• Today is: Tuesday, March 19, 2024

KNU ကော်သူးလေ အုပ်ချုပ်နယ်မြေမှာ နိုဝင်ဘာအတွင်း နှစ်ဖက်တိုက်ပွဲ ၃၀၀ နီးပါးဖြစ်၊ နှစ်ဖက်ထိခိုက် ကျဆုံးမှုရှိ

ဓာတ်ပုံ – KNU
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၆
ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေ အုပ်ချုပ်ရေးနယ်မြေများ ဖြစ်တဲ့ သထုံခရိုင်၊ တောင်ငူ ခရိုင်၊ ညောင်လေးပင်ခရိုင်၊ ဘိတ်-ထာဝယ်ခရိုင်၊ မူတြော်ခရိုင် နှင့် ဒူးပလာယာခရိုင်တို့တွင် နိုဝင်ဘာလ အတွင်း တိုက်ပွဲပေါင်း (၂၉၀)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၃ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၂၃၇ ဦး ရှိခဲ့တယ်လို့ KNU ဗဟိုက ဒီကနေ့ သတင်း ထုတ်ပြန်ပါတယ်။
အလားတူ အဲဒီတိုက်ပွဲများအတွင်း KNU ဘက်က တပ်ဖွဲ့ဝင် ၃၀ ဦး ကျဆုံးခဲ့ပြီး ၆၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
KNU ၏ ထုတ်ပြန်ချက်အရ ကော်သူးလေအုပ်ချုပ်နယ်မြေများဖြစ်တဲ့ တပ်မဟာနှင့် ခရိုင်ခုနစ်ခုအနက် တပ်မဟာ (၁)၊ သထုံ ခရိုင်၊ တပ်မဟာ(၂) တောင်ငူခရိုင်၊ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊ တပ်မဟာ (၄) ထားဝယ်ခရိုင်၊ တပ်မဟာ(၅) ဖာပွန်(မူတြော်)ခရိုင်၊ တပ်မဟာ(၆) ဒူးပလာယာခရိုင်တို့မှာ နှစ်ဖက် တိုက်ပွဲများ ပြင်းထန် ခဲ့ပြီး တပ်မဟာ(၇) နယ်မြေ ဖားအံခရိုင်မှာတော့ ယခုလအတွင်း တိုက်ပွဲ ဖြစ်ပွား မှုမရှိခဲ့တာလို့ နားလည် ရပါတယ်။
တပ်မဟာ(၁)နယ်မြေအတွင်း နှစ်ဖက်တိုက်ပွဲ ၃၃ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၄ ဦး သေဆုံးကာ ၄၁ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ တပ်မဟာ(၂)နယ်မြေမှာတော့ နှစ်ဖက်တိုက်ပွဲ ၁၇ ကြိမ် ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၃ဦး သေဆုံး ကာ ၁၀ ဦး ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် တပ်မဟာ(၃)နယ်မြေမှာတော့ နှစ်ဖက်တိုက်ပွဲ ၃၀ ကြိမ် ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦး သေဆုံးကာ ၂၉ ဦး ဒဏ်ရာရခဲ့ကြတာပါ။
ယခင်က တိုက်ပွဲဖြစ်ပွားမှု နည်းပါးခဲ့တဲ့ တပ်မဟာ(၄)နယ်မြေ ဘိတ်ထားဝယ်ခရိုင်မှာတော့ နိုဝင်ဘာလ အတွင်း တိုက်ပွဲ ၄၁ ကြိမ် ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ၄၈ ဦး သေဆုံးကာ ၂၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
တပ်မဟာ(၅)နယ်မြေဖြစ်တဲ့ ဖာပွန်(မူတြော်)ခရိုင်မှာတော့ တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်ပြီး တိုက်ပွဲ ၁၁၆ ကြိမ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၉ ဦး သေဆုံးကာ ၅၁ ဦး ဒဏ်ရာရခဲ့တာပါ။
နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှု အများဆုံးဟာ KNU တပ်မဟာ(၆) နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၉ဦး သေဆုံးကာ ၈၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ စစ်ကားများ အစီး(၂၀)ကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် တပ်မဟာ(၁)နယ်မြေမှာတော့ BGF တပ်သားတစ်ဦး လက်နက်အပြည့် အစုံဖြင့် အလင်းဝင် လာခဲ့သလို၊ တပ်မဟာ(၆)နယ်မြေတွင် ရဲစခန်း ၂ခု အား တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး ရဲ ၄ဦးကို အရှင်ဖမ်းမိ ခဲ့တာပါ။ ဒါ့အပြင် ဝေါ်လေရဲစခန်းက ရဲ ၂ ဦး ကိုတော့ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိခဲ့တာလို့ KNU က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တို့ဟာ ဒေသခံပြည်သူလူထုများကို ပစ်မှတ်ထားပြီး ကျေးရွာများထဲ စိုက်ပျိုးရေး လုပ်ငန်းခွင်များထဲ လက်နက်ကြီးဖြင့် ပစ်ခတ်လာသလို၊ လေကြောင်းမှပါ တိုက်ခိုက်လာပြီး၊ မိုင်းထောင် တာတို့ကို ပြုလုပ်လာတာကြောင့် ထိခိုက်သေဆုံးမှုများလည်းပိုမိုများပြားလာလို့ ဒေသခံပြည်သူများဟာ ဒေသခံလုံခြုံရေးအတွက် စိုးရိမ်မှုများ ပိုမိုမြင့်တက် လာနေရတာပါ။
ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်များနှင့် နယ်ခြားစောင့်တပ်(BGF) တပ်များဟာ စစ်ရေး လှုပ်ရှားမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို နေ့စဉ်ပြုလုပ်လာတာကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့နှင့် တိုက်ပွဲကြီး တိုက်ပွဲငယ်များ နေ့စဉ်ဖြစ်ပွားလျက် ရှိနေတယ်လို့ KNU က ထုတ်ပြန်ပါတယ်။