• Today is: Wednesday, December 7, 2022

ခွဲထွက်ရေး သဘောအမြင်

ခွဲထွက်ရေး သဘောအမြင်

မင်းသေ့

ခွဲထွက်ရေးဟာ ခွင့်ပြုချက်လား၊ သို့တည်းမဟုတ် ရပိုင်ခွင့်လား။

ပြည်ထောင်စုဆိုတဲ့ စတိုရီကို ဘယ်သူ ယုံသလဲ။ ပြည်ထောင်စုစတိုရီကို ယုံတဲ့သူတွေဟာ ခွဲထွက်ခွင့်ဆိုတာကို ကန့်ကွက်လိမ့်မယ်၊ ဆန့်ကျင်လိမ့်မယ်။ ခွဲထွက်ရေးဆိုတဲ့ စတိုရီကို ယုံတဲ့သူဟာ ပြည်ထောင်စုစတိုရီကို ကန့်ကွက်လိမ့်မယ်၊ ဆန့်ကျင်လိမ့်မယ်။

တကယ်တော့ အချုပ်အခြာအာဏာတို့၊ အမျိုးသားရေးတို့၊ ပြည်ထောင်စုဆိုတာတွေဟာ လူမှုတည်ဆောက်ပြုပြင်ရေးသဘောတရားအရ စတိုရီတွေ ဖန်တီးထားချက်သက်သက်မျှသာ ဖြစ်ပါတယ်။

လူတွေကို စတိုရီတွေကို ယုံခိုင်းတယ်။ ယုံအောင်လည်း နိုင်ငံရေးအားဖြင့်၊ ပညာရေးအားဖြင့်၊ စာပေယဉ်ကျေးမှုအနုပညာအားဖြင့် ဇာတ်ညွှန်းတွေ ဝိုင်းဝန်းတည်ဆောက်ပေးထားကြတယ်။ ဒါကို social construct လုပ်တယ်လို့ ဆိုတယ်။

စတိုရီတွေကို ယုံခိုင်းတာဟာ နိုင်ငံရေးရဲ့ အလုပ်ပဲ။ လူထုဟာ ဘယ်စတိုရီကို ပိုယုံသလဲ။ ဒီအပေါ်မှာ မူတည်ပြီးတော့ မြေပုံအပြောင်းအလဲတွေ ဖြစ်လေ့ရှိတာပဲ။ မြေပုံတွေကိုယ်နှိုက်ကလည်း ရွေ့နေတယ် လျားနေတဲ့သဘောရှိတယ်။ မြေပုံတွေဟာ အငြိမ်မနေဘူး။

မြေပုံတွေဟာ ရွေ့နေတယ်၊ ပြောင်းနေတယ်၊ အမျိုးမျိုးပဲ။ ဒါပေမယ့် တကယ့် မြေပုံတွေဟာ လက်တွေ့မှာ ရှိနေတယ်လို့ လူတွေကို နိုင်ငံရေးအရ ယုံခိုင်းတာ။

ဒါဟာ ငါတို့ နယ်မြေဖြစ်တယ်၊ ဒါက ငါတို့ နယ်နိမိတ်ဖြစ်တယ်၊ ဒါဟာ ငါတို့ နိုင်ငံဖြစ်တယ်၊ ဒါဟာ ငါ့တို့ ဧရိယာဖြစ်တယ်၊ ဒါဟာ ငါ့တို့ ဒေသဖြစ်တယ်… အစရှိသဖြင့် မြေပုံဆိုတဲ့ စတိုရီတွေကို ရေးဆွဲကြတာပဲ။ ဒီလို မြေပုံတွေရဲ့ စတိုရီတွေကို အပြိုင်ရေးဆွဲကြရင်း ပဋိပက္ခဇာတ်ကြောင်းတွေ ပေါ်လာတာပဲ။

