• Today is: Wednesday, December 7, 2022

Burmanisation နှင့် မြန်မာ့နိုင်ငံရေးကတိကဝတ်များ

Burmanisation နှင့် မြန်မာ့နိုင်ငံရေးကတိကဝတ်များ

– စည်းနရီ

ဂျာမန်မှုပြုခြင်း (Germanization)၊ အင်္ဂလိပ်မှုပြုခြင်း (Anglicization) နှင့် ဂျပန်မှုပြုခြင်း (Japanification) အစရှိသော သဘောတရားများမှာ နိုင်ငံတော်မှ လက်ခံကျင့်သုံးသော အမျိုးသားရေးမူဝါဒ တစ်ရပ်ကို ဆိုလိုသည်ဟု Hugh Seton-Watson က အဆိုပြုသည်။

နိုင်ငံအတွင်းရှိ မှီတင်းနေထိုင်နေသော တိုင်းသူပြည်သားများနှင့် ပြည်သူအသစ်များကို အမျိုးသားလူထုတစ်ခု၏ အသိအမြင်များ သွင်းပေးပြီး အမျိုးသားလူထုတခု အမွေအနှစ်များအနေဖြင့် ဖော်ပြခြင်းများတွင် သုံးစွဲသည်သာမက လူမျိုးစုငယ်များကို စုစည်းသိမ်းသွင်းကာ အမျိုးသားယဉ်ကျေးမှုများ သွတ်သွင်းပေးခြင်းများတွင်လည်း ထိုသဘောတရားကို  သုံးစွဲပါသည်။

ကိုလိုနီခေတ်တွင် ဗမာနိုင်ငံသားများကို အစိုးရအလုပ်များတွင် ဝင်ရောက်လုပ်ကိုင် စေခြင်းသည် ဗမာမှုပြုခြင်း (Burmanisation)  ဖြစ်ကြောင်းကို ဘုရင်ခံ Sir Reginald Henry Craddock က ပြောခဲ့ဖူးသည်။

နိုင်ငံတစ်နိုင်ငံကို စုဖွဲ့လိုက်ပြီဟု ဆိုပါလျှင် ထိုနိုင်ငံအတွင်းတွင်ရှိသော ပြည်သူအများ၏ တစ်နိုင်ငံတည်းသားဖြစ်ခြင်း၊ တစုတစည်းတည်းဖြစ်တည်ခြင်း ဟူသောအမြင်များ လိုအပ်ပါသည်။ ထိုအမြင်ကို ဖန်တီးရန်အတွက် နိုင်ငံ၏အမျိုးသားရေးမူဝါဒအတွင်း သွတ်သွင်းခြင်းမှုကို ပုံစံအမျိုးမျိုးပြုလုပ်တတ်ကြသည်။

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ချုပ်ဆိုသော ပင်လုံစာချုပ်သဘောတူညီမှုကို အခြေပြုညှိနှိုင်းကြပြီးနောက် နယ်ချဲ့အင်္ဂလိပ် လက်အောက်မှ လွတ်လပ်ရေးရပြီးချိန်တွင် ဗမာပြည်မ (Burma Proper)၊ ရှမ်းပြည်ထောင် (Federated Shan States)၊ ချင်းတောင်တန်းဒေသ (Chin Hills Region) နှင့် ကချင်တောင်တန်းဒေသ (Kachin Hill Tract) နှင့် သီးခြားလွတ်လပ်သော ကရင်နီပြည် ( Karenni Region) တို့ ပေါင်းစည်းကာ ပြည်ထောင်စုဗမာနိုင်ငံတော်ကို တည်ထောင်ခဲ့ကြသည်။

