• Today is: Friday, March 29, 2024

ပဲန်ဒိုရာအိုးအဖုံးကို အချိန်မီပိတ်လိုက်နိုင်တဲ့ မိုင်ဂျာယန်မြို့(အပိုင်း ၁ )

ပဲန်ဒိုရာအိုးအဖုံးကို အချိန်မီပိတ်လိုက်နိုင်တဲ့ မိုင်ဂျာယန်မြို့(အပိုင်း ၁ )
 
– Dingyau Uma (Gumsan)
 
ကချင်ပြည်နယ်ရဲ့ အရှေ့တောင်ဖက်မှာရှိတဲ့ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိဆက် နေသော နယ်စပ်မြို့လေး ဖြစ်တဲ့ မိုင်ဂျာယန်မြို့လေးဟာ ကချင်လူမျိုး တွေရဲ့ ပညာရေးမြို့တော်အဖြစ်နဲ့ ကမ္ဘာကျော်လာခဲ့ပါတယ်။
 
ဘာကြောင့်ဆိုတော့ မိုင်ဂျာယန်မြို့လေးကို ထိုအချိန်ကတာဝန်ရှိတဲ့ ကေအိုင်အိုနဲ့ ကေအိုင်အေလူကြီးတချို့က ကချင်ပြည်နယ်ရဲ့ ပထမဦးဆုံးသော ကာစီနိုလောင်း ကစားမြို့လေးအဖြစ်နဲ့ ပုံဖေါ်ခဲ့ကြပေမဲ့ အချိန်တိုလေး အတွင်းမှာပဲ ကချင်မကာအိုမြို့လေးရဲ့အိပ်မက်ဟာ ပျက်စီးသွားခဲ့ရပြီး ၎င်းအစား တန်ဖိုးရှိတဲ့ ပညာရေးမြို့ တော် ဖြစ်လာခဲ့ရလို့ဖြစ်ပါတယ်။
 
တကယ်တော့ မိုင်ဂျာယန်မြို့လေးဟာ ၁၉၉၄ ခုနှစ် နဝတစစ်အစိုးရနဲ့ ကေအိုင်အိုတို့ အပစ်အခတ် ရပ်ဆဲပြီး ငြိမ်းချမ်းရေး မတည်ဆောက်ခင်ကတည်းက ပညာရေးမြို့တော်ဖြစ်လာဖို့အတွက် သန္ဓေတည်နှင့်ပြီးသား ဖြစ်ပါတယ်။
 
မကြာမီက ကွယ်လွန်သွားပြီဖြစ်တဲ့ ကျောက်စိမ်းသူဌေးကြီး ဒူဝါဘွမ်ဝမ်လရော်နဲ့ ဥက္ကဌကြီး မရန်ဘရန်ဆိုင်းဦးဆောင်တဲ့ ကေအိုင်အိုခေါင်းဆောင်တို့ ပူးပေါင်းပြီးတော့ ၁၉၉၀ ခုနှစ်ကျော် ကာလ လောက်မှာ ကွန်ပျူတာကောလိပ်နဲ့ အင်္ဂလိပ်စာသင်တန်းကျောင်း၊ စိုက်ပျိုးမွေးမြူရေး သင်တန်း ကျောင်း၊ ဆရာအတတ်သင်ကျောင်း စသည်ဖြင့် သင်တန်းကျောင်းများကို ဖွင့်လှစ်ပြီးတော့ သင်ကြား ပေးနေပြီ ဖြစ်ပါတယ်။ မိုင်ဂျာယန်မြို့ကို ပညာရေးမြို့တော်အဖြစ် ဂုဏ်တင်ပြီးတော့ပြောမယ်ဆိုရင် ကျောက်စိမ်း သူဌေးကြီး ဒူဝါဘွမ်ဝမ်လရော်ရဲ့ကျေးဇူးကို မေ့လို့မရပါဘူး။
 
၁၉၉၄ ခုနှစ် နှစ်ဖက်အပစ်အခတ်ရပ်ဆဲပြီး ငြိမ်းချမ်းရေးယူလိုက်တော့ မိုင်ဂျာယန်မြို့လေးဟာ မူလအတိုင်း ပညာရေးမြို့လေးအဖြစ် ဆက်လက်တည်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးနဲ့ ရောပြီးပါလာတဲ့ အမှိုက် သရိုက် တွေကြောင့် ကေအိုင်အိုနဲ့ ကေအိုင်အေအဖွဲ့အစည်းအတွင်း ပရမ်းပတာတွေ ဖြစ်ပေါ်လာပါ တော့တယ်။
 
