံဉပဒေများကိုလည်း လေ့လာစရာမလိုအပ်ပေ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ဖွဲ့စည်းပုံအခြေခံဉပဒေရေးဆွဲရန် အခြေခံမူများကျောရိုးများ ပြီးပြည့်စုံ ချမှတ်ပေးထာပြီးဖြစ်သည်။

 ဦးချန်ထွန်းက ၁၉၄၇-ခုနှစ်၊ စက်တင်ဘာလ ၂၃-၂၄ ရက်နေ့၌ တိုင်းပြုပြည်ပြုလွှတ်တော် ညီလာခံတွင် ဖွဲ့စည်းပုံအခြေခံဉပဒေအတည်ပြုရန် တိုင်းပြုပြည်ပြုလွတ်တော်သို့ တင်ပြရာတွင် ဦးချန်ထွန်းက အခြေအနေအရမလွဲမရှောင်သာ ပြည်ထောင်စုနိုင်ငံမျိုးဖြင့် ဖွဲ့စည်းထားရကြောင်း၊ ထိုပြည်ထောင်စုနိုင်ငံမှာ အမေရိကန်၊ ဆွစ်စလန်တို့ကဲ့သို့ ပြည်ထောင်စုစစ်စစ်နိုင်ငံမျိုးမဟုတ်ကြောင်း၊ ကနေဒါ၊ တနည်းအားဖြင့်အလယ်အလတ်စား Moderate Type ပြည်ထောင်စုမျိုးဖြစ်ကြောင်း စသည်ဖြင့် ရှင်းပြသွားခဲ့သည်၊ဆက်လက်၍ ဦးချန်ထွန်းက ဖွဲ့စည်းပုံအခြေခံဉပဒေတွင် ပါရှိသောအခန်းများ အပိုဒ်များကိုရှင်းပြပြီး နောက်ဆုံးတွင် အတည်ပြုခြင်းနှင့်ပတ်သက်၍ အောက်ပါအတိုင်း ရှင်းလင်းသွားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းချမှတ်ပေးထားသည့်မူအတိုင်းဆိုလျှင် လူအင်အားအများကြီးသုံးရမည်ဖြစ်ပြီး ငွေကြေးအကုန်အကျများမည်ဖြစ်ကြောင်း ယခုစစ်ပြီးစကာလတွင် တိုင်းပြည်ဆင်းရဲနေသေးကြောင်း၊ ဖွဲ့စည်းပုံ အခန်း(၁၀)တွင် ခွဲထွက်ခွင့်ပါရှိပြီး အခန်း(၁၁)တွင် ဖွဲ့စည်းပုံအခြေခံဉပဒေပြင်ဆင်ခွင့်ရှိကြောင်း ဖွဲ့စည်းပုံအခြေခံဉပဒေအတည်ပြုလက်စွဲမရှိလျှင် လွတ်လပ်ရေးမရနိုင်ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဉပဒေ ကို အတည်ပြုရန်လိုအပ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

တိုင်းပြုပြည်ပြုလွတ်တော်သို့ တက်ရောက်ကြသော တိုင်းရင်းသားခေါင်းဆောင်များသည် နိင်ငံရေးထက်မြက်သူ အများအပြားပါဝင်သည်၊သို့သော် ဦးနုနှင့် ဖဆပလအဖွဲ့ချုပ်ခေါင်းဆောင်များအပေါ် အကြွင်းမဲ့ယုံကြည်ခြင်း၊ အမျိုးသားခေါင်းဆောင်များကျဆုံးကုန်၍ အချင်းချင်းသွေးစည်းညီညွတ်ရေး အတွက် ဆန္ဒပြင်းပြနေခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း ပြောထားသည့်အတိုင်း ဉပဒေစကားလုံးထက် ပင်လုံစိတ်ဓါတ်ကို ယုံကြည်ကိုးစားခြင်း၊ အခန်း(၁၁)တွင် ဖွဲ့စည်းပုံအခြေခံဉပဒေပြင်ဆင်ခွင့်ပါရှိသဖြင့် လွတ်လပ်ရေးရရှိပြီးသည့် နောက် ပြင်ဆင်လိုသောဖွဲ့စည်းပုံအခြေခံဉပဒေကို သွေးရင်းညီအစ်ကိုအချင်းချင်း အကြားတွင် ဉပဒေစကားလုံးကို အတိအကျအဓိပ္ပါယ်ကောက်ခြင်း၊ အကြပ်ကိုင်ခြင်း များပြုလိမ့်မည်မဟုတ်၊ မူးတင်းမတ်တင်း‌ဈေးဆစ်စရာ လိုအပ်မည် မထင်မြင်ခဲ့ပါ။ လွတ်လပ်ရေးကိုအမြန်ဆုံး ရရှိခံစားလိုကြသည်။ ထို့ကြောင့် တင်ပြသော ဖွဲ့စည်းပုံအခြေခံဉပဒေကို တောင်တန်းဒေသများကိုယ်စား တောင်ပိုင်းစော်ဘွားကြီး စပ်ခွန်ပန်းစိန်က လှိုက်လှဲစွာထောက်ခံလိုက်သည်။ ထို့ကြောင့် ၁၉၄၇ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဉပဒေကို အတည်ပြုနိုင်ခဲ့သည်။

