• Today is: Tuesday, March 19, 2024

အမျိုးသားရေးဝါဒ ရှုထောင့်မှ ချင်းအမျိုးသားရေးကို ရှုမြင်ခြင်း

အမျိုးသားရေးဝါဒ ရှုထောင့်မှ ချင်းအမျိုးသားရေးကို ရှုမြင်ခြင်း

ဆလိုင်းမျိုးချစ် (ကန်ပက်လက်)

နိဒါန်း

အမျိုးသားရေးဝါဒဟူသည် လွန်ခဲ့သော ရာစုနှစ်များတွင် ခေတ်စားခဲ့သော်လည်း လက်ရှိ ၂၁ ရာစုတွင် အမျိုးသားရေးဝါဒဟူသည့် လှုပ်ရှားမှုနှင့် ယင်းကဲ့သို့သော အတွေးအခေါ်များသည် ခေတ်မမီတော့ဟု၊ ခေတ် ရှိတော့မည်မဟုတ်ဟု ထင်ကြေးပေးခဲ့ကြသည်။ သို့သော်လည်း အမေရိကန်တွင် ဒေါ်နယ်ထရမ့် တက်လာခြင်း၊ ဥရောပသမဂ္ဂမှ ဗြိတိန် ခွဲထွက်ခဲ့ခြင်းကဲ့သို့သော ကမ္ဘာ့ဒီမိုကရေစီရှေ့ဆောင်လမ်းပြ နိုင်ငံများ၏ နိုင်ငံရေးအခြေ အနေများကပင် အမျိုးသားရေးမူဝါဒကို ခေတ်သစ်ပြန်ဆန်းလာစေသည်ဟုပင် ဆိုနိုင်သည်။

အထူးသဖြင့် လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သည့် မြန်မာနိုင်ငံကဲ့သို့သော အထူးသဖြင့် အမျိုးသားရေး ပြဿနာရှိနေသည့် ဒေသများအတွက်မူ အမျိုးသားရေးသည် စိတ်ဝင်စားမှု မြင့်တက်နေရုံသာမက လက်တွေ့ ကျင့်သုံး အကောင်အထည်ဖော်မှုများလည်း တွေ့ရှိနေရဆဲပင်ဖြစ်သည်။ ဤဆောင်းပါးတွင် ဆိုခဲ့ပါ အမျိုးသားရေး ဝါဒ သီအိုရီများမှ လူမျိုး(အမျိုးသား)၊ လူနည်းစုဖြစ်ခြင်းနှင့် ဌာနေတိုင်းရင်းသားဖြစ်ခြင်း၊ အမျိုးသားနိုင်ငံတော် စသည်ကဲ့သို့သော အကြောင်းအရာများနှင့် ပတ်သက်၍ ဖွင့်ဆိုဖော်ပြချက်များကို ဆွေးနွေးတင်ပြမည်ဖြစ်သည်။ ထို့အပြင် ချင်းလူမျိုးများ၏ လက်ရှိ လူမှုဝန်းကျင်အခြေအနေနှင့် အမျိုးသားရေးဆိုင်ရာ အခြေအနေများကို ဆိုခဲ့ပါ သီအိုရီမှ ပြန်လည်ဆက်စပ်သုံးသပ်မှု ပြုလုပ်ပါမည်။ အဆုံးပိုင်းတွင် ချင်းအမျိုးသားရေး တည်ဆောက်ရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် အချက်များကိုလည်း ထည့်သွင်းမည်ဖြစ်သည်။

အမျိုးသားရေးဝါဒကို ဖော်ပြသည့် သီအိုရီ (၂) ခု

ပညာရှင်များမှ သီအိုရီများစွာ ထုတ်ဖော်ကြသော်လည်း အမျိုးသားသားရေးဝါဒ ဖော်ပြရာတွင် အထူးထင်ရှားသည့် သီအိုရီ နှစ်ခုရှိသည်။ ယင်းတို့မှာ ethno-sym-bolism နှင့် modernism တို့ဖြစ်ကြသည်။

Ethnic Group ဟုခေါ်သည့် လူနည်းအုပ်စု (လူမျိုးစု)များကို သတ်မှတ်ဖော်ပြရာတွင် လူမှုဖော်ပြချက်များဖြစ်သော ဘာသာ စကား၊ ဓလေ့၊ ကိုးကွယ်ယုံကြည်မှု၊ ရိုးရာယဉ်ကျေးမှု တူညီခြင်း၊ တူညီသည့် သမိုင်းနှင့် ဆင်းသက်လာခြင်း၊ တူညီခြုံငုံသည့် အမည်နာမ သို့တည်းမဟုတ် အမှတ်သင်္ကေတ သုံးစွဲခြင်း၊ နယ်မြေပိုင်ဆိုင်မှု၊ နေထိုင်မှုပုံစံ တူညီခြင်းများကဲ့သို့သော ထူးခြားသည့် ဝိဒေသလက္ခဏာပိုင်ဆိုင်မှုစသည့် အချက်များကို အလေးပေးသည်။

အခြား တဘက်တွင်လည်း စိတ်ပိုင်းဆိုင်ရာ ခံစားသက်ဝင်မှုများနှင့်ဆိုင်သော အုပ်စုတစ်ခုဟု စိတ်ခံစားမှုရှိခြင်း စသည်များ ကိုလည်း အထူးပြုဖော်ပြထားသည် (Smith, 1991: 20,21, Smith, 1986: 22-30, Schermerhorn, 1996: 17, Connor, 1994: 37)။

သို့သော်လည်း Ethnic Group ဖြစ်ပေါ်လာသည့် ပုံစံများကို ဖော်ပြရာတွသ် ဆိုခဲ့ပါ သီအိုရီများကွဲပြား သည်ကိုတွေ့ရသည်။ ethno-symbolism သီအိုရီသမားများ၏ အဆိုအရ Ethnic Group များသည် ရှေးကတည်းက အထင်အရှား ယဉ်ကျေးမှုဓလေ့၊ လူအုပ်စုတစ်ခုအဖြစ် ခံစားသက်ဝင်မှုများရှိခဲ့ကြေင်း ဆိုကြသည်။