စစ်တိုက်စရာ မလိုတော့ဘူးလို့ထင်တဲ့အတွက် အောက်ခြေရဲဘော်လေးတွေအပါအဝင် အရာရှိ ပိုင်းတွေကပါ နှုတ်ထွက်အနားယူတာတွေရှိခဲ့သလို ထွက်ပြေးသူတွေလည်း ရှိခဲ့ပါတယ်။ ဒါကြောင့်မို့ ထိုပရမ်းပတာ ကာလအတွင်းမှာ မိုင်ဂျာယန်မြို့ရဲ့ ပညာရေးအဆောက်အအုံတွေဟာလည်း တိုးတက်မှု မရှိတော့ပဲ ရပ်တန့်ခဲ့ရပါတော့တယ်။
 
၁၉၉၄ ခုနှစ် ဥက္ကဌကြီး မရန်ဘရန်ဆိုင်း ကွယ်လွန်သွားပြီးနောက် ဥက္ကဌကြီး မလိဇွပ်ဇော်မိုင် လက်ထက်မှာ တာဝန်ယူမဲ့သူနဲ့ ဦးဆောင်မဲ့သူတွေကိုယ်တိုင်က အာရုံတွေထွေပြား နေတဲ့အချိန်လို့ပြောရင်လည်း မှားမယ်မထင်ပါဘူး။
 
၂၀၀၀ ခုနှစ်လောက်ကစပြီး အဖွဲ့အစည်းရံပုံငွေနဲ့ ဘဏ္ဍာရေးတောင့်တင်းဖို့အတွက် မိုင်းလားဒေသရဲ့ ကာစီနိုဖွံ့ဖြိုးလာမှုကို အားကျခဲ့ကြတဲ့ လူကြီးပိုင်းအချို့ဟာ တရုတ်နယ်စပ်မြို့ဖြစ်တဲ့ မိုင်ဂျာယန် မြို့လေးကို ကချင်မကာအိုအဖြစ်နဲ့ တည်ထောင်ဖို့အတွက် ပြင်ဆင်လာကြပါတော့တယ်။
 
သူ့ခေတ်သူ့အခါနဲ့ဆိုရင် သူတို့ရဲ့ အတွေးအခေါ်ဟာ မှားတယ်လို့တော့ ပြောလို့မရပါဘူး။ ဘာကြောင့် ဆိုတော့ ကုန်စည်ကူးသန်းရောင်းဝယ်ခြင်း၊ ထုတ်လုပ်ဖြန့်ဖြူးခြင်းနဲ့ဆိုင်သော စည်းပွားရေး ဦးနှောက် အားနည်းတဲ့ ကချင်လူမျိုးတွေအတွက် ငွေမြန်မြန်ပေါ်တဲ့ ကာစီနိုလောင်းကစားမြို့ တည်ထောင်ပြီး ဝင်ငွေရှာဖို့ကို အားသန်ခဲ့ကြလို့ဖြစ်ပါလိမ့်မယ်။
 
ဒီလိုနဲ့ ၂၀၀၁ ခုနှစ်လောက်ကစပြီး ကာစီနိုအတွက်လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေကို စတင် တည်ဆောက်ခဲ့ကြပါတယ်။ ကျွန်တော်ရောက်ရှိခဲ့တဲ့ ၂၀၀၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ အခြေခံအဆောက်အအုံ တွေ အလုံးစုံမပြီးစီးသေးပေမဲ့ ပြီးစီးသမျှသော အဆောက်အအုံတချို့မှာတော့ ကာစီနိုဝိုင်းလေးတွေ စတင်လည် ပတ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။၂၀၀၄ ခုနစ်လောက်ကစပြီး မိုင်ဂျာယန်မြို့ရဲ့ ကာစီနိုလောင်း ကစားရုံတွေဟာ စတင်နာမည်ကြီးလာခဲ့ပါတယ်။
 
လောင်းကစားဝါသနာပါတဲ့ တရုတ်ပြည်အနှံ့အပြားက တရုတ်လူမျိုးတွေဟာ မိုင်ဂျာယန်ဆိုတဲ့ နယ်စပ်မြို့လေးဆီကို တဖွဲဖွဲနဲ့ ရောက်ရှိလာကြပါ တော့တယ်။ ၎င်းတို့နဲ့အတူ ကျွဲကူးရေပါဆိုသလို လိုက်ပါလာတဲ့အဖွဲ့တွေလည်း ရှိခဲ့ပါတယ်။ သူတို့ကတော့ ရာဇဝတ်အိုးကို တုတ်နဲ့မထိုးပဲ မှောက်လှန်ပစ်တတ်တဲ့ တရုတ်လူမိုက်ရာဇဝတ်ဂိုဏ်းတွေပဲဖြစ်ပါတယ်။
 
