• Today is: Tuesday, April 16, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 88, December 2, 2022)

 

၁။ ကရင်နီပြည်နယ်၌ နိုဝင်ဘာလအတွင်း တိုက်ပွဲ ၂၈ ကြိမ်ဖြစ်၊ စစ်ကောင်စီတပ်သား ၄၃ ဦးသေဆုံး
December 1, 2022

ကရင်နီပြည်နယ်မှာ နိုဝင်ဘာလအတွင်း တိုက်ပွဲ ၂၈ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄၃ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ပထမအပတ်အတွင်း လွိုင်ကော်မြို့နယ် ကုန်းဆွတ် ကျေးရွာ အနီးတဝိုက်ကို စစ်ကောင်စီတပ်ဘက်မှ အပြင်းအထန်တိုက်ခိုက်ခဲ့သလို နိုဝင်ဘာ နောက်ဆုံးအပတ်မှာလည်း လွိုင်ကော်မြို့နယ် ပါလောင်းကျးရွာနဲ့ ဒေါတယို့ကျေးရွာ ပတ်ဝန်းကျင်တို့မှာ စစ်ကောင်စီတပ်က ဝင်ရောက် တပ်စွဲထားတဲ့အတွက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ အလားတူ ဒီးမော့ဆိုမြို့နယ် ကုန်းသာ၊ သေးဆူလဲ ကျေးရွာတို့မှ ရှမ်းကယားနယ်စပ် နန်းဖယ်ခုံမြို့နဲ့ အနီးတဝိုက်ကျေးရွာအထိ စစ်ကောင်စီတပ်ကို ကရင်နီ ပူးပေါင်း တပ်ဖွဲ့က အပြင်းအထန်တိုက်ခိုက်နေကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်စစ်ဆင်ရေးနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် နိုဝင်ဘာလအတွင်း အရပ် သား ပြည်သူ ၂ ဦးသေဆုံး၊ ၃၄ ဦး ဒဏ်ရာရရှိခဲ့သလို လက်နက်ကြီး ထိမှန်တာကြောင့် နေအိမ် ၅၇ လုံး ပျက်စီးခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်ဘက်က တပ်သား ၁ ဦး လက်နက်အပြည့်အစုံနဲ့ ပြည်သူ ဘက် ပူးပေါင်းကာ CDM ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်ရင်း KNDF မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ ရ ပါတယ်။ လက်ရှိအခြေအနေအရ ဒီးမော့ဆိုမြို့နယ်နဲ့ နန်းဖယ်ခုံမြို့တို့မှာ စစ်ရေးအရှိန်မြင့်နေပြီး ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတဲ့အတွက် ပြည်သူတွေအနေနဲ့ လုံခြုံရေး သတိရှိကြပါဖို့ သတိပေးထားပါတယ်။ http://burmese.dvb.no/ar chives/566705

၂။ ဘုရားသုံးဆူရှိ သတ္တုခဲမိုင်းကို စစ်ကောင်စီတပ်က လေကြောင်းမှထပ်မံ ဗုံးကြဲ
December 2, 2022

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ မက္ကသာ သတ္တုခဲမိုင်း အမှတ် ၆ နေရာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁ ရက် ဒီမနက် ၁ နာရီ ၄၀ မိနစ်က လေယာဥ်နဲ့ လာရောက်ဗုံးကြဲခဲ့တယ်လို့ ဒေသခံ PDF သတင်းရင်းမြစ်တွေက ပြောပါတယ်။ မှော်ဘီ လေတပ်က တက်လာတဲ့ တိုက်လေယာဉ်နဲ့ ထပ်မံဗုံးကြဲခဲ့ပြီး လူထိခိုက်သေဆုံးတာတွေ မရှိပေမဲ့ အဆောက်အဦတချို့တော့ ပျက်စီးသွားခဲ့တယ်လို့ ဒေသခံ PDF က ပြောပါတယ်။ နိုဝင်ဘာ ၂၉ ရက်ကလည်း ကြာအင်းဆိပ်ကြီးနဲ့ ဘုရားသုံးဆူနဲ့ကြားက ခဲမိုင်းတွေကို လေယာဉ်နဲ့ဗုံးကြဲသွားခဲ့ကြောင်းအနီးပတ်ဝန်းကျင်မှာ သွားလာနေတဲ့ ဦးဖိုးထောင်ကပြောပါတယ်။ “ကြာအင်းဆိပ် လကြီးနဲ့ ဘုရားသုံးဆူကြားမှာရှိတဲ့ တရုတ်တွေလုပ်နေတဲ့ ခဲမိုင်းတွေကို ဒီတရုတ်တွေက ကေအန်ယူက အခွန်ပေးပြီးတော့လုပ် နေတာ။ ဒါပေမဲ့အခုဖြစ်နေတာက မဲမဲမြင်သမျှအကုန်ဗုံးနဲ့ ကြဲမယ်ဆိုပြီး ဖြစ်နေတာ။ ညတိုင်းကို ဖြစ်နေတယ်။ မနေ့ညက ( နိုဝင်ဘာ ၂၉) ဆိုရင် ၁၁ နာရီခွဲလောက်မှာ ၁၂ ခါလောက်လာကြဲသွားတယ်။ တရုတ်တွေက မနေရဲတော့ အကုန် ဘုရားသုံးဆူ ဘက်ပြေးပြီး‌တော့ ဒီတရုတ်တွေက ထိုင်းမှာ ဗီဇာမရှိဘူး။ မရှိတော့ သူတို့က မော်လမြိုင်ဆင်းရင်လည်း ကြာအင်းဆိပ်ကြီးမှာ ရစ် တာပေါ့ဗျာ။ တယောက်ကို ၅ သိန်းပေး ၁၀ သိန်းပေးရစ်တာ အဲလိုမျိုးတွေတော့ရှိတယ်။ မော်လမြိုင်လည်း ရစ်ခံရသေးတယ်။ မော်လမြိုင်ပြီးမှ ရန်ကုန်၊ ရန်ကုန်ပြီးမှ တရုတ်ပြည်မကို ပြန်ရမှာကိုး။ အဲဒီမှာမှ ဒီတရုတ်တွေက အညာဘက်ကလူကို သူတို့ခေါ် လာပြီး အလုပ်သမားအဖြစ်ထားထားတယ်။ အဲဒီလူတွေက အဓိက ခံရတယ်။” နိုဝင်ဘာ ၂၁ ရက် ည ၁၂ နာရီ တုန်းကလည်း စစ်ကောင်စီတပ်က ကေအန်ယူ- ဒူးပလာယာခရိုင် သတ္တုတွင်းဖြစ်တဲ့ အမှတ် ၁ မိုင်းတွင်းနဲ့ အမှတ် ၂ မိုင်းတွင်းကို ဂျက်တိုက် လေယာဉ်နဲ့ လာရောက်ပစ်ခတ်လို့ အဆောက်အဦတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒူးပလာယာခရိုင်က ထုတ်ပြန်ထား ပါတယ်။

ဘုရားသုံးဆူနယ်စပ်မြို့နဲ့ ၁၈ မိုင်အကွာမှာရှိတဲ့ သပြုခဲ သတ္တုမိုင်း အမှတ် ၆ လုပ်ကွက်စခန်းကို ဂျက်တိုက်လေယာဉ်က ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ရာ မိုင်းစခန်းတခုလုံး ပေါက်ကွဲသွားပြီး တရုတ်နိုင်ငံသား ၃ ယောက် ပွဲချင်းပြီးသေဆုံးကာ လူ ၈ ဦး စိုးရိမ် ဒဏ်ရာ အပြင်းအထန် ရရှိသွားပါတယ်။ လက်ရှိအချိန်မှာ ကေအန်ယူ ထိန်းချုပ်နယ်မြေတွေမှာရှိတဲ့ သတ္တုတွင်းရှိသမျှကို စစ်ကောင်စီက နေ့တိုင်း ဗုံးကြဲတိုက်ခိုက်နေပြီး အဲဒီမိုင်းတွင်းတွေမှာ သွားရောက်လုပ်လုပ်ကြတဲ့ တရုတ်နိုင်ငံသားတွေ၊ ဒေသခံနဲ့ တခြားနယ်တွေက ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေ ရတဲ့အခြေအနေရှိတယ်လို့ အဲဒီနယ်မြေတွေမှာ လှုပ်ရှားနေတဲ့ ဦးဖိုးထောင်က ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ကေအန်ယူ တပ်မဟာ ၆ နယ်မြေအတွင်းကို မြေပြင်မှာ စစ်ရေးအသာစီး မရလို့ လေကြောင်းကနေ ပိုမိုတိုက်ခိုက်လာနေတာ ဖြစ်ပါတယ်။ http://burmese.dvb.no/archives/566708

၃။ KIA တပ်မဟာ ၉ နယ်မြေအတွင်း စစ်ကောင်စီအား တပ်စွဲခွင့် မပြုရန် သတိပေး
December 2, 2022

ကချင် လွတ်လပ်ရေး တပ်မတော်(KIA) တပ်မဟာ ၉ နယ်မြေ ဖြစ်သည့် ဖားကန့်မြို့နယ်အတွင်းရှိ ဘာသာရေး အဆောက်အအုံ၊ ကျောင်းဝင်းများအတွင်း တပ်စွဲခွင့် မပြုကြရန်နှင့် မော်တော်ယာဉ်များအနေဖြင့်လည်း စစ်ကောင်စီတပ်၏ စစ်သုံးပစ္စည်းနှင့် ရိက္ခာသယ်ဆောင်ပေးခြင်း မပြုကြရန် အသိပေး ထုတ်ပြန်ထားသည်။ KIA အနေဖြင့် သတိပေးထုတ်ပြန်ချက် ကို အကြိမ်ကြိမ် ထုတ်ပြန်ပြီးဖြစ်ရာ ဘာသာရေးအဆောက်အအုံ၊ လူအများနှင့် သက်ဆိုင်သော အဆောက်အအုံများတွင် စစ်ကောင်စီတပ်ဖွဲ့များအား တည်းခိုရပ်နားခွင့် မပြုရန်နှင့် ဖြစ်ပေါ်လာသော အကျိုးဆက်များကို KIA တပ်မဟာ ၉ မှ တာဝန်ယူ မည် မဟုတ်ကြောင်း ထပ်မံ အသိပေးလာခြင်း ဖြစ်သည်။

တပ်မဟာ ၉ နယ်မြေအတွင်းရှိ ဘာသာရေးအဖွဲ့အစည်းအားလုံးအနေဖြင့် မိမိပိုင်ဘာသာရေး အဆောက်အအုံ၊ ကျောင်း ဝင်းများအတွင် စစ်ကောင်စီတပ်ဖွဲ့များ၏ စစ်ကြောင်းများအား ခေတ္တနားနေခြင်းသော်လည်းကောင်း ညအိပ်ညနေ စခန်းချ နေထိုင်ခြင်းသော်လည်းကောင်း မည်သည့်အကြောင်းကြောင့်မျှ ခွင့်မပြုရန်၊ အိမ်စီးကားများ၊ ခရီးသည်တင် မော်တော်ယာဉ် များ၊ ကုမ္ပဏီသုံးယာဉ်အားလုံးသည် စစ်တပ်၏ စစ်ပစ္စည်း လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများ သယ်ဆောင်ပေးခြင်း၊ ၎င်းတို့ တပ်ဖွဲ့ဝင်များကို သယ်ယူပို့ဆောင်ပေးခြင်း၊ မိုးကာအုပ် ၍ သွားလာခြင်းများ မပြုလုပ်ရန် KIA က အသိပေးထားခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လ ၁၆ ရက်တွင်လည်း ထုတ်ပြန်ခဲ့ပြီးဖြစ်ကာ၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် ထပ်မံ အသိပေး လိုက်ခြင်းဖြစ်ပြီး အသိပေးထုတ်ပြန်သည့် နေ့မှစ၍ ထိရောက်သည့် အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းဖော်ပြ ထားသည်။ https://www.facebook.com/theirrawaddyburmese/photos/a.682210471823108/6254000494/