သို့သော်လည်း moder-nism သမားများအနေဖြင့်မူ Ethnic Group သည် အစကတည်းက တည်ရှိမှုထက် စီးပွားရေး၊ နိုင်ငံရေး အကျိုးအမြတ်အတွက် ဦးဆောင်သည့် ခေါင်းဆောင်အုပ်စုများ၏ ဖန်တီးမှုများကြောင့် ပေါ်လာသည်ဟု ဆိုကြ သည်။

Ethnic Group များတွင် တွေ့ရသည့် ရိုးရာယဉ်ကျေးမှု၊ စာပေ၊ အမှတ်အသားတူညီမှုစသည့်များသည် လူ့ယဉ်ကျေးမှု ပြောင်းလဲာခြင်း၊ လူမှုစီးပွားတိုးတက်ပြောင်းလဲလာခြင်း၊ စစ်ပွဲများ၊ ဥပဒေများ၊ အုပ်ချုပ်ရေးစသည့် အခေတ်အပြောင်းအလဲ၏ သက်ရောက်မှုရလဒ်များသာဖြစ်သည်ဟု ငြင်းချက်ထုတ်ကြသည် (Smith, 2010:45-64, 1991:52-55, Fenton, 2003: 3)။

အမျိုးသားဟုခေါ်သည့် Nation, Nationalism, State ကို လေ့လာရာတွင် အဆိုပါ သီအိုရီနှစ်ခုအမြင် ကွဲလွဲမှုများတွေ့ရသည်။ ethon-symbolism သမားများကို ဖော်ပြကြရာတွင် လူမျိုးအတွက် လိုအပ်သည့် ရုပ်ပိုင်း နာမ်ပိုင်းဆိုင်ရာ အမှတ်အသားများကို အခြေခံ၍ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တောင်းဆိုနိုင်သည့် အုပ်စုဟုဆို ကြသည်။

ထိုကဲ့သို့ အမျိုးသားရေးလှုပ်ရှားမှုများတွင် လိုအပ်သည့် နာမ်ပိုင်းဆိုင်ရာ စိတ်ခံစားမှု၊ စည်းလုံးညီညွတ်မှု စသည့်များသည် အတိတ်ကတည်းက တည်ရှိခဲ့သည့် ဘုံတူညီမှု အမှတ်လက္ခဏာများအပေါ်တွင်သာ အခြေခံ၍ နိုင်ငံရေးတော်ငးဆိုမှုအထိ ရောက်ရှိလာကြောင်းဆိုကြသည်။ အမျိုးသားဟူသည် လူမှုဗေဒ ရုပ်ပိုင်းဆိုင်ရာ တူညီ သည့် ဘုံစိတ်ထားများ၊ နာမ်ပိုင်းဆိုင်ရာ ခံစားသက်ဝင်မှုတူညီခြင်းများမှ နိုင်ငံတစ်ခုကိုပင် တည်ထောင်နိုင်သည်။

ဤနေရာတွင် Nation ဟုခေါ်သည့် အမျိုးသားသည် Ethnic Group (လူမျိုးအုပ်စု)နှင့် မည်သို့ ကွဲပြား သနည်းဟူသည်ကို မေးခွန်း မေးရန်ရှီသည်။ Ethnic Group (လူမျိုးအုပ်စု)သည် တချို့သော သတ်မှတ်ချက်များအရ တူညီမှုအများအပြားတွေ့ရသည်။

စင်စစ်အားဖြင့် Ethnic Group (လူမျိုးအုပ်စု)ဟု သတ်မှတ်ရန်အတွက် နိုင်ငံရေးလှုပ်ရှားတောင်းဆိုမှုနှင့် မြေပိုင်ဆိုင်မှုများသည် မရှိမဖြစ်လိုအပ်ချက် မဟုတ်ပေ။ သို့သော်လည်း Nation ဟုခေါ်သည့်အမျိုးသားတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားမှုနှင့် မြေပိုင်ဆိုင်မှုမရှိဘဲ မဖြစ်နိုင်ဟုဆိုကြသည်။

ထို့ကြောင့် တချို့သော Ethnic Group (လူမျိုးအုပ်စု) များကိုဇာတိမြေပိုင်နက်ရှိသူများနှင့် ပြောင်းရွှေ့ နေထိုင်သူများဟူ၍ နှစ်မျိုးခွဲနိုင်သည်။ ထို့ကြောင့် ပထဝီမြေပိုင်နက်မရှိသည့် လူမျိုးစုအုပ်စုများသည် Nation အဆင့် ဖြစ်မလာနိုင်ဘဲ ဇာတိပိုင်နက်နယ်မြေရှိသည့် Ethnic Group များသည် ၎င်းတို့၏ နိုင်ငံရေး တော်လှန်ရေးပေါင်းစည်းအားများဖြင့် အမျိုးသား Nation အဖြစ်၊ နိုင်ငံအဖြစ်ပင် ရောက်ရှိတတ်ကြသည်ကို လေ့လာတွေ့ရှိရသည်။

Weber ၏ အဆိုအရ အမျိုးသးဟူသည် လွတ်လပ်ရေးအတွက် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် သို့မဟုတ် နိုင်ငံတစ်ခု ဖန်တီးနိုင်ရန် တောင်းဆိုမှုကဲ့သို့သော နာမ်ပိုင်းဆိုင်ရာ စုစည်းမှုမရှိသည့် လူမှုအသိုင်းအဝိုင်းဟုဆိုသည်။ ထို့အတူ အမျိုးသား Nation ဖြစ်တည်မူကို အဆင့်သုံးခုဖြင့် ဖော်ပြသည်။

ပထမ အနေဖြင့် အမျိုးသား Nation ဖြစ်လာရန်အတွက် တခြားသော လူမျိုးများနှင့်မတူသည့် အမှတ်လက္ခဏာ ရှိရမည်ဖြစ်ပြီး ထိုအရာသည် ၎င်းတို့၏ ဘုံတူညီမှုကို ဖော်ဆောင်စေရမည်။