မြေပုံတွေရဲ့ စတိုရီတွေကို လူအများယုံမှတ်လက်ခံကြစေဖို့ နည်းအမျိုးမျိုးနဲ့ လုပ်တာပဲ။ နိုင်ငံရေးနည်းနဲ့လည်း လုပ်တယ်၊ စစ်ရေးနည်းနဲ့လည်း လုပ်တယ်၊ လူဦးရေနည်းအားဖြင့်လည်း လုပ်တယ်၊ စီးပွားရေးနည်းနဲ့လည်း လုပ်တယ်၊ လူမှုရေးနည်းနဲ့လည်း လုပ်တယ်၊ ပညာရေးနည်းနဲ့လည်း လုပ်တယ်၊ စာပေယဉ်ကျေးမှုအနုပညာနည်းတွေနဲ့ လုပ်တယ်၊ ဥပဒေနည်းတွေနဲ့ လုပ်တယ်။

မြေပုံတွေဟာ အပြင်မှာ တကယ်ရှိတယ်ဆိုတာထက် — လူအများရဲ့ စိတ်ထဲမှာ တကယ် ယုံမှတ်လက်ခံထားဖို့ လိုနေတာပဲ။ လူတွေရဲ့ စိတ်ထဲမှာ မြေပုံရဲ့ နယ်နိမိတ်ကို ယုံမှတ်စွဲမြဲအောင် လုပ်ထားနိုင်ရင် ဒါဟာ စတိုရီပိုင်ရှင်ရဲ့ ဩဇာခံနယ်မြေတွေ ဖြစ်လာတာပါပဲ။

 

မှိုင်းတိုက်ပြီး မယုံခိုင်းနဲ့

ခွဲထွက်ရေးဟာ ခွင့်ပြုချက်ပေးမှဖြစ်မှာလား၊ သို့တည်းမဟုတ် နဂိုမူလ ရပိုင်ခွင့်လား။

လောလောဆယ်အားဖြင့် ပြည်ထောင်စုဆိုတဲ့ စတိုရီကို ဘယ်သူ မောင်ပိုင်စီးထားသလဲဆိုတဲ့ မေးခွန်းကို အရင် မေးရပါလိမ့်မယ်။ ပြည်ထောင်စုဆိုတဲ့ စတိုရီကို ယုံမှတ်လက်ခံထားမှု သေးကျုံ့ရင် သေးကျုံ့သလောက် ပြည်ထောင်စုဟာ လျော့ရွဲနေမယ်။ မခိုင်မာဘူး၊ မကျစ်လစ်ဘူး၊ မကြံ့ခိုင်ဘူး။ ပြည်ထောင် စုစတိုရီကို ယုံမှတ်လက်ခံအောင် ဝါဒဖြန့်ချိရေးနည်းနာတစ်ခုတည်းနဲ့ လုပ်လို့ မရဘူးဆိုတာ အလွန်သေချာတယ်။

ပြည်ထောင်စုစတိုရီကို ယုံမှတ်လက်ခံစေဖို့အတွက် –

  • အားလုံးက တန်းတူညီတူဖြစ်တယ်၊
  • နေရာတိုင်းမှာ တရားမျှတမှုရှိတယ်၊
  • ငါတို့ အားလုံး အတူတူဖြစ်တယ်၊
  • ငါ့တို့အားလုံးမှာ တူညီသောအကျိုးစီးပွားတွေ ရှိတယ်၊
  • ငါတို့တတွေ အတူပေါင်းစည်းလို့ အကျိုးကျေးဇူးကြီးတယ်၊
  • ငါတို့အားလုံးဟာ လမ်းချင်းတူလို့ လူချင်းတွေ့ကြသူတွေဖြစ်တယ်၊
  • ငါတို့ဆီမှာ ဗိုလ်ကျလွှမ်းမိုးတာ၊ ခွဲခြားဆက်ဆံတာမရှိဘူး….