၄။ စစ်ကောင်စီတပ်တွေထိန်းချုပ်ထားတဲ့ ဒီမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာအတွင်းရှိနယ်မြေကို KRU မှ ပြန်လည်ထိန်း ချုပ်နိုင်
December 2, 2022

အကြမ်းဖက်စစ်ကောင်စီတပ်တွေတပ်စွဲပြီးထိန်းချုပ်ထားတဲ့ ဒီမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာအတွင်းရှိနယ်မြေကို ကယား (ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU) မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ KRU မှ သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာအတွင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေမှ နယ်မြေအချို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒီမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာအတွင်း နယ်မြေပြန်လည်ရှင်းလင်းချိန်မှာ စစ်ကောင်စီတပ်တွေရဲ့ ရိက္ခာ၊ စွပ်ဗုံး၊ ကျည်ဆံ နဲ့ အသုံးအဆောင်ပစ္စည်းတွေကိုသိမ်းဆည်းရရှိခဲ့ပြီး အဲ့ဒီနယ်မြေတွေမှာ မိုင်း ရှင်းလင်းရေးလုပ်ငန်း‌တွေကိုလည်း ဆောင်ရွက်နေပြီဖြစ်ကြောင်း KRU မှ အသိပေးထုတ်ပြန်ထားပါတယ်။ https://www.face book.com/photo/?fbid=563248922478837&set=pcb.563249312478798

၅။ MNDAA ခံတပ်ကို စစ်ကောင်စီ ရောနှောတပ်က ထိုးစစ်ဆင်ခဲ့ပေမဲ့ ရှုံးနိမ့်ခဲ့၊ ရောနှောတပ်ဖွဲ့မှ ညွှန်ကြားရေးမှူး ပစ်သတ်ခံရ
December 1, 2022

နိုဝင်ဘာ ၂၉ ရက်က စစ်ကောင်စီနှင့် ကိုးကန့်အုပ်ချုပ်ရေး ရောနှောတပ်ဖွဲ့ဝင် အင်အား ၅၀၀ ကျော်က ကိုးကန့် ချင်းရွှေ ဟော်ဒေသ နမ့်ဖာတောင်မှာရှိတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)ခံတပ်ကို သိမ်းယူရန်အ တွက် ပြင်းထန်စွာ ထိုးစစ်ဆင်ခဲ့သော်လည်း MNDAA က တန်ပြန်တိုက်ခိုက်နိုင်ခဲ့တဲ့အတွက် စစ်ကောင်စီရောနှောတပ် ရှုံးနိမ့် သွားပြီး စစ်ကောင်စီဘက်က အသေအပျောက်များစွာရှိတဲ့အပြင် ရောနှောတပ် ဖွဲ့ဘက်မှ ညွှန်ကြားရေးမှူးပစ်သတ်ခံရ တယ်လို့ MNDAA ကသတင်းထုတ်ပြန်ပါတယ်။ တိုက်ပွဲမှာ MNDAA ဘက်က ထိခိုက်ကျဆုံးမှုမရှိဘဲ စစ်ကောင်စီဘက်က တပ်ရင်းမှူး တစ်ယောက်ကျဆုံးပြီး တပ်ခွဲမှူးအဆင့် ညွှန်ကြားရေးမှူး နှစ်ယောက်နှင့် အခြား ၁၀ ယောက်နဲ့ အထက် ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကောင်စီတပ်ဘက်က လူအယောက် ၂၀ တိုက်ပွဲမှာ ပျောက်ဆုံးနေပြီး သေဆုံးသွားတဲ့အလောင်းတွေကို စစ်မြေပြင်မှာ စွန့်ပစ် ခဲ့တယ်လို့ MNDAA ကထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်က နမ့်ဖာတောင်ရှိ ကိုးကန့်(MNDAA)ရဲ့ ခံတပ်ကို ထိုးစစ်ဆင် တိုက်ခိုက် နေချိန်မှာ ကိုးကန့်(MNDAA)တပ်ဖွဲ့ကလည်း စစ်ကောင်စီတပ် အခြေချတဲ့ တုံရှန်ဒေသ ရာခုတ်ကိုင်ကို အချိန်ကိုက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ နိုဝင်ဘာ ၃၀ မနက် ၀ နာရီ ၃၀ မိနစ်မှာလည်း ကိုးကန့် (MNDAA) တပ်ဖွဲ့က ရှင်ကိုင်မှာ အခြေချနေတဲ့ စစ်ကောင်စီတပ်စခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ မွန်းလွဲပိုင်းတိုက်ပွဲဆက်လက် ဖြစ်ပွားခြင်းမရှိတော့ဘဲ အင်အားအသီးသီးစုဖွဲ့ကာ စစ်ရေးတင်းမာ နေတယ်လို့လည်း ထုတ်ပြန်ပါတယ်။ https://www.face book.com/photo/?fbid=513327877502573&set=a.477257421109619

၆။ စစ်အာဏာရှင် ဆန့်ကျင်ရေး ဦးဆောင် လှုပ်ရှားသူ ဒဂုံ တက္ကသိုလ်ကျောင်းသား ၇ ဦးကို စစ်ကောင်စီတရားရုံးက သေဒဏ်ချမှတ်
December 1, 2022

စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားခဲ့ကြသည့် ဒဂုံတက္ကသိုလ် ကျောင်း သား ၇ ဦးကို နိုဝင်ဘာလ ၃၀ ရက်နေ့ အင်းစိန်ထောင်တွင်း စစ်ခုံရုံး က သေဒဏ်ချမှတ်လိုက်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသား သတင်းရင်း မြစ် များထံမှ သိရှိရ သည်။ ယခုနှစ် ဧပြီလအတွင်း အကြမ်းဖက်စစ်ကောင်စီက တိတ်တဆိတ်ဖမ်းဆီးမှုများကြောင့် ပျောက်ဆုံးသွားကြသည့် ဒဂုံ တက္ကသိုလ်ကျောင်းသား ၇ ဦးဖြစ်သည့် မောင်ခန့်ဇင်ဝင်း၊ မောင်သူရမောင်မောင်၊ မောင်ဇော်လင်းနိုင်၊ မောင်သီဟထက် ဇော်၊ မောင်ဟိန်းထက်၊ မောင်သက်ပိုင်ဦး၊ မောင်ခန့်လင်း မောင်မောင်တို့ကို ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့တွင်ပါဝင်သည်ဆို သောစွပ်စွဲမှု ၊ ယခုနှစ် ဧပြီလ ၁၈ ရက်နေ့ ဒဂုံတောင်တွင် ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ ဒုတိယဗိုလ်မှူးကြီး စောမိုးဝင်း ပစ်ခတ် ခံရပြီး သေဆုံးခဲ့မှုတွင် ပါဝင်ပတ်သက်သည် ဆိုသော စွပ်စွဲမှုများဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ အင်းစိန်ထောင်တရားရုံးက သေဒဏ်ချမှတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။ “အခုက အတူ ဖမ်းဆီးရမိပြီးတော့ အကုန်လုံးကို အမှုတစ်ခုတည်း ထောင် ချောက် ဆင် အမိန့်ချတာမျိုး ဖြစ်တယ်။ စစ်ကောင်စီရဲ့ ရှေ့က လုပ်နည်း လုပ်ဟန် အကြမ်းဖက်မှုတွေအရ တကယ်ကို ကွပ်မျက်လား မကွပ်မျက်ဖူး လားဆိုတာတော့ ကျနော်တို့အနေနဲ့ ဆက်လက်စောင့်ကြည့်နေတယ်။ နောက်ပြီး နိုင်ငံတကာ အသိုက်အဝန်းကို လည်း ဒီနေ့ သေဒဏ်ကျခံရတဲ့ ကျောင်း သား တွေအတွက် သတင်းစကားတွေကို ကျနော်တို့ အနေနဲ့ ထုတ် ဖော် သွားဖို့ ရှိတယ်” ဟု ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ ခေါင်းဆောင် တစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် အင်းစိန်ထောင်တရားရုံးက ပုဒ်မ ၃၀၂ (က) ဖြင့် ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦးကို သေဒဏ် ချမှတ်ခြင်း ဖြစ်ပြီး ကျန်ရှိနေသော အမှု ၂ မှုကို လည်း ဆက်လက်စစ်ဆေးနေကြောင်း သိရှိရသည်။ အလားတူ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ပင် ယခုနှစ် မေလ ၂၄ ရက်နေ့ ဖြစ်ပွားခဲ့သော ဒဂုံမြို့သစ်မြောက်ပိုင်း ၄၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်သန်း ပစ်သတ် ခံရမှု တွင် ပါဝင်သည်ဆိုသော စွပ်စွဲချက်ဖြင့် အင်းစိန်ထောင် စစ်ခုံရုံးက လူငယ် ၄ ဦးကိုလည်း သေဒဏ်များ ချ မှတ်ခဲ့ကြောင်း သိရှိရ သည်။ အကြမ်းဖက်စစ်ကောင်စီက ယခုနှစ် ဇူလိုင်လတွင် ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ လွှတ်တော်အမတ် ကိုဖြိုးဇေယျာသော် အပါအဝင် တော်လှန်ရေးရဲဘော် ၄ ဦးကို သေဒဏ်ချမှတ်ပြီး ကြိုးပေးသတ်ဖြတ်ခဲ့သည်။

၇။ စစ်အာဏာသိမ်း ၂၂ လအတွင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယားပြည်နယ်မှာ အရပ်သား ၄၀၀ သေဆုံး
December 1, 2022

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံမြို့နယ်နဲ့ ကယားပြည်နယ်အတွင်းမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ၂၂ လတာကာလအတွင်း အရပ်သား ၄၀၀ သေဆုံးခဲ့ တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ဒီဇင်ဘာလ ၁ ရက်နေ့ သတင်း ထုတ်ပြန်ပါတယ်။ သေဆုံးသူတွေ ထဲမှာ စစ်တပ်က ဖမ်းဆီးသတ်ဖြတ်တာခံရတာ၊ လေကြောင်းကနေ တိုက်ခိုက်တာ၊ မိုင်းနဲ့လက်နက်ကြီးကျည်ကြောင့် သေဆုံးရ သူပေါင်း ၂၈၄ ဦး ရှိခဲ့တယ်လို့ PKPF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “စစ်ရှောင်ရင်း သေဆုံးသူကျတော့ သုံးမျိုးရှိတယ်။ တချို့က စစ်ရှောင်စခန်းမှာ ဆေးဝါးမလုံလောက်လို့ မသေသင့်ဘဲသေရတာမျိုးပေါ့၊ နောက်တစ်မျိုးက စစ်ကောင်စီ က လေကြောင်းကနေ စစ်ရှောင်စခန်းတွေကို တိုက်ခိုက်တာရယ်၊ လက်နက်ကြီးတွေနဲ့ ပစ်တာမျိုးပေါ့၊ ကျနော်တို့ အဲလိုတော့ ခွဲခြား မှတ်တမ်းတင်ထားတယ်” စစ်ဘေးတိမ်းရှောင်ရင်း သေဆုံးရသူကတော့ ၁၁၆ ဦး ရှိခဲ့တယ်လို့ သူကပြောပါတယ်။

