• Today is: Tuesday, April 16, 2024

နေ့စဉ်သတင်းအကျဉ်း

(နိုဝင်ဘာလ – ၂၇)

 

  • ရှမ်း -ကယားနယ်စပ် မိုးဗြဲမြို့တွင် ယနေ့မွန်းလွဲပိုင်းက အရပ်သားကလေး ၃ဦး မိုင်းနင်းမိခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း မိုးဗြဲကူညီကယ်ဆယ်ရေးအဖွဲ့ထံမှသိရသည်။ မိုးဗြဲမြို့ပြင်တစ်နေရာတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး မိုင်းနင်းမိသူများမှာ အသက် ၁၂ နှစ် ၊ ၁၅ နှစ်နှင့် ၁၆ နှစ်အရွယ် ယောက်ကျားလေးများဖြစ် ကြောင်း သိရသည်။ ” ၁၅ နှစ်တ‌စ်ယောက်ကတော့ ခေါင်းကိုထိတာ စိုးရိမ်ရတယ်။ ရွာပြင်ထွက်ရင်းနဲ့ မိုင်းနင်း မိတာ “ဟု မိုးဗြဲကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ မိုးဗြဲမြို့တွင် စစ်ကောင်စီတပ် များနှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် စက်တင်ဘာနောက်ဆုံးပတ်မှစ၍ မိုးဗြဲမြို့အတွင်း ဝင်ရောက်တပ်စွဲခဲ့သည်။

 

  • ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ အပစ်အခတ် ရပ်စဲရေးသဘောတူညီမှု ရရှိခဲ့ပြီးနောက် ရခိုင် မြောက်ပိုင်းက ရေလမ်းကြောင်း တစ်ချို့ကို ပိတ်ထားရမှာ စစ်ကောင်စီက ပြန်လည် သွားလာမှု ပေးလိုက် ကြောင်းသိရသည်။ တစ်ကျော့ပြန် တိုက်ပွဲများကြောင့် သုံးလကျော်ကြာ ပိတ်ထားခံရသည့် ရခိုင်ပြည်မြောက် ပိုင်းက ရေလမ်းကြောင်းနှင့် ကုန်လမ်းကြောင်း တစ်ချို့ကို စစ်ကောင်စီက ပိတ်ထားရာတွင် ယနေ့ နိုဝင်ဘာ ၂၇ ရက်နေ့မှစ၍ ရေလမ်းကြောင်တစ်ချို့ကို စစ်ကောင်စီက ဖွင့်ပေးလိုက်ကြောင်း ပြည်နယ်အစိုးရအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းအထဲမှာ ဘူးသီးတောင်၊ ရသေ့တောင် ရေကြောင်းပြေးဆွဲမှုကို ယနေ့ နိုဝင်ဘာ ၂၇ ရက်နေ့တွင် စ၍ ပြေးဆွဲမှု ခွင့်ပြုပေးလိုက်ပြီးဖြစ်သော်လည်း မင်းပြား ပေါက်တော၊ မြေပုံ၊ မြောက်ဦးဖက်ကို မည်သည့်နေ့တွင် ပြေးဆွဲမည်ကို မသိရသေးကြောင်း  ရွှေပြည်တန် ယာဉ်လိုင်းတာဝန်ရှိ သူတစ်ဦးက  ပြောသည်။ “အခုလောလောဆယ်ကတော့ ကျနော်တို့ ရေကြောင်း ပြေးဆွဲ ခွင့်ပြုတာက ရသေ့တောင်၊ ဘူးသီးတောင်ကို ပြေးဆွဲခွင့်ပေးပါတယ်။  မြောက်ဦး၊ ပေါက်တော၊ မင်းပြားဖက်ကိုတော့ ပြေးဆွဲခွင့်မရသေးဘူး”ဟုပြောသည်။

 