 ပြည်တွင်းစစ်မီးစတင်လောင်ကျွမ်းခြင်း

နိုင်ငံရေးတွင် ဒီမိုကရေစီအခြေခံအကျဆုံးဖြစ်သော ပါတီစုံဒီမိုကရေစီကို လက်တွေ့အကောင်အထည် ဖော်ရာ၌ ပါတီဂိုဏ်းဂဏစွဲ ပြင်းထန်လွန်းခြင်း၊ အမျိုးသားပြည်နယ်အဆင့်အတန်း ရသင့်ရထိုက်သော ကရင်၊ မွန်၊ ရခိုင်အမျိုးသားများအတွက် အမျိုးသားပြည်နယ်များ မဖော်ဆောင်ပေးနိုင်ခြင်း၊ သီးခြားလွတ်လပ်သောကရင်နီပြည် စောဖျာများနှင့် ပြည်သူလူထုတို့၏ ဆန္ဒသဘောထားအမှန်ကို ရယူခြင်းမရှိဘဲ ပြည်ထောင်စုအဖွဲ့ဝင်အဖြစ် သတ်မှတ်ခြင်း စသည့်အကြောင်းတရားများကြောင့် ပြည်သူ့ရဲဘော်၊ ရဲဘော်ဖြူ၊ ဗကသအဖွဲ့အစည်းများသည် ပါတီဝါဒတော်လှန်ရေးစစ်ပွဲ၊ ကရင်၊ မွန်၊ ရခိုင် တိုင်းရင်းသားများတန်းတူရေးစစ်ပွဲနှင့် ကရင်နီအမျိုးသားခုခံတော်လှန်ရေးစစ်ပွဲများ ပေါ်ပေါက်လာခဲ့သဖြင့် လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်မီးသည် လည်း စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

 

ဒုတိယအဆင့်ပြည်တွင်းမီးလောင်ကျွမ်းခြင်း

ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ရှမ်း စသည့် တိုင်းရင်းသားများဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရန် တင်ပြရာတွင် အကြောင်းအမျိုးမျိုးပြပြီး အချိန်ဆွဲခြင်း၊ ကူမင်တန်တရုတ်ဖြူကိုအကြောင်းပြပြီး ရှမ်းပြည်စော်ဘွားနယ်(၁၃)နယ် ကို စစ်အုပ်ချုပ်ရေးသတ်မှတ်ခြင်း၊ ကချင်ပြည်နယ်အစိုးရနှင့် ပြည်သူလူထုဆနရယူခြင်းမရှိဘဲ ဖီမော်၊ ဂေါ်လံ၊ ကန်ဖာဒေသကို တရုတ်ပြည်သို့လွှဲအပ်ပေးခြင်း၊ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်ခြင်း စသည့် အကြောင်းတရားများကြောင့် ကချင်၊ ချင်း၊ ရှမ်း၊ ပအိုဝ်းလက်နက်ကိုင်တော်လှန်ရေး ထပ်မံပေါ်ပေါက်လာသဖြင့် ပြည်တွင်းစစ်မီး ထပ်ဆင့်လောင်ကျွမ်းသွားခြင်းဖြစ်သည်။

ပြည်တွင်းစစ်မီးအထွတ်အထိပ်သို့ လောင်ကျွမ်းခြင်း

ဝန်ကြီးချုပ်ဦးနုသည် ၁၉၆၀ခု မတ်လ(၁၇)ရက်နေ့တွင် ကျင်းပပြုလုပ်သော ဖဆပလညီလာခံတွင် ပြည်နယ်အသီးသီးမှ ခေါင်းဆောင်များခေါ်ယူကာ ယိမ်းယိုင်နေသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပြန်လည်တည်ဆောက်ရန်ဖွဲ့စည်းပုံအခြေခံဉပဒေပြင်ဆင်လိုကြောင်း ပြောကြားပြီးတာဝန်လွှဲအပ်ခဲ့သည်။