အာဏာသိမ်း ၂၂ လတာကာလအတွင်းမှာ စစ်ကောင်စီနဲ့ ကရင်နီပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲပေါင်း ၅၄၅ ကြိမ်ဖြစ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်ပေါင်း ၁၈၄ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီ တပ်ဘက်က လေကြောင်းတိုက်ခိုက်မှု ၁၇၃ ကြိမ် ပြုလုပ်ခဲ့ပြီး လေကြောင်းနဲ့ လက်နက်ကြီးဒဏ်ကြောင့် ဘာသာရေး အဆောက် အအုံ ၂၇ ခုနဲ့ နေအိမ် ၁၂၉၃ လုံး ပျက်စီးခဲ့ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ စစ်ကောင်စီက ဖမ်းဆီးတာကို ခံထားရသူ ပေါင်း ၂၇၈ ဦးရှိပြီး အဲဒီထဲမှာ ကိုးဦးသာ ပြန်လည်လွတ်မြောက်တယ်လို့ ဆိုပါတယ်။ https://www.rfa.org/burmese/news/ death-in-shan-and-kayah-12012022054448.html

၈။ စစ်တပ်အား ရိက္ခာပို့ပေးသော BGF ကားတစ်စီး ဖမ်းဆီးခံရ၊ မူးယစ်ဆေးဝါး အချို့တွေ့ရှိ
December 2, 2022

ကရင်နီပြည် လွိုင်ကော်မြို့နယ် ပါလောင်း ကျေးရွာမှာ စစ်ကောင်စီကို ရိက္ခာပို့ဆောင်ပေးနေတဲ့ နယ်ခြားစောင့်တပ် BGF ရဲ့ကားတစ်စီးကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့မှ ဖမ်းဆီးခဲ့ပြီး ကားပေါ်မှာ မူးယစ်ဆေး-ရာဘ (စိတ်ကြွရူးသွပ် ဆေးပြား) နှစ်ထောင်ဝန်းကျင်ကိုလည်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ယမန်နေ့ (ဒီဇင်ဘာလ ၁ ရက်နေ့) က မြေပြင်သတင်းအရင်း အမြစ်ရဲ့ သတင်းပေးပို့ချက်အရသိရှိရပါတယ်။ BGF ၆ ဦး နဲ့အတူ လက်နက်ခဲယမ်းတချို့ကို ဖမ်းဆီးမိခဲ့ပြီး မူးယစ်ဆေး ရာဘ လုံးရေ ၁၉၀၀ ကျော်လည်း စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ လွိုင်ကော်မှ ရှားတောဘက်ကို စစ်ကောင်စီတပ်တွေအတွက် ရိက္ခာပို့ဆောင်ဖို့ မောင်းနှင်လာတဲ့ အဖြူရောင်ယာဉ်တစ်စီးကို ပါလောင်းကျေးရွာအနီး နိုဝင်ဘာလ ၃၀ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်က ကရင်နီတပ်မတော်နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်တို့မှ ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်ပါတယ်။

“ လွိုင်ကော်ကနေ ပါလောင်း၊ ပါလောင်းကနေ ပွန်ချောင်း အဲ့ဒီမှာ သူတို့စခန်းရှိတယ်။ အမှန်တော့ ရိက္ခာတွေက ရှားတောအထိပို့ဖို့ပဲ။ သို့သော် သူတို့တစ်ဆင့်ပြီးတစ်ဆင့် ပါလောင်းပို့တယ်။ ပွန်ချောင်းပို့လိမ့်မယ်။ အဲ့ဒီ ပါလောင်းရောက်နေတဲ့ အချိန်မှာပဲ ဖမ်းမိသွားတယ်။”လို့ ခူဒယ်နီယာယ် ကပြောပါတယ်။ စစ်ကောင်စီတပ်တွေကို ရိက္ခာပေးပို့ပေးရာမှာအဓိက ရှမ်းပြည် ကနေ တစ်ဆင့်ပို့တာတွေရှိနေခဲ့ပေမဲ့ ယခုနောက်ပိုင်းမှာတော့ လွိုင်ကော်ကနေ တစ်ဆင့်ပို့ဆောင်တာတွေရှိ လာနေ တယ်လို့ ဆိုပါတယ်။ ဖမ်းမိထားတဲ့ ယာဉ်နဲ့အတူ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ လိုက်ပါလာတဲ့ BGF တပ်ဖွဲ့ဝင် ၆ဦးကို ကရင်နီ ပြည်ရဲ ဌာန KSP ထံမှာ လွဲပြောင်းပေးထားပြီး စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ ဆောင်ရွက်သွားမှာ ဖြစ်တယ် လို့ လည်းဆိုပါတယ်။ “ စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်အရ အခုက KSP နဲ့ အပ်ထားတယ်ဆိုတာက KSP ကတော့ သူတို့ကို အချုပ်ထဲမှာထည့်ဖို့ တာဝန်ရှိတယ်။ ထိန်းသိမ်းဖို့ တာဝန်ရှိတယ်။ နောက်ပြီးတော့မှ ဒီဖက်ကနေ အုပ်ချုပ် ရေးကနေသူ့ကို စစ်သုံ့ပန်း ဥပဒေ နဲ့ မူးယစ်ဆေးဝါး ဥပဒေ။ ဒါ ဥပဒေ ကြောင်းအရ သွားရမှာပဲ။” လို့ ခူဒယ်နီယာယ်က ပြောပါ တယ်။ https://www.kantarawaddytimes.org/%e1%80%85%e1%80%85%e1%80%ba%e1%80%90%e1%80%95%e

၉။ လုံးခင်းတွင် ဖုန်းဆိုင်တစ်ခု ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၅၀ ဖိုးလုယူသွား
December 2 ,2022

ဖားကန့်မြို့နယ် လုံးခင်ရပ်ကွက်တွင်ရှိသည့် JM မိုဘိုင်းဖုန်းဆိုင် ဓါးပြတိုက်ခံရပြီး ဖုန်း ၇ လုံးအပါအဝင် ငွေသား ၁၀ သိန်းဝန်းကျင် လုယူသွားကြောင်းသိရသည်။ ဒီဇင်ဘာလ ၂ ရက် ယနေ့နံနက်ပိုင်း ၉ နာရီဝန်းကျင် ဆိုင်အတွင်း ဝင်ရောက်ဓါးပြ တိုက်ခံရမှုတွင် Samsung ဖုန်း ၂လုံး၊ Vivo ဖုန်း ၅ လုံး၊ Service စင်တာမှ ငွေသား ၁၀ သိန်း၊ ကောင်တာမှ ငွေ ၁၂၀၀၀ ကျပ် စုစု ပေါင်း သိန်း ၅၀ ဖိုး ဓါးပြတိုက်လုယူသွားသည်ဟု ဆိုင်ရှင်နှင့်နီးစပ်သူ ပြည်သူတစ်ဦးက ပြောသည်။ “ဆိုင်ဓားပြတိုက်ခံရတာက မနက်ပိုင်း ၉ နာရီလောက်မှာဟုတ်တယ်။ ဆိုင်ထဲဝင်လာ တာက ၂ ယောက်ထဲပဲ အပြင်မှာလုံးခြုံရေးယူပေးနေတဲ့ သူတွေက ဘယ်လောက်ရှိလဲတော့မသိဘူး။ ဖုန်းတန်ဖိုးနဲ့ ငွေသား အားလုံးပေါင်းရင် သိန်း ၅၀ ကျော်လောက်ရှိတယ်လို့ သိရတယ်”ဟု ဆိုသည်။

ဖုန်းဆိုင်အတွင်း ဓါးပြဝင်ရောက်တိုက်သည့် လူ ၂ ဦးသည် ဆိုင်အတွင်းမှ ထွက်ခွာသွားခဲ့ပြီးနောက် လမ်းတွင်သွားလာ နေသည့် ပြည်သူ တစ်ဦး၏ ဆိုင်ကယ်တစ်စီးကိုလည်း ထပ်မံလုယက် မောင်းနင်းသွားသည်ဟု သိရသည်။ ဓါးပြ ဝင်တိုက်သည့် လူ ၂ ဦး၏ မျက်နှာများအုပ်ထားသည့်အတွက် မည်သူမည်ဝါဖြစ်ကြောင်း အသေးစိတ်မသိလိုက် ရကြောင်း သိရသည်။ ယခုလို ဖုန်းဆိုင်အတွင်းထဲအထိ ဓါးပြတိုက်ခံရမှုမှာ ဖားကန့်ဒေသအတွင်း ခိုးယက်မှု အလွန်များပြားလာသည့် အခြေအနေတွင် ဖြစ်ပေါ် လာပြီး နယ်မြေစိုးမိုးမှုအလွန်အားနည်းသည့် အတွက်ကြောင့် လည်းဖြစ်သည်ဟု ဒေသခံများပြောဆိုသည်။ ဖားကန့်မြို့နယ် သည် သီးခြားမြို့နယ်များထက် လူမျိုးပေါင်းစုံ ကျင်လည်နေသည့် ကျောက်စိမ်းထွက်ရှိသည့် မှော်ဒေသဖြစ်ပြီး စစ်တပ်ကအာဏာ သိမ်းပြီး ယခုလိုဖြစ်စဉ်များ ပြည်သူလူထုကြား မကြာခဏ ကြုံတွေ့နေရခြင်းဖြစ်သည်။ https://burmese.kachinnews.co m/2022/12/02/zm1-26/

၁၀။ မိုးမိတ်မြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီဘက် အကျအဆုံးများ
December 2, 2022

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ် အတွင်းဖြစ်ပွားသည့် ထိတွေ့တိုက်ပွဲကြောင့် အာဏာသိမ်း စစ်ကောင်စီဘက်မှ အကျအဆုံးများကြောင်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ နှင့် ၂၇ ရက် တို့တွင် မိုးမိတ်မြို့နယ် လွယ်မောက်ရွာ၊ ခါးခယ်ရွာ အနီးတွင် စစ်ကောင်စီ တပ်ဖွဲ့ ခလရ ၂၇၆ ၊ ၃၄၈ နှင့် ခမရ ၂၂၃ တို့နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့က ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အကျအဆုံးများကြောင်း သတင်းသိရသည်။ “ထိတွေ့တိုက်ပွဲ နှစ်ရက်ဖြစ်တာ စစ်ကောင်စီ တပ်သားဘက်က အကျအဆုံးနဲ့ ထိခိုက်ဒဏ်ရာရသူ ၇/၈ ယောက် လောက်ရှိတယ်၊ KIA/PDF ဘက်က အကျအဆုံး ရှိတာမကြားမိဘူး၊ ဒီတိုက်ပွဲအပြီး စကစ ကနောက်ဆုတ် ပေးရတယ်၊ ခမရ ၂၂၃ ဆိုရင် သူတို့အခြေစိုက်တဲ့ မဘိမ်းမြို့ကို ဆုတ်သွားတယ်” ဟု မိုးမိတ်မြို့နယ်မှ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ အဆိုပါ ထိတွေ့တိုက်ပွဲ အပြီး ခမရ ၂၂၃ စစ်ကြောင်းက မဘိမ်းမြို့အထိ ဆုတ်ခွာသွားကြောင်း ဒေသခံများက ပြောသည်။ “တိုက်ပွဲဖြစ်တဲ့ ၂၆ ရက်နေ့မှာပဲ စစ်ရှောင် ၇၀ ကျော်က ပန်ဆားစေးရွာကို ရောက်လာတယ်၊ စာသင်ကျောင်း တွေမှာ လာပြီးတော့ ခိုလှုံ နေထိုင်တာပေါ့၊ ကျောင်းက မဖွင့်ရ သေးဘူးလေ၊ စားဖို့သောက်ဖို့ နေထိုင်ဖို့ကို ရွာခံ တွေကပဲ အချင်းချင်း ကူညီစောင့်ရှောက်ပေးထားတယ်၊ မနေ့က ဒီဇင်ဘာလ ၁ ရက်နေ့မှာပဲ နေရပ်ပြန်သွား တယ်” ဟု မိုးမိတ်မြို့ခံ အမျိုးသားက ဆက်ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ် ခလရ ၂၇၆ နှင့် ၃၄၈ တို့လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားရာ လွယ်မောက်အနီးမှ ဆုတ်ခွာ လာပြီး မြို့သစ်ရွာ အနီးတစ်ဝိုက် လှုပ်ရှားနေကြောင်း သိရသည်။ မိုးမိတ်မြို့နယ်အတွင်းသည် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်း ယူပြီး နောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့၏ ထိတွေ့တိုက်ပွဲ များပြားလာပြီး စစ်ကောင်စီ ဘက် ထိခိုက်ကျဆုံးမှု များပြားနေကြောင်းလည်း သိရသည်။ မိုးမိတ်မြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်အပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် SSPP/SSA တပ်ဖွဲ့၊ TNLA တပ်ဖွဲ့ နှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့လည်း သွားလာ လှုပ်ရှားနေသည်။ https://burmese.shannews.org/archives/31838

