• Today is: Thursday, April 18, 2024

တော်လှန်ရေးအောင်မြင်ဖို့ အရေးကြီးတဲ့ သော့ချက်များ

တော်လှန်ရေးအောင်မြင်ဖို့ အရေးကြီးတဲ့ သော့ချက်များ

ဒေါနခင်

() တော်လှန်ရေးဆိုတာ ဘာလဲ

တော်လှန်ရေးဆိုသည်မှာ ဖိနှိပ်သူ နှင့် ဖိနှိပ်ခံကြား အားပြိုင်တွန်းကန်မှုတစ်ရပ်ဖြစ်ပြီး ဖိနှိပ်ခံများက မိမိလိုလားတဲ့ အခြေအနေတစ်ရပ်ကို ရရှိပါက တော်လှန်ရေးအောင်မြင်သည်ဟု ဆိုရမည် ဖြစ်သည်။ နောက်ထပ် တနည်းအားဖြင့် လက်ရှိပကတိတရားကို အကြောင်းအကျိုးမအပ်စပ်၊ လက်မခံနိုင်သော အခြေအနေဟု လက်ခံမှတ်ယူကာ မိမိတို့ လိုလားတောင်းတအပ်သော အခြေအနေအကြောင်းအရာများနှင့် ပြောင်းလဲအစားထိုးနိုင်ရန် နည်းလမ်းပေါင်းစုံသုံးကာ လက်မခံနိုင်ကြောင်း၊ ခေါင်းငုပ်ငြိမ်မခံနိုင်ကြောင်း ပြသခြင်း ကြိုးပမ်းခြင်း ဖြစ်စဉ်ကြီး ဖြစ်သည်။

တော်လှန်ရေး ဖြစ်စဉ်ကို နေ့စဉ်ဓူဝလူမှုဘဝတွင် တွေ့နိုင်သလို နိုင်ငံရေးစနစ်၊ လူမှုရေး၊ စီးပွားရေး၊ နည်းပညာ၊ ဘာသာရေး၊ ယဉ်ကျေးမှု စတဲ့ကဏ္ဍတွေမှာ ခေတ်တလျှောက်လုံးတွင် တွေ့မြင်ခဲ့ရပါသည်။ အချို့တော်လှန်ရေးဖြစ်စဉ်များမှာ သွေးထွက်သံယိုမရှိဘဲ အောင်မြင်စွာ ပြောင်းလဲမှု လုပ်ဆောင်နိုင်ခဲ့သလို အချို့တော်လှန်ရေး ဖြစ်စဉ်များသည် လူသန်းပေါင်း သိန်းပေါင်းများစွာ သွေးမြေကျခဲ့ရပြီး ဆယ်စုနှစ်ချီပြီး ကြိုးပမ်းခဲ့ကြရတဲ့ တော်လှန်ရေးပေါင်း များစွာ ရှိသည်။ အောင်မြင်စွာ တော်လှန်နိုင်ရန် အရေးကြီးသော သော့ချက်မှာ အခြေအနေအချိန်အခါကောင်းမှာ မိမိအင်းအားကို ကောင်းစွာ အသုံးချပြီး ရန်သူအရှိုက်ကို ရိုက်နိုင်ဖို့ပင် ဖြစ်သသည်။

တော်လှန်ရေးအချို့သည် အချိန်အခါအရသော်လည်းကောင်း၊ ပြည်တွင်းပြည်ပအခြေအနေအရ သော်လည်းကောင်း အလိုအလျောက် ပေါ်ပေါက်လာသောတော်လှန်ရေး ရှိသလို၊ မိမိနိုင်ငံရဲ့ လိုအပ်ချက်အခြေအနေကြောင့် ပြောင်းလဲချိန်တန်သော အနေအထားများကြောင့် တော်လှန်ရန် တက်သိသူခေါင်းဆောင်များက ခါတော်ပေး စုစည်းပြီး တော်လှန်ပုန်ကန်သောဖြစ်ရပ်မျိုး ရှိသည်။ အချို့တော်လှန်ရေးများသည် အုပ်ချုပ်သူများကို အုပ်ချုပ်ခံများကြား ကာလတာရှည် တော်လှန်ကြသော ဖြစ်စဉ်များ ရှိသည်။ (ဥပမာ – နိုင်ငံရေးစနစ် တော်လှန်ရေးများ) ။