ရှမ်းပြည်၊ တောင်ကြီးမြို့တွင် ၁၉၆၁ခု ဇွန်လ(၈)ရက်နေ့မှ(၁၆)ရက်နေ့ထိ ဖွဲ့စည်းပုံအခြေခံဉပဒေ ပြင်ဆင်ရေးညီလာခံကြီးတစ်ရပ်ကျင်းပပြုလုပ်ရန်တွင် ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊မွန်၊ ရှမ်း၊ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များ(၂၂၆)ဦး၊ လေ့လာသူ(၁၀၄)ဦး၊ စုစုပေါင်း(၃၃၀)ဦး တက်ရောက်ပြီး ပင်လုံစိတ်ဓါတ်အခြေခံမူပါအတိုင်း အမျိုးသားတန်းတူရည်တူကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရန် ပင်လုံစာချုပ် အခြေခံမူပါရှိသည့်အတိုင်း မြန်မာအမျိုးသားပြည်နယ်အပါအဝင် ပြည်ထောင်စုစစ်စစ်မူကို တည်ဆောက်သွားရန် သဘောတူချမှတ်ခဲ့သည်။

ဝန်ကြီးချုပ်ဦးနုသည် ဖွဲ့စည်းပုံအခြေခံဉပဒေပြင်ဆင်ရန် ၁၉၆၂ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်နေ့မှစတင်၍ ပါတီပေါင်းစုံတိုင်းရင်းသားပေါင်းစုံနှီးနှောဖလှယ်ပွဲကြီးကျင်းပနေစဉ် ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော ဖက်ဆစ်အုပ်စုက ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရှမ်း၊ ရခိုင်တိုင်းရင်းသားများသည် ဖယ်ဒရယ်သမားများ၊ ခွဲထွက်သူများဖြစ်ပြီး တိုင်းပြည်အစိတ်စိတ်အမွှာမွှာပြိုကွဲ၍ တိုင်းပြည်ချောက်ကမ်းပါးကျလုဆဲဆဲတွင် တပ်မတော်ကအချိန်မှီ ကယ်တင်ထိန်းသိမ်းနိုင်သည်ဟု သူခိုးလူဟစ်ပြီးဝန်ကြီးချုပ်ဦးနုထံမှ အာဏာသိမ်းယူခဲ့သည်။ ထိုသို့ သူခိုးလူဟစ်သည်ကို နိုင်ငံရေးအားနည်းသော ပြည်သူအများစုက လွတ်လပ်ရေးရသည်မှာ မကြာသေး၊ တိုင်းရင်းသားခွဲထွက်မည်ကို တပ်မတော်ကအာဏာသိမ်းခြင်းသည် မှန်ကန်ကြောင်းယူဆပြီး ဖယ်ဒရယ်ဆိုသည့်အသုံးအနှုန်းကို တိုင်းပြည်ပုန်ကုန်မှုကြီးအဖြစ် ရှုမြင်သည်သာမက ဖယ်ဒရယ်ဆိုသည်ကို တစေသရဲအဖြစ် ထင်မြင်လာခဲ့ကြသည်။

ထိုသို့ နိုင်ငံရေးပြသာနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်း၍မရသည့်အဆုံး ရရာလက်နက်စွဲကိုင်ကာ ဝ၊ ပလောင်၊ နာဂ၊ လားဟူ၊ အာခါ၊ ကယန်းစသည့်တိုင်းရင်းသားလူမျိုးစုများပါမကျန် လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာပြီး ပြည်တွင်စစ်မီးသည်လည်း ဟုန်းဟုန်းတောက်လောင်ကျွမ်းခြင်းဖြစ်သည်။ တိုင်းရင်းသားများတန်းတူရေးမရှိသည့် ၁၉၄၇ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေသည်လည်း (၁၄)နှစ်အကြာတွင် ပျက်စီးသွားပြီး နောက်ဆုံးရလဒ်သည် ဗိုလ်နေဝင်းဦးဆောင်သော ဖက်ဆစ်စစ်အုပ်စုကို မွေးဖွားပေးလိုက်ခြင်းပင်ဖြစ်သည်။

၁၉၇၄-ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဉပဒေနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေပြသာနာ

ဗိုလ်နေဝင်းဦးဆောင်သောစစ်အုပ်စုသည် ၁၉၆၂-ခုနှစ်တွင် ဝန်ကြီးချုပ်ဦးနုထံမှ အာဏာသိမ်းယူခဲ့ပြီး ပင်လုံစိတ်ဓါတ်အခြေခံမူလမ်းစဉ်အပေါ် လုံးဝဆန့်ကျင်သွားကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ)ပါတီ အာဏာရှင်စနစ်ကို တည်ထောင်၍ ၁၉၇၄ခုနှစ်တွင် ၄င်းတို့စိတ်ကြိုက် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းအဓမ္မ ပြဌာန်းလိုက်သည်။

ယင်းဖွဲ့စည်းပုံသည် တိုင်းရင်းသားများတန်းတူအခွင့်အရေးများအားလုံးဆုံးရှုံးသည့်အပြင် ပြည်သူများ ဒီမိုကရေစီလူ့အခွင့်အရေးဟူသမျှသည်လည်း လုံးဝဆိတ်သုဉ်းသွားသဖြင့် ပြည်တွင်းစစ်မီးသည် အထွတ်အထိပ်သို့ လောင်ကျွမ်းမဆုံး တောက်လောင်ခြင်းနှင့်အတူ ပြည်သူများဒီမိုကရေစီတိုက်ပွဲသည်လည်း တဆင့်ပြီးတဆင့် ပိုမိုပြင်းထန်လာခဲ့သည်။

နောက်ဆုံး ၁၉၈၈-ခုနှစ်တွင် ပြည်လုံးကျွတ်ပြည်သူများ ဒီမိုကရေစီအရေးတော်ပုံကြီးကြောင့် မဆလ တစ်ပါတီအာဏာရှင်စနစ်ပြုတ်ကျသွားပြီး ၄င်းတို့စိတ်ကြိုက်ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေသည် လည်း ၄င်းတို့ ကိုယ်တိုင်ဖျက်သိမ်းလိုက်ရသည်။ တိုင်းရင်းသားများတန်းတူရေး ဆုံးရှုံးပြီး ပြည်သူများ ဒီမိုကရေစီအခွင့်အရေးဆိတ်သုဉ်းခြင်းပြသာနာများကြောင့် ၁၉၇၄-ခုနှစ်ဖွဲ့စည်းပုံသည်လည်း ၁၄နှစ်သာခံပြီး ပျက်စီးသွားခဲ့သည်။ နောက်ဆုံးရလဒ်သည် အရှေ့တောင်အာရှနိုင်ငံများအနက် အချမ်းသာဆုံးနိုင်ငံဘဝမှ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဘဝတွင်းနက်ထဲသို့ ကျဆင်းသွားခြင်းဖြစ်သည်။

၂၀၀၈-ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြသာနာ

ဗိုလ်နေဝင်းဦးဆောင်သော ဖက်ဆစ်စစ်အုပ်စုသည် မဆလ တပါတီအာဏာရှင်စနစ်ဖျက်သိမ်းလိုက် သော်လည်း ပြည်သူများတောင်းဆိုသည့် ကြားဖြတ်အစိုးရကိုလုံးဝလက်မခံပါ။ ၄င်းတို့ဖက်ဆစ်အမွေ ဖြစ်သော မဆလ တပါတီအာဏာရှင်စနစ်တဖြစ်လဲ တစညပါတီကိုလည်းကောင်း၊ မဆလအုပ်ချုပ်ရေး တဖြစ်လဲ နဝတစစ် အုပ်စုကိုလည်းကောင်း အမွေစားအမွေခံအဖြစ်ပေးအပ်ခဲ့သည်။

နဝတစစ်အုပ်စုသည် မဆလထံမှရရှိသောအမွေကို အားကိုးယုံကြည်ပြီး ၁၉၉၀ခုနှစ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်ပေးခဲ့သည်။ NLD ပါတီသည် ၈၂ ရာခိုင်နှုန်းကျော် အပြတ်အသတ်အနိုင်ရရှိသော်လည်း အာဏာလွဲပြောင်းပေးခြင်းမပြုလုပ်သည့်အပြင် နိုင်ငံရေးပါတီခေါင်းဆောင် များ၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များကို ဖမ်းဆီးထောင်ချနှိပ်စက်ခြင်း၊ နေအိမ်အကျယ်ချုပ်ထိန်းသိမ်းခြင်း စသည့် လုပ်ရပ်များသည် ပြည်သူများဆန္ဒကို မိုက်မဲစွာစော်ကားလိုက်ခြင်းပင်ဖြစ်သည်။