၁၁။ ကြာအင်းဆိပ်ကြီး ခလရ ၂၈၄ မှ တပ်သား ၁ ဦး ပြည်သူ့ရင်ခွင်ခိုလှုံ
December 2, 2022

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလရ ၂၈၄ မှ တပ်သား ဆက်ပိုင်ထွန်းဟာ ဒီဇင်ဘာ ၁ ရက် မွန်းတည့် ၁၂ နာရီလောက်က နဂါးနီစစ်ကြောင်း၊ တပ်ခွဲ ၂ နဲ့ KNLA တပ်ရင်း ၁၇ တပ်ခွဲ ၂ ထံ လာရောက် ပူးပေါင်းကာ အာဏာဖီဆန် CDM လုပ်ခဲ့တယ်လို့ နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။ CDM တပ်သား စက်ပိုင်ထွန်းကို လိုအပ်တဲ့ အဝတ်အစား၊ အသုံး အဆောင်နဲ့ ထောက်ပံ့ငွေကို ကူညီပံ့ပိုးခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ နဂါးနီစစ်ကြောင်း ၊ တပ်ခွဲ ၂ နဲ့ KNLA တပ်ရင်း ၁၇ တပ်ခွဲ ၂ ထံ လာရောက်ပူးပေါင်းပြီး အာဏာဖီဆန် CDM လှုပ်ရှားမှုမှာပါဝင်သူ ၁၀ ယောက်ကျော်ပြီဖြစ်တယ်လို့ သိရပါ တယ်။ ဒါ့ကြောင့် ကျန်နေတဲ့ တပ်မတော်သားတွေ လည်း လူ တစုစာ အာဏာရှင်အတွက် ရပ်တည် မနေဘဲ ပြည်သူနဲ့ အမြန်ဆုံး ပူးပေါင်းပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ ထုတ်ပြန်ချက်က တိုက်တွန်း ထားပါတယ်။ http://burmese.dvb.no/archives/566766

၁၂။ PDF များ ဖမ်းဆီးပေးပါက ဆုငွေပေးမည်ဟု စစ်ကောင်စီ ထပ်မံထုတ်ပြန်ပြီးနောက် မြို့တွင်းသွားလာသူ နည်းပါးလာ
December 1, 2022 85

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ဖွဲ့ ဝင်များကို ဖမ်းဆီးပေးပါက ဆုကြေးငွေပေးမည်ဟု ဒုတိယအကြိမ် ထုတ်ပြန်ပြီးနောက်ပိုင်း မြို့တွင်းသွား လာသူများယခင်က ထက် သိသိ သာသာလျော့နည်းလာကြောင်း မြို့ခံများက ပြောသည်။ ကော့သောင်းမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလက ယာဉ်ထိန်း ရဲတပ်ကြပ် ကြီး တစ်ဦးပစ်သတ်ခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့တွင်း လူသွားလူလာများသော နေရာများ တွင် လော်စပီကာများဖြင့် PDF များကို ဖမ်းပေးမည်ဆိုပါက ဆုတော်ငွေ ၁၅ သိန်းကျပ်ပေးမည်ဖြစ် ကြောင်းနှင့် ခိုအောင်းနေ သည့်နေရာကို သတင်းပေးလျှင် ဆုတော်ငွေ ၅ သိန်းကျပ် ပေးမည်ဟု ကြော်ငြာပြီးနောက်ပိုင်း စစ်ဆေးမှုများ တင်းကြပ်လာမှု ကြောင့် မြို့တွင်းသွားလာသူများနည်းပါး လာကြောင်း မြို့ခံအငှားဆိုင်ကယ်ယာဉ် ပြေးဆွဲနေသူတစ်ဦးက ယခုလိုပြောသည်၊၊ “အရင်တုန်းကလည်း အဲ့လိုမျိုးတစ်ခေါက် ကြော်ငြာတယ်။ အခုက နောက်တစ်ကြိမ်၊ မြို့ထဲသွားလာသူ နည်းသွားတယ်လို့ ပြောရ မယ်။ အရင်ဆို တက္ကစီဆွဲတာ နေ့တွက် ကိုက်တယ်။ အခုက ဘယ်သူမှသိပ်သွားသွား လာလာမရှိတော့ဘူးလေ။ အဲ့လို ကြော်ငြာ ပြီးနောက်ပိုင်း ဝင်ငွေနည်းလာတာပေါ့၊၊” ဟု ၎င်းက ပြောသည်၊၊

ထိုသို့ အသိပေးကြေညာမှုအပြင် မြို့တွင်း သွားလာသူများကိုလည်း တင်းတင်း ကြပ်ကြပ် စစ်ဆေး ဆောင်ရွက်နေမှု များ ရှိနေခြင်းကြောင့် သွားလာသူ နည်းပါးရခြင်းဖြစ်ပြီး မြို့ခံအငှားယာဉ်မောင်းသူများ အနေဖြင့် ရေရှည်ရပ်တည် လာနိုင်ရန် ခက်ခဲ လာနိုင်ကြောင်းလည်း ၎င်းမြို့ခံ ယာဉ်မောင်းက ဆက်ပြောသည်။ စစ်ကောင်စီ၏ ဆုကြေးငွေ ထုတ်ပြန်ထားမှုနှင့် ပတ်သက်ပြီး ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်မှ ၎င်းတို့အလုပ် ၎င်းတို့လုပ်ခြင်းသာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့်လည်း ကိုယ့်လုပ်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကော့သောင်းခရိုင်အမှတ်(၁) တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လကလည်း ယခုလိုဆုကြေးငွေ ထုတ်ပြန်မှုမျိုးကို ထုတ်ပြန်ခဲ့သေးပြီး ၎င်း ထုတ်ပြန်မှု နောက်ပိုင်း စစ်ကောင်စီအနေဖြင့် မြို့တွင်းမြို့ပြင် အစစ်အဆေးတင်းကြပ်မှုများ ပိုမိုလုပ် ဆောင် လာကာ ပြည်သူများထံမှ အကြောင်းအရင်းမဲ့ငွေညှစ်တောင်းခံမှုများ ပြုလုပ်ခဲ့ကြောင်းလည်း မြို့ခံများက ပြောသည်။ https://kicnews.org/2022/12/pdf-%e1%80%99%e1%80%bb%e1%80%ac%e1%80%b8

၁၃။ သေးဆူလဲ – နန်းမယ်ခုံ ကျေးရွာ တစ်ကြောမှာ စစ်ကောင်စီတပ်ပြန်ဆုတ်ခွာ၊ စစ်ရေးတင်းမာနေသေး
December 1, 2022

ဒီးမော့ဆိုမြို့နယ် သေးဆူလဲ–နန်းမယ်ခုံကျေးရွာတစ်ကြောမှာ စစ်ကောင်စီတပ် နိုဝင်ဘာလ ၃၀ ရက်နေ့ စပြီး ပြန်လည် ဆုတ်ခွာသွားတယ်လို့ ကရင်နီပြည် ကာကွယ်ရေး ဒု-ဝန်ကြီး ခူဒယ်နီယာယ်က ပြောပါတယ်။ “နှစ်ရက်သုံးရက် လောက်ရှိပြီ။ သေးဆူလဲ-နန်းမယ်ခုံဘက်တစ်ကြောပေါ့နော။ အဲဒါတိုက်ပွဲတွေပြန်ဖြစ်တယ် နောက်အရင်တုန်းက အဲဒီဘက်မှာ စစ်ကောင်စီ တွေ လာထိုင်တာ ၈လလောက်ရှိပြီ။ အခုကတော့ အဲဒီ မနေ့ကနေ စပြီးတော့မှ တဖြည်းဖြည်း KNDF တို့ KA တို့ဘက် ကတော့ နေရာပြန်ယူလာပြီ။ သူတို့ကတော့ တပ်ဆုတ်သွားပြီ။ လောလောဆယ်ကတော့ အဲဒါပဲ ရှိသေးတယ်။” လို့ ခူဒယ်နီယာယ် က ပြောပါတယ်။ လက်ရှိမှာတော့ တိုက်ပွဲ ဖြစ်ပွားတာတွေမရှိပေမယ့် စစ်ရေးအခြေအနေ တင်းမာနေသေးတဲ့အတွက် လူထုတွေ သွားလာမလုပ်ကြ သေးဖို့ သူကဆက်ပြောပါတယ်။ သေးဆူလဲ- နန်းမယ်ခုံဘက်တစ်ကြော ပြန်လည်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကရင်နီဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဘက်က KNDF တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးပြီး အထိအခိုက်တချို့ရှိပေမယ့် စစ်ကောင်စီဘက် အထိအခိုက်တော့ မသိရဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် နိုဝင်ဘာလ ၃၀ ရက်နေ့ ဒီးမော့ဆို အနောက်ဘက်ခြမ်း ကျေးရွာတစ်ရွာက နေအိမ်တစ်လုံးအပေါ် လက်နက်ကြီးကျခဲ့ပြီး နေအိမ်ထဲလူရှိနေခဲ့ပေမယ့် ထိခိုက်မှု မရှိခဲ့ပဲ တိရိစ္ဆာန်တချို့ တော့ ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။ နန်းမယ်ခုံမှာတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က လက်နက်အင်အားမမျှတဲ့အတွက် ဆုတ်ခွာပေးခဲ့ရတာပါ။ လက်ရှိမှာ အဲဒီဘက်က ဒေသခံတွေ စစ်ဘေးရှောင်နေရပြီး စစ်ကောင်စီကလည်း တပ်စွဲနေရာယူထားတဲ့ အတွက် တိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်တယ်လို့ ကရင်နီပြည် ကာကွယ်ရေး ဒု-ဝန်ကြီး ခူဒယ်နီယာယ်က ပြောပါတယ်။ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တဲ့အတွက် လူထုတွေအနေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်သတိပေးချက်တွေကို လိုက်နာပေးဖို့ သူက တိုက်တွန်းထားပါတယ်။ ဖရူဆိုမြို့ လောဘူးဒါးရပ်ကွက်မှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့က နယ်မြေရှင်းလင်း ရေး ပြုလုပ်ရင်း စစ်ကောင်စီနဲ့ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တစ်ဦး သေဆုံးခဲ့သလို နှစ်ဦး ထိုခိုက်ဒဏ်ရာရခဲ့ တယ်လို့ KNDF B-04 က နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ https://www.kantarawaddytimes.org/% e1%80%9e%e1%80%b1%e1%80%b8%e1%80%86%e1%80%b0%e1%80