() လက်ရှိတော်လှန်ရေးက ဘယ်အခြေအနေရောက်နေပြီလဲ

မြန်မာ့တော်လှန်ရေးကြီးကို အမျိုးအမည်ခွဲကြည့်မည်ဆိုလျှင် (၁) နိုင်ငံရေးစနစ်ပြောင်း တော်လှန်ရေး (၂) ဗမာကိုလိုနီစနစ်ကို တွန်းလှန်သောတော်လှန်ရေး (၃) အုပ်ချုပ်သူခေါင်းဆောင်များကို ပြောင်းလဲသော တော်လှန်ရေး ဟူ၍ အလွှာသုံးလွှာ ရှိကြောင်း စာရေးသူမှ ရှုမြင်သည်။ မြန်မာ့မြေပေါ်တွင် နိုင်ငံရေးစနစ်ပြောင်းတော်လှန်ရေးနှင့် ဗမာကိုလိုနီစနစ်ကို တွန်းလှန်သောတော်လှန်ရေးသည် ကာလတာရှည် စနစ်တကျဖွဲ့စည်းတော်လှန်နေသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများမှ တွန်းလှန် တော်လှန်နေကြသည်။ ထိုကာလစပ်ကြားတွင် အရှိန်အဟုန်ပြင်းစွာပေါက်ကွဲထွက်လာသော တပြည်လုံး ဆိုင်ရာ တော်လှန်ရေးများကိုလည်း တွေ့မြင်ရသည်။ အုပ်ချုပ်သူခေါင်းဆောင်များကို ပြောင်းလဲသော တော်လှန်ရေးများ ၊ ဥပမာ – ၈၈၈၈ အရေးတော်ပုံနှင့် နွေဦးတော်လှန်ရေး)။

နွေဦးတော်လှန်ရေးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့၊ ၂၀၂၀ရွေးကောက်ပွဲ မဲရလဒ်မသမာမှုအပေါ် အကြောင်းပြကာ စစ်တပ်မှ အာဏာသိမ်းမှုအပေါ် လက်မခံနိုင်သော ပြည်သူလူထုကြီးမှ လမ်းမပေါ် ဆန္ဒပြရာမှ စတင်ခဲ့သည်။ ဒီမိုကရေစီလမ်းကြောင်းပေါ် တက်နိုင်ရန် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲကို တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို နိုင်ငံရေးစင်မြင့်မှ ဖယ်ရှားရန် စစ်တပ်မှ ကြိုးပမ်းချက်သည် နွေဦးတော်လှန်ရေးကို အရှိန်ပြင်းပြင်းနှင့် ပေါက်ထွက်စေခဲ့သည်။ တော်လှန်ရေး ကာလတွင် စစ်အာဏာသိမ်းခင် ကာလတလျှောက်လုံး အငြင်းပွားဒွိဟဖြစ်ခဲ့တဲ့ ဖက်ဒရယ် အရေးကိစ္စ၊ ဖက်ဒရယ်ယူနစ်ကိစ္စ (ဗမာပြည်နယ်နှင့် အမျိုးသားများပြည်နယ်) သည် ပြည်သူလူထုနှင့် တော်လှန်ရေး ခေါင်းဆောင် အဖွဲ့အစည်းတွေအကြား အနေအထားတစ်ခုအထိ သဘောတရားကျေညက်လာပြီ ဖြစ်ပါသည်။ ထို့နည်းတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် လူငယ်များ၊ တော်လှန်ရေး အင်အားစုများအကြားလည်း ပိုမိုကောင်းမွန်သော ဆက်ဆံရေး၊ နားလည်မှု၊ ဟန်ချက်ညီမှုရှိလာပြီဟု မှတ်ယူနိုင်ပါသည်။

() တော်လှန်ရေးအောင်ဖို့ ဘယ်လိုအခြေအနေတွေကို တည်ဆောက်ဖို့ လိုပြီလဲ

တော်လှန်ရေးကြီး အောင်မြင်ဖို့အတွက် ခိုင်ခံ့သော တော်လှန်ရေး လူမှုအဆောက်အအုံတွေ တည်ဆောက်နိုင်ရန် လိုအပ်ပါသည်။ တော်လှန်ရေး အလံတော်အောက်ရှိ အမိန့်ပေးစနစ်အောက်မှာ တော်လှန်ရေးအင်အားစုတွေ တညီညွတ်တည်း စုစည်းပြီး တချီတည်းရုန်းကန်နိုင်ဖို့ လိုပါသည်။ လူအင်အား၊ လက်နက်အင်အား၊ အခြေခံစခန်းတည်ဆောက်နိုင်ဖို့ဟာ တော်လှန်ရေးအတွက် အခြေခံလိုအပ်ချက်တွေ ဖြစ်ပြီး အချိန်နှင့်အမျှ ပြင်ဆင်ထားဖို့ လိုသည်။