  • ဒီးမော့ဆိုအနောက်ဘက်ခြမ်း တနေရာမှာ မူးယစ်ဆေးဝါးရောင်းဝယ်နေသူ အမျိုးသား ၃ ဦး ကို ကရင်နီပြည် ရဲတပ်ဖွဲ့ KSP နဲ့ KNDF တို့ ပူးပေါင်းဖမ်းဆီးခဲ့တယ်လို့ ကရင်နီပြည်ရဲတပ်ဖွဲ့က စတင်းထုတ်ပြန်ထားပါတယ်။ တရားခံ ၃ ဦးနဲ့ အတူ လက်လုပ်သေနတ်များ၊ ကျည်များ၊ ငွေသားများအပြင် စိတ်ကြွမူးယစ်ဆေးပြား (၂၅၃၅) ပြားကို သက်သေခံအဖြစ် ဖမ်းဆီးရမိပါတယ်။ “ဒီးမော့ဆို အနောက်ခြမ်းမှာ နိုဝင်ဘာ ၂၅ ရက်က ဖမ်းဆီးမိ တာပါ။ မူးယစ်ဆေးဝါးအမှုတွေ ဘယ်နှမှု ဖမ်းဆီးအရေးယူပြီးပြီလဲဆိုတာကို ကျတော်တို့ သီးခြားထုတ်ပြန် သွားပါမယ်။’ လို့ ကရင်နီပြည်ရဲတပ်ဖွဲ့ရဲ့ တာဝန်ခံဖြစ်သူက ပြောပြခဲ့ပါတယ်။ ကရင်နီပြည်နယ်ရဲဌာန (KSP) ဟာ ဖွဲ့စည်းပြီး တနှစ်အတွင်းမှာ မူးယစ်ဆေးဝါးအမှု (၃၀) ကို ဖော်ထုတ်အရေးယူခဲ့တယ်လို့ ၎င်းတို့ရဲ့ နှစ်ပတ်လည်အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

  • ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)ဖာပွန်ခရိုင်တွင် စစ်ကောင်စီတပ်စွဲရာနေရာများကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံး ထိခိုက်မှုများရှိခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။ နိုဝင်ဘာ ၂၀ ရက်မှ ၂၅ ရက် အတွင်း တိုက်ပွဲဖြစ်ပွားမှုများကို တပ်မဟာ(၅)ကထုတ်ပြန်ရာ စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးကာ၊ ရှစ်ဦး ဒဏ်ရာ ရခဲ့သည်ဟု ဖော်ပြထားသည်။ နိုဝင်ဘာ ၂၅ ရက်က စစ်ကောင်စီ၏ မယ်ဝေ(မဲဝိုင်)တပ်စခန်း အားဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ နှစ်ဉီးသေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။ နိုဝင်ဘာ ၂၃ ရက် ကလည်း ဘူးသိုမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏လယ်တိုးစခန်းအောက်ခြေရှိရေခတ်ဆိပ်၌ ဝင်ရောက် ချောင်း မြောင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးခဲ့ကြောင်း ဖော်ပြသည်။ ယင်းနေ့၌ပင် လူသော မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ထော့မူပလယ်မဲစခန်းနှင့် ဒဲကျူစခန်းတို့အား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်မှ တစ်ဦး သေဆုံးခဲ့ပြီး စီ-တာဝါတိုင်(C-Tower Post)ပျက်စီးသွားကြောင်း ထုတ်ပြန်သည်။

 

