• Today is: Friday, March 29, 2024

နေ့စဉ်သတင်းအကျဉ်း

(နိုဝင်ဘာလ – ၃၀ ရက်)

 

  • “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပန်ဆန်းမြို့နယ်မှာ ဒီကနေ့ နိုဝင်ဘာ ၃၀ ရက်၊ မနက်ပိုင်းက ကား ဗုံးပေါက် ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှု များပြားနိုင်တယ်လို့ သိရပါတယ်။ ပန်ဆန်းမြို့နယ်၊ နမ့်လွတ်ရွာရှိ ကားဂိတ်အနီးမှာ ရပ်ထားတဲ့ကားတစ်စီးပေါ်ကနေ ဗုံးပေါက်ကွဲခဲ့တာလို့ သိရပါတယ်။ ပေါက်ကွဲခဲ့တဲ့ ကား ပေါ်မှာ မိုင်းထောင်ထားတာဖြစ်ပြီး အဲ့ဒီကားကို ဘယ်သူက လာရပ်ထားခဲ့တာလဲ မသိသလို အဲ့ဒီကားဟာ ပေါက်ကွဲတဲ့နားမှာ ရပ်ထားတာ ရက်ကြာပြီဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီပေါက်ကွဲမှုကြောင့် အနီးနားမှာ နေထိုင်တဲ့သူတွေ ထိခိုက်ဒဏ်ရာရရှိတဲ့သူ များပြားသလို သေဆုံးသူလည်း ၃၀ ဦး ဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။ သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကို “ဝ”အဖွဲ့က လာရောက်သယ်ဆောင်သွား တယ်လို့ သိရပါတယ်။

 

  • စက်တင်ဘာလ မှ နိုဝင်ဘာ(၃)လအတွင်း ချင်းပြည်နယ်နှင့် ကလေးမြို့နယ် အတွင်း ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) နှင့် စစ်ကောင်စီတပ် တို့ကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွင် စစ်ကောင်စီဖက်မှ (၃၇)ဦး သေဆုံးခဲ့သည်ဟု CNDF က တသင်းထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီဖက်က ပစ်ခတ် သောအမျိုးအမည်မသိ မီးကျဉ်ပုံစံ လက်နက်ကြီးကြောင့် သီးဘွာလ်ကျေးရွာရှိ နေအိမ်သုံးလုံး မီးလောင်ကျွမ်း ခဲ့ပြီး ဘွာလ်သဲကျေးရွာမှ စိတ်မနှံ့သူအမျိုးသားတစ်ဦးကိုသတ်ဖြတ်ကာ စိတ်မနှံ့သူ အမျိုးသမီးတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းဆိုပါတယ်။ ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ သေဆုံးသူ (၃၇)ဦးထိရှိပြီး၊ CNDF ဖက်မှ  (၅)ဦး ဒဏ်ရာရရှိကာ အကျဆုံးမရှိကြောင်း ချင်းအမျိုးသား အဖွဲ့ချုပ်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

  • ယမန်နေ့ (နိုဝင်ဘာ ၂၉ ရက်) က ကရင်နီပြည်နယ် ဖရူဆိုမြို့ လောဘူးဒါးရပ်ကွက်အတွင်း KNDF တပ်ရင်း (၄) နဲ့ ဖရူဆို PDF တပ်များပူးပေါင်းပြီး စစ်ကောင်စီတပ်များနဲ့ တိုက်ပွဲ (၂) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNDF တပ်ရင်း (၄) က ထုတ်ပြန်ထားပါတယ်။ နေ့လည် ၁၂:၀၀ အချိန်နဲ့ ညနေပိုင်းအချိန်တို့မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်များနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က (၁) ဦး သေဆုံးကာ (၂) ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွား နေစဉ် စစ်ကောင်စီက လက်နက်ကြီးများ ပစ်ခတ်ခဲ့ပေမဲ့ ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

 