ဒုတိယ အချက်မှာ ထိုဘုံတူညီချက်သည် အမျိုးသားရေး စိတ်ဓာတ်နိုးကြား စေမည့် စံတန်ဖိုးများအတွက် အရင်းအမြစ်ဖြစ်လာမည်။

တတိယ အချက်အနေဖြင့် ဖြစ်ပေါ်လာသည့် အမျိုးသားရေးနိုးကြားလာမှုသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကဲ့သို့သော နိုင်ငံရေးတောင်းဆိုမှုများကို ဖြစ်ပေါ်လာ စေမည် စသည်ဖြင့် အဆင့်သုံးခုဖြင့် ဖော်ပြထားသည်။

ထိုအချက်များကြောင့် လက်ရှိ နိုင်ငံအသီးသီးတွင် နိုင်ငံရေးတောင်းဆိုသည့် အမျိုးသား/လူမျိုးများစွာကို လူမျိုးအများစုတည်ရှိသည့် နိုင်ငံများတွင် တွေ့ရှိရသည်။ ထို့ကြောင့် (Guibernau, 1999:14) မှ နိုင်ငံမဖြစ်သော လူမျိုးများ/အမျိုးသားများ (nation without States)ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

အခြားတဖက်တွင်လည်း Modernism သီအိုရီသမားများမှ အမျိုးသားဟုခေါ်သည့် Nation သည် အစ ကနဦးကတည်းက ရှိခဲ့သည်ဟူသည့်အဆိုကို လက်မခံကြဘဲ နိုင်ငံရေး အကျိုးအမြတ်အတွက် သော်လည်းကောင်း၊ အမျိုးသားတက်ကြွလှုပ်ရှားမှုများမှ သော်လည်းကောင်း၊ စီးပွားရေးအကျိုးအမြတ်အတွက် စသည့်ရည်ရွယ်ချက် များကြောင့် သော်လည်းကောင်း စသည်ဖြင့် လူမှုအပြောင်းအလဲများနှင့် စက်မှုတော်လှန်ရေးစသည့်တို့မှ Nation အမျိုးသား ဖြစ်ပေါ်လာကြောင်းဆိုကြသည်။

ထို့အတူ Nation အမျိုးသားသည် နိုင်ငံများ၏ ဖန်တီးမှုဟုဆိုကာ နိုင်ငံသူ/နိုင်ငံသားများ၏ နာမ်ပိုင်းဆိုင်ရာ ခံစားသက်ဝင်မှုများ၊ သင်္ကေတများ စုစည်းနိုင်ရေးအတွက် ဘာသာစကား၊ ယဉ်ကျေးမှု၊ ပညာရေးစနစ်စသည်ဖြင့် ဖန်တီလုပ်ဆောင်လာကြကြောင်း ဖော်ပြသည်။

ထို့အပြင် ခေတ်သစ်နိုင်ငံများမှ အမျိုးသားသင်္ကေတများအဖြစ် အမှတ်တံဆိပ်များ၊ ကိုယ်ပိုင်အလံများ၊ အမျိုးသား သီချင်းများ၊ အမျိုးသား သန်းခေါင်စာရင်း၊ အမျိုးသားဝင်ငွေ၊ အမျိုးသား အခမ်းအနားများနှင့် အထိမ်အမှတ်များ၊ အမျိုးသားစည်းလုံးညီညွတ်ရေးစသည်ဖြင့် ပြည်သူများ၏ နာမ်ပိုင်းဆိုင်ရာ စုစည်းမှုကို ဖန်တီးလာသည်မျာကို ဖော်ပြကြသည် (Ozkirimli 2010, Hobsbawm 1994)။

၎င်း သီအိုရီအရ အမျိုးသား Nation သည် နိုင်ငံ၏ ထုတ်ကုန်ဟုဆိုထားပြီး ဗဟို သို့မဟုတ် ထိပ်ပိုင်းခေါင်းဆောင်များ၏ ဦးစီးမှုဖြစ်သည်။ အထက်က ethno-symbolism သီအိုရီသမားများကမူ ယခင်ကတည်းက ရှိနှင့်ခဲ့သော သမိုင်းဆိုင်ရာ ကျင့်ထုံးဓလေ့ဆိုင်ရာများ၏ နာမ်ပိုင်းဆိုင်ရာ တူညီမှုများသည်သာ အမျိုးသား Nation ကို ဖြစ်သည်သာမက နိုင်ငံကိုပင် ဖန်တီးနိုင်သည်အထိ ဖြစ်နိုင်သည်ဟု ဆိုကြသည်။

အမျိုးသားနိုင်ငံတော် အယူအဆ ပြဿနာ

အမျိုးသား (Nation) နှင့် နိုင်ငံ (State) တို့သည် ကွဲပြားမှုများရှိစေကာမူ ဖလှယ်အသုံးပြုမှုများ တွေ့ရ သည်။ ထိုအရာသည်အမျိုသားနိုင်ငံများ ပေါ်ပေါက်လာသည့်အတွက် နိုင်ငံတစ်နိုင်ငံ အမျိုးသားတစ်ခု အခြေအနေ ကြောင့် ဖလှယ် အသုံးပြုကြသည်ဟု ယူဆနိုင်သည်။ သို့သော် စင်စစ်အားဖြင့် ၉၀ ရာခိုင် နှုန်းသော နိုင်ငံများသည် အမျိုးသားနိုင်ငံတော်ဟု ခေါ်ဆိုသုံးစွဲရန်မဖြစ်နိုင်ဘဲ အမျိုးသားများစွာ စုစည်းနေထိုင်သည့် နိုင်ငံများသာဖြစ် ကြောင်း တွေ့ရသည် (Connor, 1994: 39)။