  • ရှမ်းတောင် မိုင်းနောင်မြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်က မိုင်းနောင်နဲ့ ဝမ်စိမ်းကြား သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)က ဖြတ်သန်းသွားလာနေတဲ့ ကား၊ ဆိုင်ကယ်တွေကို အခွန်ကောက်ခဲ့ တယ်လို့ သိရပါတယ်။ ဆိုင်ကယ်တစ်စီးကို ၁ သိန်းခွဲ ပေးဆောင်ရပြီး ကားတွေကတော့ တစ်စီးကို ၃ သိန်း ပေးဆောင်ရတယ်လို့ ပေးခဲ့ရသူတစ်ဦးက ပြောပါတယ်။ “အဲနေ့ ကျနော် ဆိုင်ကယ်နဲ့ မိုင်းနောင်ကနေ ဝမ်စိမ်း ဆင်းခဲ့တာ RCSS တွေက ၆ ယောက်လောက် လမ်းမှာစောင့်ပြီး ကား ဆိုင်ကယ်တွေ တားတယ်။ တားဆီးပြီး တော့ ကားနဲ့ဆိုင်ကယ်စစ်ဆေးပြီး စာတမ်းစာရွက်ပေးတယ်။ ပိုက်ဆံပေးပြီးမှ လွတ်ပေးတယ်။ ကျနော်က ဆိုင်ကယ်နဲ့မလို့ ၁ သိန်းခွဲပေးရတယ်” လို့ ပြောပါတယ်။

 

  • ရှမ်းမြောက် သီပေါမြို့ပေါ် တိမ်းရှောင်လာကြတဲ့ စစ်ရှောင် (၅၀၀)ကျော်အတွက် ဆန်၊ စောင်နဲ့ အနွေးထည် တွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်းမှာ သီပေါမြို့နယ် ကုန်းသာရွာမှာ စစ်ကောင်စီ နဲ့ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ တိုက်ပွဲကြောင့် ကုန်းသာရွာနဲ့ အနီး ပတ်ဝန်းကျင်ရှိ ရွာခံ (၅၀၀)ကျော် တိမ်းရှောင်ခဲ့ရတာပဲ ဖြစ်ပါတယ်။ စစ်ရှောင်တစ်ဦးက “လိုတယ်ဗျ။ ကျနော် တို့ တအားခက်ခဲတယ်။ အကူအညီ လိုအပ်နေတယ်။ ကျနော်တို့နေတဲ့ ဘိုးတော်ကျောင်းကလည်း ပွဲဖြစ်တော့ မယ်ဆိုတော့ ရွာကိုလဲ ပြန်လို့မရ အဲလိုဖြစ်နေတယ်။ အခက်အခဲတွေ ဖြစ်နေတော့ အကူအညီ တောင်းချင် လို့ဗျ။ စားသောက်ဖို့ ဆန်ရော၊ အနွေးထည်၊ စောင်တွေ လိုအပ်တယ်။ စားစရာလည်း ခက်ခဲနေတယ်” လို့ ပြောပါတယ်။

 

  • မန္တလေးမြို့ပြ ပြောက်ကျားအဖွဲ့နှစ်ဖွဲ့မှ အဖွဲ့ဝင်အချို့နေထိုင်ရာ safe house များသို့ ယမန်နေ့ညပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ကြောင်း သိရသည်။ မြို့ပြ ပြောက်ကျားအဖွဲ့များဖြစ်သည့် Anonymous Force Mandalay နှင့် Truth Kepping Amarapura အဖွဲ့ဝင်များ ယာယီခိုလှုံရာ နေရာများသို့ ဝင်ရောက်စီးနင်းခံခဲ့ရသဖြင့် နီးစပ်သူများ နှင့် ၎င်းတို့နှင့်ဆက်သွယ်ထားသူ များ အမြန်ဆုံးရှောင်ကြရန် Anonymous Force Mandalay အဖွဲ့က သတိပေးထားသည်။ “ကျွန်တော်တို့နှင့်မဟာမိတ် Truth kepping AMA နှင့်အမရပူရ LPDFအဖွဲ့ဝင်များsafe houseဝင်စီးခံရပြီး ရဲဘော်အချို့ပါသောကြောင့် ထိုpage များအား ဆက်သွယ်ချင်းမပြုပါရန်သတိပေးအပ်ပါသည်။  ဆက်သွယ်မိထားသောသူများအနေဖြင့် အမြန်ဆုံးရှောင် ရှားနိူင်ပါရန်အသိပေးအပ်ပါသည် ” ဟု  Anonymous Force Mandalay အဖွဲ့ကထုတ်ပြန်ထားသည်။ စစ်ကောင်စီသည် ရန်ကုန် နှင့် မန္တလေးမြို့များမှ မြို့ပြပြောက်ကျားအဖွဲ့များ ၊သပိတ်လူငယ်များနေထိုင်ရာ နေရာများသို့ အင်အားအလုံးအရင်းဖြင့် စီးနင်းဝင်ရောက်ဖမ်းဆီးမှုများဆက်တိုက်လုပ်ဆောင်နေသည်။