၁၄။ အာဏာသိမ်းပြီးနောက် ၂၂ လအတွင်း စစ်ကောင်စီကြောင့် ချင်းလူမျိုး ၃၅၀ ကျော်သေဆုံးခဲ့ရပြီး အိမ်ခြေ ၁၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရ
December 2, 2022

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၂၂ လအတွင်းမှာ စစ်ကောင်စီကြောင့် ချင်းလူမျိုး ၃၅၀ ကျော်သေဆုံးခဲ့ရပြီး ချင်းပြည်နယ်အတွင်းရှိ အိခြေ ၁၅၀၀ ကျော် မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည်ဟု ချင်းရေးရာ အဖွဲ့ချုပ် (ICA) က ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်သည်။ စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ ရက်နေ့ကစ၍ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ (၂၂)လ အတွင်း စစ်ကောင်စီကြောင့် ချင်းလူမျိုး (၃၅၅) ဦး အသက်ဆုံးရှုံးခဲ့ရပြီး ချင်ပြည်နယ် အတွင်း၌ အိမ်ခြေစုစုပေါင်း (၁၅၀၅)ကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ ကြသည်ဟု ချင်းရေးရာအဖွဲ့ချုပ်ကဆိုသည်။ “ ချင်းပြည်နယ်မှာ လူဦးရေ ၅ သိန်းလောက်ပဲရှိတယ်။ နောက်ပြီး ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးနဲ့ ဖွံ့ဖြိုးမှုအနည်း ဆုံး ပြည်နယ်ဖြစ်တယ်။ ဒါကြောင့် အချိုးအစား အနေနဲ့ တွက်လိုက်ရင် သတ်ခံရတဲ့ လူဦးရေက အလွန်မြင့်မားပြီး၊ ဆုံးရှုံးခဲ့ရတဲ့ အိုးအိမ်အအောက်အအိုး ပစ္စည်းတွေရဲ့ တန်ဖိုးကလည်း အရမ်းများပါတယ်”ဟု ICA လက်ထောက်ညွှန်ကြားရေးမှူး Salai Van Sui San က ပြောသည်။ စစ်ကောင်စီကြောင့် အသက်ဆုံးရှုံးသူ (၃၅၅)ဦးထဲတွင် အပြစ်မဲ့ပြည်သူ (၁၆၇)ဦး (ကျား-၁၃၂၊ မ-၃၅) ပါဝင်ပြီး၊ ထိုအထဲ တွင် (၁၈)နှစ်အောက် ကလေးသူငယ် ယောကျာ်းလေး (၁၉)ဦးနှင့် မိန်းကလေး (၅)ဦး စုစုပေါင်း (၂၄)ဦး ပါဝင်ကာ (၆)လ နှင့် (၇)လသားအရွယ် နို့စို့ကလေးငယ် နှစ်ဦးလည်းပါဝင်သည့်အပြင် ဓမ္မအမှုတော်ဆောင် ဆရာတော် (၄)ပါး သည်လည်း ဤကာလအတွင်း စစ်ကောင်စီတပ်များ၏ ရက်စက်စွာသက်ဖြတ်ခြင်းခ့ခဲ့ရသည်ဟု ICA က ဆိုသည်။ ထိုသေဆုံးမှု များထဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၈၆ ဦးလည်း ပါဝင်ပြီး ၎င်းတို့သည် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကို စစ်ကောင်စီတပ်မှ အကြမ်းဖက်ဖြိုခွင်းပြီးနောက် တောခိုခဲ့ကြသည့် လူငယ်များဖြစ်ကြပြီး၊ စီကောင်စီက အာဏာမသိမ်းခဲ့ပါက ကျောင်းတက်၊ အလုပ်လုပ် (သို့မဟုတ်) မိသားစုကို အေးချမ်းစွာ ပြုစုပျိုးထောင်မည့်လူငယ်များဖြစ်ကြသည်ဟု ICA ၏ ထုတ်ပြန်ချက်မှာဖော် ပြထားသည်။

(၂၂)လတာအတွင်း စစ်ကောင်စီကြောင့် အသက်ဆုံးရှုံးသည့် ချင်းပြည်သူ (၃၅၅) ဦးထဲတွင် ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ် နေစဉ် သေနတ်ဖြင့်ပစ်သတ်ခံရသူ (၁၀) ဦး၊ မုဒိမ်းကျင့်၊ ညှင်းပန်းနှိပ်စက်ပြီး နိုင့်ထက်စီးနင်းပြုကာ သတ်ဖြတ်ခဲ့ရသူ (၃၃) ဦး အထိရှိပြီး ထိုမျှမက အပြစ်မဲ့ပြည်သူ (၉) ဦးကို ဖမ်းဆီးနှိပ်စက်ပစ်သတ်ပြီး မီးရှို့အလောင်းဖျောက်ကာ (၇) ဦးမှာ အလောင်း ကိုပင် ပြန်ရှာမရနိုင်တော့ကြောင်း ICA ကဆိုသည်။ စစ်ကောင်စီ၏ အကြမ်းဖက်မှုကို တိမ်းရှောင်ရင်း ဆေးဝါးကုသခြင်း မတတ် စွမ်းနိုင်သောကြောင့် အသက်ဆုံးရှုံးရသူမှာလည်း (၁၇)ဦးအထိ ရှိပြီး လူသားဒိုင်းကာအဖြစ် (၉)ဦး၊ တိုက်လေယာဉ်ဗုံးကြဲမှု ကြောင့် (၃)ဦး၊ အကျဉ်းထောင်ထဲ၌ (၃)ဦး ပစ်သတ်ခံရပြီး၊ နင်းမိုင်းကြောင့် အပြစ်မဲ့ပြည်သူ (၁၇)ဦး အထိ သေဆုံးခဲ့ရသည်ဟု သိရသည်။ ထို့အပြင် ယခုလက်ရှိတွင် ချင်းပြည်နယ်အတွင်း စစ်ဘေးရှောင်ပြည်သူ (၄၀၀၀၀) ကျော်ရှိပြီး အိမ်နီးချင်း အိန္ဒိယ နိုင်ငံ မီဇိုရမ်နှင့် မဏိပူရ်ပြည်နယ်တို့တွင် စစ်ဘေးတိမ်းရှောင်သူ စုစုပေါင်း (၅၀၀၀၀) နီးပါးရှိပါသည်ဟု ICA ကဆိုသည်။ စစ်ကောင်စီ၏ ချင်းတိုင်းရင်းသားများအပေါ် သာမက မြန်မာနိုင်ငံရှိ ပြည်သူများအပေါ် စာနာမှုကင်းမဲ့စွာ ပြည်ပရန်သူ အလား လေကြောင်း၊ ကုန်းကြောင်းဖြင့် စစ်ဆင်ရေးဆောင်ရွက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား ရပ်တန့်စေရန် ကြားဝင် ဆောင်ရွက်နိုင်သည့် ထိရောက်သော အရေးယူမှုအား အမြန်ဆုံး လုပ်ဆောင်ပေးရန်လည်း နိုင်ငံတကာအသိုင်း အဝန်းများကိုI CA က တောင်းဆိုထားသည်။ “ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ စိုးရိမ်ပူပန်တဲ့ ကြေညာချက်တွေ ထုတ်ပြန်နေရုံနဲ့ သိသာတဲ့အကျိုး ရဖို့ နည်းတဲ့အတွက် လက်တွေ့ လုပ်ဆောင်ကြဖို့ လိုအပ်နေပြီ”ဟု Salai Van Sui San က ပြောသည်။ https://www.faceboo k.com/KhonumthungBurmese/photos/pcb.3305033186431367/3305033033098049/

၁၅။ ရွာငံနဲ့ သာစည်နယ်စပ် ကျောက်ပချုပ်ရွာက စစ်ကောင်စီ သတင်းပေးလို့ နာမည်ထွက်သူ နေအိမ်မှာ ပစ်သတ်ခံရ
December 2, 2022

ရှမ်းတောင် ရွာငံမြို့နယ်နဲ့ မန္တလေးတိုင်း သာစည်မြို့နယ်အစပ် ကျောက်ပချုပ်ကျေးရွာက စစ်ကောင်စီ သတင်းပေးလို့ နာမည်ထွက်သူတစ်ဦး ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်၊ ညပိုင်းက ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါ တယ်။ ကျောက်ပချုပ်ကျေးရွာက ဦးသန်းစိုးကို သူ့ရဲ့နေအိမ်မှာ အမည်မသိ လူတစ်ဦးက သေနတ်နဲ့ ဝင်ရာက် ပစ်ခတ်သွားတာ လို့ ဒေသခံနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။ “သူက (ဦးသန်းစိုး) ရွာမှာ သတင်းပေး ဒလန်ဆိုပြီး နာမည်ထွက်နေတဲ့သူ ဖြစ် တယ်။ စစ်ကောင်စီနဲ့ PDF တွေ တိုက်ပွဲ ဖြစ်တုန်းကလည်း PDF တွေရဲ့ နေရာတွေကို ပြောပြခဲ့တဲ့သူ၊ သတင်းပေး လုပ်ခဲ့တဲ့ သူပေါ့” လို့ သူက ပြောပါတယ်။ ကျောက်ပချုပ်ကျေးရွာရှိ နေအိမ်တွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးတုန်းကလည်း ဦးသန်းစိုး က ပါဝင်ခဲ့သလို နေအိမ်တွေကို လိုက်လံပြသခဲ့တဲ့သူ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမယ့် မဲခေါင်သတင်း အနေနဲ့ကတော့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ လပိုင်းတွေက ကျောက်ပချုပ်ကျေးရွာမှာ စစ်ကောင်စီတပ် တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။ https://www.facebook.com/MeKongNews MM/photos/a.373965523263391/1131798210813448/

၁၆။ ရေးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ကင်းပုန်း တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေ
December 2, 2022

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကနင်ကမော့ရွာနဲ့ အောင်သာယာရွာကြား ပရာသားတံတား အနီးရှိ စစ်ကောင်စီတပ် ကင်းပုန်း မနေ့က ခြုံခိုတိုက်ခိုက်ခံရလို့ ၂ ဦး သေဆုံးတယ်လို့ တောင်ညိုပြည်သူ့ ပြောက်ကျားတပ်ဖွဲ့ က ဒီကနေ့ ထုတ်ပြန်ပါ တယ်။ ဒီဇင်ဘာ ၁ ရက်၊ နံနက် ၁၁ နာရီခွဲခန့်မှာ လမ်းကင်းကား ၂ စီးနဲ့ လာတဲ့ စစ်ကောင်စီတပ်သားတွေ ဟာ ကနင်ကမော့ရွာနဲ့ အောင်သာယာရွာကြား ပရာသားတံတား အနီးမှာ ကားပေါ်မှဆင်းပြီး ကင်းပုန်းဝပ်နေစဉ် နေ့လယ် ၁၁ နာရီခွဲမှာ တောင်ညို ပြည်သူ့ ပြောက်ကျား တပ်ဖွဲ့က ခြုံခို ပစ်ခတ်ခဲ့လို့ ၂ ဦး သေဆုံးသွားတာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်ကလည်း မွန်ပြည်နယ်၊ ရေးမြို့နဲ့ သံဖြူဇရပ်ကြား ချီတက်လာတဲ့ စစ်ကောင်စီ ယာဉ်တန်း‌တွေကို တောင်ညို ပြည်သူ့ပြောက်ကျား တပ်ဖွဲ့က ၅ ကြိမ်တိုင် ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရပြီး စစ်ကား တစ်စီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ https://www .facebook.com/MeKongNewsMM/photos/a.373965523263391/1131779777481958/