သို့သော်လည်း နိုင်ငံများ ဖြစ်ပေါ်လာပြီးနောက် နိုင်ငံအတွင်းရှိ အာဏာကျင့်သုံးလာချိန်တွင် အမျိုးသား နိုင်ငံအသွင်ဖြင့် တစ်နိုင်ငံအမျိုးသားတစ်ခုကဲ့သို့ နိုင်ငံကို ဦးတည် အကောင်အထည်ဖော်လာကြသည့် အတွက် နိုင်ငံတစ်ခုအတွင်း ရောက်ရှိသွားသည့် တစ်ခုထက်ပိုသော အမျိုးသား Nation (လူမျိုးပေါင်းစုံ နေထိုင်တည်ထောင် ထားသည့် နိုင်ငံ)များသည် ၎င်းတို့၏ ထူးခြား ဝိဒေသအတွက် နိုင်ငံရေးလှုပ်ရှားမှုများ ဖြစ်ပေါ်လာစေသည်။ အမျိုးသားနိုင်ငံတော်များတွင် နိုင်ငံ့အာဏာကို အမျိုးသားအမှတ်အသား ဝိဒေသအတွက် အကောင်အထည်ဖော် ရာတွင် အသုံးပြုကြသည်ကို တွေ့ရသည်။

အမျိုးသားများနိုင်ငံ (Multi-Nation State) ဖြစ်သော်လည်း ဆိုခဲ့ပါ အမျိုးသားနိုင်ငံ (A Nation State) နည်းလမ်းအတိုင်း အကောင်အထည်ဖော်၍ လူမျိုးကြီးဝါဒ ကျင့်သုံးလာပါက ၎င်းနိုင်ငံအတွင်းရှိ အခြား အမျိုးသား (Nation)များ၏ နိုင်ငံရေးတောင်းဆိုမှုမှ တော်လှန်ရေးစစ်ပွဲများအထိ လှုပ်ရှားမှုများဖြစ်လာကာ နိုင်ငံသစ်မျးအဖြစ်ပင် ကွဲထွက်ရောက်ရှိတတ်သည်များလည်း ရှိသည်။

ထိုအရာများကို တားဆီးနိုင်ရန်အတွက် ကိုယ်ပိုင်ပြဌာန်းခွင့်များကို အာမခံသည့် နိုင်ငံရေးလမ်းစဉ်များ ကျင့်သုံးရန် လိုအပ်ခြင်း ဖြစ်သည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် သာဓကအဖြစ် တွေ့ရသည်။ နိုင်ငံတည်ထောင်မှု သည် အမျိုးသားများ စုပေါင်းခြင်းဖြစ်သော်လည်း နိုင်ငံတော်အာဏာကျင့်သုံးမှုတွင် ဗမာ ဗဟိုပြု အမျိုးသား နိုင်ငံတော်ကို အကောင်အထည်ဖော်သည့်အတွက် အခြားအမျိုးသားများ/လူမျိုးများမှ နိုင်ငံရေး/တော်လှန်ရေး/ စစ်ရေး နည်းလမ်းပေါင်းစုံဖြင့် တုံ့ပြန်နေကြခြင်းဖြစ်သည်။

အမျိုးသားရေးဝါဒနှင့် ချင်းလူမျိုးများ အခြေအနေ

မိမိတို့ ချင်း လူမျိုးများ၏ လက်ရှိအခြေအနေများကို အမျိုးသား‌ရေးဝါဒ သီအိုရီများမှ အခြေခံ၍ တချို့ အချက်ကို ဖော်ပြလိုပါသည်။ ချင်းလူမျိုးများသည် မျိုးနွယ်စုများစွာဖြင့် ကွဲပြားကြသည့်အလျှောက် ဓလေ့ ယဉ်ကျေးမှုများလည်း ဒေသအလိုက် အနည်းနှင့်အများ ကွဲပြားမှုရှိသည်ကို တွေ့ရသည်။ သို့သော် ရိုးရာဓလေ့ ယဉ်ကျေးမှုအပိုင်းတွင် နီးစပ်မှုများစွာတွေ့ရပြန်သည်။

အထူးသဖြင့် မျိုးနွယ်စုများ၏ ဆက်သွယ်သွားလာနိုင်မှု အားနည်းခဲ့သည့်အတွက် ဒေသိယ ဆက်သွယ်သုံး စကားများသည် ကွဲပြားမှုရှိသည်ဟု ဆိုနိုင်သည်။ ဘာသာဗေဒ လေ့လာသူများမှ ချင်းလူမျိုးများ ပြောဆိုသည့် ဒေသိယ စကားများသည် ပင်ရင်းအားဖြင့် တူညီသည့်အုပ်စုများဟု ဆိုကြသည်။ ကွဲပြားမှုများသည် ဘာသာစကား (Language) ကွဲပြားမှုထက် ဒေသိယစကား (Dialect) များ ကွဲပြားမှုများဟုသာ သုံးသပ်ကြသည်။

ထို့အပြင် ဆင်းသက်လာရာ လမ်းကြောင်းနှင့် သမိုင်းအချက်အလက်များကို ပြန်လည် လေ့လာကြည့်ပါကမူ ချင်းတောင်သို့ ရောက်ရှိလာသည့် အချိန်ကာလ ကွဲပြားမှုများ တွေ့ရှိရသော်လည်း လက်ရှိ ချင်းလူမျိုးများတွင် ရှေးခေတ်အဆက်ဆက်မှ ပင်ရင်းအဖြစ် ပိုင်ဆိုင်လာသည့် ပထဝီနယ်မြေ အခိုင်အမာ ရှိသည်။ ဘုံတူညီမှုအဖြစ်ဖြင့် မိမိတို့ ချင်းလူမျိုးများအားလုံး လက်ခံသည့် အမျိုးသား အမှတ်သင်္ကေတ အဖြစ် အောက်ချင်းငှက်ကို အခိုင်အမာအသုံးပြုကြပြီလည်း ဖြစ်သည်။