ဆိုတာတွေကို လက်တွေ့ကျကျ ပြသထားနိုင်မှ ဖြစ်မယ်။ အခု တင်ပြတဲ့ အချက်အလက်တွေကို လက်တွေ့ မပြသနိုင်ဘဲနဲ့ ဝါဒဖြန့်ချိရေးနည်းနာတစ်ခုတည်းကို သုံးပြီး ပြည်ထောင်စုဆိုတဲ့ စတိုရီကို ဇွတ်ယုံခိုင်းနေရင်တော့၊ အကြောင်းအကျိုး ညီညွတ်တဲ့အချိန်မှာ၊ ပြည်ထောင်စုစတိုရီဟာ ဗြဲလရမ်းကြီးဖြစ်နေကြောင်း လက်တွေ့ သိရလိမ့်မယ်။ ပြည်ထောင်စုမပြိုကွဲရေးဆိုတဲ့ စတိုရီကို လက်တွေ့ အကျိုးရှိကြောင်း ပြစမ်းပါ။ မှိုင်းတိုက်ပြီး အယုံမသွင်းခိုင်းပါနဲ့။

 

ခွဲထွက်ရေးဟာ ခွင့်ပြုချက်လား / ရပိုင်ခွင့်လား ။

ခွင့်ပြုချက်ဆိုတာဟာ တစ်စုံတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုက ခွင့်ပြုတာကို ခေါ်တာဖြစ်တယ်။ ဒါ့ကြောင့် ခွင့်ပြုချက်ဆိုတာဟာ တစ်စုံတစ်ယောက် / တစ်စုတစ်ဖွဲ့ကို မှီခိုပြီး စဉ်းစားလက်ခံတဲ့အမြင် ရှုထောင့်ဖြစ်တယ်။

ရပိုင်ခွင့်ဆိုတာကတော့ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ခွင့်ပြုချက်မှ မလိုဘူး။ ရပိုင်ခွင့်ဆိုတာ နဂိုမူလ အခွင့်အရေး ဖြစ်တယ်။ မွေးရာပါ အခွင့်အရေးဖြစ်တယ်။ လူမှုအသိုင်းအဝန်းက မွေးကတည်းက သူတို့ ယုံထားတဲ့ စတိုရီကို မွေးခါစ ကလေးငယ်ငယ်ကို ယုံမှတ်အောင် သွတ်သွင်းတာပဲ။

ဒီလို လုပ်ရမယ်၊ ဒီလို မလုပ်ရဘူး၊ ဆိုတဲ့ do and don’t ကို စပြီး သင်ကြားတယ်။ ဘိုးဘေးဘီဘင်တွေက ပြည်ထောင်စုဆိုတဲ့ စတိုရီကို ယုံမှတ်လို့ ကိုယ့်သားသမီးကိုလည်း ပြည်ထောင်စုထဲမှာ နေရမယ်ဆိုတဲ့ စတိုရီကို ဆက်ပြီး ယုံခိုင်းတယ်။ ဒါပေမယ့် ဒီလို ယုံခိုင်းတဲ့နေရာမှာ လက်တွေ့ ဆန်းစစ်သုံးသပ်ချက်တွေ ပါချင်မှ ပါမယ်။

 

ဘာလုပ်ရမှာတုန်း

တိုင်းပြည်ထဲမှာ နေထိုင်တဲ့ ပြည်သူလူထုတစ်ယောက်ချင်းစီမှာ — လူချင်းတူတူ သူချင်းမျှမျှမှ မနေနိုင်ရင်၊ ဘိုးဘေးဘီဘင် အဆက်ဆက်က ယုံမှတ်လက်ခံထားတဲ့ ပြည်ထောင်စုဆိုတာကြီးက ဘာလုပ်ရမှာလဲ။ ဘယ်သူ့အတွက်လဲ။ လူတစ်ဦး တစ်ယောက်ချင်းစီမှာ – လူ့ဂုဏ်သိက္ခာနဲ့ အညီ မနေနိုင်ဘူး၊ လွတ်လပ်ခွင့် မရှိဘူး၊ လူသားဘဝအဆင့်အတန်းကနေ ချိုးနှိမ်ဖိနှိပ်ခံနေပါလျက်နဲ့ ပြည်ထောင်စုဆိုတဲ့ စတိုရီကို ဆက်ပြီး ယုံမှတ်ခိုင်းနေတာဟာ လက်တွေ့ကျရဲ့လား၊ ဖြစ်သင့်ရဲ့လား၊ ဖြစ်ထိုက်ရဲ့လား။