 

  • ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ရန်ကုန်တွင် မရမ်းကုန်းမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) မှ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် သခင်ဗဟိန်း ကျဆုံးခြင်း ၇၆နှစ်ပြည့် “မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေ့မယ်” စာတန်းနှင့် လူထုဒေါ်အမာ ၁၀၇ နှစ်ပြည့် “အာဏာရှင်လက်ဆုပ်ထဲက အာဏာကို ဖြည်ယူ လို့မရဘူးဖြုတ်ယူမှရမယ်” ပိုစတာစာရွက်များ ကျဲချကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ ကြောင်းသိရသည်။

 

  • ရန်ကုန်မြို့တစ်နေရာတွင် Falcon Revolutionaries Team နှင့် သာကေတကျောင်းသားများသမဂ္ဂတို့ ပူးပေါင်း၍ “နာစရာအတိတ်နှင့် ရန်ကုန်သပိတ်”ဟူ၍ စာတန်းချိတ်ဆွဲခဲ့သလို အကြမ်းဖက် ဖက်ဆစ် စစ်တပ် ဆန့်ကျင်ရေး “Failed Law” လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

 

  • မေမြို့ သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ် ခဲ့ကြောင်း သိရသည်။

 

  • ပြည်ကြီးတံခွန် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် အမြစ်ပြတ်ချေမှုန်း ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆေင်ကာ ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် မအာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် “ကိုယ့်အသိုက်ထဲက ထွက်ပြီး မတော်လှန်ကြပဲနဲ့ သူများကိုပဲ အားကိုးနေတဲ့ စိတ်ဓာတ်တွေ ပြုပြင်ကြပါ” ခေါင်းစဥ်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ဗကသရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာ အထွေထွေသပိတ်ကော်မတီ (BEGSC-MYAING) နှင့် ဒေသခံလူထု ပူးပေါင်း၍ “အာဏာရှင် လက်ဆုပ်ထဲက အာဏာကို ဖြည်ယူလို့မရဘူး၊ ဖြတ်ယူမှရမယ်”၊ “စစ်အာဏာရှင်စနစ်ဆိုးကို ရင်ဆိုင်ရတာ ကျနော်တို့ မျိုးဆက်နောက်ဆုံးဖြစ်ရမယ်” စာသားပါဘန်နာများအား ကိုင်စွဲ၍ လူထုဒေါ်အမာ ၁၀၇ နှစ်ပြည့်မွေးနေ့ အကြိုအထိမ်းအမှတ်အဖြစ် ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့၌ မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင် ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။

 

  • ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့​ပြီး အကြမ်းဖက် စစ်တပ် ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့သည့် ရဲဘော် ဖိုးချမ်း ဂူဗိမာန်သို့ သွားရောက် ဂါဝရပြုခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ် မြောက်ပိုင်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေးချီတက် ဆန္ဒပြခဲ့ကြောင်းသိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်းသိရသည်။

 

  • ယင်းမာပင်​မြို့နယ် ရွှေဥက္ကံ လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဖက်ဆစ်စစ်တပ် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်းသိရသည်။

 