ထို့အတူ ချင်းဟူသည့် လူမျိုးအမည်/အမျိုးသား အမည်နာမသည်လည်း မိမိတို့ ချင်းလူမျိုးများကို စုစည်းစေသည်ကိုတွေ့ရသည်။ ထို့ကြောင့် သီအိုရီပါ ဖော်ပြချက် များအရ ဆိုရပါက ချင်းလူမျိုးများသည် ချင်းဟူသည့် အမျိုးသားအမည်နာမတွင် စုစည်းလှုပ်ရှားမှုများ၊ နိုင်ငံရေး စိတ်ဓာတ် တည်ရှိမှု၊ ပထဝီနယ်မြေပိုင်ဆိုင်မှု၊ ဘုံတူညီသည့် အမှတ်သင်္ကေတ ပိုင်ဆိုင်မှုများသည် Nation အဆင့် ရောက်ရှိစေမည့် မရှိမဖြစ်လိုအပ်သည့်အချက်များဖြင့် ပြည့်စုံသည်ကို တွေ့ရသည်။ သို့သော်လည်း အခြေအနေ သည် အမျိုးသားဟုခေါ်သည့် Nation အဆင့်သို့ ပြည့်ဝစွာ ရောက်ရှိခဲ့ခြင်း မရှိသေးဟု ဆိုနိုင်ပေသည်။ အဘယ့်ကြောင့်နည်း။

ချင်းလူမျိုးများ၏ လူမှုသမိုင်းဖြစ်စဉ်များကို ပြန်လည်လေ့လာကြည့်ပါက ချင်းလူမျိုးများတွင် တူညီသည့် ဘုံအချက်အလက်များစွာရှိသည့်အတွက် ချင်း၏ အမည်နာမအောက်တွင် စုစည်းနိုင်မှုရှိနေသည်ဟု ဆိုနိုင်သော် လည်း ၎င်းစုစည်းမှု၊ စည်းလုံးမှု၊ နိုင်ငံရေးတက်ကြွမှုများသည် ချင်းလူမျိုးများ၏ စိတ်ပိုင်းဆိုင်ရာ (နာမ်ပိုင်းဆိုင်ရာ) ခံစားသက်ဝင်မှုအဆင့်မှာ အားနည်းနေသေးသည်ကိုတွေ့ရသည်။

ထို့ကြောင့် ချင်းအမျိုးသားအဆင့် ဘုံအဖွဲ့ အစည်းများသည် အားကောင်းမှု သိပ်မတွေ့ရသကဲ့သို့ ချင်းအားလုံးအတွက် ချင်းလူမျိုး/အမျိုးသားခေါင်းဆောင်ဟု ဆိုရမည့်အထိ အများစုလက်ခံကြသော ဦးဆောင်နိုင်သူများ မပေါ်ပေါက်နိုင်သေးချေ။

အခြားတဘက်တွင် မျိုးနွယ်စုအလိုက် အဖွဲ့အစည်းများအားကောင်းခြင်း၊ မျိုးနွယ်စုအလိုက် ဦးဆောင်နိုင်၊ လွှမ်းမိုးနိုင်သူများတွေ့ ရသည်။ ဆိုခဲ့ပါ မိမိတို့ ချင်းလူမျိုးများအတွင်း တည်ရှိနေသည့် ဘုံတူညီချက်များသည် မျိုးနွယ်စုအဆင့်တွင်သာ အားကောင်းစွာ သက်ဝင်စုစည်းနေသည်ကို တွေ့ရသည်။

ထို့ကြောင့် ချင်းလူမျိုးများ၏ ဘာသာရေး၊ ပညာရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများသည်လည်း မျိုးနွယ်စုအဆင့်တွင်သာ အားကောင်သည်ကို တွေ့ရသည်။ အရေးကြီးဆုံး မှာ မျိုးနွယ်စုအလိုက် စုဖွဲ့မှုအားကောင်းခြင်းသည် အမျိုးသားရေးအဆင့်သို့ တက်ကြွလှုပ်ရှားနိုင်ရေး အတွက် အတားအဆီးမဟုတ်ဘဲ အထောက်အကူပြုသည့်အရာများအဖြစ်သို့ ရောက်ရှိလာစေရေး လုပ်ဆောင်နိုင် ရန်မှာ အရေးကြီးသည်။

မြန်မာနိုင်ငံပေါ်ပေါက်လာခဲ့သည့် အချိန်မှစ၍ နှစ်ပေါင်း (၇၀)ကျော်ကာလအတွင်း ချင်းလူမျိုးများ၏ လှုမှုစီးပွား နိုင်ငံရေးအခြေအနေများသည် လိုအပ်သည့် တိုးတက်မှုများမရှိခဲ့ဟု ဆိုရမည်။ ခေတ်အဆက်ဆက် ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေးစနစ်ဆိုးများကြောင့်လည်း အမျိုးသားအဆင့်ရောက်ရှိမည့် အခြေအနေများကို ဟန့်တား မှုများရှိခဲ့သည့်အတွက် စည်းလုံးမှုအားနည်းခဲ့သည့် အခြေနေများလည်း တွေ့ရသည်။ ထို့ကြောင့် မျိုးနွယ်စု နိုင်ငံရေး၊ မျိုးနွယ်စုအလိုက် မဲပေးသည်အထိ ရွေးကောက်ပွဲ နိုင်ငံရေးတွင်လည်း အမျိုးသားရေးရှု့တောင့်မှ ကြည့်ပါက အရှာက်ကွဲအကျိုးနည်းအဆင့်တွင်သာ ရှိနေသေးသည်ကို ယနေ့အထိ တွေ့ရသည်။

ချင်းလူမျိုးအတွက် ဘုံစိတ်ထား ရှင်သန်ရန် လိုအပ်ခြင်း

လူမျိုးတစ်မျိုး၏ အမျိုးသားရေးစိတ်ဓာတ်တက်ကြွစေသည့် အကြေင်းအရာများထဲတွင် ယခင်တွင် ရှိခဲ့ဘူး သည့် လွတ်လပ်သော လူမျိုးအဖြစ် တည်ရှိခဲ့မှုအချိန်ကာလများကို ပြန်လည်တမ်းတခြင်း၊ ဘုံရန်သူ၏ ခြိမ်းခြောက် မှုကို ရင်ဆိုင်နေခြင်း၊ အနာဂတ်အတွက် ဘုံမျှော်ရည်ချက်ပန်းတိုင်ခိုင်မာခြင်းကြောင့် တော်လှန်ရေး လုပ်ဆောင် ခြင်း စသည့်အရာများသည် လူမျိုးများ၏ အမျိုးသားရေးတည် ဆောက်မှု လမ်းစဉ်များကို အကောင်အထည် ဖော်ရာတွင် စိတ်ပိုင်း၊ နာမ်ပိုင်း စည်းလုံးမှုခိုင်မာစေရန်အတွက် စိမ်းအင်များကဲ့သို့ အားဖြည့်တွန်းပို့ပေးသည်ကို တွေ့ရသည်။