 

  • လူချင်းတူတူ သူချင်းမျှမျှ နေထိုင်ခွင့်မှ မရှိရင် အဲသည့် ပြည်ထောင်စုဆိုတာကြီးက ဘာလုပ်ရမှာတုန်း။
  • လူ့ဂုဏ်သိက္ခာနဲ့အညီ နေနိုင်တဲ့ ဝန်းကျင်ကိုမှ မရရင် အဲသည့် ပြည်ထောင်စုဆိုတာကြီးက ဘာလုပ်ရမှာတုန်း။
  • လွတ်လပ်ခွင့်မှ မရှိရင် အဲသည့် ပြည်ထောင်စုဆိုတာကြီးက ဘာလုပ်ရမှာတုန်း။
  • လူချင်းတူတူ သူချင်းမျှမျှ နေထိုင်ခွင့်မှ မရှိရင် အဲသည့် အချုပ်အခြာအာဏာဆိုတာကြီးက ဘာလုပ်ရမှာတုန်း။
  • လူ့ဂုဏ်သိက္ခာနဲ့အညီနေနိုင်တဲ့ ဝန်းကျင်မှ မရရင် အဲသည့် အချုပ်အခြာအာဏာဆိုတာကြီးက ဘာလုပ်ရမှာတုန်း။
  • လွတ်လပ်ခွင့်မှ မရှိရင် အဲသည့် အချုပ်အခြာအာဏာဆိုတာကြီးက ဘာလုပ်ရမှာတုန်း။

ပြည်ထောင်စုဆိုတဲ့ စတိုရီကို ယုံလို့ ပိုပြီး လွတ်လပ်ရင်၊ ပိုပြီး လူ့အခွင့်ဂုဏ်သိက္ခာနဲ့ နေနိုင်တယ်ဆိုရင်၊ ပြည်ထောင်စုထဲမှာ နေထိုင်သင့်တာပေါ့။ ပြည်ထောင်စုဆိုတဲ့ စတိုရီကို ယုံနေပါလျက်နဲ့ လူချင်းတူတူ သူချင်းမျှမျှ မနေရဘူး၊ လူ့အခြေခံ အခွင့်အရေးတွေကို မရရှိဘူး။ ခေါင်းပုံဖြတ် အမြတ်ထုတ် ဗိုလ်ကျစိုးမိုးတာကို ခံရပြီး ဖိနှိပ်ညှင်းဆဲခံနေရပါလျက်နဲ့ ပြည်ထောင်စုဆိုတဲ့ စတိုရီကို ယုံကြည်နေတာဟာ — နလပိန်းတုံးဖြစ်ရာ ကျလွန်းလှပါတယ်။

အချုပ်အခြာအာဏာဆိုတဲ့ စတိုရီကို ယုံလို့ ပြည်သူလူထုတစ်ဦးချင်းစီရဲ့ ဘဝဟာ ပိုပြီး လွတ်လပ်လာတယ်၊ ပိုပြီး လူ့အခွင့်ဂုဏ်သိက္ခာနဲ့ နေနိုင်တယ်ဆိုရင် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုတာကို ထောက်ခံသင့်တာပေါ့။

အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ယုံမှတ်ထားပါလျက်နဲ့ လူချင်းတူတူ သူချင်းမျှမျှ မနေရဘူး၊ ဖိနှိပ်ညှင်းဆဲခံနေရတယ်၊ လူသားဘဝတွေ ပျက်စီးဆုံးရှုံးနေရတယ်၊ အမြဲတမ်း အကြောက်တရားနဲ့ ရှင်သန်နေရတယ်ဆိုရင် ဘာလို့ အချုပ်အခြာအာဏာဆိုတဲ့ စတိုရီကို ယုံစရာလိုတော့လို့လဲ။