  • ညောင်ရွှေမြို့နယ် ၊နန်းပန်မြို့ အမှတ် (၂)တွင် ထိုင်နေသော ဦးစိုးနိုင်+ ဒေါ်မြင့်စံပယ်တို့၏ သားဖြစ်သူ မောင်ကျော်စိုးဝင်း(ခ)ဖိုးသား သည် နိုင်ဝင်ဘာလ (၂၉)ရက်တွင် အိမ်ကနေ ထွက်သွားကာ ပျောက်နေ ကြောင်း သိရသည်။ မောင်ကျော်စိုးဝင်း(ခ) ဖိုးသားသည် စိတ်ဝေဒ ခံစားနေရသောသူလည်း ဖြစ်နေသော ကြောင့် မိသားစုဝင်များက အရမ်းစိတ်ပူ၍ လိုက်ရှာနေကြောင်း တွေ့ရှိပါကအကြောင်းကြားပေးရန် ဖိုးသား အမေက ပြောသည်။ မနေ့ မနက်ပိုင်း(၇)နာရီခန့်အချိန်တွင် ဖိုးသားကို လက်ဖက်ရည်သောက်၊ မုန့်စားရန်သွား ခေါ်ရာတွင် သူမရှိတော့ကြောင့် သိပြီး ဖိုးသားမှာလည်း ပိုက်ဆံတပြားမှပါမသွားသော ကြောင့် မိသားစုများက စိတ်ပူနေကြသည်။ မောင်ကျော်စိုးဝင်း(ခ)ဖိုးသားကို တွေ့ရှိပါက မိသားစုများကို ၀၉ -၄၂၈၃၃၉၄၄၆/ ၀၉-၂၅၄၁၀၂၇၉၉ ဖုန်းဖြင့် ဆက်သွယ်ပေးရန် တောင်းဆိုထားသည်။

 

  • မြန်မာ-တရုတ်နယ်စပ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရဒေသ၊ ချင်းရွှေဟော်မှာရှိတဲ့ မြန်မာအမျိုးသား ဒီမိုကရက် တစ်မဟာမိတ်တပ်-ကိုးကန့်(MNDAA) နဲ့ စစ်ကောင်စီတပ်တို့ ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့တယ်လို့ MNDAA ဘက်က သတင်းထုတ်ပြန်လာပါတယ်။ ချင်းရွှေဟော်မှာရှိတဲ့ ကိုးကန့်တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့က နိုဝင်ဘာလ ၂၇ ရက်၊ ၂၈ ရက်နဲ့ ၂၉ ရက်တို့မှာ လာရောက်တိုက်ခိုက်ရာကနေ တိုက်ပွဲ ဖြစ်ခဲ့တာလို့လည်း ဆိုပါတယ်။

 

  • ချင်းပြည်နယ်ပလက်ဝနှင့် ရခိုင်ပြည်ကျောက်တော်မြို့သို့ ဆက်သွယ်သွားလာသည့်ရေလမ်းကြောင်းကို စစ်ကောင်စီမှ မကြာခဏပိတ်ဆို့ဆတ်ပြီး လက်ရှိပိတ်ဆို့ထားမှုမှာ ၃ လကျော်အကြာရှိလာပြီဖြစ်သည်။ ပလက်ဝ-ကျောက်တော်ရေလမ်းကြောင်းမှာ ပလက်ဝမြို့နယ်အတွက် အဓိကုန်စည်စီးဆင်းရာ လမ်းကြောင်း တစ်ခုဖြစ်ပြီး အဆိုပါလမ်းကြောင်း ကန့်သတ်မှုရှိချိန်တိုင်း ဒေသတွင်းကုန်စျေးများ စျေးမြင့်တက်မှုနှင့် ကြုံတွေ့ကြရသည်။ ထိုကဲ့သို့ ပိတ်ထားမှုကြောင့် နိုဝင်ဘာလအစ၌ဆိုလျှင် ဆန်တစ်အိတ်ကို ၉၀၀၀၀ ကျပ်မှ ၁၂၀၀၀၀ ကျပ်ထိစျေးမြင့်တက်မှုရှိခဲ့သည်။ လက်ရှိတွင်လည်း ပုံမှန်အတိုင်းသွားလာခွင့်များမရသေးသည့် အတွက် ဒေသနေသူများအနေဖြင့် ရေလမ်းကြောင်း ပြန်ဖွင့်မည်ကိုသာမျှော်လင့်နေကြသည်ဟု ပလက်ဝ ဒေသခံတစ်ဦးကပြောသည်။