တော်လှန်ရေးခေါင်းဆောင်များအနေဖြင့် မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ မြေပြင်တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံတကာရှိ အကူအညီအထောက်အပံ့ ပေးနိုင်မည့် အဖွဲ့အစည်းများနှင့်တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေး၊ စစ်ရေးအရ နားလည်သဘောတူမှုတစ်ရပ် ရနိုင်ဖို့ ကြိုးပမ်းပြီး တော်လှန်ရေးအင်အားကို အမြင့်ဆုံးဆွဲတင်နိုင်ဖို့ လိုအပ်သည်။ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) နှင့် ဒေသခံတော်လှန်ရေးအင်အားစုများအနေနဲ့ တောလှန်ရေးအစိုးရ ဖြစ်တဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတို့ရဲ့ ပူးပေါင်းအမိန့်ပေးစနစ်အောက်မှာ အင်အား စုစည်းပြီး တစ်ခုတည်းသော အင်အားစုကြီး ဖြစ်အောက် ဆောင်ရွက်ဖို့ လိုပါသည်။

() တော်လှန်ရေးပစ်မှတ်တွေက ဘာတွေလဲ

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရာတွင် တိကျသေချာသော ပစ်မှတ်များကို သတ်မှတ်ပြီးမှသာလျှင် တိုက်ခိုက် တွန်းလှန်ရမည် ဖြစ်သည်။ ပစ်မှတ်သည် ရန်သူ၏ အရှိုက်များ၊ ရန်သူကို အသက်ဆက်ပေးနေသော ဒေါက်တိုင်များ ဖြစ်ဖို့ အလွန်တရာအရေးကြီးသည်။ အမြစ်စွဲ ရင့်သန်နေသော အပင်ကြီးကို အရွက်ခြွေ၊ ကိုင်းချိုင်ရုံနှင့်မသေနိုင်ပေ။ အရွက်အားလုံး ခြွေနိုင်တာတောင်အမြစ် ငုတ်တိုနဲ့ အသက်ပြင်းနိုင်ပေသည်။ ထို့ကြောင့် ရေသောက်မြစ်ကြီးကို ဖြတ်နိုင်ဖို့အရေးကြီးသည်။

ပစ်မှတ်များကို ချမှတ်ရာတွင် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေများနှင့် စစ်ရေး ဆိုင်ရာ ဥပဒေသများကို အပြည့်အဝလိုက်နာဖို့ လိုအပ်ပါသည်။ စစ်အောင်နိုင်ရေးတစ်ခုတည်းကိုသာ ဦးတည် ချမှတ်ခြင်း မပြုဘဲ ပြည်သူ့လုံခြုံရေးကိုပါ တပါတည်း ထည့်သွင်းစဉ်းစားဖို့ လိုပါသည်။ အရပ်သားပြည်သူ အသက်အန္တရာယ်၊ အိုးအိမ်များကို ထိပါးမှုမှ ကာကွယ်ပေးနိုင်ရန် လိုအပ်ပါသည်။

ပစ်မှတ်များ

 (၁) စစ်အာဏာရှင်ကြီးများ

(၂) စစ်ဌာနချုပ်နှင့် တပ်မ ချုပ်များ

(၃) တပ်ရင်း၊ တပ်ဖွဲ့ခေါင်းဆောင်များ၊

(၄) စစ်တပ်အား ငွေကြေးလုပ်ငန်းများအရ အဓိက တိုက်ရိုက်ထောက်ပံ့ပေးနေသူများ

(၅) တပ်သား၊ ရဲသားများ

(၆) ပျူစောထီးများ၊ လက်သတ်မွေးထားသော သူလျှိုများ

 