၂၀၀၆ ခုနှစ်မှာ ကျွန်တော်ဂျပန်နိုင်ငံကို ပညာတော်သင်သွားတော့ မိုင်ဂျာယန်မြို့လေးအကြောင်းကို အင်တာနက်သတင်းတွေကနေတဆင့် ဆက်လက်မြင်တွေ့ခဲ့ရပါတယ်။ဒါပေမဲ့ ကောင်းတဲ့ သတင်း တွေတော့ မဟုတ်ခဲ့ပါဘူး။ လူသတ်မှုတွေ၊ ပြန်ပေးဆွဲမှုတွေအပြင် မူးယစ်ဆေးဝါးနဲ့ ပြည့်တန်ဆာ ကိစ္စတွေပါ ရောထွေးပြီးတော့ ရှုတ်ယှက်ခတ်နေပြီး ရာဇဝတ်မှုတွေထူပြောလှတဲ့ အရှုတ်ထုတ်မြို့ လေးအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားလာခဲ့ခြင်းဖြစ်ပါတယ်။
 
ဒီလိုအရှုတ်ထုတ်တွေကို ကေအိုင်အိုနဲ့ ကေအိုင်အေ အဖွဲ့အစည်းကလည်း ကိုင်တွယ်ပုံ ညံ့ဖျင်း ခဲ့ကြ ပါတယ်။ ဘာကြောင့်ဆိုတော့ အရှုတ်ဇယားတွေကို ပြုလုပ်နေ ကြသူတွေဟာ တရုတ်နိုင်ငံသားတွေ ဖြစ်နေကြတဲ့အတွက် သူတို့မှာလည်း ဘယ်ကနေစကိုင်လို့ စကိုင်ရမှန်း မသိပဲ ခေါင်းကိုက် နေခဲ့ကြပုံ ရပါတယ်။
 
ကံလေးကောင်းချင်တော့ တရုတ်လူမိုက်ဂိုဏ်းက ကောင်တွေဟာ သူတို့တရုတ်နိုင်ငံသားတချို့ကို လောင်းကစားငွေနဲ့ပတ်သက်ပြီး မိုင်ဂျာယန်မြို့လေးထဲမှာ ပြန်ပေးဆွဲခဲ့ကြပါတယ်။ တကယ်တော့ လောင်းကြေးငွေအကြွေးကို ပြန်လည်ရရှိဖို့အတွက် လူမိုက်တို့ရဲ့ထုံးစံအတိုင်း ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပါတယ်။
 
ဒါပေမဲ့ ပြန်ပေးဆွဲခံရသူတွေရဲ့ ပတ်သက်ရာပတ်သက်ကြောင်းတွေက တရုတ်ရဲတွေကို တိုင်လိုက်ကြ ပါတယ်။ ထိုအချိန်ကစပြီး တရုတ်ရဲတွေကတဆင့် ယူနန်ပြည်နယ်အစိုးရဟာ သူတို့ရဲ့အနားမှာ မကြာသေးခင် ကမှပေါ်လာတဲ့ ကာစီနိုမြို့လေးကြောင့် သူ့နိုင်ငံသားတွေရဲ့ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေတဲ့အပြင် ငွေမဲခဝါချမှုတွေနဲ့ ဒုစရိုက်မှုတွေကိုပါ ဖြစ်ပေါ်စေတဲ့မြို့အဖြစ် မြင်တွေ့လာကြပါတော့တယ်။
 
ဒါတွေကြောင့်ပဲ ၂၀၀၇ ခုနှစ်လောက်ကစပြီး ယူနန်ပြည်နယ်အစိုးရဟာ သူ့နိုင်ငံသားတွေကို မိုင်ဂျာယန်မြို့ ထဲ သွားလာဖို့အတွက် ခွင့်မပြုတော့သလို၊ မိုင်ဂျာယန်မြို့ထဲ ငွေကြေးစီးဆင်းမှုကိုလည်း ထိန်းချုပ် လိုက် ကြပါတယ်။
 
ဒါ့အပြင် မိုင်ဂျာယန်မြို့ထဲရှိ တရုတ်လူမိုက်ဂိုဏ်းတွေကိုလည်း နှိမ်နင်းခဲ့ကြပါတယ်။ အဆုံးသတ်လိုက် တော့ ရွှေဥပုံမှန်ဥပေးလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတဲ့ ကေအိုင်အိုနဲ့ ကေအိုင်အေ ခေါင်းဆောင်တချို့ရဲ့ အိပ်မက်ဟာလည်း ပြိုပျက်သွားရပါတော့တယ်။
 
အပိုင်း ၂ ဆက် ပြန်လည်တင်ဆက်မည်။