 

  • ကရင်အမျိုးသား အစည်းအရုံး (KNU/KNLA)ရဲ့ ကော်သူးလေ ထိန်းချုပ်နယ်မြေ ပဲခူးတိုင်း ညောင်လေးပင် ခရိုင် ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီက ၃ ရက်ဆက်တိုက် ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၂၇ ရက်ကနေ ၂၉ ရက်အထိ ကျောက်ကြီးမြို့နယ်ထဲက ဘောကထာ၊ ပဒဲကောရွာတွေက ပြည်သူလူထုရဲ့ နေအိမ်တွေကို ပစ်မှတ်ထား မီးရှို့ခဲ့တာဖြစ်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ် တာတွေ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလည်း ပြုလုပ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန် ထားပါတယ်။ နိုဝင်ဘာ ၂၇ ရက်က ဘောကထာကျေးရွာနားမှာ စစ်တပ်နဲ့ KNLA၊ ကရင် အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO)တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကအထိနာခဲ့တာကြောင့် အခုလို ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 

  • ကလောမြို့နယ်၊ အောင်ပန်းမြို့၊ အောင်ပန်း-တောင်ကြီးသွား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယနေ့ နိုဝင်ဘာလ ၃၀ ရက်၊ နံနက်ပိုင်းက ကားနှင့် ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ အမျိုးသား အခင်းဖြစ်နေရာတွင် သေဆုံးသွား ခဲ့ကြောင်း သိရသည်။ အောင်ပန်း-တောင်ကြီး ပြည်ထောင်စုလမ်း၊ ကညနရုံးအနီး လမ်းမပေါ်တွင် ယနေ့ နိုဝင်ဘာလ ၃၀ ရက်၊ နံနက် ၁၀ နာရီခန့်က အိမ်စီးကားတစ်စီးနှင့် ကလောမြို့၊ ရပ်ကွက် (၉) နေ ဦးကျော်ဆန်း မောင်းနှင်လာသည့် ဆိုင်ကယ်တို့ တိုက်မိခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်မောင်းနှင်သူမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းအား နာရေးကူညီမှုအသင်း (အောင်ပန်း) မှ အောင်ပန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။

 

  • တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ ဝဲရစ်ကျေးရွာ အနီးတွင် ယမန်နေ့ နိုဝင်ဘာ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး၏ အလောင်းကို လာကောက်သည့် စစ်ကောင်စီ တပ်ဖွဲ့ကားနှစ်စီး  မိုင်းဆွဲ ခံခဲ့ရကြောင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံက သိရသည်။ အဆိုပါစစ်ကောင်စီကားသည် စစ်ကောင်စီတပ်မှ ဗိုလ်မှူးဝင်းဌေးနိုင်(ကြည်းတပ်)၏  အလောင်းကို သယ်ယူ ပြီး အပြန်တွင် ကျားရိုင်းတပ်ဖွဲ့၊ ပုတီးတစ်လုံး ပြောက်ကျားဖွဲ့၊ ဂဠုန်မင်းပြောက်ကျားဖွဲ့၏ ပူးပေါင်းဖွဲ့ဖြစ် သော အဖြူရောင် ရိန်းဂျား ပြောက်ကျားဖွဲ့က မိုင်းသုံးလုံးခွဲ တိုက်ခိုက်ခဲ့ပြီးနောက် အပြန် အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်သား လေးဦးခန့် သေဆုံးခဲ့ပြီး ငါးဦးကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ပုတီးတစ်လုံး ပြောက်ကျားဖွဲ့က  ထုတ်ပြန်ခဲ့သည်။

 

  • မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကြဲကျေးရွာအနီးမှာ ကား ၃ စီးပါ စစ်ကောင်စီ ယာဉ်တန်း မိုင်း ၂ လုံးဆွဲ တိုက်ခိုက် ခံရတာကြောင့် စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ တောကြီးမြွေဟောက်အဖွဲ့-King Cobra Force က မနေ့က ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၂၈ ရက်၊ နံနက် ၁၀ နာရီခန့်မှာ ပုလောမှ မြိတ်သို့ ထွက်ခွာလာခဲ့တဲ့ အဲဒီယာဉ် တန်းကို တောကြီး မြွေဟောက်တပ်အဖွဲ့မှ ရဲဘော်‌တွေ ကြားဖြတ်မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ အဲဒီ တိုက်ခိုက်မှုမှာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ သိရပါတယ်။ မိဘပြည်သူ‌တွေ အနေနဲ့ စစ်ကောင်စီ ယာဉ်တန်းတွေ၊ ပုလော(၂၈၅) တပ်ရင်းခန့် အုပ်ကြီးတွေ၊ ပျူစောထီး ဒလန် တွေနဲ့ ဝေးရာမှာ နေထိုင်ကြဖို့နဲ့ ကာကွယ်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာ ပူးပေါင်းကြဖို့ တောကြီးမြွေဟောက်အဖွဲ့က မေတ္တာရပ်ခံ ထားပါတယ်။

 

  • CDM သမားတွေ ဝန်ထမ်းအိမ်ကိုပြန်လာခဲ့ပါက ဖမ်းဆီးဖို့ မန္တလေးတိုင်းဒေသရှိ ဝန်ထမ်းဌာနတွေအားလုံး ဆီကို မန္တလေးတိုင်းဝန်ကြီးချုပ်က  ထုတ်ပြန်ထားပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ အာဏာသိမ်း စစ်ကောင်စီ ရဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ အကြောင်းကြောင်းချက်အရ ဆိုတာကိုပါ ထည့်သွင်းဖော်ပြထားပါတယ်။

 

  • ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က ရပ်၊ကျေးအုပ်ချုပ်ရေးမှူး ၈၆ ဦးမှာ နိုဝင်ဘာလ ၁၈ ရက် နောက်ဆုံး ထားပြီး နုတ်ထွက်စာတင်ထားကြသော်လည်း နိုဝင်ဘာလ ၃၀ ရက်ဒီကနေ့အချိန်ထိ ထွက်ခွင့်မပေးသေးဘူး လို့ ကာယကံရှင်တွေဆီက သိရပါတယ်။ အခုလိုနုတ်ထွက်စာတင်ရတာဟာ အုပ်ချုပ်ရေးမှူးတဦးဖြစ်နေ ပေမယ့် ရွာသူ၊သားတွေ ရဲ့ အသက်အန္တရာယ်ကို တစုံတရာကာကွယ်ပိုင်ခွင့်မရှိဘဲ တန်ဖိုးမရှိသလိုခံစားရတဲ့ အတွက် နုတ်ထွက်ရတာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးမှူးတဦးက ပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်မှာ ကျေးရွာအုပ်စု ၉၆ အုပ်စုရှိပြီး အဲဒီထဲမှာမှ ၈၆ အုပ်စုက အုပ်ချုပ်ရေးမှူးတွေက မြို့နယ်ထွေအုပ်ရုံးမှာ နုတ်ထွက်စာတင်ထားကြတာဖြစ်တယ်လို့ ကာယကံရှင်အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

 