() တော်လှတ်ရေးအောင်ဖို့ ဘယ်လို ဗျူဟာတွေရေးဆွဲရမလဲ

 လက်ရှိတော်လှန်ရေးသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြိုကျရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆီ ရှေ့ဆက်လှမ်းနိုင်ဖို့ ကြိုးပမ်းနေသော တော်လှန်ရေးဖြစ်သလို မြန်မာ့သမိုင်းတွင် ပြည်သူ့အုံကြွမှုအကြီးဆုံးနှင့် ပြည်သူ့ ပါဝင်ထောက်ခံမှုအမြင့်ဆုံးတော်လှန်ရေးကြီး ဖြစ်သည်ကို မငြင်းနိုင်ပေ။ အရေးဆုံးအချက်သည် မိမိတို့အင်းအားနှင့် စစ်အာဏာရှင်စနစ်ကို ဘယ်လိုဗျူဟာနှင့် တည်ဆောက်နိုင်မလဲဆိုတာ သေချာတွက်ချက် အစီအစဉ်ရေးဆွဲ သတ်မှတ်ဖို့ လိုပါသည်။

မိမိနှင့် မဟာမိတ်တို့၏ အားသာချက်များ၊ အားနည်းချက်များ

မိမိနှင့် မဟာမိတ်တို့၏ အားသာချက်များ မိမိနှင့် မဟာမိတ်တို့၏ အားနည်းချက်များ
၁။ ပြည်သူ့ထောက်ခံမှု အားကောင်းခြင်း

၂။ တော်လှန်ရေးအင်အား အားကောင်းခြင်း

၃။ လွတ်မြောက်နယ်များ အဆင်သင့်ရှိခြင်း (တိုင်းရင်း သားတော်လှန်ရေးအဖွဲ့အစည်းနယ်မြေများ)

၄။ လက်နက်ငယ်နှင့် ဖောက်ခွဲရေးပစ္စည်းများကို ဝယ်ယူနိုင်ခြင်း၊ ထုတ်လုပ်နိုင်ခြင်း
၅။ ပြည်တွင်း၊ ပြည်ပမှ မြန်မာပြည်သူများမှ ထောက်ပံ့ငွေများ၊ ရန်ပုံငွေများ စဉ်ဆက်မပြတ် ထောက်ပံ့ပေးခြင်း။

၆။ နိုင်ငံတကာမှ အတိုင်းအတာတစ်ခုထိ ထောက်ခံနေခြင်း

၁။ တော်လှန်ရေးအင်အားများကို ကျစ်လျစ်ခိုင်မာအောင် မစုစည်းနိုင်သေးခြင်း

၂။ တိကျကောင်းမွန်သော မဟာဗျူဟာနှင့် နည်းဗျူဟာများ မချမှတ်နိုင်သေးခြင်း

၃။ ရန်သူ၏အဓိကနယ်မြေများကို မထိုးဖောက်နိုင်သေးခြင်း

၄။ အင်အားပြင်း လက်နက်ကြီးများနှင့် လေကြောင်းကာပစ္စည်းများ မရှိသေးခြင်း

၅။ နိုင်ငံတကာ အသိအမှတ်ပြုမှု မရရှိသေးခြင်း

 

ရန်သူ၏ အားသာချက်များ၊ အားနည်းချက်များ

ရန်သူ၏ အားသာချက်များ ရန်သူ၏ အားနည်းချက်များ
၁။ ခိုင်မာသော တပ်ရင်း၊ တပ်ဖွဲ့များကို တည်ဆောက်ထားနိုင်ခြင်း

၂။ စစ်တပ်ကို အမျိုးသားရေး၊ ဘာသာရေး၊ အကျိုးစီးပွားအပေါ် အခြေခံတည်ဆောက်ထားနိုင်ခြင်း

၃။  လက်နက်ခဲယမ်းများအပါအဝင် တာလတ် ဒုံးများ ထုတ်လုပ်နိုင်ခြင်း

၄။ နိုင်ငံတော်ဘဏ္ဍာနှင့် အခွန်များကို စိတ်ကြိုက်သုံးစွဲနိုင်ခြင်း

၅။ နိုင်ငံတကာနှင့် အတိုင်းအတာတခုအထိ ဆက်ဆံနိုင်ခြင်း

၁။ ပြည်သူများ မုန်းတီးနှလုံးအော့ခြင်း

၂။ အစိုးရယန္တရားများ လည်ပတ်နိုင်ရန် အလွန်တရာ ကြိုးပမ်းနေရခြင်း

၃။ လွတ်မြောက်နယ်မြေများကို မထိုးဖောက်နိုင်ခြင်း

၄။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ အပါအဝင် နိုင်ငံရေးပါတီများ၊ CSOs, CBOs များနှင့် တွေ့ဆုံဆွေးနွေးမှုများ မပြုလုပ်နိုင်ခြင်း၊ ယုံကြည်မှုမတည်ဆောက်နိုင်ခြင်း။

၅။ ဒီမိုကရေစီနိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေးမတည်ဆောက်နိုင်ခြင်း။ နိုင်ငံရေးအရ ထောက်ခံမှုမရရှိခြင်း။

 

တော်လှန်ရေးအစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG), တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (EAOs/ EROs) ၊ PDF ခေါင်းဆောင်များအနေဖြင့် တော်လှန်ရေး အလံတော်အောက် ညီညွတ်စွာ စုပေါင်းပြီး တခုတည်းသော မဟာဗျူဟာကို ချမှတ်ကာ တနိုင်ငံလုံး အတိုင်းအတာနှင့် အပြည့်အဝအကောင်အထည်ဖော်နိုင်မည့် နည်းဗျူဟာများ ချမှတ်ပြီး တော်လှန်ရေးကို အင်းပြည့်အားပြည့် ဆင်နွှဲရမှာ ဖြစ်သည်။ ရန်သူ့အရှိုက်ကို အငိုက်တိုက်နိုင်ဖို့ အရေးကြီးပါသည်။ ထို့ကြောင့် ရန်သူကို အင်အားချိနဲ့အောင်လုပ်ဆောင်ဖို့ လိုပါသည်။

တော်လှန်ရေးအတွက် မဟာဗျူဟာ၊ စစ်ဆင်ရေးဗျူဟာ၊ နည်းဗျူဟာ ရေးဆွဲရာတွင် အဓိက အကျဆုံးမှာ မိမိအင်အားထက်ပိုသော ဗျူဟာများ မရေးဆွဲမိဖို့ပင် ဖြစ်သည်။ နောက်တချက်များ ရန်သူအင်အားကို လျော့မတွက်မိဖို့နှင့် ရန်သူရဲ့ ဖြစ်တန်စွမ်း ဗျူဟာတွေကို ဘက်ပေါင်းစုံမှ တွေးတော ပြင်ဆင်ထားဖို့ပင် ဖြစ်သည်။

ထည့်သွင်းစဉ်းစားရမည့် စစ်ဆင်ရေးဗျူဟာများ

(၁) ရန်သူသည် မြေပြင်တွင် ဘက်ပေါင်းစုံမှ စစ်မျက်နှာဖွင့်တိုက်ခိုက်ခံနေရသော အခြေအနေဖြစ်တာကြောင့် လက်နက်ခဲယမ်းများအချိန်နှင့်အမျှ လိုအပ်လျက်ရှိသည်။ ထို့ကြောင့် ရှေ့တန်းစစ်မျက်နှာပြင်နှင့် စစ်လက် နက်ထုတ်လုပ်ရေးများ ရပ်တန့်သွားရန်ဆောင်ရွက်ခြင်းနှင့် အဓိကထောက်ပို့လမ်းကြောင်းများကို ဖြတ်တောက်နိုင်ခြင်းသည် အလွန်တရာအရေးပါသော ဗျူဟာ ဖြစ်သည်။

(၂) ရန်သူသည် သာလွန်အင်အား (လေကြောင်း) ကို အသုံးပြုနေတာကြောင့် မိမိတို့အနေဖြင့် လေကြောင်း ကာပစ်များကို မဝယ်နိုင်သေးသလို၊ မထုတ်လုပ်နိုင်တာကြောင့် စစ်လေယာဉ်များနှင့် လေယာဉ်ဆီများကို ဖျက်ဆီးခြင်းသည် အလွန်တရာ အရေးပါသော ဗျူဟာ ဖြစ်သည်။

(၃) ရန်သူကို မိမိလိုရာ စစ်မြေပြင်ကို စစ်ရေးအရ မြှူပြီး စစ်တိုက်သင့်သလို၊ လျှက်တပြတ် ပြောက်ကျား စစ်ရေးနည်းများကို အသုံးပြုပြီး အမှည့်ခြွေနည်းနှင့် တိုက်ခိုက်သင့်သည်။ ပစ်မှတ်ကို စဉ်းစားရာတွင်လည်း စစ်အာဏာရှင်စနစ်ကို အသက်သွင်းကြိုးကိုင်နေသော အကြီးပိုင်းအရာရှိများကို ပစ်မှတ်ထား တိုက်ခိုက်ရမည်။