ထိုသို့ဆိုသော် ချင်းလူမျိုးများအနေဖြင့် မိမိတို့၏ အမျိုးသားရေးတည်ဆောက်မှု အောက်မြင်စေရန် လိုအပ်သည့် စည်းလုံးမှု၊ စုဖွဲ့မှု၊ ခိုင်မာသည့် ဘုံအနာဂတ် မျှော်ရည်ချက်ပန်းတိုင်များကို မည်သို့ လုပ်ဆောင်ကြ မည်နည်းဟူသည် အလွန်အရေးကြီးမည်ဖြစ်သည်။

ချင်းသမိုင်းများကို ပြန်လည်လေ့လာပါက ဘုရင်တပါး၏ အုပ်ချုပ်မှု သို့မဟုတ် အုပ်ချုပ်သူတစ်ဖွဲ့မှ လွှမ်းမိုး ထိန်းချုပ်ခံရသည့် လူမျိုးမဟုတ်ဘဲ ဒေသအလိုက်၊ ကျေးရွာအလိုက်၊ ဆွေမျိုးအလိုက်၊ မျိုးနွယ်အလိုက် စသည်ဖြင့် ကိုယ့်မင်းကိုယ့်ချင်းပုံစံဖြင့်အုပ်ချုပ်နေထိုင်ကြသည့် လွတ်လပ်သော လူမျိုးဖြစ်ကြသည်။ ချင်းလူမျိုးများ၏ အချို့ နေရာများတွင် စော်ဘွားများ၏ အုပ်ချုပ်မှုနှင့် အာဏာသက်ရောက်မှုများကို ဒေသနှင့် မျိုးနွယ်စုအလိုက် တွေ့ရ သည်။

ချင်းလူမျိုးအများစုအား လွှမ်းမိုးနိုင်ခဲ့သော အုပ်ချုပ်မရှိခဲ့သည့်အတွက် မိမိတို့ ချင်းလူမှုအသိုင်းအဝိုင်း တစ်ခု လုံးအတွက် ထိုကဲ့သို့သော အလေ့အထသည် အောင်မြင်ရန် ခက်ခဲသည်ဟုလည်း ယူဆနိုင်သည်။

ချင်း လူ့အသိုင်း အဝိုင်းကြားတွင် အားနည်းချက်အဖြစ် တွေ့မြင်ရသည်မှာ ဒေသအဆင့်၊ မျိုးနွယ်စုအဆင့်၊ မြို့နယ်အဆင့်သာ စုဖွဲ့ မှုများမှ အစွန်းအထင်းအစွဲအလန်းဖြစ်လာစေသည့်အရများ ဖြစ်သည်။ ထိုအရာများသည် အမျိုးသားအဆင့် စုဖွဲ့ လုပ်ဆောင်ရာတွင် အတားအဆီးဖြစ်မလာစေရန် သတိပြုသင့်သည်။

ထို့ကြောင့် ချင်းလူမျိုးများအနေဖြင့် ချင်းအမျိုးသားတည်ဆောက်ရေးအတွက် အောက်ပါ အချက်များကို လည်း ထည့်သွင်းစဉ်းစားသင့်ပါသည်။ ကွဲပြားသည့် လူ့အဖွဲ့အစည်းကို စုစည်းရန် ကြိုးစားရာတွင် မတူကွဲပြား မှုများကို ပျောက်ကွယ်စေရန်လုပ်ဆောင်သည့် နည်းလမ်းနှင့် ကိုင်တွယ်စီမံပေါင်းစည်းသည့်လမ်းကြောင်း နှစ်ခုရှိသည်။

ကွဲပြားမှုများ ပျောက်ကွယ်စေရန် လုပ်ဆောင်သည့် လမ်းကြောင်းသည် အမျိုးသားနိုင်ငံများ ပေါ်ပေါက်လာချိန်တွင် အာဏာစက် အသုံးပြု၍အဆင်းအကြပ်သော်လည်းကောင်း၊ သွယ်ဝိုက်နည်းဖြင့် ဝါးမြိုခြင်း စသည်ဖြင့် လုပ်ကိုင်ခဲ့ကြသည်။

ထိုလမ်းစဉ်သည် ယနေ့ လူ့အဖွဲ့အစည်းကပင် လက်မခံတော့သည့် နည်းလမ်း ဖြစ်နေသည့်အပြင် သွေးထွက်သည့် လမ်း၊ ကြမ်းတမ်းသည့်လမ်း၊ အဓမ္မလမ်း စသည့်ဖြင့် ခေါ်ဆိုနိုင်ပေသည်။ မတူညီကွဲပြားမှုများကို ကိုင်သွယ်ဖြေရှင်းရာတွင် အပြန်အလှန်ညှိနှိုင်းခြင်း၊ နားထောင်ခြင်း၊ အဖြေရှာခြင်းစသည့် နည်းလမ်းများဖြင့် သိမ်မွေ့သည့် လမ်းကြောင်းဟု ဆိုကြသည်။

မိမိတို့ ချင်းအမျိုးသား တည်ဆောက်ရေးတွင် ချင်းလူမှုအသိုင်းအဝိုင်း၏ မတူကွဲပြားမှုများကို ကိုင်သွယ်စီမံပေါင်းစည်းသည့် လမ်းကြောင်းကို အသုံးပြုသင့်ပြီး ထိုနည်းလမ်းသည်သာ ပန်းတိုင်ကို ရောက်စေမည့်လမ်းဟုလည်း ရှုမြင်သည်။