၁၇။ စစ်တွေ-မြောက်ဦးရေကြောင်းလိုင်း ဒီဇင်ဘာ ၃ ရက်နေ့ ပြန်လည်ပြေးဆွဲမည်
December 2, 2022

စစ်တွေ-မြောက်ဦးရေကြောင်းလိုင်း မနက်ဖြန် ဒီဇင်ဘာ ၃ ရက်နေ့ ပြန်လည် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ မြောက်ဦး-စစ်တွေခရီးစဉ်ကို ဒီဇင်ဘာ (၄) ရက်နေ့တွင်ပြေးဆွဲမည်ဟု ရခိုင်၏ အဓိကရေကြောင်းလိုင်းဖြစ်သည့် ရွှေပြည်တန် အမြန်ရေယာဉ်လိုင်း Facebook Page တွင် အသိပေးထုတ်ပြန်ထားသည်။ နိုဝင်ဘာ (၂၆) ရက်နေ့က ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့အကြား အလွတ်သဘော အပစ်အခတ်ရပ်စဲပြီးနောက် နိုဝင်ဘာ (၂၈) ရက်နေ့တွင် စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်၊ ဒီဇင်ဘာ (၁) ရက်နေ့တွင် စစ်တွေ-ပေါက်တော-မင်းပြား နှင့် ဒီဇင်ဘာ (၃) ရက်နေ့တွင် စစ်တွေ-မြောက်ဦး ခရီး စဉ်တို့ကို ပြန်လည်ပြေးဆွဲခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိမှာ စစ်တွေ-မြေပုံ-ကျောက်ဖြူ ရေကြောင်းလိုင်းတစ်ခုသာ ပြန်ဖွင့်ရန် ကျန်တော့ကြောင်း သိရသည်။

ရေကြောင်းလိုင်းများ တစ်ခုပြီးတစ်ခုပြန်ဖွင့်ပေးသော်လည်း ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့ကစကာဆက်တိုက် တစ်မြို့ ပြီး တစ်မြို့ သွားလာခွင့်များ ပိတ်ထားခဲ့သည့် ကုန်းလမ်းများကို စစ်ကောင်စီက ပြန်ဖွင့်ပေးခြင်းမရှိဘဲ ဆက်လက်ပိတ်ထားဆဲ ဖြစ်သည်။ အောက်တိုဘာလ ၁၈ ရက်နေ့ကစကာ ရခိုင်မြောက်ပိုင်းဒေသတွင်း ပြေးဆွဲနေသည့် ရေယာဉ်လိုင်းများနှင့် အရပ် သား စက်လှေများ သွားလာခွင့်များကို ပိတ်ပင်လို က်ပြီး စက်လှေများကို စစ်ကောင်စီက ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်ခဲ့ သည်။ https://www.facebook.com/narinjara.info/photos/a.285339938144757/6047345775277449/

၁၈။ သီပေါမြို့နယ် ကုန်းသာရွာအနီး စစ်သားများ ရှိနေဆဲ ရွာသားများ လယ်ဆင်းရန်ခက်ခဲ
December 1, 2022

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကုန်းသာကျေးရွာတွင် အာဏာသိမ်း စစ်ကောင်စီ တပ်သားများရှိနေသည့် အတွက် ရွာသားများက လယ်ဆင်းရန် ခက်ခဲနေကြောင်း သိရသည်။ စစ်ကောင်စီ တပ်ဖွဲ့နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ တိုက်ပွဲ ဖြစ်ပွားရာ ကုန်းသာရွာတွင် ရွာသားများက ၄ ရက်ကြာ စစ်ဘေးတိမ်း ရှောင်ခဲ့ပြီး နေရပ်သို့ ပြန်လာသော်လည်း ယနေ့အချိန်အထိ စစ်ကောင်စီ တပ်သားတို့က ရွာထဲနေရာယူထားကြောင်း ဒေသခံများ က ပြောသည်။ “ကျမတို့ ရွာထဲပြန်ရောက်ပြီး ကိုယ့်အိမ်ကိုယ် နေနေရပေမဲ့ လယ်ယာတွေ မသွားရဲသေးဘူး၊ ဒီအချိန်က စပါးတွေ၊ နှမ်းတွေ ယူရမဲ့ အချိန်ဖြစ်နေတယ်၊ စစ်သားတွေက ရွာပြင်မှာ ရှိနေလို့ အိမ်ဝန်းထဲမှာပဲ နေကြတယ်၊ လက်နက် တွေ ရမ်းပစ်မှာ၊ လာဖမ်းကြမှာ ကြောက်လို့” ဟု ကုန်းသာရွာခံ အသက် ၃၅ နှစ်ကျော် အမျိုးသမီးတစ်ဦးက ပြောသည်။ ရွာသားများ အလုပ်ဆင်း တောင်ယာသွားလျှင် စိုးရိမ်ကြောက်လန့်သည့်အပြင် ကုန်းသာကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းလည်း တိုက်ပွဲဖြစ် ကတည်းက ယနေ့အထိ ပိတ်ထားရကြောင်း ဒေသခံများက ပြောသည်။

“စာသင်ကျောင်းက တိုက်ပွဲဖြစ်ကတည်းက ပိတ်ထားတယ် ဆိုပေမဲ့ ကလေးတွေ စစ်ရှောင်ပြီး ရွာပြန်ရောက်ပြီးလည်း စာသင်ကျောင်းက မဖွင့်ဖြစ်သေးဘူး၊ ဆရာမတွေလည်း သီပေါမြို့ပေါ်ကို ရှောင်ထွက်သွားပြီ၊ စစ်သား တွေက အဲ့နေရာတွေမှာ ရှိနေလို့ ရွာသားရော၊ ကလေးရော၊ ကြောက်နေကြတယ်” ဟု အသက် ၃၅နှစ် အရွယ် အမျိုးသမီးက ဆက်ပြောသည်။ နိုဝင်ဘာလ ၂၅ ရက်နေ့ မနက်ပိုင်းတွင် ကုန်းသာရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ကုန်းသာကျေးရွာ နှင့် အနီးပတ်ဝန်းကျင်မှ ရွာသားများ ၃၀၀ ကျော်ခန့်သည် သီပေါမြို့ပေါ်သို့ စစ်ရှောင်သွားရပြီး နိုဝင်ဘာလ ၂၈ ရက်နေ့တွင် နေရပ်ပြန်လာခြင်းဖြစ်သည်။ စစ်ရှောင်ပြည်သူများသည် နေရပ်ပြန်လာသော်လည်း တချို့အိမ်များက လက်နက်ကြီး ကျည်ထိမှန် ပျက်စီးခြင်း၊ စိုးရိမ်ကြောက် လန့်ခြင်းတို့ကြောင့် လယ်ယာသို့ မသွားရဲကြပဲ ရွာအတွင်းမှာ ပင် နေထိုင်ကြရပြီး စစ်သားများ ရွာအနီးပတ်ဝန်းကျင် လှုပ်ရှားမှု မရှိစေရန် တောင်းဆိုလိုကြောင်းလည်း ကုန်းသာရွာခံ အမျိုးသား တစ်ဦးက ပြောသည်။ “အခုလို စစ်သားတွေရှိနေပေမဲ့ ဘာလို့ ရွာပြန်လဲဆိုရင် ကျနော်တို့ စစ်ရှောင်ရတာ အနေဆင်းရဲ အစားဆင်းရဲ ဖြစ်တယ်၊ စစ်ရှောင် ၃၀၀ အတွက် တစ်နေ့နှစ်နပ်စာကို ဆန်တစ်အိတ်ကုန်တယ်၊ ဟင်းတွေလည်း ဖြစ်သလိုပဲ၊ ဒါကြောင့် အရဲစွန့်ပြီး နေရပ်ပြန်တာ၊ စစ်သားတွေ ရွာနားမှာ မရှိရင်တော့ ကောင်းတာပေါ့၊ တောင်းလည်းတောင်းဆိုပါတယ်” ဟု ကုန်းသာရွာခံ အသက် ၄၀ အရွယ်ရှိ အမျိုးသားက ပြောသည်။ https:// burmese.shannews.org/archives/31820

၁၉။ တမူး -ကလေး ကားလမ်းမကြီး ပြန်ဖွင့်ပြီးနောက် ချင်းတောင်ခရမ်းချဉ်သီးနှင့်ကြက်သွန်နီ ဈေးပြန်တက်
December 2, 2022

နိုဝင်ဘာ ဒုတိယ ပတ်ကနေ တမူး -ကလေး လမ်းမကြီးကို ခတ္တ ပိတ်ထားခဲ့ပြီး နိုဝင်ဘာ၂၈ ရက်နေ့မှာ လမ်းပြန်ပွင့်ခဲ့တာ ကြောင့် ချင်းတောင် ခရမ်ချဉ်သီးနဲ့ ကြက်သွန်နီ တွေဟာ ဈေး ပြန်ကောင်းပြီး ဝယ်လိုအား ပြန်တက်သွားတယ်လို့ သိရပါတယ်။ “လမ်းပိတ်ထားတဲ့ နှစ်ပတ်အတွင်းမှာပစ္စည်းမပို့နိုင်တာကြောင့် ခရမ်းချဉ်သီးတစ်ပိသာာ ဖောက်သည်ဈေးအနေနဲ့ ၂၀၀၀ လောက် နဲ့ပဲ ပေးဖြစ်တယ်။ အခုတော့ တစ်ပိသာာ ၂၅၀၀ထိဖောက်သည် ပြန်ပို့နေပြီ။ ကြက်သွန်နီလဲ ဒီတိုင်းပဲ ၃၀၀၀ဈေးနဲ့ ပေးခဲ့တာ အခု ၃၅၀၀ နဲ့ ဖောက်သည် ပြန်ပေးနေတယ်” လို့ ဒေသခံ ဖောက်သည်သွင်းနေကျ သူတစ်ဦးမှ ပြောပါတယ်။ အောက်တိုဘာ လ အတွင်းဒေသထွက် ကြက်သွန်နီ တစ်ပိသာာ ၆၀၀၀ထိ ရာက်ခဲ့သလို ခရမ်းချဉ်သီးလည်းပဲ ၆၀၀၀ ထိ ဈေးတွေ တက်ခဲ့ပါတယ်။ တမူး-ကလေး ကားလမ်းဟာ စစ်ကောင်စီတပ်တွေကအိန္ဒိယကနေသယ်ဆောင်လာတဲ့ လက်နက်တွေသယ် လာလို့ လုံခြုံရေးကြောင့်ပိတ်ထားခဲ့တာဖြစ်တယ်။ https://www.facebook.com/zalen.info/photos/a.17352294600312 51/3495443464009833/

၂၀။ ကျောက်ဖြူမြို့ ချောင်းအတွင်း၌ သေဆုံးနေသောအမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ
December 2, 2022