(၅) ရန်သူသည် နိုင်ငံတကာထောက်ခံမှုမရှိပါက နိုင်ငံရေးစင်ပေါ် မရပ်နိုင်ပေ။ ထို့ကြောင့် ရန်သူများ စစ်ရေးဥပဒေသများ ချိုးဖောက်ခြင်းကို မှတ်တမ်းတင်ပြီး နိုင်ငံတကာတရားရုံးကို တိုင်ကြားသင့်သလို မိမိတို့အနေဖြင့် စစ်ရေးဥပဒေသများကို အတိအကျလိုက်နာခြင်းဖြင့် စစ်ရေးကို အနိုင်ယူရမည်ဖြစ်သည်။

(၅) စစ်တပ်တစ်ခုလုံး အတွင်းမှ ပြိုကျနိုင်ဖို့အတွက် စစ်တပ်ရဲ့ မှားယွင်းသော လုပ်ရပ်၊ အတွေးအခေါ်များကို မီဒီယာနှင့် စာအုပ်စာပေများမှတဆင့် ဖြန့်ဝေပြီး အသိပညာပေးဖို့ လိုပါသည်။ Psywar ခေါ်  စိတ်ဓာတ် ပိုင်းဆိုင်ရာစစ်ပွဲကို ဗျူဟာကျ ပစ်မှတ်မှန်စွာ ဖြိုချဖို့ လိုပါသည်။

(၆) တချိန်တည်းတွင် တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများအကြား အကြောက်တရား၊ အမုန်း တရားနှင့် မကျေနပ်မှုများ မပေါ်ပေါက်လာရန် ပြည်သူများကို ရန်သူနှင့် မှားယွင်းတိုက်ခိုက်မှု မဖြစ်ရန် အထူးကရုစိုက်ဖို့ လိုပါသည်။

() ဘယ်အချိန် တော်လှန်ရေးအဆုံးသတ်မလဲ

အရေးကြီးဆုံး မေးခွန်းတစ်ခုက လက်ရှိနွေဦးတော်လှန်ရေးကို ဘယ်အချိန်မှာ အဆုံးသတ်မလဲ ဆိုတာပင် ဖြစ်သည်။ တော်လှန်ရေးတစ်ခုသည် ချမှတ်ထားသော ပန်းတိုင် မရောက်မချင်း လက်နက်ကိုင် တော်လှန်နေဖို့ လိုသလို အလံမလိပ်လိုက်ဖို့ လိုသည်။ လက်ရှိနွေဦးတော်လှန်ရေး၏ ပန်းတိုင်ဖြစ်‌သော စစ်အာဏာရှင်စနစ်ဖြိုကျပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်နိုင်မှသာလည်း တော်လှန်ရေးအလံကို လိပ်၊ အသံတိတ်ရမည် ဖြစ်သည်။

() တော်လှန်ရေးအလွန် ကာလအတွက် ကြိုတင်ပြင်ဆင်ချက်က ဘာလဲ

တော်လှန်ရေးကာလ အဆုံးသတ်ပြီး ရောင်ခြည်သန်းမဲ့ မနက်ဖြန်တွေအတွက် ပြည်သူတွေအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီမဲ့ အမူအကျင့်၊ စိတ်ဓာတ်တွေကို မွေးမြူနိုင်ဖို့ လိုပါသည်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်သည် ပြည်သူ့အသိတရားနှင့် ဉာဏ်ပညာကို အခြေခံပြီး နိုင်ငံတော်ကို တည်ဆောက်ခြင်း ဖြစ်ရာ၊ ကောင်းခြင်း ဆိုးခြင်းနှင့် လိမ္မာသိမ်မွေ့သော နိုင်ငံရေးသဘောတရားကို အခြေခံနားလည်ဖို့ လိုသည်။ သို့မှသာ အုပ်ချုပ်သူအစိုးရယန္တရားကို စောင့်ကြည့်ထိန်းမတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ သို့မှသာ နောက်နောင် မြန်မာ့မြေပေါ် အာဏာရှင်စနစ်ကြီး ပြန်လည်ဦးမထောင်နိုင်မှာ ဖြစ်ပါသည်။