  • ရှမ်းမြောက် နမ့်ခမ်းမြို့ မန်နားကုန်းရပ်ကွက်ရှိ ငါးပစ် ဂိမ်းဆိုင်တစ်ခုမှာ လက်နက် ကိုင်ဆောင်တဲ့ လူတစ်စု က သေနတ်တွေ ပစ်ဖောက်ကာ ဂိမ်းဆိုင်ရှိ ငွေတွေကို လုယူသွားကြောင်း သိရပါတယ်။ ဖြစ်စဉ်ဟာ လွန်ခဲ့ တဲ့ နိုဝင်ဘာလ ၂၆ ရက် ည ၈ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သိန်း(၂၀)ဝန်းကျင် လုယူသွားခံရ ကြောင်း နမ့်ခမ်းမြို့နေ အမျိုးသားတစ်ဦးက ပြောပါတယ်။ “သူတို့က မတ်တွေကိုယ်စီတပ်ထားကြပြီးတော့ လာလု သွားတာဟုတ်တယ်။ သေနတ်ကို လေးငါးချက်လောက် မိုးထောင်ပစ်ပြီးတော့ ဝင်လုသွားတာ။ သူတို့ ကို မေးကြည့်တော့ လူထိတာတော့ မရှိဘူးတဲ့။ အဲလိုဝင်လာပြီးတော့ သူတို့မန်နေဂျာဆီကနေပဲပိုက်ဆံအိတ် ဆွဲယူသွားပြီးတော့ ထွက်ပြေးသွားတာ” ငွေလုယူသွားတဲ့ အဲဒီအမျိုးသား ၅ ဦးဟာ ဆိုင်ကယ် ၃ စီးနဲ့ ရောက် ချလာပြီး သေနတ်အရှည်(အမျိုးအစားမသိ) ၃ လက်၊ ပစ္စတို ၂ လက်နဲ့အတူ လာရောက်လုယက် ခဲ့တာလို့ ဆိုပါတယ်။

 

  • ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်း၊ဗိုလ်တထောင်ဘုရားအနီးတွင် လမ်းဖြတ်ကူးသည့် လူငယ်များ စစ်ကောင်စီတပ်၏ပစ်ခတ်ဖမ်းဆီးခြင်း ခံခဲ့ရကြောင်းဒေသခံများထံကသိရသည်။ ဗိုလ်တထောင် မြို့နယ်၊ ကမ်းနားလမ်း၊ ဗိုလ်တထောင် ဘုရားအနီးရွိ လူကူးခုံးကျော်တံတားအနီးတွင် ယနေ့ နိုဝင်ဘာလ ၃၀ ရက် မနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် လူငယ် ၄ ဦးမှလမ်းဖြတ်ကူးနေစဉ် စစ်ကောင်စီတပ်လှည့်ကင်း အဖွဲ့မှ စစ်ဆေးမည်ဟုဆိုကာ ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ “တံတားနားမှာ လူငယ်တွေက လမ်းဖြတ်ကူးဖို့လုပ်နေတာ။ အဲဒီအချိန်မှာ လှည့်ကင်းလှည့်နေတဲ့ စစ်ခွေး တွေရောက်လာပြီး အဲဒီလူငယ် တွေကို လက်နက်ရှိတယ်၊ PDF ဆိုပြီး အတင်းဝင်ဖမ်းတာ။ အနားမှာရှိနေတဲ့ လူငယ်တစ်ယောက်က ကြောက်ပြီးပြေးတာ အဲဒါကို လှမ်းပစ်ပြီး ဖမ်းတာ။ ခေါင်းကိုထိတာ။ ပစ်လဲကျသွားတာ။ သေမယ်ထင် တာပါပဲ။ လူငယ် ၄ ယောက်လည်း ပါသွားတယ်”ဟု မျက်မြင်တွေ့ရှိသူဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

 

  • လောင်းလုံးမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာတွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် “သတ္တိရှိရင် သေနတ်ချပြီး တနပ်လောက် အုပ်ချုပ်ကြည့်” စာတန်း ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ ကြောင်း သိရသည်။

 

  • ရွှေကူမြို့နယ် အခြေခံပညာ ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာ ၃၀ ရက်နေ့တွင် ရွှေကူမြို့နယ် အားကစားကွင်း၌ ”စစ်ကျွန်ပညာသင်ပြီး လူရည်ချွန်မဖြစ်ထိုက်” စာသား ရေးသားကာ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒပြခဲ့သည်ဟု သိရသည်။

 

  • ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် “တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ” စာတန်းများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ရန်ကုန်လူထုသပိတ်မှ T-Shirt အဖြူတွင် ဘီလူးရုပ်ပုံနှင့် Failed Law စာသားများအပါအဝင် ‘စစ်အာဏာရှင် စနစ်ကျဆုံးပါစေ’၊ ‘အရေးတော်ပုံအောင်ရမည်’၊ ‘တော်လှန်မျိုးဆက် ပုန်ကန်ရုန်းထွက်’ စသည့် တော်လှန်ရေး စာများပန်းချီဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှာမှုပြုလုပ်ခဲ့ပြီး ပြည်သူများအနေဖြင့်လည်း သွေးမအေး ကြောင်းပြသ၍ ပါဝင်ကြရန် လှုံ့ဆော်ခဲ့သည်။

 

  • အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လှုပ်ရှားမှုကို ” ဒီစိန်ခေါ်မှုကြီး ကို ရင်ဆိုင်ကျော်လွှားနိုင် ယခုအတွက်သာမက နောင်မျိုးဆက်တွေအတွက်ပါ အောင်မြင်မှုကြီး ဖြစ်ပါလိမ့် မယ်။ ဒေါ်အောင်ဆန်းစုကြည်” ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မုံရွာမြို့ လမ်းမ ထက်‌ပေါ်တွင် မုံရွာလူထု သပိတ်တိုက်ပွဲဦး‌ဆောင် ကော်မတီနှင့် အရာတော် လူထု သပိတ် တိုက်ပွဲကော်မတီ၊ အမျိုးသမီးမဟာမိတ်အင်အားစုတို့ ပူးပေါင်းကာ “မုံရွာသမိုင်း မရိုင်းစေရ” စာတန်း ကိုင်ဆောင်ကာ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ပြည်ခွန် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ညပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • လက်ပံတောင်း တောင်ဒေသ လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် “မတရားတဲ့ ရွေးကောက်ပွဲ လုံးဝအလိုမရှိ” စာတန်းကိုင်ဆောင်ကာ ချင်းတွင်းမြစ် သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြခဲ့ကြောင်းဟသိရသည်။

 

  • စစ်ကိုင်းတိုင်း ယင်းမာပင် – ဆားလင်းကြီးနယ် ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ယနေ့ (နိုဝင်ဘာ ၃၀) နံနက်ပိုင်း၌ ဆားလင်းကြီးမြို့နယ်ရှိ ဈေးတစ်ခုအတွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။ ယင်းသပိတ်တွင် ပြည်သူများက “လူထုတိုက်ပွဲ အရှိန်မြှင့်ကြ ဘုံရန်သူကို ချေမှုန်းကြ”စာသား ရေးခြစ် ကိုင်ဆောင်ပြီး စစ်အာဏာရှင် စနစ်အလိုမရှိကြောင်း ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။

 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က စျေးတစ်ခုမှာ ကျေးလက်သူပုန်သပိတ်စစ်ကြောင်းက ကျောင်းသား လူငယ်တွေဦးဆောင်ပြီး ဒီကနေ့ (နိုဝင်ဘာလ ၃၀ရက်)မနက်မှာ “ထုကိုစုစည်း၊ ထုနဲ့တိုက်၊ ထုနဲ့ဖြို၊ ထုနဲ့ တည်ဆောက်” စာတန်းကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပျောက်ကြားသပိတ်ပြု့လုပ် ဆန္ဒပြခဲ့ ကြပါတယ်။

 

  • ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေးလူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ထောက်ပို့ ထော်လာ ဂျီကို PDF တပ်ဖွဲ့များက ဖမ်းဆီးခဲ့ပြီး ကျည်ဆန် တချို့သိမ်းဆည်းရမိ ခဲ့ ကြောင်း NGU:FF (မြေခွေးတပ်ဖွဲ့) က ဆိုသည်။ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် မတ္တရာမြို့ စခန်းသာရွာမှ မြောင်း သစ်ရွာ အကူး ကျက်ပြင် မြောက်ဘက်တွင် အကြမ်းဖက် စစ်တပ်၏ ကျည် ဆန်များ၊ ၎င်းတို့၏ အသုံးအဆောင်များနှင့် ပြည်သူများထံမှ ခိုးယူလာသည့် ပစ္စည်းများ တင်ဆောင်လာသည့် စစ်ကောင်စီ ထောက်ပို့ထော်လာဂျီကို တော်လှန်ရေးအဖွဲ့များက ကြားဖြတ် ဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ထဲက အင်ကြင်းကုန်းကျေးရွာ၊ အလယ်တော ကျေးရွာ နဲ့ ဆူးပုတ်ချောင် ကျေးရွာက နေအိမ်တွေကို KIA နဲ့ PDF တွေက မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့ သတင်းအမှားတစ်ခုကို ခင်ညိုချော ဆိုတဲ့ Facebook အကောင့်ပိုင်ရှင်က နိုဝင်ဘာလ ၂၈ ရက် နဲ့ ၂၉ ရက်နေ့ တွေမှာတင်ထားပါတယ်။ မီးလောင် နေတဲ့ ဓာတ်ပုံကိုအသုံးပြုပြီး ခင်ညိုချောဆိုသူက “ထီးချိုင့်မြို့နယ် အင်ကြင်းကုန်းရွာအတွင်း KIA နှင့် PDF ပူးပေါင်းအဖွဲ့များ ရောက်ရှိနေ ကြောင်း သတင်းရရှိ၍ စကစတပ်များက ဝင်ရောက်ရှင်းလင်းစဉ် KIA နှင့် PDF ပူးပေါင်းအဖွဲ့ ၁၀၀ ဦးခန့်က ကျေးရွာအတွင်းရှိ နေအိမ်များကို အကာအကွယ်ယူကာ ပစ်ခတ်တိုက်ခိုက် သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်.. တိုက်ပွဲဖြစ်ပွားနေရာမှ KIAနှင့် PDF ပူးပေါင်းအဖွဲ့တွေဟာ ကျေးရွာနေအိမ် ၄၀ လုံး ခန့်အား မီးရှို့ဖျက်ဆီး ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရပါတယ်” ဆိုပြီး နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ရေးတင် ထားပါတယ်။ ဒါ့အပြင် တော်လှန်ရေးအဖွဲ့တွေက ဗမာရွာတွေကိုပဲ ရွေးပြီး မီးရှို့သွားတယ်ဆိုပြီးတော့လည်း KIA၊ PDF နဲ့ ဗမာ တိုင်းရင်းသားတွေကို ရန်တိုက်ပေးထားတဲ့ အရေးအသားမျိုးနဲ့ သတင်းကို ဖြန့်ဝေထား ပါတယ်။

 

  • ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ ဒီနေ့မနက် ၃ နာရီဝန်းကျင်က မြို့အပြင်ဘက်မှာ လက်နက်တွေ တစ်ဖက် သတ် ပစ်ခတ်ခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ “မနက်အစော လက်နက်တွေ ပစ်ခတ်နေ ကြတယ်။ တစ်ဖက်သတ်ပဲ ပစ်ခတ်တာဖြစ်နိုင်တယ်။ ကျနော်တို့လည်း အိပ်လို့မရဘူး။ ကြောက်လည်းကြောက်နေကြ တယ်။ ဘယ်သူတွေ ဘာဖြစ်တာလဲတော့ ကျနော်တို့ မသိဘူး မြို့အပြင် မထွက်ရဲဘူး” လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်တပ်ရှိရာအရပ်မှာ ပစ်ခတ်သံ ကြားရပြီးတော့ ဘယ်လက်နက် ကိုင်တပ်ဖွဲ့တွေနဲ့ ပစ်ခတ်လဲဆိုတာကိုတော့ မသိရသေးဘူးလို့ ၎င်းက ဆိုပါတယ်။ ဒီမနက်အစောပိုင်းက လောက်ကိုင်မြို့ အဝင်အထွက်ကို စစ်ကောင်စီတပ်က စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့ပါတယ်။

 

  • မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာအနီး ပုသိမ်-မုံရွာသွားကားလမ်းမပေါ်မှာ Air Compressor အတွင်း ဝှက်သယ်လာတဲ့ လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကို တွေ့သွားလို့ စစ်ကောင်စီက သိမ်းသွားတယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၂၉ ရက် ညနေ ၄ နာရီကျော်မှာ ပြည်ဘက်ကနေ ထွက်လာတဲ့ မင်းတုန်း-ပြည် ပြေးဆွဲတဲ့ “ဘုမ္မဝတီ” ယာဉ်လိုင်းအသင်းပိုင် ခရီးသည်တင် ကားပေါ်က Air Compressor ထဲ ထည့်ပြီးသယ်လာတဲ့ လက်နက်နဲ့ဆက်စပ်ပစ္စည်းတွေ သိမ်းခံလိုက်ရတာဖြစ်တယ်လို့ PDF အဖွဲ့တွေနဲ့ နီးစပ် သူ တဦးက ပြောပါတယ်။ “လက်နက်တွေ မိသွားတာဟုတ်တယ်။ တော်တော်နှမြောဖို့တော့ ကောင်းတယ်။ ခုဟာက သတင်းအတိအကျရလို့လား။ အဲလိုမဟုတ်ဘဲ စစ်စစ်ပေါက်ပေါ​က်စစ်လို့တွေ့တာလားဆိုတာတော့ မသိရသေးဘူး။ သတင်းအတိအကျရမှပဲ ဒီကောင်တွေက တားစစ်တာများတယ်ဆိုတော့ ပစ္စည်းပို့ချိန် သတင်းပေါက်တာလားပေါ့။ အသေအချာသိရအောင်တော့ စုံစမ်းနေတုန်းပဲ” လို့ ပြောပါတယ်။

 

  • စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၆ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် ကင်းကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံပြည်သူ ၁၅ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင် သွားသည်ဟု ဒေသခံများက ပြောသည်။ အင်အား ၄၀ ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် မြောင်မြို့ နယ် ကျောက်ရစ်စခန်းမှ ထွက်လာကာ ကင်းကျေးရွာအတွင်းသို့ သေနတ်ပစ်ခတ်၍ ဝင်ရောက်ဖမ်းဆီးသွား ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။  အဆိုပါစစ်ကြောင်းသည် ကျေးရွာ၏ စာသင်ကျောင်းတွင် ဝင်ရောက်တပ်စွဲကာ ကျောင်းဝင်းအတွင်းရှိ ပစ္စည်းများနှင့် ဒေသခံပြည်သူတို့၏ နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

 

  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့လယ်၌ ကင်းပတ်လာသော စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ တစ်ဦး သေဆုံးပြီး သုံးဦးပြင်းထန်ဒဏ်ရာရရှိသွားကြောင်း Myanmar Revolution Army(MRA) အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ယမန်နေ့ (နိုဝင်ဘာ၂၉ရက်) ညနေ၃နာရီခွဲခန့်က ဆားလင်းကြီးမြို့ လယ်၊ သာသနဟိတအနီးတစ်ဝိုက်တွင် ကင်းပတ်နေသော စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သားတစ်ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိသူများရှိကြောင်း MRAသတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ​ပြောသည်။ “သူတို့က ဆိုင်ကယ်တွေနဲ့လာပြီး ခြေလျင်ပတ်တာ။ အဲနားမှာ စစ်ဆေးတာ။ အင်အားကအနည်းဆုံး၁၀ယောက်ကျော်တယ်။ အဲနားဆေးခန်းရှိတယ်။ မိုင်းထိပြီး ဆေးခန်းထဲတခါတည်း ဆွဲခေါ် ပြီး နောက်ဆွဲထုတ်သွားတာ။တစ်ယောက်က အဲနေရာတင် သေသွားတာ။ ကျွန်တော်တို့သွားပစ်တော့ ဒီကောင်တွေဆုတ်သွားတာ။”ဟု MRA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ​ပြောသည်။

 

 

 

#နေ့စဉ်သတင်းအကျဉ်း

 

#ဖက်ဒရယ်ဂျာနယ်မြန်မာ