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ချောင်းအတွင်း၌ သေဆုံးနေသော အမျိုးသားအလောင်း တစ်လောင်းကို ယနေ့ နံနက်ပိုင်းက တွေ့ရှိခဲ့သည်ဟု သိရသည်။ ဒီဇင်ဘာလ ၂ ရက်၊ နံနက် ၉ နာရီခွဲအချိန်ခန့် လောက်တွင် အဆိုပါအလောင်းကို ကျောက်ဖြူမြို့၊ ကညင်တောရပ်ကွက်၊ ကျောက်တင်ဆိပ် တာဘောင်အနီးရှိ ချောင်းအတွင်း၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရ သည်။ အလောင်းအား ကျောက်ဖြုခရိုင်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့သည့် လေးဝတီကုလရက္ခိတပရ ဟိတအသင်းမှ ဥက္ကဋ္ဌ ကိုဂျပန်ကြီးက “ဒီနေ့မနက် ၉ နာရီခွဲလောက်မှာတွေ့တာပါ။ ရဲက အကူအညီတောင်းလို့ ကျွန်တော်တို့က အလောင်းကို ကျောက်ဖြူခရိုင်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ သေဆုံးနေတဲ့ သူကတော့ မည်သူမည်ဝါမှန်း မသိရပါဘူး။ အမျိုးသားတစ်ဦး လို့တော့ သိရတယ်။ ကျွန်တော်တို့ရောက်သွားတော့ အလောင်းကို ရဲတွေက အိတ်ထဲမှာထုပ်ထားတယ်။ ဘာကြောင့် သေတယ်။ ဘယ်သူဖြစ်မလဲ ဆိုတာကိုတော့ ရဲတပ်ဖွဲ့ကစုံစမ်းနေဆဲပါပဲ” ဟု ပြောသည်။

သေဆုံးနေသည့် အလောင်းကို ကျောက်ဖြူခရိုင်ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်သည့်အတွက် သေဆုံးနေသည်ကို ရဲတပ်ဖွဲ့မှ စုံစမ်းနေသည်ဟုလည်း သိရသည်။ အဆိုပါသေဆုံးမှုနှင့်ပတ်သတ်၍ အသေး စိတ်သိရှိရအောင် ကျောက်ဖြူမြို့၊ နယ်ထိန်းရဲတပ်ဖွဲ့သို့ နိရဉ္သရာသတင်းဌာနမှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ် ထား၍ အဆက်အသွယ်မရခဲ့ပါ။ ကျောက်ဖြူတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့ကလည်း ကျောက်ဖြူမြို့၊ သန်ပန်ချောင်း ရပ်ကွက် ရှိ သီရိစန္ဒာတည်းခိုခန်း၌ လာရောက် တည်းခိုသူ(ရှမ်းတရုတ်)အမျိုးသား ဧည့်သည်တစ်ဦးကို အခန်းထဲတွင် သေဆုံး၍ တွေ့ရှိခဲ့ ဟု သိရသည်။ https://www.facebook.com/narinjara.info/photos/a.285339938144757/6047502755261751/

၂၁။ မြဝတီမြို့တွင် အာဝါဒေးလောင်းကစားဝိုင်းများ ယခင်ထက် ပိုမိုများပြားလာလျက်ရှိနေ
December 1, 2022

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလမှစ၍ အာဝါဒေးလောင်းကစားဝိုင်းများ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ကစားလာကြပြီး လက်ရှိတွင် ယခင်ကာလတုန်းကထက် ပိုမိုများပြားလာ လျက်ရှိနေသည်ဟု မြို့ခံတစ်ဦးက ပြောသည်။ မြဝတီမြို့ပြင်ဘက်ခြမ်း၊ သောင်ရင်းမြစ်ကမ်းနံဘေးတစ်လျှောက်တွင် နယ်ခြားစောင့်တပ် -BGF တပ်ဖွဲ့ပိုင် ဖြစ်သည့်် ကာစီနို လောင်းကစားရုံ အများအပြားရှိနေသည့်အပြင် မြဝတီမြို့အတွင်းရှိ အမှတ်(၄)ရပ်ကွက် တောရကျောင်းအနောက်ဘမ်းခြမ်းတွင် အာဝါဒေးလောင်းကစားဝိုင်း၊ ငါးပစ်ဂိမ်းအသေးစားရုံများ၊ ဖဲဝိုင်းများ အများဆုံးရှိကာ ယခင်ကထက်ပိုမို များပြားလာလျက် ရှိနေသည်ဟု မြို့ခံတစ်ဦးက ယခုလိုပြောသည်။ “အာဝါဒေးဝိုင်းက အမှတ်(၇)ထိ အခုရှိတယ်။ စက်တင်ဘာလလောက်ကနေ ကစား ဝိုင်း တွေ ပိုပြီးများလာတာ။ ဘယ်နေရာက ပိုများလာလဲဆိုရင် အမှတ်(၄)တောရကျောင်း အဲ့ဒီအနောက်ဘက်တွေက အံကလုံ ဝိုင်းတွေ ပိုများတယ်။အာဝါဒေးဝိုင်းတွေက ဟို့အစကတည်းကရှိတာ အခုက အရင်ထက်ကို ၂ ဆလောက်ပိုများ လာတယ်။ လောင်းကစားဝိုင်းတွေနဲ့ စီးပွားရှာတာပေါ့။ အဲ့မှာက လူကအပြည့်ပဲ။ မြဝတီမှာက အမြဲတမ်းပွဲရှိနေတယ်။ အာဝါဒေးဝိုင်းက တစ်ခါမှမပြတ်သွားဘူး။ ဆေးရောင်းတဲ့နေရာတွေရော ငါးဂိမ်းရုံအသေးစားတွေရော အများကြီးပဲ”ဟု ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်များက မြဝတီမြို့တွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားသော်လည်း အာဝါဒေး လောင်းကစား ရုံးများတွင်မူ နံနက်မိုးလင်းပိုင်းအထိ လူစည်ကားလျက်ရှိနေသည်လည်း ၎င်းက ဆက်ပြောသည်။ “စစ်ကားတွေနဲ့ (၁၀)နာရီ ကနေ (၅)နာရီမထွက်ရဆိုပြီး ကားနဲ့လိုက်အော်တယ်။ ၁၀ နာရီကျော်ရင် မြို့ထဲမှာ လူတွေရှင်းနေရော။ အာဝါဒေးဝိုင်းမှာပဲ လူလတ်ပိုင်းတွေရော အကုန်အဲ့ဒီမှာပဲ မိုးလင်းပေါက်အထိရှိကြတယ်”ဟု ၎င်းမြို့ခံက ဖြည့်စွက်ပြောဆိုသည်။ ထိုသို့ စစ်ကောင်စီ တပ်များနှင့် (BGF)တပ်ဖွဲ့ဝင်များက ကာစီနိုရုံများ၊ အာဝါးဒေး လောင်းကစားဝိုင်းများ ပိုမို ပြုလုပ်ခွင့်ပေးထားခြင်းသည် လူငယ် များကို လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများအပေါ် စိတ်ဝင်စားမှုလျှော့နည်းစေရန် အာရုံပြောင်း ပြုလုပ်နေခြင်း ဖြစ်သည်ဟု အခြားမြို့ခံတစ်ဦးက ယခုလိုထင်မြင် ချက်ပေး ပြောဆိုသည်။ “BGF တွေ လောင်းကစားရုံတွေ ပိုပြီး လုပ်လာတာက နိုင်ငံရေးအပေါ်မှာ လူငယ်တွေ အာရုံသိပ်မစိုက်ရအောင်လုပ်တာပဲ။ အရင်တုန်းကလို လွတ်လွတ်လပ်လပ် သွားလာ ပျော်စရာ တွေကမရှိတော့ လူငယ်လူလတ်ပိုင်းတွေ က အာဝါဒေးပဲ သွားနေကြတာ”ဟု သူက ပြောသည်။ https://kicnews.org/2022 /12/%e1%80%99%e1%80%bc%e1%80%9d%e1%80%90%e1%80%ae%e1%80%99%e1

၂၂။ ရခိုင်တွင်တိုက်ပွဲများခေတ္တရပ်နားထားစဉ် စပါးခင်းများအား AA ကူညီရိတ်သိမ်းပေးနေ
December 2, 2022

ရခိုင်မှာတိုက်ပွဲတွေ ယာယီရပ်နားထားတုန်းမှာ ပြည်သူတွေကိုစပါးကူညီရိတ် သိမ်းပေးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်ပါတယ်။ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေက ကျေးရွာအချို့မှာ ပိုင်ရှင်ကိုယ်တိုင်လာရောက်ဖို့ မလွယ်ကူတဲ့စပါးခင်းတွေကို AA တပ်သား တွေက လိုက်လံရိတ် သိမ်းပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်နဲ့ AA ဟာ တိုက်ပွဲတွေပြင်းထန်နေရာ ကနေ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုး သားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်နိုင်ငံအစိုးရ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါရဲ့ ကြားဝင်စေ့စပ် ဆောင်ရွက်ပေးမှုနဲ့ နှစ်ဖက်တိုက်ပွဲတွေ ယာယီရပ်တန့်ခဲ့ကြတာဖြစ်ပါတယ်။ AA ကတော့ အခုလိုတိုက်ပွဲတွေရပ်တန့်လိုက်တာ ဟာ ရခိုင်ဒေသအတွင်းက ပြည်သူလူထုရဲ့ လတ်တလော စားဝတ်နေရေး၊ သွားလာရေး၊ ဆေးဝါးအကျပ် အတည်း၊ အခက် အခဲတွေနဲ့ ပြည်သူထူထုရဲ့အကျိုးစီးပွားကို မဏ္ဍိုင်ပြုပြီး ရပ်တန့်လိုက်တာဖြစ်တယ်လို့လည်းဆိုထားပါတယ်။ ဒါပေမယ့် ယာယီ အပစ်ရပ်တာဟာ အလွတ်သဘောသာဖြစ်ပြီး နှစ်ဖက်အခြေ အနေပေါ်မူတည်ပြီး အချိန်မရွေးတိုက်ပွဲပြန်လည် ဖြစ်ပွားနိုင် တယ်လို့ AA ကသတင်းစာရှင်းပွဲမှာ ပြောထားပါတယ်။ https://www.facebook.com/photo/?fbid=514057130 762981&set =a.477257421109619

၂၃။ စစ်တပ်အာဏာသိမ်း ၁ နှစ်ခွဲကျော်အတွင်း သေဒဏ်ချမှတ်ခံရသူ အယောက် ၁၃၀ ကျော်ထိရှိလာ
2 December, 2022