ပြည်ထောင်စုဆိုတဲ့စတိုရီကို ငြင်းပယ်မှ လွတ်လပ်မှုရှိလာမယ်ဆိုရင် ပြည်ထောင်စုထဲက ခွဲထွက်သင့်တယ်။ သီးခြားခွဲထွက်နေမှ လူချင်းတူတူသူချင်းမျှမျှ ရှင်သန်ရပ်တည်ခွင့်ရမယ်ဆိုရင် ဘာလို့ ပြည်ထောင်စုစတိုရီကို ငြင်းပယ်ဖို့ တွန့်ဆုတ်နေရသလဲ။ ဘာအကြောင်းကြောင်းနဲ့မှ တွန့်ဆုတ်နေစရာ မလိုပါဘူး။

 

အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး စတိုရီ

အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲလို့ အကျိုးစီးပွားရနေတာက ဘယ်သူလဲ။ မြန်မာလူထုလား၊ မြန်မာစစ်တပ်လား။ စစ်အုပ်စုရဲ့ အကျိုးစီးပွားကို ခိုင်မာမြဲမြံစေဖို့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို အလိုရှိတယ်ဆိုရင်တော့ ဒါဟာ အားလုံးအတွက် မဟုတ်ဘူး၊ တစ်စုတစ်ဖွဲ့ အတွက် သက်သက်မျှသာဖြစ်တယ်။ ဒါဟာ အားလုံးအတွက် မဟုတ်ဘူး၊ လူထုအတွက် မဟုတ်ဘူး၊ လူမျိုးအားလုံးအတွက် မဟုတ်ဘူး။

အချုပ်အခြာ အာဏာတည်တံ့ခြင်းဟာ အားလုံးအတွက် မဟုတ်ဘူး၊ လူထုအတွက် မဟုတ်ဘူး၊ လူမျိုးအားလုံးအတွက် မဟုတ်ဘူးဆိုရင် ကျနော်တို့ဟာ အချုပ်အခြာအာဏာကို အလေးအမြတ် ပြုစရာ မလိုဘူး။ ငြင်းပယ်လို့ရတယ်၊ ငြင်းပယ်ထိုက်တယ်၊ ငြင်းပယ်သင့်တယ်။

အားလုံးရဲ့ ဘုံအကျိုးစီးပွားကို ရှေ့ရှုတဲ့ အချုပ်အခြာအာဏာမှ မဟုတ်ရင် အဲဒါ ဘာလုပ်ရမှာလဲ။ ဘယ်သူ့ရဲ့ လက်ဝေခံအယူအဆကို ကိုယ်က ဆက်လက် အသုံးတော်ခံနေရမှာလဲ။ အယူအဆရဲ့ ကျေးကျွန်အဖြစ်ကနေ လက်တွေ့ ဘဝရဲ့ ကျေးကျွန်ဖြစ်နေမှာပဲ မဟုတ်လား။

 

ပြည်ထောင်စု မပြိုကွဲရေး စတိုရီ

ပြည်ထောင်စုမပြိုကွဲရေးဆိုတဲ့ စတိုရီကို ယုံလို့ အကျိုးစီးပွားရနေတာ ဘယ်သူလဲ။ လူထုအားလုံးလား၊ လူတစ်စု လူတစ်ဖွဲ့သက်သက်မျှသာလား။ လူမျိုးစုအားလုံးရဲ့ ဘုံအကျိုးစီးပွားအဖြစ် ပြည်ထောင်စုမပြိုကွဲရေး စတိုရီက ကိုယ်စားပြုနိုင်ရဲ့လား။ လွတ်လပ်မှုနဲ့ လူချင်းတူတူ သူချင်းမျှမျှ ရှင်သန်ရပ်တည်ခွင့်မှ မရှိရင် အဲသည့် ပြည်ထောင်စုဆိုတာကြီးက ဘာလုပ်ရမတုန်း။