  • လက်ပံတောင်းတောင် ဒေသ လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ချောက်မြို့နယ် လူငယ်များ ဦးဆောင်ကာ အကြမ်းဖက် စစ်တပ်၏ တရားမဝင် ရွေးကောက်ပွဲအား ပြည်သူ များ ဆန့်ကျင်ကြရန် “တရားမဝင်တဲ့ရွေးကောက်ပွဲ လူထုအားနဲတိုက်ထုတ်ကြ” စာတန်း ချိတ်ဆွဲ ခဲ့ကြောင်း သိရသည်။

 

  • မုံရွာမြို့ပေါ်တွင် တော်လှန် လူငယ်များ ကွန်ယက်မှ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အင်္ကျီများပေါ်တွင် အာဏာရှင် ဆန့်ကျင်ရေး စာသားများ ရေးသားကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • Young Phoenix အဖွဲ့မှ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဖိနှိပ်ခံ ကျောင်းသားနှင့် ဖိနှိပ်ခံ လယ်သမားထုတို့ ပူးပေါင်းကာ “သာတူညီမျှတဲ့လောက ဖိနှိပ်ခံလူထုအားနဲ့တိုက်ယူကြ”၊ “ကယ်တင်ရှင် ဘယ်သော အခါမှမရှိ” စာတန်းများ ကိုင်ဆောင်ကာ စစ်အာဏာရှင် ဖြုတ်ချရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မြိုင်မြို့နယ်၌ ယနေ့ နိုဝင်ဘာလ ၂၇ ရက်တွင် လူထုဒေါ်အမာ ၁၀၇ နှစ်ပြည့်မွေးနေ့ အကြို အထိမ်းအမှတ် အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ “အာဏာရှင် လက်ဆုပ်ထဲ ကအာဏာကို ဖြည်ယူလို့မရဘူး၊ ဖြတ်ယူမှရမယ်”၊ “စစ်အာဏာရှင်စနစ်ဆိုးကို ရင်ဆိုင်ရတာ ကျနော်တို့ မျိုးဆက်နောက်ဆုံးဖြစ်ရမယ်” စာသားပါ ဘန်နာများအား ကိုင်စွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လှုပ်ရှားမှုကို ဗကသရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ် ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING) နှင့် ဒေသခံလူထု ပူးပေါင်း၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့အခြေစိုက် PDF စခန်းတခုက သိမ်းယူထားတဲ့ ယူနီဖောင်းတွေဝတ်ကာ စစ်ကောင်စီတပ်က မီးရှို့နေတာ‌ကြောင့် ယခင်ယူနီဖောင်းတွေကို အသုံးမပြုတော့ဘူးလို့ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း အခြေစိုက်စခန်း တခုကို နိုဝင်ဘာလ ၁၃ ရက်စစ်တပ်က ဝင်ရောက်စီးနင်းစဉ် ယူနီဖောင်းအသစ်တွေ အဝတ်အစားနဲ့ ဆေးပစ္စည်းတွေ သိမ်းဆည်းခံရတာလို့ဆိုပါတယ်။ “စစ်ကောင်စီတပ်သားတွေယူသွားတာပဲ တပ်အမည် ကတော့မသိဘူး။ ကျနော်တို့ဆီက ယူသွားတဲ့ယူနီဖောင်း ၁၇၀ ကျော်ကို မတ္တရာမြို့နယ်ဘက်အခြမ်းကို ခွဲသွားတဲ့ စစ်ကြောင်း တကြောင်းရယ် ဝက်လက်မြို့နယ်ထဲကို ခွဲသွားတဲ့စစ်ကြောင်းတကြောင်းရယ် နှစ်ကြောင်း ခွဲယူသွားပြီး ဝက်လက်မြို့နယ်မှာ နိုဝင်ဘာလ၂၄ ရက်က မူကမ်းကြီးကိုဝင်ပြီး မီးရှို့သွားတာ ဒီယူနီဖာင်းတွေနဲ့ပါ” လို့ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်းမှူး ဗိုလ်စွန်ရဲက ပြောပါတယ်။