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၅၅၃ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၄၈၇ ယောက် ထိရှိလာခဲ့ပြီ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။ ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။ နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၃,၀၁၇ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၆၆၆ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။ တော်လှန်ရေးနဲ့ ဆက်စပ် ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ အယောက် ၉၀ ရှိနေပြီး မျက်ကွယ် သေဒဏ်ချ မှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေ ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၃၂ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။ လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက် သူ ၂၃ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၄၄၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာလ ကုန်ထိ အကြမ်းဖက်စစ်အုပ်စု က မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦအရေအတွက်စုစုပေါင်း ၉၀၀ ခုထက်မနည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်က အင်းစိန်အကျဉ်းထောင်တွင်း စစ်ခုံရုံးကနေ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ယောက်နဲ့ တက်ကြွလှုပ်ရှားသူ လူငယ် ၄ ယောက်တို့ကို သေဒဏ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ အေအေပီပီအနေနဲ့ လူငယ် ၄ ယောက်ရဲ့ သေဒဏ်ချမှတ်မှုကို အတည်ပြုနိုင်ခဲ့ပြီး တက္ကသိုလ်ကျောင်းသား ၇ ယောက် သေဒဏ်ချမှတ်ခံရတာနဲ့ ပက်သက်ပြီးတော့ အတည်ပြုနိုင်ဖို့ ဆက်လက် စုံစမ်းနေတယ်လို့ ဆိုပါ တယ်။ ဒါ့အပြင် နိုဝင်ဘာ ၃၀ တရက်တည်း မှာပဲ သတင်းထောက် ကိုမျိုးစံစိုးကို ဖျာပုံအကျဉ်းထောင်တွင်း အထူးတရားရုံးကနေ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ တယ်လို့ သိရပါတယ်။ ကိုမျိုးစံစိုးကို အကြမ်းဖက်မှု တိုက် ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)နဲ့ ထောင်ဒဏ် ၁၀ နှစ်၊ ၅၂ (က)နဲ့ ထောင်ဒဏ် ၅ နှစ် ကျခံစေဖို့ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်က ဖျာပုံမြို့နယ်အတွင်း ပရဟိတ လုပ်ငန်းတွေ ဆောင်ရွက် နေချိန်မှာ ရဲတွေက လာရောက်ခေါ်ဆောင်ရာကနေ သူ့ရဲ့ ဖုန်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဆက်သွယ်တာကို တွေ့ရှိ တယ်ဆိုကာ ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။ ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။ http://burmese.dvb.no/archives/566724

၂၄။ ငါးဈေးကွက် မတည်ငြိမ်၍ ပိုင်ကျုံရှိ ဒေါ်လမ်းဒေသမှ ငါးဖမ်းလုပ်သားများ စားဝတ်နေ ရေး အဆင်မပြေ
December 1, 2022

ငါးဖမ်းရှာသည့် လုပ်ငန်းကိုသာ အဓိက အသက်မွေးဝမ်းကျောင်းပြုကြသည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ ဒေါ်လမ်း ဒေသမှ ငါးဖမ်းလုပ်သားများသည် လက်ရှိ ငါးဈေးကွက် မတည်ငြိမ်၍ ဝင်ငွေအဆင်မပြေကြတော့ဘဲ စားဝတ်နေရေးကြပ်တည်း လာသည်ဟု သိရသည်။ ငါးဒိုင်ကြီးများသည် ဒေသထွက်ငါးများကို ဈေးနှိမ်ဝယ်ခြင်း၊ ဈေးကစားခြင်း တို့ကြုံတွေ့နေရသော ကြောင့် ငါးဖမ်းလုပ်သားများအနေဖြင့် ၎င်းတို့ရှာဖွေကြ သည့်ငါးများကို ပြန်လည်ရောင်းချရာတွင် အဆင်မပြေမှုများရှိလာသည် ဟု ဒေါ်လမ်းဒေသခံများက ပြောဆိုကြသည်။ စစ်အာဏာ မသိမ်းခင်တွင် အဆိုပါ ဒေါ်လမ်းဒေသခံများသည် ၎င်းတို့ ရှာဖွေရရှိ ထားသည့် ငါးများကို ငါးဒိုင်များထံသို့ ကာလ ပေါက်ဈေးအတိုင်းရရှိ၍ အဆင်ပြေခဲ့ကြသော်လည်း စစ်အာဏာသိမ်းပြီးနောက် ပိုင်း၌ ငွေကြေး ဖေါင်းပွခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်လာခြင်း၊ စက်သုံးဆီဈေးနှုန်းတက်ခြင်းနှင့် ငါးအဝယ်ဒိုင်များက ငါးဈေးကို လိုသလို ဈေးကစားပြီး ၎င်းတို့ ပေးသည့်ဈေးနှင့်သာ ရောင်းချနေရသည်ဟု ငါးဖမ်းလုပ်သားတစ်ဦးက ပြောသည်။ ငါးဖမ်းလုပ် သား ကိုထိုက်ကြီးက “ဈေးကတော့ ငါးတွေဖမ်းလို့များများရတဲ့ အချိန် ဆို ဈေးကစားခံရတာပေါ့ဗျာ၊ ဒိုင်ကြီးတွေက ငါးဈေးတွေ ကို လျှော့ချပစ် လိုက်ရင် အကုန်အခက်အခဲဖြစ်တော့တာပဲ၊ ငါးရှာတဲ့သူတွေအတွက် ကလည်း ရောင်းမှပဲရမှာကိုဗျာ၊ မရောင်း နိုင်ရင်လည်း ငါးတွေ ပုပ်သွားမှာ ပဲ”ဟု ပြောသည်။

ထိုဒေါ်လမ်းဒေသခံအများစုသည် ငါးဖမ်းရှာသည့် လုပ်ငန်းတစ်ခုကိုသာ အဓိက လုပ်ကိုင်နေကြသဖြင့် ယခု ငါးဈေး မတည် ငြိမ်မှုကြောင့် စားဝတ်နေရေးအခက်ခဲများ ဖြစ်ပေါ်လာ၍ ငါးဖမ်းရှာသည့် လုပ်ငန်းအပြင် တစ်ခြားအလုပ်များ ကိုလည်း ရှာဖွေလုပ်ကိုင်ကြရသည့်အခြေအနေဖြစ်လာသည်ဟု သိရသည်။ “ငါးမရတဲ့နေ့တွေမှာဆိုရင်တော့ စားစရိတ်ကုန်တာပေါ့၊ ငါးဖမ်း လို့အဆင်မပြေရင် တော့ ကျနော်တို့ နေ့စားအလုပ်တွေ ဒီလိုပဲဝင်လုပ်ကြတာပေါ့” ဟု ငါးဖမ်းလုပ် သက် ဆယ်နှစ် ကျော် ရှိတဲ့ ဦးရဲမင်း က ပြောသည်။ ၎င်းဒေါ်လမ်းဒေသအများစုသည် ခေတ်အဆက်ဆက် မှ လှိုင်းဘွဲမြစ်ကို အခြေခံပြီး ငါးဖမ်း ရှာသည့် လုပ်ငန်းကိုသာ အဓိက လုပ်ကိုင်နေကြသူများဖြစ်ကြသည်။ ထိုမြစ်တွင် ပုဇွန်၊ ငါးရံ့၊ ငါးဖယ်၊ ငါးကြင်းနှင့် ငါးဘတ် စသည့် ငါးများကို ရှာဖွေရရှိကြသည်။ https://kicnews.org/2022/12/%e1%80%84%e1%80%ab%e1%80%b8%e1%80%88%e 1%80%b1%e1%80%b8%e1

၂၅။ နိုဝင်ဘာလအတွင်း သျှမ်းပြည် ယာဥ်တိုက်မှုကြောင့် ၁၀ ဦးထက်မနည်း သေဆုံးမှုရှိနေ
December 1, 2022

သျှမ်းပြည် နိုဝင်ဘာလအတွင်း ယာဥ်တိုက်မှုကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးနေကြောင်းသိရရှိသည်။ နိုဝင်ဘာလ အတွင်း ဖြစ်ပွားသည့် ယာဉ်တိုက်မှုခင်းသည် တာချီလိတ်မြို့တွင်အများဆုံးဖြစ်ပြီး ယာဉ်တိုက်မှု ၁၁ ကြိမ်နှင့် သေဆုံး သူ ၃ ဦးရှိသည့်အပြင် ခြေ၊ လက် ကျိုး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိနေကြောင်း သျှမ်းရှေ့ ယာဉ်ထိန်းရဲတပ်ဖွဲ့များထံမှ သိရသည်။ “ ယာဉ်တိမ်းမှောက်၊ ယာဉ်တိုက်မှုတွေ ခဏခဏ ဖြစ်ပါတယ်။ တာချီလိတ်မြို့ ပတ်ဝန်းကျင်မှာ တစ်လကို အနည်း ဆုံး ၃ ယောက် သေပါတယ်။ ယာဉ်တိုက်ပြီး ခြေ၊ လက် ကျိုးသွားတဲ့သူတွေလည်း ရှိပါတယ် “ ဟု ၎င်း ယာဉ်ထိန်း ရဲတစ်ဦးက ပြောသည်။ ယာဉ်တိုက်မှုကြောင့် တာချီလိတ်မြို့မှာ အမျိုးသား ၃ ဦး၊ သိန္နီမြို့တွင် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး၊ သီပေါမြို့တွင် အမျိုးသား ၂ ဦး၊ အောင်ပန်းမြို့တွင် အမျိုးသား ၁ ဦးနှင့် တန့်ယန်းမြို့တွင် အမျိုးသား ၁ ဦး စသည့်ဖြင့် သေဆုံး မှု များကြောင်း သိရသည်။ “ တာချီလိတ်မှာတော့ ယာဉ်ထိန်းရဲ နေ့တိုင်းစောင့်တယ်။ ဦးထုပ်မဆောင်း၊ ဆိုင်ကယ် နံပါတ်ပြား မတပ်ရင် ဒဏ်ငွေရိုက်တယ်။ ဆိုင်ကယ် နံပါတ်ပြားမပါရင် တစ်ယောက်ကို ငါးသောင်းပေးရတယ်” ဟု တာချီလိတ်ဒေသခံ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက ပြောသည်။ https://burmese.shannews.org/archives/31823

၂၆။ သီပေါမှာ စစ်ကောင်စီတပ်နဲ့ SSPP တိုက်ပွဲဖြစ်လို့ ဒေသခံ ၇၀၀ ကျော်ထွက်ပြေးရ
December 2, 2022

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP တိုက်ပွဲ ဖြစ်လို့ ဒေသခံရွာသား ၇၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်က ဒီကနေ့ ဒီဇင်ဘာ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်က သီပေါမြို့နယ်၊ ကုန်းသာကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ SSPP တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်က ရွာတွေကို ပစ်ခတ်မှုကြောင့် ဒေသခံရွာသား ၇၀၀ ကျော် ထွက်ပြေး တိမ်းရှောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ တိုက်ပွဲ မဖြစ်ပွားခင်မှာ ကုန်းသာကျေးရွာမှ ၃ ကီလိုမီတာခန့် ကွာဝေးတဲ့ ခိုလုံတံတားမှာ တပ်စွဲထားတဲ့ လားရိူး အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ (၆၈) နဲ့ သီပေါမြို့ အခြေစိုက်တပ် ခလရ (၂၃) တပ်တွေကနေ စစ်ကောင်စီစစ်ကြောင်း ကား ၁၁ စီးနဲ့ ရောက်ရှိလာတယ်လို့ ဆိုပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ်နဲ့ SSPP တိုက်ပွဲဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီတပ်က ပစ်ခတ်လို့ ရွာအတွင်းမှာရှိတဲ့ အဆောက်အဦ ၁၄ လုံး ပျက်စီးခဲ့ပြီး ဒေသခံတွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုဟာ ရှမ်းနှစ်သစ်ကူးပွဲတော်ကာလ ကုန်းသာကျေးရွာအတွင်း တပ်စွဲထားတဲ့ SSPP/ SSA တပ်ဖွဲ့ကို ပစ်မှတ်ထားခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ လက်ရှိ စစ်ဘေး တိမ်းရှောင်နေရသူတွေဟာ အနီးနားရှိ ကျေးရွာ က ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေထိုင် စားသောက်နေရတယ်လို့ သိရပါတယ်။ https://www.facebook.com/MeKongN ewsMM/photos/pcb.1131816040811665/1131815807478355/

 

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။