ချင်းအမျိုးသား တည်ဆောက်ရေးတွင် အခြေခံဗဟိုချက် စဉ်းစားရာတွင် မျိုးနွယ်စုတစ်ခုကို ရှေ့တန်း တင်ခြင်း၊ ဒေသိယစကားတစ်ခုကို ရွေးချယ်ခြင်း၊ ကိုးကွယ်ယုံကြည်မှုတစ်ခုကို အလေးပေး သတ်မှတ်ခြင်းစသည့် နည်းလမ်းများသည် အထူးသတိပြု ဆင်ခြင်ရမည်ဟုရှုမြင်သည်။

အဘယ့်ကြောင့်ဆိုသော် ထိုသို့လုပ်ဆောင်မှုသည် မတူညီမှုများကို ပျောက်ကွယ်စေသည့် လမ်းကြောင်းတစ်ခုဖြစ်နေသည့်အပြင် ပန်းတိုင်ဖြစ်သည့် ချင်းအမျိုးသား တည်ဆောက်ရေး အောင်မြင်စေရန် အထောက်အကူပြုခြင်းထက် ဆိုးကျိုးများကို ပိုမိုဖြစ်ပွားစေသည်ဟု ယူဆပါ သည်။

ချင်းလူမှုဝန်းကျင်အတွင်းရှိ မတူကွဲပြားမှုများကို စီမံရာတွင် မတူညီမှုများကို မတူညီကြောင်း လက်ခံရန် လိုအပ်မည်ဖြစ်သည်။ နောက်အရေးကြီးဆုံးတစ်ခုမှာ ချင်းလူမျိုးများ၏ နိုင်ငံရေးဆုံးဖြတ်ပိုင်ခွင့်သည် ချင်းလူမျိုး များ၏ လက်ထဲတွင် ပြန်လည်ရောက်ရှိရန် လိုအပ်သည်။

ထိုနိုင်ငံရေးအာဏာမှတဆင့် အမျိုးသားရေးအတွက် ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်သည့်အချက်များစွာ ရှိသည်။ မိမိတို့ ချင်းလူမျိုးများ၏ နိုင်ငံရေးဆုံးဖြတ်ပိုင် ခွင့်သည် ပြည်မမှလာပါက သို့တည်းမဟုတ် တဆင့်ခံဖြစ်နေပါက ထိုအချက်များ လုပ်ဆောင်ရန် ဖြစ်နိုင်ခြေ နည်းလွန်းလှပါသည်။

ချင်းလူမျိုးများအတွက် လိုအပ်သည့် အမျိုးသားရေးဆိုင်ရာ ဘုံတူညီချက်များ မြှင့်တင်ရာတွင် အလွယ် တကူ သိသာမြင်သာနိုင်သည့် ရုပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် နေ့ထူးနေ့မြတ်များ (ချင်းအမျိုးသားနေ့၊ ချင်းတော်လှန်ရေးနေ့၊ ချင်းအာဏာနည်နေ့ စသည့်ဖြင့်)၊ အထိမ်းအမှတ် ပွဲလမ်းသဘင်များ (ကောက်သစ်စားပွဲ အမျိုးမျိုး၊ လုံယိုးပွဲ စသည့်ဖြင်)၊ အမျိုးသားသီချင်း၊ အမျိုးသားအလံ၊ အမျိုးသား စာကြည့်တိုက်၊ ချင်းအမျိုးသား သမိုင်းပြတိုက်၊ ချင်းအမျိုးသားအဖွဲ့အစည်းများ စသည်ဖြင့် ချင်းအမျိုးသားရေး တည်ဆောက်ရာတွင် အကောင် အထည်ဖော်ရန် စဉ်းစားသင့်သည်ဟု ယူဆသည်။

ထိုရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုများသည် အမျိုးသားအဆင့် ရောက်ရှိရန် လိုအပ်သည့် ဘုံစိတ်ခံစားသက်ဝင်များကို ရှင်သန်စေမည်ဖြစ်သည်။ ချင်းပြည်နယ် မြို့တိုင်းတွင် ချင်းအမျိုးသား အမှတ်အသားသင်္ကေတဖြစ်သည့် အောက်ချင်းငှက် ရုပ်တုများ စိုက်တူခြင်းကဲ့သို့သော ဂုဏ်ယူဖွယ်၊ စိတ်ဝင်စားဖွယ် ဖြစ်စေရန် လုပ်ဆောင်မှုများလည်း လိုအပ်မည်ဖြစ်သည်။

၂၀၂၁ တော်လှန်ရေးနှင့် ချင်းအမျိုးသားရေး မျှော်ရည်ချက် ပန်းတိုင်

၂၀၂၁ အာဏာရှင်တော်လှန်ရေး တက်ကြွလှုပ်ရှားမှု အားကောင်းစုစည်းနိုင်သည့် အခြေအနေ ချင်းသမိုင်း တွင် မရှိခဲ့ဟုပင် ဆိုနိုင်ပေသည်။ လက်ရှိတွင် လက်နက်ကိုင်တော်လှန်ရာတွင်လည်း မြို့နယ်အလိုက် စုဖွဲ့မှုများ၊ မျိုးနွယ်စုအလိုက် ပေါ်ပေါက်လာမှုများစွာ တွေ့ရသည်။

ဤအခြေနေတွင် မိမိတို့ ချင်းအမျိုးသားရေး တည်ဆောက် မှုအတွက် ဘုံသဘောတူ လက်ခံနိုင်သည့် ချင်းအမျိုးသားမျှော်ရည်ချက် လမ်းစဉ်တရပ်လိုအပ်သည်ဟု ရှုမြင်သည်။ ထို ချင်းအမျိုးသားတည်ဆောက်ရေးလမ်းစဉ် သို့တည်းမဟုတ် အနာဂတ် မျှော်ရည်ချက်ပန်းတိုင်နှင့် လမ်းစဉ်များ ကို ချမှတ်၍ တော်လှန်ရေးလုပ်ဆောင်သည့် ချင်းလူငယ်များနှင့် ချင်းလူမျိုးအားလုံးတို့၏ ဘုံရပ်တည်ချက်အဖြစ် ဖြင့် လုပ်ဆောင်ရန် အလွန်အရေးကြီးသည်။