 

  • မကွေးတိုင်း၊ ရေနံချောင်းမြို့ လူမဲ့သပိတ်လုပ်တဲ့နေရာ ရှင်းလင်းတဲ့ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ People’s Defence Force Yenangyaung ဗိုလ်စံသျှားက ပြောပါတယ်။ ယနေ့ နိုဝင်ဘာလ ၂၇ ရက် နံနက် ၅ နာရီ ၃၀ မိနစ်ခန့်မှာ လက်မှတ်ကုန်းရဲစခန်းက ထွက်လာပြီး လူမဲ့သပိတ်လုပ်တဲ့နေရာ လာရောက်ရှင်းတဲ့ ရဲသားတွေကို လက်မှတ်ကုန်းနယ်မြေနဲ့ တွင်းကုန်းကြားထဲမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ “ကျနော် တို့ အခုမနက် ၅ နာရီမှာ ၂ ဖွဲ့ပေါင်းပြီး လူမဲ့သပိတ်လုပ်ခဲ့တယ်။ လူမဲ့သပိတ်လုပ်တဲ့နေရာကို မနက် ၅ နာရီခွဲ လောက်မှာ လက်မှတ်ကုန်းနယ်မြေ ရဲစခန်း ရဲခွေးတွေက လာရောက်ရှင်းလင်းတယ်။ လူမဲ့ သပိတ် လုပ်တဲ့နေ ရာကတော့ လက်မှတ်ကုန်းနယ်မြေနဲ့ တွင်းကုန်းကြားထဲမှာပါ။ လာရောက်ရှင်းလင်းတာကို မိုင်းဆွဲ တိုက်ခိုက် ခဲ့တာ။ ပဒေသာမိုင်း ၂ လုံးဆွဲခဲ့တာ။ သေဆုံးမှု ၃ ယောက်ရှိပါတယ်။ ရဲ**တွေသေတာ” လို့ ဗိုလ်စံသျှားက ပြောပါတယ်။

 

  • စစ်ကိုင်းတိုင်း၊ ကလေး-တမူးလမ်းပိုင်းမှာ အိန္ဒိယနိုင်ငံမှတစ်ဆင့် လွှဲပြောင်းပေးထားတဲ့ လက်နက်တွေ တင် လာတဲ့ စစ်‌ကောင်စီယာဥ်တန်းတွေ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိတယ်လို့ PDF Kalay တပ်ဖွဲ့ဆီ က သိရပါတယ်။ အိန္ဒိယ က​နေ လက်နက် သယ်လာတဲ့ စစ်​ကောင်စီ ယာဉ်တန်းဟာ က​လေး-တမူး လမ်းဘေး မှာရှိတဲ့ ရာ-၁ အကျဉ်းစခန်းမှာ နိုဝင်ဘာလ ၂၅ ရက်နေ့ကညအိပ်ရပ်နားခဲ့တယ် လို့ သိရပါတယ်။ ညအိပ် ရပ် နားရာက​နေ ဆက်လက်ထွက်ခွာလာတဲ့ စစ်​ကောင်စီ ယာဉ်တန်းကို နိုဝင်ဘာ ၂၆ ရက်​နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ် ကနေ မွန်းလွဲ ၃ နာရီအထိ က​လေး PDF က မိုင်းဆွဲတိုက်ခိုက်တာ ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ Kalay PDF က သတင်းထုတ်ပြန်ထား ပါတယ်။

 

  • စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ကံသစ်ကျေးရွာမှာ စစ်ကောင်စီတပ်သားတွေကို ကင်းထောက်ဖို့လွှတ်လိုက်တဲ့ ဒေသခံကာကွယ်ရေးတပ်သားတစ်ဦး ပစ်ခတ်ခံရတာကြောင့် ကျဆုံးသွားတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ ၂၆ရက် ရက်နေ့က မြစ်တော်ကျေးရွာမှ နေအိမ် ၇၀ ခန့် မီးရှို့ဖျက်စီးသွားခဲ့တဲ့ အင်အား ၈၀ ကျော်ပါ စစ်ကြောင်းဟာ ကံသစ်ကျေးရွာကိုဝင်ရောက်စဉ်မှာ အသက် ၁၉ နှစ်အရွယ် ကာကွယ်ရေးတပ်သား ဖိုးစီအောင် က အသတ်ခံခဲ့ရတာပါ။ ခင်ဦးနယ်ထဲက ပေါင်းလဲ ကုန်း၊ ဆီဆုံလေး၊ နုဲတွင်းရွာ၊ ရွှေကာ၊ မဒေါင်းကြီး၊ လက်ပံကြီး၊ စောကြီးရွာ၊ သေနပ်စိန်ရွာ၊ မုံလှရွာ၊ မြင်းဒေါင်းရွာ၊ မြစ်တော်ရွာ စတဲ့ ကျေးရွာတွေကို နိုဝင်ဘာလ ၁၇ ရက်ကနေ ၂၄ ရက်အတွင်း စစ်တပ်က စစ်ကြောင်းထိုး မီးရှို့ခဲ့ပြီး၊ ဒေသခံ ၉ ဦးကိုလည်း အကြောင်းမဲ့ သတ်ခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန် ကြားရေးက ထုတ်ပြန်ထားပါတယ်။

 

  • ကလေးမြို့၊ တာဟန်းရပ်ကွက် မှာ မနေ့ နိုဝင်ဘာ ၂၆ ရက် ညနေ ၇ နာရီတွင် တာဟန်းရဲစခန်းကနေ စစ်ကောင်စီတပ်က လူနေရပ်ကွက်ထဲ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့် တာဟန်း ရပ်ကွက် နယ်မြေ ၁၀ YCW ကိုယ်ပိုင်ကျောင်းနားက အိမ်ရှေ့မျက်နှာစာမှာ လက်နက်ကြီး တစ်လုံး ကျရောက် ပေါက်ကွဲလို့ အိမ်ထဲမှာရှိတဲ့ မိသားစုဝင် ၃ ဦး ( ကလေး ၂ ဦး၊ အမျိုးသမီး ၁ ဦး) တို့ ခြေထောက်၊ လက်များ တွင် ထိခိုက်ဒဏ်ရာရရှိကြတယ်လို့သိရတယ်။ နိဝင်ဘာ ၂၆ ရက် မနက်နဲ့ ညနေပိုင်း တွင် တာဟန်းရပ်ကွက် မှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အရပ်သား ၆ ဦးထိခိုက်ဒဏ်ရာရရှိ ကြပါတယ်။

 

  • ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်နယ်စပ် မူဆယ်နှင့် နမ့်ခမ်းမြို့နယ် တို့တွင် အခြေပြုလှုပ်ရှားသည့် ပြည်သူ့လုံ ခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ (PSDA)က ၎င်းတို့အဖွဲ့ထံမှ ခွဲထွက်သွား သည့် ရဲဘော် ၁၄ ဦးကို သစ္စာဖောက် ဟု ဆိုကာ ပစ်သတ်ခဲ့၍ ရဲဘော် ခြောက်ဦး ကျဆုံး၍ လေး ဦး ဖမ်းဆီးခံခဲ့ရပြီး ကျန်လေးဦးမှာ ထွက်ပြေးလွတ် မြောက်လာကြောင်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက် ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ခွဲထွက်လာသည့်  PSDA အဖွဲ့ဝင်များ နေထိုင်ရာအိမ်သို့ လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသော အင်အား ၁၅ ဦးပါ PSDA တပ်ဖွဲ့ဝင်များက  ဝင်ရောက် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ PSDA အဖွဲ့ ဦးဆောင်တာဝန်ခံ ကိုရွှေလီသည် တပ်ဖွဲ့ ပိုင် ငွေကျပ်သိန်းထောင်ချီအား အလွဲသုံးစားလုပ်ဆောင်ခဲ့၍ လက်မခံနိုင်သောကြောင့် PSDA ခွဲထွက်လာခြင်း ဖြစ်ပြီး တပ်ဖွဲ့မှ ခွဲထွက်လာစဉ်က အကြောင်းကြားခဲ့သည်ဟု  ထွက်ပြေးလွတ်မြောက်လာသူ PSDA (ခွဲထွက်) ရဲဘော်တစ်ဦးက ဆိုသည်။ “အစက ခေါင်းဆောင်ကောင်းတော့ လူတွေ တစ်သွေးတစ်သားတည်း ဖြစ်ကြ တယ်။ စည်းလုံးတယ်။ PSDA ခေါင်းဆောင် ကျသွားတော့ ရွှေလီတက်လာတယ်။ သူတက်လာတော့ ငွေကြေး တွေ ကမောက်ကမဖြစ်တယ်။ လူတွေလည်း တစ်ယောက်ပြီး တစ်ယောက် ထွက်ကုန်တယ်။ ကျွန်တော်တို့ရဲ့ ဘတ်ဂျက် သိန်း ၃,၀၀၀ ကျော်ရှိတယ်။ အဲဒီပိုက်ဆံတွေကို သူဘယ်လိုသုံးလိုက်လဲ မသိဘူး။ စာရင်းရှင်းတော့ လည်း သူနဲ့ အဆင်ပြေတဲ့လူကိုပဲ ခေါ်ပြီးရှင်းတယ်။ အစည်းအဝေးသွားတက်တဲ့ အတွင်းလူ ပြောတာကတော့ ငွေစာရင်းတွေ တော်တော်ဟနေတယ်ပြောတယ်။ သူတို့သွားနေတဲ့ လမ်းစဉ်က မမှန်တော့လို့ ထွက်ဖို့ ဆုံးဖြတ်လိုက်တာ” ဟု ထွက်ပြေး လွတ်မြောက်လာသူ PSDA (ခွဲထွက်) ရဲဘော်က ပြောသည်။

 

  • ဆောမြို့နယ်အတွင်း စစ်ကောင်စီတပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့၍ အခက်အခဲကြုံနေရ သည့် မီးဘေးသင့်ပြည်သူများကို ဆန်တင်း ၂၀၀ကျော် ထောက်ပံ့ပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။ အလှူရှင်များ၏အကူအညီဖြင့် မြို့နယ်(ပအဖ)မှ ဆန်အတင်း ၅၀၊ ဆော တိုက်နယ်အတွင်းရှိ ကျေးရွာများမှပံ့ပိုးမှု ဆန်အတင်း ၉၀၊ ကျောက်ထုဒေသကျေးရွာအချို့မှပံ့ပိုးမှု ဆန် အတင်း ၈၀ တို့အား မီးဘေးသင့်အိမ်ထောင်စုများထံ အညီအမျှခွဲဝေပေးခဲ့ရာ တစ်အိမ်ထောင်လျင် ဆန် တစ်တင်းကျော်စီ ခွဲဝေပေးထားပြီးဖြစ်သည်ဟု ဖော်ပြထားသည်။ ဆက်လက်ပံ့ပိုးနိုင်ရေးကိုလည်း ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း ဆော(ပအဖ)က အသိပေးထားပြီး ကူညီပေးကြသောပြည်သူများ၊ ဆောတိုက် နယ်အုပ်ချုပ်ရေးအဖွဲ့တို့အား ကျေးဇူးတင်ဂုဏ်ပြုကြောင်း ထုတ်ပြန်သည်။

 

 

#ဖက်ဒရယ်ဂျာနယ်မြန်မာ

#နေ့စဉ်သတင်းအကျဉ်း