1937 Burma Act ဖြင့် အုပ်ချုပ်သော ဗမာပြည်မ Burma Proper မှ သီးခြားတည်ရှိသော အမျိုးသားနယ်မြေများဖြစ်သည့်  1895 Kachin Hill Regulation ဖြင့် အုပ်ချုပ်သော ကချင်တောင်တန်းဒေသ (Kachin Hill Tract)၊ နှင့် 1896 Chin Hills Regulation ဖြင့် အုပ်ချုပ်သော ချင်းတောင်တန်းဒေသ (Chin Hills Region) နှင့် ၁၉၂၂  တွင် ဖွဲ့စည်းသော ပြည်ထောင်စုရှမ်းပြည် (Federated Shan States) ဟူ၍ ရှိခဲ့သည်။ အနောက်ကရင်နီပြည်နယ်သည် မူလက ၁၈၇၅ ကင်းဝန်မင်းကြီးနှင့် ဗြိတိသျှတို့ စာချုပ်ချုပ်ဆိုချက်များအရ သီးခြားဖြစ်သည်။

ကုန်းဘောင်ခေတ်ဗမာ့ကိုလိုနီလက်အောက် ကျရောက်ထားခဲ့သော မွန်၊ ရခိုင်တို့၏ နယ်မြေများလည်းရှိသည်။ ထိုမှတပါး အမျိုးသားနိုင်ငံရေးနိုးကြားလာသည့် အမျိုးသားစုများဖြစ်သော ကရင်အမျိုးသားလူထုများကိုလည်း တွေ့ရပေမည်။ အားလုံးအတူတူစုပေါင်းကာ ပြည်ထောင်စုနိုင်ငံတော်သစ်ကြီးကို တည်ထောင်ခြင်းသည် ဘုံရည်မှန်းချက် ဖြစ်ခဲ့သည်။

ပင်လုံညီလာခံပထမရက်တွင် ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် “လွတ်လပ်ရေးရပြီးနောက် ဗမာနိုင်ငံတွင် အဆင့်အတန်းခွဲခြားခြင်းမရှိစေရန်နှင့် အားလုံးတန်းတူရည်တူ ခံစားခွင့်ရရှိစေရန် အစည်းအဝေးကြီးတွင် အာမခံချက်ပေး”ခဲ့သော်လည်း လက်တွေ့ ၁၉၄၇ ဖွဲ့စည်းပုံတွင် ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်နယ်များကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နိုင်ငံရေးအာဏာများ အပြည့်အဝအပ်နှင်းခြင်းမရှိပေ။

အထက်လွှတ်တော်နှင့် အောက်လွှတ်တော်နှစ်ခုလုံးကိုလည်း လူဦးရေအချိုးအစား အခြေပြု၍ စေလွှတ်ခြင်းဖြင့် တန်းတူညီမှုအနှစ်သာရ ပျောက်ဆုံးခဲ့သည်။ နောက်ပိုင်းကာလ နိုင်ငံရေးများတွင်လည်း ပင်မဗမာနိုင်ငံရေးယူနစ်က ပိုမိုများပြားသော အစိုးရအဖွဲ့များ၊ ဝန်ကြီးများ၊ အထက်လွှတ်တော်အမတ်များရရှိလာခဲ့သလို အခြားပြည်နယ်များနှင့် မတူညီသော အမျိုးသားလူထုများ၏ မတူညီသောယဉ်ကျေးမှုများကို ဗမာလူမျိုးကြီးဝါဒက ဝါးမျိုလာခဲ့သည်။

ယခုခေတ်ကာလတွင် တိုင်းရင်းသား အင်အားစုများက ဗမာပြည်နယ်ဖွဲ့စည်းရေးဟု တောင်းဆိုနေကြခြင်းသည် မရှိသေးသောဗမာနိုင်ငံရေးယူနစ်ကို လူမျိုးစုအသွင် ဖန်တီးရန် တိုက်တွန်းနေခြင်းဟူသည့် အထင်အမြင်များမှုသည် မဟုတ်မမှန်ပဲ ပင်မဗမာနိုင်ငံရေးယူနစ်၏ နိုင်ငံရေးအရ ဝါးမျိုထားမှုများကို မူလပိုင်ရှင်ဖြစ်သည့် အမျိုးသားလူထုများလက်အတွင်း ပြန်လည်အပ်နှင်းရန် တောင်းဆိုခြင်း သို့မဟုတ် ဗမာ့ကိုလိုနီအဖြစ် သွတ်သွင်းခံရရမှုမှ လွတ်မြောက်ခွင့်ပေးရန် တောင်းဆိုခြင်းလည်း ဖြစ်ပေသည်။