ထိုအရာသည် မိမိတို့ ချင်းနိုင်ငံရေးလှုပ်ရှားမှု၊ ချင်းတော်လှန်ရေး လှုပ်ရှားမှုများကို ခိုင်မာအားကောင်းအောင် ရှင်းလင်းစေမည်ဖြစ်ကာ ပြင်ပ၊ ပြည်မနိုင်ငံရေး အခြေနေများ၏ ရိုက်ခတ်မှုမှ ပြောင်းလဲမသွားတော့ဘဲ မိမိတို့ လမ်းစဉ် အိမ်မက်ကိုသာ ဖန်တီးအကောင်အထည်ဖော်နိုင်ကြရန် တွန်းပို့စေမည် ဖြစ် သည်။

ပြင်ပ၊ ပြည်မ နိုင်ငံရေးအခြေအနေများအပေါ်တွင် တည်မီနေသည့် တက်ကြွလှုပ်ရှားမှု များဖြစ်သော လက်အောက်ခံအခြေအနေ များဖြစ်ပါက ချင်းအမျိုးသားရေး တည်ဆောက်မှုအတွက် လိုအပ်သည့် ဘုံစိတ်ဓာတ် ဖန်တီးနိုင်ရန် ခက်ခဲနေဦးမည် ဖြစ်သည်။

ထိုလမ်းစဉ် ရေးဆွဲရေး လုပ်ငန်းစဉ်များကို စဉ်းစားရာတွင် လူတစုမှ ရေးဆွဲထားခြင်း သို့မဟုတ် ဗဟို ချက်မှ ညွှန်ကြားသည့်လမ်းစဉ်ကို အသုံးမပြုဘဲ အောက်ခြေမှ စုစည်းသည့် လမ်းစဉ်များကို ပေါင်း စည်း၍ လုပ်ဆောင်ပါမှ ချင်းလူမျိုးတိုင်း၏ မျှော်လင့်သည့်အနာဂတ် ချင်းပြည်အတွက် လမ်းစဉ်များဖြစ်လာနိုင်မည်ဟု ယူဆပါသည်။

နိဂုံး

ချင်းလူမျိုးများသည် မည်သည့်တခြားလူမျိုးများ၏ ရိုးရာဓလေ့၊ ဘာသာစကား၊ ယဉ်ကျေးမှုများနှင့် မတူ သည့် လူမျိုးဖြစ်သည့်အပြင် ချင်းလူမျိုးများသည် ရှေးခေတ်ကတည်းက မည်သည့် လူမျိုးမှ ပိုင်ဆိုင်ခဲ့သည့် နယ်မြေ မဟုတ်သော ပထဝီပိုင်နက် အတိအကျရှိသည့် လူမျိုးဖြစ်သည်။

သို့သော်လည်း ချင်းလူမျိုးများ၏ လူမှုနိုင်ငံရေးကို လေ့လာကြည့်ပါက အမျိုးသား Nation အဆင့်သို့ ရောက်ရှိရန် ကြိုးပမ်းသည့်ကာလဟုသာ ဆိုနိုင်ပြန်သည်။ ထိုသို့ အမျိုးသားအဆင့်မရောက်ရှိနိုင်ခဲ့မှုသည် ချင်းလူမျိုးများ၏ နေထိုင်ပြန့်ကျဲနေသည့် အခြေအနေကြောင့် သော်လည်းကောင်း၊ ချင်းလူမျိုးများသည် မိမိတို့ လူမျိုးအတွက် နိုင်ငံရေးအရ ဆုံးဖြတ်ပိုင်ခွင့် မရှိသည့် အတွက်ကြောင့် သော်လည်း ကောင်း ယနေ့အထိ ဘုံစိတ်ဓာတ်သက်ဝင်ခံစားမှု အားနည်းနေဆဲဖြစ်သည်။

ထို့ကြောင့် အနာဂတ် ချင်းအမျိုးသား တည်ဆောက်ရေးအောင်မြင်ရန်အတွက် ချင်းလူမျိုးများအားလုံးအတွက် ချင်း အမျိုးသားတည်ဆောက်ရေးလမ်းစဉ် သို့မဟုတ် အနာဂတ် ချင်းပြည်နှင့် ပတ်သက်သည့် မျှော်ရည်ချက် ပန်းတိုင် လိုအပ်သည်။

ထိုလမ်းစဉ်သည် ချင်းလူမျိုးများ၏ နိုင်ငံရေးကို အမှီခိုကင်း လွတ်လပ်စေမည်ဖြစ်ကာ၊ ထိုအမှီအခို ကင်းလွတ်လပ်သည့် နိုင်ငံရေးလမ်းစဉ်သည် မိမိတို့၏ နိုင်ငံရေးအား နိုင်ငံရေးဆုံးဖြတ်ပိုင်ခွင့် ပြန်လည်ရရှိစေရန် တွန်းအားဖြစ်စေကာ ချင်းအမျိုးသားရေးအတွက် လိုအပ်သည့် ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာများကို လွတ်လပ်စွာ ထဆစ်အကောင်အထည်ဖော်နိုင်မည်မည်ဟု ယူဆပါသည်။ ချင်းအမျိုးသား တည် ဆောက်ရေး အောင်မြင်ပါစေ။

ကိုးကား

Connor, W.,(1994) A Nation is a Nation, is a State, is an Ethnic Group, is a…(eds) Smith and Hutchinson, Nationalism. Oxford: OUP

Fenton, S.(2003) Ethnicity. Cambridge: Polity Guibernau, M., 1999. Nations without States: Political Communities in a Global Age. Wiley.

Hobsbawm, E., (1994) The Nation as Invented Tradition (eds) Smith and Hutchinson, Nationalism. Oxford: OUP

Ozkirimili, U., 2010. Theories of Nationalism: A Critical Introduction, 2 edition. Ed. Palgrave Macmillan, Basingstoke, Hampshire England; New York.

Schermerhorn, R (1996) Ethnicity and Minority Groups (eds) Smith and Hutchinson, Ethnicity. Oxford: OUP

Smith, A.D., 1991. National Identity. University of Nevada Press, Reno, Nevada.

Smith, A.D., 1986. The Ethnic Origins of Nations. Oxford, Basil Blackwell.

(Reference; Chin Nation Journal – 2021)