ပြည်ထောင်စုစတိုရီထဲက ရုန်းထွက်တဲ့ ခွဲထွက်ရေးကို လုပ်ဆောင်မှ — ကိုယ့်ကြမ္မာ ကိုယ်ပြဋ္ဌာန်းခွင့်ရှိမယ်၊ လူတစ်မျိုး လူတစ်စုရဲ့ ဗိုလ်ကျလွှမ်းမိုးခြယ်လှယ်ခြင်းကနေ ကင်းလွတ်မယ်ဆိုရင် ပြည်ထောင်စုဆိုတဲ့ စတိုရီကို ဖျက်ကြရုံမှတစ်ပါး အခြား မရှိ။

 

စတိုရီ အဟောင်းကို ငြင်းဖျက်ပါ

တကယ်တော့ ခွဲထွက်ရေးဆိုတာ ခွင့်ပြုချက်ရမှ လုပ်ရမှာ မဟုတ်ဘူး။ မွေးရာပါ ရပိုင်ခွင့်ဖြစ်တယ်။ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ ခွင့်ပြုပေးလို့ မရဘူး။ တို့တတွေ အတူနေချင်ရင် အတူနေမယ်၊ အတူမနေချင်ရင် ခွဲထွက်မယ်။ ဒါဟာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အစစ်အမှန်ပဲ။

အတူတကွပေါင်းစည်းနေလို့ အကျိုးစီးပွားဖြစ်ထွန်းရင် အတူတကွပေါင်းစည်းနေကြမယ်။ အတူတကွပေါင်းစည်းနေပါလျက်နဲ့ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရပြီး ဗိုလ်ကျလွှမ်းမိုးခံနေရရင် အတူတကွပေါင်းစည်းနေထိုင်တယ်ဆိုတာက ဘာလုပ်ရမှာလဲ။

လိုရင်းဟာ အတူတကွ နေထိုင်ခြင်းလည်း မဟုတ်ဘူး၊ ခွဲထွက်ရေးလည်း မဟုတ်ဘူး။ လိုရင်းဟာ ဗိုလ်ကျလွှမ်းမိုးခံနေရခြင်း၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရခြင်းက အခရာပါ။ အတူမနေတော့ ပိုပြီး လွတ်လပ်ခွင့်ရမယ်ဆိုရင် အတူတကွ နေထိုင်ခြင်းကို စွန့်လွှတ်ရုံမှ တစ်ပါး အခြား မရှိ။

ဘယ်အရာကိုမှ ငဲ့ကွက်စရာ မလိုပါဘူး။ သေဆုံးသွားတဲ့ dead body တွေရဲ့ peer pressure ကို လွန်ဆန်နိုင်ရင် ဘယ်လောက်စွဲမြဲထားတဲ့ စတိုရီတွေပဲဖြစ်ဖြစ် ကျော်နိုင်ပါတယ်။ လူဟောင်းတွေက အရိုးစွဲအောင် ရိုက်သွင်းထားတဲ့ စတိုရီဟောင်းတွေကို မချေဖျက်နိုင်သရွေ့ ခွဲထွက်ရေးစတိုရီကိုလည်း လူများက ယုံမှတ်လက်ခံလာစရာ အကြောင်း မရှိဘူး။

ဒီလိုဆိုရင် အဟောင်းထဲမှာပဲ လည်နေတယ်။ လွတ်လပ်မှုဟာ သီးခြားနေထိုင်မှုနဲ့ တွဲဖက်နေတယ်ဆိုတဲ့ ဇာတ်ကြောင်းကို ကိုယ့်လူတွေဆီ အရောက်ပို့နိုင်ဖို့ အထူးလိုအပ်တယ်။ ဒါဆိုရင် ခွဲထွက်ရေးစတိုရီမှသည် အမှန်တကယ် ခွဲထွက်လာတဲ့ မြေပုံသစ် တစ်ခုကို လက်ဝယ်ရရှိမှာပဲ ဖြစ်တယ်။