သို့သော် နိုင်ငံရေးယူနစ်များ အတူတကွပူးပေါင်းရာတွင် အမျိုးသား တန်းတူညီမျှခြင်းမရှိပဲ ဗမာနိုင်ငံရေးယူနစ်အောက်တွင် အားလုံးကို ထည့်သွင်းခဲ့ကြသည်။ ထိုအချက်ကိုပင် ဗမာလူမျိုးကြီး (Supremacy of Burmese Nation / Burmese political unit) သို့မဟုတ် Burmanisation ဟု ဆိုလိုသည်။

လွတ်လပ်ရေးရပြီးနောက်တွင်လည်း ဗမာ့နိုင်ငံရေးတည်ဆောက်မှုသည် အများစုအနိုင်ရစနစ်ဖြစ်သည့် Westminster model ကို ယူကာ လူမျိုးစုနိုင်ငံရေးလက္ခဏာကိုထည့်သွင်းပြီး ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့သည်။ သို့သော်လည်း ၁၉၆၂ ခုနှစ်တွင် ဗိုလ်နေဝင်းမှ နိုင်ငံအာဏာကို သိမ်းယူခဲ့တာကြောင့် ဒီမိုကရေစီလည်း ဆိတ်သုဉ်းသွားပြန်သည်။

၁၉၇၄ ခုနှစ်တွင် တံခါးပိတ်ဆိုရှယ်လစ် ဖွဲ့စည်းပုံအခြေခံဥပဒေတခု ပြဌာန်းခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် သမိုင်းဝင် ပြည်သူ့လှုပ်ရှားမှုကြီး ဖြစ်ပွားခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် နိုင်ငံအမည်ကို ဗမာနိုင်ငံမှ မြန်မာနိုင်ငံဟု ပြောင်းလဲခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ရပ်ကို ကြာမြင့်စွာရေးဆွဲပြီး ၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်းကြောင့် ပြည်သူများဆင်းရဲဒုက္ခရောက်နေချိန်တွင် ရှိရင်းစွဲလူဦးရေထက် ပိုသော၊ မပေးထားသူများပါ ပါဝင်နေသော မဲများဖြင့် အတည်ပြုခဲ့သည်။

၂၀၁၀ ခုနှစ်တွင် ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်မှ သမ္မတဖြစ်လာပြီး လူဝတ်လဲစစ်ခေါင်းဆောင်မှ စီမံအုပ်ချုပ်သော အရပ်သားတပိုင်းအစိုးရသစ်တစ်ရပ် ပေါ်ထွက်လာခဲ့သည်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်  ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြေပေါ်နိုင်ငံရေးပါတီအဖြစ်ပြန်လည်ရပ်တည်ပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အပြတ်အသတ်မဲအနိုင်ရခဲ့သလို အရပ်သားအစိုးရတပိုင်း စစ်သား အစိတ်သားတပိုင်း ပါဝင်သော အရောနိုင်ငံရေးစနစ်ကြီးတရပ်ပေါ်ပေါက်လာခဲ့သည်။

ရွေးကောက်ပွဲ မသမာမှုကို ခေါင်းစဉ်တပ်ပြီး ၂၀၂၀ ရွေးကောက်ပွဲကို တရားမဝင်သယောင်ပြုပြီး ၂၀၂၁ ခုနှစ်တွင် စစ်တပ်မှ အာဏာသိမ်းယူခဲ့ပြန်သည်။ ထိုလုပ်ရပ်ကြောင့် တပိုင်းတစ ဒီမိုကရေစီပြောင်းလဲရေးကာလကြီးလည်း အဆုံးသတ်ခဲ့ရပြန်သည်။

မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းကို လည်ပြန်ကြည့်မည်ဆိုလျှင် ပြည်ထောင်စုကြီးကို ပေါ်ထွန်းစေခဲ့သည့် ပင်လုံစာချုပ်ပါ သဘောတူညီချက်များကို ဖ.ဆ.ပ.လ အပါအဝင် အာဏာသိမ်းစစ်အုပ်စုအပါအဝင် ဗမာ့နိုင်ငံရေးကို ဆက်ခံသော ခေါင်းဆောင်များသည် ပြည်ထောင်စု မပြိုကွဲရေးအပါအဝင် အကြောင်းမျိုးစုံပြပြီး ယနေ့တိုင် သဘောတူညီချက်များကို အကောင်အထည်ဖော်ခြင်းမရှိသေးပေ။