နဝတ-နအဖ စစ်အုပ်စုသည် ပင်လုံစိတ်ဓါတ်အခြေခံမူးလမ်းစဉ်အပေါ်ဆန့်ကျင့်ပြီး ဖွဲ့စည်းပုံအခြေခံ ဉပဒေရေးဆွဲရန်၊ အနာဂတ်အမျိုးသားနိုင်ငံရေးတွင် တပ်မတော်က အစဉ်တစိုက်ဦးဆောင် ပါဝင်ထမ်းဆောင်နိုင်ရေး ဦးတည်ချက်ချမှတ်ပြီး ၄င်းတို့စိတ်ကြိုက်ရွေးချယ်ထားသော ကိုယ်စားလှယ်များဖြင့် ၁၉၉၃ခုနှစ်မှ ၂၀၀၇ခုနှစ်အထိ ၁၄နှစ်ကြာ အချိန်ဆွဲသည့် အတုအယောင်အမျိုးသား ညီလာခံတခုကို ရေးဆွဲလာခဲ့သည်။ စစ်အုပ်စုသည် ဦးတည်ချက်ပါရှိသည့်အတိုင်း ပြည်သူတရပ်လုံးကို ကျွန်ပြုသော ဖွဲ့စည်းပုံတခုကို ၄င်းတို့စိတ်ကြိုက်ရေးဆွဲပြီး ၂၀၀၈ ခုနှစ်တွင် အတင်းအဓမ္မ အတည်ပြုပြဌာန်းလိုက်သည်။ ယင်းဖွဲ့စည်းဖွဲ့စည်းပုံအခြေခံဉပဒေသည် ပင်လုံစိတ်ဓါတ် အခြေခံမူလမ်းစဉ်နှင့် လုံးဝဆန့်ကျင်နေပါသဖြင့် ပြည်သူ့ဒီမိုကရေစီအခွင့်အရေးနှင့် တိုင်းရင်းသားများ တန်းတူရေးကို မည်သို့မျှဖော်ဆောင်ထားခြင်းမရှိပါ။ ယင်းဖွဲ့စည်းပုံအခြေခံဥပဒေကို လတ်တွေ့ကျင့်သုံးရာတွင် ၁၀ နှစ်ကျော်လာပြီးဖြစ်သည်။ ယနေ့တိုင်းပြည်သည် အလုံးစုံပျက်သုဉ်းခြင်းဆီသို့ ဦးတည်ပြီး ပြည်တွင်းစစ်မီးသွေးချောင်းစီဘဝသို့ ဆိုက်ရောက်လာပြီးဖြစ်ပေသည်။

သို့ဖြစ်ပါ၍ ပြည်ထောင်စုဗမာနိုင်ငံတော်၏ အခြေခံပြဿနာသည် ဖွဲ့စည်းပုံအခြေခံပြဿနာပင် ဖြစ်သည်။ ဖွဲ့စည်းပုံပြသာနာဆိုရာတွင် တိုင်းရင်းသားများတန်းတူရည်တူအခွင့်အရေးဆုံးရှုံးခြင်းနှင့် ပြည်သူများ ဒီမိုကရေစီအခြေခံအခွင့်အရေးများ ဆိတ်သုဉ်းခြင်းပြသာနာများပင်ဖြစ်သည်။ယနေ့ဗမာနိုင်ငံသည် ဗိုလ်ချုပ်အောင်ဆန်းကို လွတ်လပ်ရေးဖခင်ကြီး၊ တပ်မတော်ဖခင်ကြီးဟု တင်စားခေါ်ဝေါ်ကြသော်လည်း ပင်လုံစာချုပ် အခြေခံမူများကတိကဝတ်များကို ဖောက်ဖျက်သဖြင့် ပင်လုံကျိန်စာသင့်သည်ဟု ခံယူကြရမည်ဖြစ်သည်။ ထို့ကြောင့် ပင်လုံကျိန်စာသင့်သည်ဘဝမှ ပင်လုံသစ္စာဘဝဆီသို့ ပင်လုံစိတ်ဓါတ် အခြေခံမူလမ်းစဉ်ပါအတိုင်း စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတည်ဆောက်မှသာလျှင် ပြည်သူများ ဒီမိုကရေစီအခွင့်အရေးနှင့် တိုင်းရင်းသားများတန်းတူအခွင့်အရေးများ အပြည့်အဝဖော်ဆောင်ပေးနိုင်ပြီး ငြိမ်းချမ်း သာယာဝပြောသော ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မည် ဖြစ်သည်။ ဤသည်မှာ ပြည်ထောင်စုဗမာနိုင်ငံနှင့်ဖွဲ့စည်းပုံ အခြေခံဥပဒေပြသာနာဖြစ်ပေသည်။   

အနာဂတ်ဖယ်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးဆောင်းပါးကို ဆက်လက် ဖေါ်ပြ သွားမည်။