စီးပွားရေးလုပ်ငန်းတခုသည် ဥပဒေချိုးဖောက်မှုတခုပြုလုပ်ထားပြီး လျော်ကြေးပေးရန်ရှိပါလျှင် ထိုစီးပွားရေးလုပ်ငန်းအနေဖြင့် အမှုဆောင်အရာရှိချုပ်ကို အလုပ်ထုတ်သည်ပင်ဖြစ်စေ လျော်ကြေးပေးရန်တာဝန်မှ ထွက်ပြေး၍မရ။ ဥပမာ ဖေ့ဘုတ်ကုမ္ပဏီသည် သုံးစွဲသူများ၏အချက်အလက်များကို ထိခိုက်စေပါလျှင် ဇူကာဘတ်ကို ထုတ်လိုက်သည်ဖြစ်စေ မပြီးပဲ ကုမ္ပဏီက ဥပဒေအရ တာဝန်ခံရပေမည်။

ထို့နည်းတူစွာပင် ဗြိတိသျှတို့ လွတ်လပ်ရေး ပေးခဲ့သည့်နိုင်ငံရေးကို အခြေခံကာ  မြန်မာနိုင်ငံကြီးလွတ်လပ်သောအချုပ်အခြာအာဏာပိုင်သည့် နိုင်ငံအဖြစ်သို့ ရောက်ခဲ့ရသည့်အခြေခံကို ပြန်လည်ရှုမြင်လျှင် မြန်မာနိုင်ငံအတွင်း ဖြစ်တည်နေခဲ့သော ကတိပျက်မှု၊ ချိုးဖောက်မှုများကို နိုင်ငံရေးဆက်ခံသူများမှ တာဝန်ယူရမည်သာဖြစ်သည်။ NUG သည်လည်း မြန်မာ့နိုင်ငံရေးယူနစ်ကို ဆက်ခံသည့် ယူနစ်ဖြစ်သည့်အတွက် နိုင်ငံရေးဆိုင်ရာ နစ်နာမှုအတွက် မှန်ကန်မျှတအောင် ပြန်လည်စီစဉ်ပေးရန် တာဝန်ရှိရသည်။ မဟုတ်ပါက စုစည်းမည်ဟု သဘောတူညီကြသောအချက်များ ပျက်စီးသည့်အတွက် နိုင်ငံတော် စုစည်းမှုက မမှန်ကန်မှုများ ဆက်လက်ဖြစ်လိမ့်မည်။

နိုင်ငံရေးအရ သဘောတူညီချက်ကောင်းစွာ မရရှိထားသော နိုင်ငံရေးယူနစ်များ၊ ဗမာ့နိုင်ငံရေးအောက် ကိုလိုနီပြုခံထားရဆဲ နိုင်ငံရေးယူနစ်များဖြင့် ပြည်ထောင်စုနိုင်ငံတော်ကြီး တည်ဆောက်ခြင်းသည် အလုပ်ဖြစ်မည်မဟုတ်ပေ။

နိုင်ငံရေးကတိကဝတ်ပြဿနာကို ကြေလည်အောင် မဖြေရှင်းနိုင်ဘဲ ဖက်ဒရယ်စနစ် နှင့် ဒီမိုကရေစီစနစ် တို့ အသက်ဝင်အောင် အကောင်အထည်မဖော်နိုင်ပေ။ နယ်မြေဆိုင်ရာ ယဉ်ကျေးမှုဆိုင်ရာ မတူညီသောအမျိုးသားလူထုနှင့် နိုင်ငံရေးယူနစ်များကိုဝါးမြိုကာ ကိုလိုနီကဲ့သို့ပြုမူခြင်းမှ လွတ်လပ်မှုရှိသည့်အခါရောက်မှသာ ဒီမိုကရေစီစနစ်သည် အနှစ်သာရ ရှိပေလိမ့်မည်သာ ဖြစ်ပါသည်။